အန္တိမပန်းတိုင်
Vol. 16 Ch. 160
ကုချိန်းလွှာသည် ပြတင်းပေါက်နားရှိ ထောင့်တစ်ထောင်တွင် ထိုင်လျက် ရှိလေသည်။ သူမ၏ လက်ထဲတွင်လည်း စာအုပ်တစ်အုပ်ကို ကိုင်ကာ စိတ်ပါဝင်စားစွာ ဖတ်နေ၏။ စာအုပ်ထဲတွင် ပြဿနာတစ်ခုကို တွေ့မိသည့်ဟန်ဖြင့် သူမ၏ မျက်ခုံးနှစ်ခုသည်ပင် အလယ်သို့ စုလျက်ရှိသည်။ သူမ၏ စိတ်အာရုံတခုလုံးသည် ထိုစာအုပ် အပေါ်တွင်သာ ရှိနေကြောင်း မြင်သာပေသည်။ ပြတင်းပေါက်မှ ဖြတ်သန်းလာသော နေရာင်ခြည်များ၏ အောက်ဝယ် သူမသည် နတ်သမီးတပါးပမာ လှပတင့်တယ်လျက် ရှိသည်။
“ကုချိန်းလွှာ”
ခေါ်သံမှာ သိမ်မွေ့၏။ ငြင်သာ၏။ သို့သော် မိန်းကလေးငယ်သည်ကား ထိုခေါ်သံကို မိုးကြိုးပစ်ချ လိုက်သည့်ပမာ ထင်မှတ်သွားပုံရသည်။ သူမ၏ တစ်ကိုယ်လုံးသည် တဆတ်ဆတ် တုန်ယင်နေ၏။ ထို့နောက် သူမသည် စာအုပ်ကို မျက်နှာလွှဲပြီး စုချန်းကို လှည့်ကြည့်လိုက်သည်။ သူတို့၏ နှစ်ယောက်၏ အကြည့်ချင်း ဆုံမိသွားသည့် တင်္ဒဂဝယ် ကမ္ဘာလောကကြီး တစ်ခုလုံး ရပ်တန့်သွားကဲ့သို့ ထင်မှတ်ရသည်။
စုချန်းသည် ကုချိန်းလွှာကို ရီဝေစွာ ငေးစိုက်ကြည့်နေ၏။ ကုချိန်းလွှာသည်လည်း စုချန်းကို ပြန်လည် ငေးကြည့်နေရှာသည်။ ထို့နောက် သူတို့နှစ်ယောက်သည် ပြောစရာ စကားလုံးများ ပျောက်ဆုံးသွားဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် မျက်တောင်မခတ်ဘဲ စိုက်ကြည့် နေကြတော့သည်။
အချိန်မည်မျှ ကြာသွားသည်မသိ။ နောက်ဆုံးတွင် ကုချိန်းလွှာက သိမ်မွေ့စွာ ပြုံးပြရင်း စကားစပြောလာ၏။
“ရှင် ရောက်လာပြီပေါ့”
ရိုးစင်းလှသော နှုတ်ဆက်စကားပင် ဖြစ်သော်လည်း စုချန်း၏ စိတ်ထဲတွင် အလွန် ရှုပ်ထွေးလှသော ခံစားချက်များ ဖြစ်ပေါ်လာ၏။ သို့သော် သူက ခံစားချက်များကို မျက်နှာပေါ်တွင် ပေါ်မလာစေရန် ထိန်းချုပ်ထားလိုက်၏။
“အင်း ခင်ဗျားလည်း ရောက်နေတာကိုး”
ကုချိန်းလွှာက စာအုပ်ကို ဘေးသို့ချထားရင်း ပြောလိုက်သည်။
“ကျွန်မဟာ လောင်ချိနယ်မြေက ဖြစ်လို့ အဲဒီမှာပဲ နဂါးကျောင်းတော်ရဲ့ ဝင်ခွင့်ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တယ်”
“ဒါကြောင့်မို့လို့ ခင်ဗျားဟာ မြောက်ပိုင်းမြို့တော်ကနေ အမြန်ဆုံး ထွက်ခွာသွားတာပေါ့”
မည်သို့မျှ ထူးခြားချက် မရှိသော အမူအရာဖြင့် စုချန်းက မေးလိုက်သည်။ ကုချိန်းလွှာ ပျောက်ကွယ် သွားခြင်းကြောင့် သူ့ဘဝတစ်ခုလုံး ဆောက်တည်ရာမရ ဖြစ်ခဲ့သည်ကို ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ရန် စုချန်း ကြိုးစားအားထုတ်နေခြင်း ဖြစ်သည်။ လူငယ်ဟူသည်မှာ သဘာဝအားဖြင့် ခေါင်းမာသူများ ဖြစ်သည်။ သူတို့ အလွန်ချစ်ရသူနှင့် တွေ့ဆုံချိန်မှာပင် ၎င်းတို့သည် ဂုဏ်သိက္ခာကို မြဲမြံစွာ ဆုပ်ကိုင်ထား တတ်ကြ၏။
“ဟုတ်တယ်ပဲ ဆိုပါတော့”
ကုချိန်းလွှာက ခေါင်းကိုငုံ့ရင်း ငြင်သာစွာ ပြောလိုက်သည်။
“အဲဒီတုန်းက အရမ်း အလျင်လိုနေလို့ ရှင့်ကိုတောင် နှုတ်မဆက်ခဲ့ရဘူး ကျွန်မ တောင်းပန်ပါတယ်ရှင်”
စုချန်း၏ စိတ်ထဲတွင် ဒေါသထွက်လာသလို ခံစားလိုက်ရသည်။
“ခင်ဗျားဟာ ဒီပြိုင်ပွဲကို အဲဒီလောက် အလေးထားမှန်း ကျုပ် ဘယ်တုန်းကမှ မသိခဲ့ပါလား”
စာကြည့်တိုက် အတွင်းရှိ လူများအားလုံးသည် သူတို့နှစ်ယောက် စကားပြောဆို နေသည်ကို စိတ်မရှည်စွာ စိုက်ကြည့်နေကြ၏။ တချို့မှာကား ဒေါသများပင် ထွက်နေကြလေပြီ။ စုချန်း၏ စကားကို ကြားသောအခါ ကုချိန်းလွှာက သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်သည်။ ဤယနေ့တွင် စာမဖတ် ဖြစ်တော့မှန်း သူမ နားလည်လိုက်ပြီ ဖြစ်သည်။ ထိုအခါ သူမက ဘေးနားတွင် ချထားသော စာအုပ်ကို စင်ပေါ်တွင် ပြန်တင်ထားရင်း ပြောလိုက်သည်။
“ကျွန်မ လမ်းလျှောက်လိုက်ဦးမယ် ရှင်ကော ကျွန်မနဲ့ လိုက်ခဲ့ဦးမလား”
စုချန်းသည် ပါးစပ်ကသာ တစ်ခွန်းမျှ ပြန်မပြောသော်လည်း ကုချိန်းလွှာနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားတော့သည်။ သူတို့နှစ်ယောက်သည် သစ်ပင်များ အကြားရှိ လမ်းလေးအတိုင်း ယှဉ်တွဲ လျှောက်လာခဲ့ကြ၏။ ပထမဦးဆုံး စကားစသူမှာ ကုချိန်းလွှာပင် ဖြစ်သည်။
“နောက်ဆုံး တစ်ခေါက်တုန်းက မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာခဲ့ရတဲ့အတွက် ရှင့်ကို ဘာမှ အကျိုးအကြောင်း မပြောခဲ့ရဘူး ကျွန်မအနေနဲ့ ဒီလို မလုပ်သင့်ခဲ့ဘူး ဒီအတွက် ရှင့်ကို ကျွန်မ တောင်းပန်ပါတယ်”
ကုချိန်းလွှာ၏ တောင်းပန်စကားကို ကြားလိုက်ရသော်လည်း စုချန်းကား စိတ်ကျေနပ်ဖို့ဝေးစွ၊ သေငယ်ဇောနှင့် မြောနေသည့်ပမာ ခံစားလိုက်ရ၏။ ထိုအခါ သူက ပြောလိုက်သည်။
“ကျုပ် ကြားချင်နေတာ ဒီစကား မဟုတ်ဘူး ဆိုတာ ခင်ဗျား သိပါတယ်နော်”
“ရှင် ခံစားနေရသလို ကျွန်မလည်း ခံစားနေရတယ် ဆိုတာ ရှင် သိစေချင်တယ်”
ကုချိန်းလွှာ၏ အသံမှာကား တိုးညင်းပြီး ညင်သာလှသည်။ ထိုစကားကို ပြောပြီးသည်နှင့် သူမသည် နှုတ်ဆိတ်နေ၏။ အတန်ကြာမှ သူမက စကားစသည်။
“တကယ်တော့ ကျွန်မတို့နှစ်ယောက်ဟာ အတူနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးရှင်”
“ဘာကြောင့်လဲ”
“ ဝန်မခံချင်လို့ မဖြေတာဘဲ ရှိမယ် ဒီအဖြေကို ရှင် သိထားပြီးသားပါ”
စုချန်း၏ နှလုံးသား အတွင်းဝယ် ပြင်းထန်စွာ နာကျင်လာ၏။
“ကျုပ်တို့မိသားစုရဲ့ နောက်ကြောင်းရာဇဝင်ကြောင့်လား”
ကုချိန်းလွှာ၏ မျက်နှာပေါ်တွင် အလွန်လှပသော အပြုံးတပွင့် ပေါ်ပေါက်လာ၏။
“တွေ့လား ရှင်ကိုယ်တိုင်လည်း ဒီမေးခွန်းရဲ့ အဖြေကို သိနေပြီးသားပဲလေ တကယ်တော့ တော်ဝင်မျိုးနွယ်စုတွေနဲ့ သွေးဗီဇမပါတဲ့ သာမာန်မျိုးနွယ်စုရဲ့အကြားမှာ ဘယ်လိုကွဲပြား ခြားနားချက်တွေ ရှိနေသလဲ ဆိုတာကို ကျွန်မ ရှင်းပြနေစရာ မလိုဘဲ ရှင် သိသင့်တာပေါ့ ဟုတ်တယ်မလား”
လက်စသတ်တော့ အဲဒီလိုကိုး ...
စုချန်း နားလည်သွားလေပြီ။ အမှန်တော့ ထိုအကြောင်းကို တောင်သုံးလုံးပြိုင်ပွဲ ကတည်းက စုချန်း နားလည်ပြီးသားဟု ဆိုနိုင်သည်။ တော်ဝင်မျိုးနွယ်စုများနှင့် သာမန် မျိုးနွယ်စုများအကြား ကွာဟနေသော အဆင့်အတန်းသည် စုချန်းနှင့် သူ၏ အစေခံများအကြား ကွာဟသကဲ့သို့ အတူတူသာ ဖြစ်သည်။ ထိုကွာဟချက်သည် တော်ဝင်မျိုးနွယ်စုများ စတင် ဖြစ်တည်လာခဲ့သည့် နှစ်ပေါင်းထောင်ချီ ကာလကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းကို တစ်ဦးတစ်ယောက်၏ မိုက်မဲမှုကြောင့် ပျက်ပြား ခံလိမ့်မည်မဟုတ်။ တော်ဝင်မျိုးနွယ်စုဝင်တိုင်းသည် ၎င်းတို့၏ သွေးသားသန့်စင်မှုကို ထိန်းသိမ်းရန် နောက်ထပ် တော်ဝင်မျိုးနွယ်စုဝင် တဦးဦးဖြင့်သာ လက်ထပ်လေ့ ရှိကြ၏။ အကယ်၍ တစ်ယောက်ယောက်က မိုက်မဲစွာ သာမန်လူတစ်ဦးနှင့် လက်ထပ်ခဲ့ပါက ထိုသူသည် မိမိ ဆွေမျိုးသားချင်းများ၏ အထင်သေးခြင်း၊ ရာသက်ပန် ဖယ်ကြဉ်ခြင်းကို ခံရပေလိမ့်မည်။ အမှန်တော့ လက်ထပ်ဖို့ဝေးစွ၊ လက်မထပ်ခင် ကတည်းက နည်းလမ်း တစ်မျိုးမျိုးနှင့် ခွဲခွာရဖို့ကသာ ပို၍ လမ်းများနေသည် ကတော့ အမှန်ပင်။ ထိုအတွက်ကြောင့် ကုချိန်းလွှာက စုချန်းအား ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
အမှန်တော့ စုချန်းသည် ထိုအဖြေကို အစကတည်းက သိထားပြီးသား ဖြစ်သည်။ သို့သော် ချစ်ခြင်းမေတ္တာတရားသည် ဂုဏ်ပကာသနနှင့် လူတန်းစားခွဲခြားမှုကို ကျော်လွှား နိုင်လိမ့်မည်ဟု သူ အိပ်မက် မက်နေခဲ့မိသည်။ သူ့စိတ်ထဲတွင် ကုချိန်းလွှာတစ်ယောက် သူ့အား လမ်းခွဲမည် ဆိုပါက တခြားအကြောင်းပြချက် တစ်မျိုးမျိုးဖြင့်သာ လမ်းခွဲသွား စေလို၏။ ထိုအကြောင်းပြချက်မျိုး ကြောင့်တော့ မဖြစ်စေလို။ သို့သော် ကုချိန်းလွှာနှင့် တွေ့ဆုံပြီး သူ မကြားချင်သော အကြောင်းပြချက်ကို ကြားလိုက်ရသော အခါတွင်ကား နှလုံးသား အတွင်းဝယ် ဖော်မပြနိုင်သော နာကျင်မှုမျိုးကို စုချန်းခမျာ ခံစားနေရရှာ တော့သည်။
အမှန်တရားသည် တကယ်ပင် ဤမျှ ရိုးရှင်းခဲ့ပါသလား။
ထိုအမှန်တရားသည်ကော တကယ်ပင် မှန်ရဲ့လား။
ဤကိစ္စတွင် ကုချိန်းလွှာကို အပြစ်မတင်သင့်မှန်း စုချန်း ကောင်းကောင်းသိ၏။ သို့သော် ထိုအတွေးသည် သူ့ဝေဒနာကို အနည်းငယ်မျှပင် သက်သာအောင် မလုပ်ပေးနိုင်ခဲ့ချေတကား။
စုချန်းသည် ပြင်းထန်လှသော နာကျင်မှုကို ခါးစည်းတင်းခံရင်း ကုချိန်းလွှာကို အားတင်းကာ ပြုံးပြလိုက်သည်။
“လက်စသတ်တော့ အဲဒီလိုကိုး ကျုပ် နားလည်ပါပြီ နောက်ဆုံးတော့ ကျုပ်ဟာ ဆန္ဒစိတ်ရိုင်းကို မထိန်းချုပ်နိုင်တဲ့ အရူးတစ်ကောင်လိုပါပဲလေ ခင်ဗျားလို မိန်းကလေးတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာကိုပဲ ကျေနပ်သင့်ပေမဲ့ ကျုပ် ဒီထက်ပိုပြီး လိုချင်ခဲ့မိတယ် ကျုပ် လောဘကြီးမိ သွားတယ်ဗျ တကယ်တော့ ကျုပ်ဟာ ...”
စုချန်းက ပြောရခက်ဟန်ဖြင့် ခေါင်းတစ်ချက် ကုတ်လိုက်သည်။ ပြီးမှ စကားဆက်ပြန်၏။
“ဒါပေမဲ့ ကျုပ်အချစ်ကို လက်မခံနိုင်ဘူး ဆိုရင် ခင်ဗျားအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောလို့ရသားပဲ ဒါပေမဲ့ ခင်ဗျားဟာ သတင်းစကာလေး တစ်ခွန်းတောင် မပေးခဲ့သလို နဂါးကျောင်းတော် ပြိုင်ပွဲအကြောင်းကိုလည်း တစ်ခွန်းတောင် မဟခဲ့ဘူး ခင်ဗျားဟာ ကျုပ် အမြဲတမ်း လိုက်ပြီး ဒုက္ခပေးနေမှာကို ကြောက်တဲ့ပုံစံနဲ့ တစ်ခါတည်း ရှောင်ပြေး သွားခဲ့တယ်”
ကုချိန်းလွှာက တောင်းပန်လိုက်သည်။
“ဒါတွေအားလုံး ကျွန်မအပြစ်တွေပါပဲရှင် ဒီအတွက် တောင်းပန်ပါတယ်”
“ရပါတယ်ဗျာ စိတ်မပူပါနဲ့တော့ ကျုပ် အားလုံးကို နားလည် သဘောပေါက်သွားပြီ ခင်ဗျား ငြင်းလိုက်ကတည်းက ခင်ဗျားကို ကျုပ် ဘယ်တော့မှ အနှောင့်အယှက် မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ ဒါနဲ့ ကျုပ်တို့နှစ်ယောက် သူငယ်ချင်းတွေကော ဟုတ်သေးရဲ့လားဗျ”
ကုချိန်းလွှာက ခေါင်းညိတ်ရင်း ဖြေလိုက်သည်။
“ဟုတ်သေးတာပေါ့ရှင်”
ထိုအခါ စုချန်းက ခေါင်းကိုမော့ကာ အလွန် ပေါ့ပါးလွတ်လပ်သော အမူအရာဖြင့် ရယ်မောလိုက်သည်။
“ဟား ဟား ဟား ဒါပေါ့ ဒါပေါ့ ဒါနဲ့ နေစမ်းပါဦး ခင်ဗျားရဲ့ နယ်မြေမှာ ခင်ဗျား အဆင့်ဘယ်လောက် ရလိုက်သလဲ”
“အို ရှင့်လောက် မတော်ပါဘူး အဆင့်် ၁၂ ပဲ ရတာပါ”
“ဟာ ဘယ်ကလာ မတော်ရမှာလဲ အဆင့် ၁၂ ဆိုတော့ ထိပ်ဆုံး ဆယ်ယောက်နားတောင် နီးနေပြီ ကုမျိုးနွယ်စုရဲ့ အင်အားဟာ သိပ်ကို ကြီးမားတာပဲကိုး ခင်ဗျားဟာလည်း တကဲ့ကို ပါရမီရှင်ပါပဲ အေးလေ ခင်ဗျားဟာ အရင်ကတည်းက သိပ်ကို ထူးချွန်သူပဲဟာကို”
“ကျေးဇူးတင်ပါတယ်ရှင်”
သူတို့နှစ်ယောက်သည် စကား တပြောပြောနှင့် လမ်းလျှောက်လျက် ရှိကြသည်။ သူတို့၏ လေသံမှာလည်း တဖြည်းဖြည်း ပိုမို ယဉ်ကျေးလာ၏။ နှစ်ယောက်သား အတန်ုကာအောင် စကားပြောဆိုပြီးနောက် စုချန်းက ပြောလိုက်သည်။
“ဟာ ခုမှ သတိရတယ် ကျုပ်မှာ လုပ်စရာတစ်ခု ရှိသေးတယ်ဗျို့ သွားလိုက်ဦးမယ် ဒီနေ့ ခင်ဗျားကို တွေ့ရတာ သိပ်ကို ဝမ်းသာတယ် ကုချိန်းလွှာရေ နောက်မှ ပြန်တွေ့ကြတာပေါ့ဗျာ”
“ကောင်းပါပြီရှင်”
ကုချိန်းလွှာက ညင်သာစွာ ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် နှုတ်ဆက်စကား ပြောဆိုပြီး လမ်းခွဲလိုက် ကြလေသည်။
တဖြည်းဖြည်း အဝေးသို့ ထွက်ခွာသွားသော စုချန်း၏ ကျောပြင်ကို ကြည့်ရင်း ကုချိန်းလွှာ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာ၏။ ထို့နောက် သူမက တီးတိုးရေရွတ် လိုက်သည်။
“ရှင့်ကို စိတ်မကောင်း ဖြစ်စေခဲ့တဲ့အတွက် ကျွန်မ တောင်းပန်ပါတယ် စုချန်းရယ် ဒါပေမဲ့ ရှင် ရှေ့ဆက်တိုးရင် အသတ်ခံရလိမ့်မယ်ရှင့်”
ကုချိန်းလွှာ မမြင်နိုင်တော့သော နေရာသို့ ရောက်သည်နှင့် စုချန်းသည် အနီးအနားရှိ တောအုပ်အတွင်းသို့ လျင်မြန်စွာ ချိုးကွေ့လိုက်သည်။ သူ့ခြေလှမ်းများသည် တဖြည်းဖြည်း မြန်သထက် မြန်လာ၏။ နောက်က ကျားလိုက်နေသကဲ့သို့ မြန်လာခြင်း ဖြစ်သည်။ ထို့နောက်တွင်ကား သူသည် တဟုန်ထိုး ပြေးထွက် လိုက်တော့သည်။
စုချန်း အားကုန် ပြေးလွှားနေ၏။ အရူးတယောက်လို ပြေးလွှားနေခြင်း ဖြစ်သည်။ သူ့ပုံစံမှာ ဝိညာဉ် ပျောက်ဆုံးနေသော လူတယောက်နှင့်ပင် တူနေတော့သည်။ ရှေ့တွင် ပိတ်ဆို့နေသော သစ်ပင်ကြီးငယ်များသည် တဝုန်းဝုန်းနှင့် လဲပြိုကုန်ကျရာ တောအုပ်အတွင်း မုန်တိုင်းကျနေ သကဲ့သို့ ရှိလေသည်။ အားအင်ကုန်ခန်းကာ ခြေလက်များ ပျော့ခွေလာတော့မှ စုချန်းက ပြေးလွှားခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက ကျောက်တုံးကြီး တစ်တုံးပေါ်တွင် မှီရင်း အရူးတစ်ယောက်ပမာ ကျယ်လောင်စွာ အော်ဟစ် လိုက်တော့သည်။ တစ်ဆက်တည်းမှာပင် သူ့ပါးပြင်ပေါ်မှ မျက်ရည်များသည် မိုးဦးကျ တောင်ကျချောင်းကဲ့သို့ တသွင်သွင် စီးကျလာတော့သည်။ ကုချိန်းလွှာ၏ ရှေ့တွင် ထိန်းချုပ်ထားခဲ့သော ဟန်ဆောင်မှုများ အားလုံး ပြိုကွဲသွားပြီ ဖြစ်လေရာ နှလုံးသားကို အပ်ဖြင့် ထိုးဖောက်နေဘိ သကဲ့သို့ ပြောမပြနိုင်လောက်အောင် ပြင်းပြသော နာကျင်မှုမျိုးကို စုချန်း ခံစားနေရရှာသည်။ မကုန်မခန်း နိုင်လောက်အောင် တလဟော စီးကျနေသော မျက်ရည်များနှင့်အတူ သူ့နှလုံးသားအတွင်းရှိ အားနည်းချက်နှင့် ပျော့ညံမှုများအားလုံး ပါသွားကြပါစေဟု စုချန်း ဆုတောင်းလိုက်မိသည်။
အချိန် မည်မျှ ကြာသွားသည်မသိ။ စုချန်း၏ ပါးပြင်ပေါ်တွင် စီးကျနေသော မျက်ရည်များကား ခန်းခြောက် ကုန်ကြလေပြီ။ နဂိုအတိုင်း တည်ငြိမ်ပြတ်သားဟန်ရှိသော စုချန်း၏ ပုံသဏ္ဌာန်သည် ပြန်လည် ပေါ်ပေါက်လာ၏။ ထိုအခါ သူက ခြောက်သွေ့နေသော မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး မတ်တတ် ရပ်လိုက်သည်။ တဖန် သူသည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်၏။ တွန့်ကြေနေသော ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည် ပြုပြင်၏။ ထို့နောက် အောက်ပါအတိုင်း ရေရွတ်လိုက်သည်။
“ကဲ အားရအောင် ငိုပြီးပြီဆိုတော့ ခုအချိန်ဟာ အလေးအနက်ထားပြီး ဆင်ခြင် သုံးသပ်ရမဲ့ အချိန်ပဲ ငါဟာ တစ်ချိန်လုံး သန်မာသထက် သန်မာလာအောင် အသည်းအသန် ကြိုးစားခဲ့တယ် ဒါပေမဲ့ ဘာကြောင့် သန်မာလာဖို့ လိုအပ်သလဲ ဆိုတာကို နားမလည်ခဲ့ဘူး … ခုတော့ ငါနားလည်ပြီ သေသေချာချာကို နားလည်သွားပြီ … ဘယ်လမ်းကို လျှောက်ရမလဲဆိုတာကို သေသေချာချာ နားလည်သွားခဲ့ပြီ … ထွီ သွေးဗီဇတဲ့လား အရေးမပါတာကွာ သွေးဗီဇဆိုတာ ဗီဇပြောင်းလာတဲ့ သားရဲသတ္တဝါဆိုးနဲ့ လူသားတွေ ပေါင်းစည်းရာကနေမှ ဖြစ်ပေါ်လာတဲ့ အရာ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင် လူသားတွေရဲ့ စစ်မှန်တဲ့ ရန်သူဟာလည်း ရိုင်းစိုင်းကြမ်းတမ်းပြီး ရွံစရာကောင်းတဲ့ သားရဲသတ္တဝါဆိုးတွေပဲ ဖြစ်နေပြန်တယ်၊ ဒီတော့ လူတွေဟာ သူတို့ရဲ့ အင်အားအတွက် ဒီလို သွေးဗီဇတွေကို မှီခိုနေရသရွေ့ သားရဲသတ္တဝါဆိုးတွေရဲ့ ဖိနှိပ်မှုကို ခံနေရဦးမယ်ဆိုတော့ မြေကြီးလက်ခတ် မလွဲဘူး … တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါဟာ ဒီအသုံးမကျတဲ့ သွေးဗီဇစနစ်ကြီး တစ်ခုလုံးကို ဖြိုခွဲပြီး လူသားတွေအတွက် ကိုယ်ပိုင် စွမ်းအင်မွေးမြူနိုင်တဲ့ စနစ်မျိုးကို တည်ဆောက်ပြလိုက်မယ် အနာဂတ်မှာ လူသားတွေဟာ သူတို့ရဲ့ အင်အားအတွင် ဘယ်သွေးဗီဇကိုမှ မှီခိုစရာမလိုတဲ့ အခြေအနေမျိုးကို ရောက်လာစေရမယ် ငါဟာ လူသားတွေရဲ့ ခေတ်ကို နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိ လာအောင် တည်ဆောက်ပြမယ်ဟေ့”
နောက်ဆုံးတွင်ကား စုချန်းက ပြင်းပြသော စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ် လိုက်တော့သည်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘယ်သွေးဗီဇရဲ့ အကူအညီမှ မပါဘဲ လူသားတွေရဲ့ အောင်မြင်မှု အထွတ်အထိပ်ကို ပြန်လည် ရရှိစေရမယ်ဟေ့ … ။
စုချန်းကား သူ့တစ်ဘဝလုံးအတွက် ရည်မှန်းချက်ကို ထုတ်ဖော် ကြေညာလိုက်လေပြီ။
ထိုအခိုက်မှာပင် အဘိုးအိုတစ်ဦး၏ အသံက သူ့နားထဲသို့ တိုးဝင်လာ၏။
“အဓိပ္ပာယ်မရှိလိုက်တာကွာ ကြားရတာ ရူးတောင် ရူးချင်သွားတယ်”