အဓိဌာန်ဟူသည် မြင့်မြတ်၏
Vol. 17 Ch. 161
စကားသံသည် သိပ်မဝေးလှသော နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအခါ စုချန်းက ချက်ချင်းပင် လှည့်ပတ် ရှာကြည့်လိုက်ရာ မြက်ခင်းပေါ်တွင် လဲလျောင်းလျက် ရှိသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ အဘိုးအိုသည် သူကျောခင်းထားသော မြက်ပင်များအား ဖဲမွေ့ယာဟု သဘောပိုက်နေသော ပုံစံတွင် ရှိ၏။ သူ့ဘေးတွင်ကား စုချန်း အမျိုးအမည် မခွဲခြားနိုင်သော ပန်းပွင့်တချို့ ပြန့်ကျဲလျက် ရှိသည်။
အဘိုးအို၏ ကိုယ်ခန္ဓာ တစ်ခုလုံးကို သစ်ရွက်များ ဖုံးအုပ်လျက်ရှိလေရာ သူ ထိုနေရာတွင် ရှိနေခဲ့သည်မှာ အချိန် အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိသာနေ၏။ သူ့ပုံစံမှာကား သစ်ရွက်များကို ဖယ်ရှားလိုက်လျင်ပင် ကြည့်ရဆိုးလှသည်။ သူ့ဆံပင်များမှာ ကြွက်သိုက်ကဲ့သို့ ရှုပ်ပွနေပြီး မုတ်ဆိတ်ကျင်စွယ်များမှာ တစ်ခါမှ မရိတ်သင်ဖူးဟန်ဖြင့် ရှည်လျားလှ၏။ သူ့မျက်လုံးများမှာကား ဖူးဖူးယောင်နေပြီး ၎င်းတို့ကို ခရမ်းနက်ရောင် စက်ဝိုင်း တစ်ခုက ဝန်းရံထားသကဲ့သို့ ထင်ရသည်။ ရုတ်တရက် ကြည့်လျှင် အဘိုးအို၏ ပုံစံသည် ပြင်းထန်စွာ ထုထောင်းရိုက်နှက် ခံထားရသူနှင့်ပင် တူနေ၏။
အဘိုးအို ဘယ်အချိန်ကတည်းက ရောက်နေခဲ့မှန်း စုချန်း မသိ။ သို့သော် ကနဦး သူ ပြောလိုက်သော စကားမှာကား စုချန်းကို ရည်ရွယ်ကြောင်း သိသာနေ၏။ စုချန်း ဒေါသထွက်လာ၏။ သို့သော် သူက သူ့ကိုယ်သူ ထိန်းချုပ် ထားလိုက်သည်။ ကုချိန်းလွှာနှင့် တွေ့ဆုံခဲခြင်းကြောင့် သူသည် အရူးတစ်ယောက်ပမာ ဖြစ်ခဲ့ရ၏။ သို့သော် ထိုအခြေအနေသည် သူ့အား ကြာရှည် မလွှမ်းမိုးနိုင်ခဲ့။ ယခုအချိန်ထိ သူသည် စိတ်အေးလက်အေးနှင့် စနစ်တကျ တွက်ချက်တတ်သော ယခင် စုချန်း ဖြစ်နေဆဲပင်တည်း။ ဒေါသထွက်နေသော စုချန်းကတော့ အဘိုးအိုနှင့် အငြင်းအခုံ လုပ်ကောင်း လုပ်ပေလိမ့်မည်။ သို့သော် စိတ်တည်ငြိမ်သော စုချန်းကတော့ ထိုသို့မလုပ်။
ထိုအခါ သူက အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည်ပြုပြင်ရင်း ပြောလိုက်သည်။
“အဘပြောတာ မှန်ပါတယ် ကျွန်တော် ပြောနေတာတွေဟာ အဓိပ္ပာယ်မရှိတဲ့ ဟာတွေပဲ အသည်းကွဲလာတဲ့ လူငယ်တစ်ယောက်က အရူးလို ပြောဆိုမိတယ်လို့ပဲ သဘောထားပေးပါ အဘ စိတ်မရှိပါနဲ့”
“ဟေ”
အဘိုးအို၏ ပုံစံမှာ အံ့သြသင့် သွားဟန်ပေါ်၏။ ထို့နောက် သူသည် ဝုန်းခနဲ စုချန်း ရှေ့သို့ ရောက်လာ၏။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ ခြေလှမ်းပေါင်း ၁၀၀ ခန့်ပင် မဝေးတော့ချေ။ သူသည် ရီဝေသော မျက်လုံးအစုံဖြင့် စုချန်းကို စိုက်ကြည့်နေ၏။ အတန်ကြာသော် သူက ပြောလိုက်သည်။
“အိုး တယ်ဟုတ်ပါလား မင်းဟာ ကိုယ့်စိတ်ကိုယ်ကို မြန်မြန်ဆန်ဆန်ပဲ ထိန်းချုပ်နိုင်သားပဲ မင်းကို ကြည့်ရတာ ခုနက ငါတွေးနေ သလောက်တော့ မဆိုးဘူးထင်တယ်”
စုချန်းကလည်း ရိုသေလေးစားစွာ ပြန်လည် ပြောဆိုလိုက်သည်။
“ချီးကျူးတာကို ကျေးဇူးတင်ပါတယ် အဘ ကျွန်တော်ဟာ ခုနက ဘာမှ မစူးစမ်း မဆင်ခြင်ဘဲ ပြောဆိုမိတဲ့အတွက် အဘအနေနဲ့ အပြစ်တင်သင့်ပါတယ် ခင်ဗျာ”
“မင်းစကားတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ငါ ဘာကြောင့် ပြောလိုက်သလဲ ဆိုတာ မင်းသိရဲ့လား”
အဘိုးအိုက မျက်မှောင်ကုတ်ကာ မေးလိုက်သည်။ ထိုအခါ စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
“သိပါတယ်ခင်ဗျာ နှစ်ထောင်သောင်းချီနေတဲ့ သမိုင်းကြောင်း တစ်လျှောက် လူသားမျိုးနွယ်တွေဟာ မရေမတွက်နိုင်တဲ့ သူရဲကောင်းများစွာကို မွေးထုတ်နိုင်ခဲ့တယ် ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ ဒါကို မဆောင်ရွက်နိုင်ခဲ့ဘူး၊ ကျွန်တော်ဟာ ခုမှ ကျောင်းတော်ကို ဝင်ရောက်လာတဲ့ ပထမနှစ် ကျောင်းသားသာ ဖြစ်တဲ့အတွက် ကျွန်တော့်စကားဟာ အဓိပ္ပာယ်မရှိသလို ရယ်စရာလည်း ကောင်းနေပါတယ်”
အံ့သြသင့်စရာ ကောင်းလောက်အောင်ပင် အဘိုးအိုသည် ဒေါသထွက်လာ၏။ သူက စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။
“သေလိုက် မင်း လဲသာ သေလိုက်တော့ ငါတို့ရဲ့ ဘိုးဘေးတွေဟာ ဒီကိစ္စကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး ဆိုတိုင်း ဒါကို ဘယ်သူမှ မလုပ်နိုင်ဘူးလို့ မင်း ဘာကြောင့် ပြောရတာတုန်း ထွီ ဘယ်လိုများ စဉ်းစားလိုက်တာလဲကွာ လူသားမျိုးနွယ်တွေဟာ တစ်ချိန်တုန်းက ချီစုဆောင်းခြင်း နယ်ပယ်ကိုတောင် ကိုယ့်ဟာကိုယ် မဝင်ရောက်နိုင်ခဲ့ကြဘူး၊ ဒါပေမဲ့ ခုကျတော့ ဘယ်လိုလဲ သူသူကိုယ်ကိုယ် ကိုယ့်အစွမ်းအစနဲ့ကိုယ် ဒီအဆင့်ကို ရောက်နိုင်ခဲ့ကြပြီပဲ မဟုတ်လား ဒါတင်မကသေးဘူး၊ ခုဆိုရင် သွေးဗီဇမရှိပဲ သွေးဆူပွက်ခြင်း နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တဲ့ လူတွေတောင် ရှိလာပြီ ဒါဟာ လူသားတွေရဲ့ အိပ်မက် အကောင်အထည် ပေါ်စပြုလာတာလို့ ပြောလို့မရပေဘူးလား၊ တစ်ယောက်အားနှင့် ယူသော်မရရင် တစ်သောင်းအားနဲ့ ယူသော်ရ၏ ဆိုတဲ့ ဆိုရိုးစကားကိုကျတော့ မင်း ဘယ်လိုပြောမလဲ တစ်ယောက်က မအောင်မြင်ရင် လူတစ်သောင်းနဲ့ လုပ်မယ် တစ်နှစ်နဲ့ မအောင်မြင်ရင် နှစ်တစ်ထောင် လုပ်မယ်ကွာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တစ်စိုက်မတ်မတ်သာ လုပ်သွားရင် တစ်နေ့မှာ အောင်မြင်ရမယ်ဟေ့ အောင်ကို အောင်မြင်ရမယ် ငါလို အဘိုးကြီးတောင် တစ်နေ့မှာ သွေးဗီဇရဲ့ လွှမ်းမိုးမှုကို ချိုးဖျက်ပြီး ကိုယ်ပိုင် စွမ်းအင် စုဆောင်းခြင်း စနစ်တစ်ခု ပေါ်ထွန်းလာရမယ်လို့ ယုံကြည်ထားတယ် ဆိုရင်ကောကွာ ဒီမယ် ကောင်လေး မင်းဟာ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ် ဒီလို စိတ်ပျက်အားလျော့ပြီး အရှုံးပေးတဲ့ စကားမျိုးကို ဘယ်တော့မှ မပြောနဲ့ကွ”
အထက်ပါ စကားများကို ပြောဆိုနေသည့် အချိန်တွင် အဘိုးကြီးသည် အလွန်တရာ စိတ်လှုပ်ရှားနေဟန် ရှိ၏။ သို့သော် သူ၏ ပြောပုံဆိုပုံမှာကား အားမာန်ပါလှသည်။ စုချန်း ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။ သူက အဘိုးအိုကို စိုက်ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန် ... ကျွန်တော် ထင်တာက ... အဘ ... အဘဟာ ... .”
“မင်းပြောတာ အဓိပ္ပာယ် မရှိဘူးလို့ ငါပြောရတဲ့ အကြောင်းပြချက်က မင်းရဲ့ ဒီစိတ်ဆန္ဒ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးခဲ့တဲ့ အကြောင်းအရာ မှားယွင်းနေလို့ပဲကွ”
အဘိုးအိုက စုချန်း၏ နဖူးပြင်ကို လက်ညှိုးငေါက်ငေါက် ထိုးရင်း ကျယ်လောင်သော အသံနှင့် ပြောလိုက်သည်။
“မရေမတွက် နိုင်လောက်တဲ့ သူရဲကောင်းတွေဟာ ဘာအကျိုးခံစားခွင့်မှ မရှိပဲ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် အသက်စွန့်ခဲ့ကြတယ်၊ ဒါပေမဲ့ ဒီအတွက် သူတို့ ဘာမှ မတောင်းဆိုခဲ့ကြဘူး၊ ဘာကြောင့်လို့ မင်းထင်သလဲ သူတို့ဟာ လူသားမျိုးနွယ်အတွက် အကန့်အသတ်မရှိတဲ့ ဘဝမျိုးကို ဖော်ဆောင်မယ်လို့ စိတ်ဆန္ဒပြင်းပြ နေခဲ့ကြလို့ပဲ သိပ်ကို လေးစားစရာ ကောင်းတဲ့ လူစားမျိုးတွေပေါ့ကွာ ဒါပေမဲ့ မင်းကျတော့ကော ဒီလိုမြင့်မြတ်တဲ့ ရည်မှန်းချက်မျိုးကို ဆောင်ရွက်မယ်လို့ အဓိဌာန်ပြုတာ ဘာအတွက်လဲ သုံးစားမရတဲ့ မိန်းမတစ်ယောက်ကြောင့်တဲ့လား ထွီ”
စုချန်းကား တစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ ကြက်သေသေ နေရှာ၏။ အဘိုးအိုက ဒေါနှင့်မာန်နှင့် စကားဆက်ပြန်သည်။
“ဒီမယ် ကောင်လေး မင်းအနေနဲ့ တစ်စုံတစ်ရာကို ကြီးကြီးမားမား ဆောင်ရွက်ချင်ရင် မင်းရဲ့ နှလုံးသားဟာလည်း နေရာမှန်မှာ ရှိနေဖို့တော့ လိုသကွ မင်းမှာ ဒီလို ခံယူချက်နဲ့ စိတ်ထားမျိုး မရှိဘူးဆိုရင် ဒီရည်မှန်းချက်ကြီးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် တိုင်အောင် မင်းအတွက် ဂုဏ်ယူစရာ ဖြစ်ပါဦးမလား၊ ခုတော့ မင်းက မိန်းမတစ်ယောက်အတွက် သွေးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်မယ်လို့ ကြွေးကြော် နေသတဲ့လား၊ ထွီ ဒါဟာ ငါကြားဖူးတဲ့အထဲမှာ ရယ်စရာ အကောင်းဆုံး ပြက်လုံးပဲဟေ့ ခုနှစ်ပြည်ထောင်ကို တစ်ခါတည်း စုစည်းသိမ်းသွင်းပြီး ငါကြိုက်တဲ့ မိန်းမရဲ့နာမည် ပေးလိုက်မယ်လို့သာ တစ်ခါတည်း ကြွေးကြော်လိုက်ပါတော့လားကွ၊ ဒါကမှ ကြားရတာ နည်းနည်းပါးပါး သက်တောင့်သက်သာ ရှိဦးမယ် ဒီကနေ့မှာ မင်းဟာ မိန်းမတစ်ယောက်အတွက် ဒီလို ကျိန်တယ်ဆိုရင် မင်းဟာ သိပ်မကြာခင်မှာပဲ ဒီကျိန်စာကို မိန်းမတယောက်အတွက် ဖောက်ဖျက်လိမ့်မယ် ဆိုတာ ငါ ရဲရဲကြီး ပြောဝံ့သကွ”
အဘိုးအို၏ ပြင်းထန်လှသော စကားကို ကြားလိုက်ရသောအခါ စုချန်း အလွန် ရှက်ရွံ့လာ၏။ သူ့မျက်နှာ တစ်ခုလုံးမှာလည်း ဆေးနီဖြင့် ဖြန်းပက်ထားသကဲ့သို့ ရဲရဲနီနေတော့သည်။ လက်စသတ်တော့ အဘိုးအိုသည် သူ့ရည်ရွယ်ချကိကို လှောင်ပြောင်ခြင်း မဟုတ်။ ထိုရည်ရွယ်ချက်ကို ဖြစ်ပေါ်လာစေသည့် နောက်ခံ အကြောင်းရင်းကိုသာ အပြစ်တင်နေခြင်း ပေတကား။
အဘိုးအိုသည် အချိန်အတော် ကြာသည်အထိ စုချန်းကို မြည်တွန် တောက်တီးနေ၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။
“မြင့်မြတ်တဲ့ ရည်မှန်းချက်အတွက် စိတ်ပျက်စရာ လှုံ့ဆော်မှုပဲကွ မင်းထက်သာတဲ့ တခြားကောင်တွေတောင် ဒီလို အရေမရ အဖတ်မရ မကျိန်ရဲကြဘူး ဒီလို မြင့်မြတ်တဲ့ ရည်မှန်းချက်ဟာ ခဏတဖြုတ် အရူးချီးပန်း လျှောက်ပြောရမဲ့ အရာမဟုတ်ဘူး ဘဝတလျှောက်လုံး လိုက်လံ ရှာဖွေနေရမဲ့အရာမျိုးကွ”
ထိုစကားကို ပြောပြီးသည်နှင့် အဘိုးအိုသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ထိုနေရာမှ ထွက်ခွာ သွားတော့သည်။ စုချန်းကား ထိုအချိန်ထိ တွေဝေ ငေးငိုင်လျက်သာ ရှိသေးသည်။ အဘိုးအို ခပ်လှန်းလှန်းသို့ ရောက်သွားတော့မှ သူက သတိရလာပြီး အော်ဟစ် မေးမြန်းလိုက်သည်။
“အဘနာမည် ဘယ်လိုခေါ်ပါသလဲ ခင်ဗျာ စုချန်းအနေနဲ့ အဘရဲ့ အကြံပြုချက်ကို တလေးတစားနဲ့ မှတ်သားထားပါ့မယ်”
အဘိုးအို၏ အသံသည် စုချန်းဆီသို့ ပျံ့လွင့်လာ၏။
“ကိုယ့်ဘဝရဲ့ အချိန်တစ်ဝက်လောက်ကို အိပ်မက်တစ်ခုအတွင် ဖြုန်းတီးနေတဲ့ လူမိုက်မျိုးဟာ နာမည်ဖော်ပြဖို့ မထိုက်တန်ပါဘူးကွာ”
“ကိုယ့်ဘဝရဲ့ အချိန်တစ်ဝက်လောက်ကို အိပ်မက်တစ်ခုအတွင် ဖြုန်းတီးနေတဲ့ လူမိုက်မျိုး”
စုချန်းက တီးတိုး ရေရွတ်လိုက်သည်။
“သူ ... သူဟာ ... မိန်းဘရုခ်လို လူစားမျိုးပဲလား ... ”
အဘိုးအိုက သူ့ကို မည်သည့်အတွက် ဆဲဆိုသွားမှန်း နောက်ဆုံးတွင် စုချန်း နားလည် သဘောပေါက် သွားခဲ့လေပြီ။
မိန်းမတစ်ယောက်အတွက် ဤသို့ အဓိဌာန် ပြုလုပ်ခြင်းသည် မိမိ၏ အိပ်မက်ကို မိမိ ပြန်၍ စော်ကားလိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
***
အဘိုးအို ထွက်ခွာ သွားပြီးနောက် စုချန်းသည် ကျောင်းတော်သို့ ပြန်လာခဲ့၏။ ၎င်း၏ ဆိုဆုံးမစကားများကို နာယူပြီးနောက် ကုချိန်းလွှာကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်များကို စုချန်း ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
နာကျင်မှုတချို့ ကျန်နေသေးသော်လည်း စုချန်းသည် ထိုဝေဒနာတို့ကို မေ့ပစ်ရန် ကြိုးစားရင်း လမင်းဖမ်းချုပ် မျှော်စင်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ထိုမျှော်စင်တွင် ဂျီဟန်းယင် နေထိုင်၏။ ထိုနေရာသို့ ရောက်သည်နှင့် ဂျီဟန်းယင်ကို စုချန်း ချက်ချင်း တွေ့ရှိလိုက်သည်။ သူမသည် လမ်းလျှောက် နေပုံရ၏။ သူမနောက်တွင်ကား အဖြူရောင်ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ရှိနေ၏။ ထိုသူသည် ဂျီဟန်းယင်ကို တစ်စုံတစ်ရာ အားကြိုးမာန်တက် ပြောဆိုရန် ကြိုးစားနေလေသည်။
သို့သော် ၎င်း၏ ကြိုးပမ်းမှုသည် ခွေးများကို အစာကျွေးသော နေရာတွင်သာ အသုံးဝင်ပုံရ၏။ ဂျီဟန်းယင်သည် ၎င်းကို ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် သဘောထားပုံ မရဘဲ ရှေးသို့သာ တစ်စိုက်မတ်မတ် လျှောက်နေ၏။ စုချန်း ရောက်လာသည်ကို မြင်သည်နှင့် ဂျီဟန်းယင်၏ မျက်လုံးအစုံမှာ အရောင်တောက်လာ၏။ သူမ၏ အေးစက်စက် ရေခဲမျက်နှာပေါ်တွင် လှပသော အပြုံးတခု ပေါ်ပေါက်လာသည်။
အမှန်တော့ ဂျီဟန်းယင် ပြုံးလိုက်ခြင်းမှာ မူလစွမ်းရည်အသစ်နှင့် ပတ်သက်၍ စုချန်း ဤနေရာသို့ ရောက်လာကြောင်း သဘောပေါက်လိုက် သောကြောင့်သာ ဖြစ်သည်။ သို့သော် ထိုအပြုံးမှာ လူငယ်အတွက်တော့ မယုံကြည်နိုင်စရာ ဖြစ်ရပ်ဖြစ်သည်။ သူ့စိတ်ထဲတွင် အနောက်မှ နေထွက်သည့်ပမာ၊ မြစ်များ ပြောင်းပြန် စီးဆင်းသည့်ပမာ ခံစားလိုက်ရ၏။
“ဟန်းယင် မင်း မင်း ပြုံးလိုက်တယ်ပေါ့ ငါ့အပေါ် ဒီလို မြင်လာပြီပေါ့လေ ဒီလိုမှန်းသိရင် ငါ ... ငါ ... ”
“အို နားတွေ ငြီးလိုက်တာ”
ပြောပြောဆိုဆို သူမက လက်တဖက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ လက်ဝါးသည် လူငယ်၏ ပါးပြင်ပေါ်သို့ ကျကျနနပင် ထိမှန်သွား၏။ လူငယ်မှာ နောက်ဖက်သို့ ဝုန်းခနဲ လွင့်ထွက်သွားတော့သည်။ ထို့နောက် သူမက စုချန်းကို မေးလိုက်သည်။
“ဘယ်လိုလဲ အောင်မြင် သွားပြီလား”
စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ကျွန်မအခန်းထဲကို လိုက်ခဲ့”
ဂျီဟန်းယင်က ချက်ချင်းပင် ပြောလိုက်၏။ သူမက စုချန်းကို အခန်းတွင်းသို့ ခေါ်လိုက်ရသည့် အကြောင်းမှာ သူမအခန်းတွင့် လေ့ကျင့်ရေးအခန်း ရှိနေသောကြောင့် ဖြစ်သည်။ ထိုအခန်းသည် မူလစွမ်းရည်သစ်များကို သရုပ်ပြရန် အကောင်းဆုံး နေရာဖြစ်၏။ ထိုအချိန်တွင် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်သည် နေရာတွင် ခြေစုံရပ်နိုင်ရန် ကြိုးစားလျက်ရှိ၏။ ဂျီဟန်းဟင်၏စကားကို ကြားလိုက်သည့် နောက်တွင်တော့ သူ့ခမျာ မြေကြီးပေါ် ပက်လက်လန် လဲကျသွားတော့သည်။
သူသည် ဂျီဟန်းယင်ကို မယုံကြည်နိုင်သော အမူအရာနှင့် စိုက်ကြည့်နေ၏။ သူမ၏ အပြုံးသည် သူ့အတွက်မဟုတ်မှန်း နောက်ဆုံးတွင် သူ သိသွားလေပြီ။
ဒီကောင်ဟာ သွေးဗီဇတောင် မရှိတဲ့ သာမန်လူပဲ ... ဒီလိုကောင်မျိုးကို ဂျီဟန်းယင်က ဘယ်လိုလုပ် ပြုံးပြနေရာတာလဲ ... ဒီကောင် ဘာကောင်လဲ ... ဘယ်ကကောင်လဲ ... ။
လူငယ်သည် သူ့ကိုယ်သူ မယုံကြည်နိုင် ဖြစ်နိုင်၏။
သူမဟာ သာမန် လူတစ်ယောက်အတွက် ငါ့ကို ရိုက်သတဲ့လား ... ဘာမဟုတ်တဲ့ကောင်ကို အခန်းထဲ ဖိတ်ခေါ်သတဲ့လား။
ထို့နောက် သူသည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ် လိုက်တော့သည်။
“အဲဒီမှာ ရပ်နေလိုက်စမ်း”
စုချန်း မျက်မှောင်ကုတ်သွား၏။ တစ်ဖက်လူသည် ဂျီဟန်းယင်၏ ရည်ရွယ်ချက်ကို နားမလည်မှန်း သူ ချက်ချင်း သဘောပေါက်လိုက်၏။ ထိုအခါ သူက ပါးစပ်ဟရင်း ရှင်းပြရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် ဂျီဟန်းယင်၏ တစ်ကိုယ်လုံးတွင် နှင်းမြူများ ဖုံးလွှမ်းလာ၏။ သူမ၏ မျက်ခုံးနှစ်ခုမှာလည်း တစ်ခုနှင့်တစ်ခု ထိစပ်လျက် ရှိလေပြီ။
အခြေအနေ မဟန်တော့မှန်း စုချန်းက ချက်ချင်းပင် သဘောပေါက်လိုက်သည်။ စဉ်းစား၍ပင် မဆုံးသေး။ ဂျီဟန်းယင်သည် နောက်ကို ချာခနဲလှည့်ကာ လူငယ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
အေးစက်သော အားလှိုင်းကြီးကား လူငယ်ထံသို့ ဦးတည် ပြေးဝင်လာခဲ့လေပြီ။ ထူထဲသိပ်သည်းလှသော နှင်းမှုန်များ အကြားဝယ် လူငယ်တကိုယ်လုံး နစ်မြုပ်သွားမည်ကဲ့သို့ ထင်ရသည်။