လက်ညှိုးကျိုးရော့လဟယ်
Vol. 17 Ch. 162
ထိုအခိုက်မှာပင် ရွှီခနဲ မြည်သံနှင့်အတူ မူလစွမ်းအင်လှိုင်းများသည် လေထုထဲတွင် ကြက်ခြေခတ်သဏ္ဌာန် ဖြစ်ပေါ်လာကာ မမြင်နိုင်သော စွမ်းအင်ပိုက်ကွန် တစ်ခုသဖွယ် ဖြစ်တည်လာ၏။ ဂျီဟန်းယင်က သူမ၏ လက်ဝါးကို ချကိချင်း ရုပ်သိမ်းလိုက်သည်။ သူမသည် မူလစွမ်းအင်ကို အာရုံခံနိုင်စွမ်း ရှိလေရာ ပိုက်ကွန်၏ တည်ရှိမှုကို ဝိုးတဝါး ခံစားနေရ၏။ သူမ၏ မျက်လုံးထဲတွင် ကျေနပ်နှစ်သိမ့်သော ခံစားချက်များ ထင်ဟပ်လာသည်။
“ရှင်တကယ်ပဲ ကိုယ်ပျောက်ပိုက်ကွန်ကို ဖန်တီးနိုင်ခဲ့ပြီပေါ့”
“စိတ်ပျက်စရာ ကောင်းတာက ဒီပိုက်ကွန်ဟာ အလင်းယိုင်ခြင်း နည်းစနစ်ကို ထည့်သုံးထားတဲ့အတွက် သာမန်မျက်လုံးနဲ့ မမြင်နိုင်တာတော့ အမှန်ပဲ ဒါပေမဲ့ မူလစွမ်းအင်ကို အာရုံခံနိုင်စွမ်းရှိတဲ့ လူစားမျိုးနဲ့ တွေ့ရရင်တော့ မမြင်ရဘူးဆိုတဲ့ စကားလုံးကို သုံးလို့မရတော့ဘူးဗျ”
“လောကကြီးမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူးရှင် ခုလို သာမန်မျက်လုံးနဲ့ မမြင်နိုင်ဘူး ဆိုတာနဲ့တင် တော်တော် ဟုတ်နေပါပြီ ပြီးတော့ မူလစွမ်းအင်ကို အာရုံခံစားနိုင်ဖို့ ဆိုတာက တော်ရုံလူ လုပ်နိုင်တဲ့အရာမျိုးမှ မဟုတ်တာဘဲ အထူးသဖြင့် အဆင့်နိမ့် ချီစွမ်းအား ပညာရှင်တွေဟာ ဒါမျိုး မလုပ်နိုင်ကြဘူးလေ တကယ်လို့ ဒီလိုစွမ်းရည်မျိုးရှိတဲ့ ပြိုင်ဖက်နဲ့ တွေ့ပြီဆိုရင်လည်း ဒီလိုစွမ်းရည်မျိုးလောက်ကို ဟိုက ဘယ်အရေးစိုက်ပါ့မလဲ ဒီတော့ ရှင့်ရဲ့ ဒီစွမ်းရည်ဟာ ခုချိန်ထိ အသုံးဝင်နေတုန်းပဲ”
စုချန်းကား ဤတစ်ကြိမ်တွင်တော့ ဂျီဟန်းယင်ကို မလေးစားဘဲ မနေနိုင်တော့။ ထိုအခါ သူက ပြောလိုက်၏။
“ခင်ဗျား တကယ်တော်တယ် ကျုပ်ဟာ ဒီမူလစွမ်းရည် အသုံးဝင်မဝင် သိရဖို့ ပြန်လည်ဆန်းစစ်သူများ ခန်းမကို သွားခဲ့ရတယ် ဒါပေမဲ့ ခင်ဗျားကတော့ ချက်ချင်းပဲ အဖြေကို စဉ်းစားမိတယ် ခင်ဗျားဟာ တကယ့်ပါရမီရှင်ပဲ ဂျီဟန်းယင်”
“ကျွန်မက တိုက်ခိုက်တဲ့ နေရာမှာပဲ ထူးချွန်တာ ကျန်တဲ့ နေရာတွေမှာတော့ ရှင့်ကို ဘယ်လိုမှ ယှဉ်လို့မရပါဘူးရှင်”
ဂျီဟန်းယင်က စုချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“အချိန်တိုအတွင်းမှာ မူလစွမ်းရည်နှစ်မျိုးကို ဖန်တီးနိုင်ခဲ့တာကို ကြည့်ရင် ရှင်ကမှ တကယ့် ပါရမီရှင်အစစ်ပဲ ရှင့်ကိုကြည့်ရတာ ဒီလိုစွမ်းရည်မျိုးတွေကို အလိုရှိတဲ့ အချိန်မှာ ကြိုက်သလို ဖန်တီးနိုင်မဲ့ ပုံစံပေါ်နေတယ်”
“တော်ပါပြီဗျာ ထပ်မခိုင်းပါနဲ့တော့”
စုချန်းက ခေါင်းတခါခါ လည်တခါခါနှင့် ငြင်းဆန်လိုက်သည်။
“ဒီနစ်မျိုးနဲ့တင် ကျုပ် အတော်လေး ပင်ပန်းသွားပြီဗျ”
အမှန်တော့ စုချန်းသည် ထိုမျှလောက် ပင်ပန်းသည်မဟုတ်။ သို့သော် ပိုပိုသာသာ ပြောဆိုခြင်းသည် မရိုးသားသော စီးပွားရေး သမားတိုင်း၏ အရေးကြီးသော အလေ့အကျင့် တစ်ရပ်ဖြစ်သည်။ တစ်ဖက်တွင်လည်း သူသည် မူလစွမ်းရည် အသစ်များ ဖန်တီးခြင်းဖြင့် အချိန်ကုန်မခံလိုတော့။
မူလစွမ်းရည်သစ်များ ဖန်တီးခြင်းဟူသော လုပ်ငန်းစဉ်သည် စုချန်အတွက် သဘာဝတရား၏ အဓိပ္ပာယ်ကို ရှာဖွေခြင်းသာ ဖြစ်သည်။ အချိန်ဖြုန်းရန် မဟုတ်ပေ။ သူ့တွင် နှိုက်နှိုက်ချွတ်ချွတ် မလေ့လာရသေးသည် ဗဟုသုတများစွာနှင့် မလေ့ကျင့်ရသေးသည် မူလစွမ်းရည် များစွာကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်လေရာ လက်ရှိအချိန်တွင် စွမ်းရည်သစ်များ ဖန်တီးရန် မလိုအပ်တော့ပေ။ အကယ်၍ မူလစွမ်းရည်သစ်များ ဖန်တီးခြင်း နောက်သို့သာ အာသာငမ်းငမ်းနှင့် လိုက်မိနေပါက သူသည် ထမ်းပိုးတပ်ခံထားရသည့် မြင်းတကောင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
တစ်ဖန် စုချန်းအနေနှင့် ဂျီဟန်းယင်၏ တောင်းဆိုချက်ကို လက်ခံလိုက်ရခြင်းမှာ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေး၏။ ၎င်းမှာ ဘရုခ်ပုံသေနည်းကို ထပ်မံလေ့လာလို၍ ဖြစ်သည်။ ယခုအချိန်တွင် ထိုပုံသေနည်းကို ထိုက်သင့်သလောက် လေ့လာခဲ့ပြီးပြီဖြစ်၍ သူ့စွမ်းရည်ကို ပြန်လည် ဖုံးကွယ်ထားသင့်သော အချိန် ဖြစ်သည်။ ထို့ပြင် သူသည် လက်ရှိ ဖော်ထုတ်ထားသည့် မူလစွမ်းရည်များအား ကျကျနန မလေ့လာရသေး။ အသစ်တခုကို ဖော်ထုတ်ခြင်းထက် အဟောင်းကို ကျွမ်းကျင်အောင် လုပ်ခြင်းက ပို၍ မှန်ကန်သော နည်းလမ်း ဖြစ်သည်။ အုတ်မြစ်ခိုင်မှ အထပ်မြင့် အဆောက်အဦများ တည်ဆောက်နိုင်ပေလိမ့်မည်။
စုချန်း၏ အမူအရာ သိပ်ဟက်ဟက်ပက်ပက် မရှိမှန်း တွေ့လိုက်ရသောအခါ ဂျီဟန်းယင်က ထိုကိစ္စကို ထပ်မပြောတော့။
“ထားပါတော့ တကယ်လို့ ကျွန်မရဲ့ အင်အားကို တိုးပွားစေမဲ့ နည်းလမ်း တစ်မျိုးမျိုး ရှင် စဉ်းစားမိရင်သာ ... ”
“ကျုပ် ခင်ဗျားကို သေချာပေါက် ပြောမှာပါ”
စုချန်းက အလေးအနက်ထားသော အမူအရာနှင့် ပြောလိုက်သည်။
“ဒါနဲ့ သူ့ကို ဘာနာမည် ပေးထားသလဲရှင့်”
“ကျုပ်မစဉ်းစားရသေးဘူး ခင်ဗျားပဲ ပေးကြည့်လေ”
“ဒါဆိုလည်း ဒီမူလစွမ်းရည်ကို ကိုယ်ပျောက် လေပိုက်ကွန်လို့ပဲ နာမည် ပေးလိုက်ကြတာပေါ့”
“သိပ်ကောင်းတာပေါ့ဗျာ”
ထို့နောက် သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြ၏။ ပြောစရာရှိသည်တို့ကို ပြောပြီးသည်နှင့် စုချန်းက ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သို့သော် သူက တစ်စုံတစ်ရာကို သတိရလာပြီး ဂျီဟန်းယင်ကို မေးလိုက်သည်။
“ဒါနဲ့ ကျုပ်တစ်ခုလောက် မေးဦးမယ် ဆံပင်ကြွက်သိုက်လိုမျိုး ရှုပ်ပွနေတဲ့ အဘိုးကြီးတစ်ယောက်များ ခင်ဗျား တွေ့ဖူးသလားလို့ သူ့ပုံစံက တောတွင်းသား တစ်ယောက်နဲ့ အလွန်တူတယ် စွမ်းအားကတော့ မသေးဘူးဗျို့ ကျုပ်အထင် အလင်းတုန်ခါခြင်း နယ်ပယ်လောက်မှာ ရှိလိမ့်မယ်”
ဂျီဟန်းယင်က ခေတ္တမျှ စဉ်းစားပြီး ဖြေလိုက်သည်။
“အဘိုးအိုဆိုတော့ ဆရာတွေထဲက တယောက်ယောက် ဖြစ်နိုင်တာပေါ့ ဒါပေမဲ့ ဒီလိုပုံစံနဲ့ ဆရာမျိုးတော့ ကျွန်မ မတွေ့ဖူးသေးဘူးရှင့်”
***
ဂျီဟန်းယင်အား နှုတ်ဆက်ပြီးနောက် စုချန်းသည် လာရာလမ်းအတိုင်း ပြန်လာခဲ့၏။ လမ်းခုလတ်တွင် သူသည် စာကြည့်တိုက်သို့ သွားနိုးနိုး၊ အိပ်ခန်းသို့ ပြန်နိုးနိုးနှင့် ဝေခွဲမရ ဖြစ်နေ၏။ ထိုအခိုက်မှပင် သူ့ထံသို့ လျှောက်လာသော လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ ထိုလူငယ်မှာ ဂျီဟန်းယင်၏ ဆော်ပလော်တီးခြင်းကို ခံလိုက်ရသည့် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်ပင် ဖြစ်သည်။
သန့်ရှင်းသော အဝတ်အစားများကို လှဲလှယ်ပြီးသွားပြီ ဖြစ်၍ လူငယ်သည် ယခင်အတိုင်း တင့်တယ်မြဲ တင့်တယ်နေ၏။ သူ့နဖူးပေါ်တွင်ကား ဆံစများ ဝဲကျလျက်ရှိပြီး လက်ထဲတွင်လည်း ယပ်တောင် တစ်လက်ကို ကိုင်ထားသေး၏။ ရာသီဥတုမှာ ဆောင်းရာသီသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေခဲ့ပြီ ဖြစ်လေရာ သူ့ပုံစံနှင့်တော့ လိုက်လျောညီထွေ မဖြစ်လှချေ။ သူ့နောက်တွင်လည်း အစေခံတစ်ယောက် လိုက်ပါလာ၏။
ထိုလူငယ်သည် စုချန်း၏လမ်းကို ပိတ်ရပ်ရင်း မေးလိုက်သည်။
“မင်းကိုငါ တစ်ခွန်းပဲ မေးမယ် မင်းနဲ့ဂျီဟန်းယင်နဲ့ ဘယ်လို ပတ်သက်နေသလဲ”
သူ့လေသံမှာ မာကျောလှ၏။ ထိုလေသံမျိုးနှင့်သာ အမေးခံရပါက မည်သူမဆို ဒေါသထွက်လာ ကြပေလိမ့်မည်။ သို့သော် စုချန်းကား အခြေအနေကို ကောင်းစွာ နားလည် သဘောပေါက်ထားရာ အပြုံးနှင့် လူငယ်၏ မေးခွန်းကို ဖြေလိုက်သည်။
“သိပ်လည်း အမြင်မကျဉ်းစမ်းပါနဲ့ ဂျီဟန်းယင်နဲ့ ကျုပ်နဲ့ ကြားထဲမှာ အလုပ်ကိစ္စကလွဲပြီး ဘာပတ်သက်မှုမှ မရှိဘူး၊ ကျုပ်ကိုမြင်လိုက်လို့ သူ ပျော်သွားတယ် ဆိုတာက ရှင်းပါတယ် ကျုပ်ဆီမှာ သူလိုအပ်နေတဲ့ ပစ္စည်း ပါလာလို့ပဲ ကုန်ပစ္စည်းကို သူ လက်လွှဲယူပြီးတာနဲ့ ကျုပ်လည်း ပြန်လာခဲ့တယ် ဒီလောက်ပဲ”
စုချန်း၏ လေသံမှာ ညင်သာပြီး ရှင်းလင်းပြတ်သား၏။ တိကျ၏။ ဝါကျအနည်းငယ်နှင့် နားလည်မှုလွဲမှားခြင်း ဖြစ်ကြောင်း ရှင်းလင်းပြီးသား ဖြစ်သွားလေပြီ။ သို့သော် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်သည် ဟိတ်ဟန်များသလောက် ဆင်ခြင်တုံတရား ရှိပုံမရ။ စုချန်း၏ စကားကို ကြားပြီးနောက် သူက စိတ်သက်သာ ရသွားဟန်ဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။
“လက်စသတ်တော့ ဒီလိုကိုး ဟန်းယင်လို ဒိပ်ဒိပ်ကြဲ မိန်းကလေးမျိုးက မင်းလို ဘာမဟုတ်တဲ့ကောင်ကို လိုက်လိုက်လျောလျော ဆက်ဆံလို့ ငါ အတော် အံ့သြနေတာ”
ဒီကောင့်ကို ကြည့်ရတာ လူ့ကျင့်ဝတ်ဆိုတာ ဘာမှန်းတောင် မသိဘူး ထင်တယ်။
စုချန်းက မျက်မှောင်ကုတ်ရင်း စဉ်းစားလိုက်သည်။ သို့သော် သူက ဘာမဟုတ်သော ကိစ္စနှင့် အချိန်ဖြုန်းလိုစိတ် မရှိလေရာ တည်ငြိမ် အေးဆေးသော လေသံနှင့် လူငယ်ကို ပြောလိုက်သည်။
“ကဲ နားလည်မှု လွဲမှားနေတာလည်း ရှင်းလင်းသွားပြီ ဆိုတော့ ကျုပ်သွားတော့မယ်”
အထက်ပါအတိုင်း ပြောဆိုပြီးသည်နှင့် စုချန်းသည် ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သို့သော် အစေခံက လူငယ်၏ နားရွက်အနီးသို့ တိုးကပ်ကာ တစ်စုံတစ်ရာကို တီးတိုး အကြံပေးနေကြောင်း စုချန်း မြင်တွေ့လိုက်၏။ ထင်သည့် အတိုင်းပင် လူငယ်က သူ့ကို တားမြစ်လာ၏။
“ခဏလေး နေစမ်းပါဦးကွ တစ်ခုလောက် မေးချင်လို့ ဟန်းယင်ကို မင်း ဘာပေးလိုက်တာလဲ”
စုချန်းက ခေါင်းခါပြလိုက်၏။
“ဂျီဟန်းယင်ကိုပဲ သွားမေးလိုက်ပါလား ကျုပ်အနေနဲ့တော့ ဒါကို ဖြေဖို့မသင့်ဘူးဗျ”
လူငယ်က မျက်မှောင်ကုတ်လိုက်၏။
“မင်းပြောလိုက်တော့ ပိုကောင်းတာပေါ့ကွာ ငါ့အနေနဲ့ နောင်အနာဂတ်မှာ ဂျီဟန်းယင် ဘာလိုအပ်သလဲ ဆိုတာ တစ်ခါတည်း သိသွားတာပေါ့”
မေးခွန်း၏ အဖြေကို လူငယ် အလွန်အမင်း သိချင်နေ၏။ ဤကမ္ဘာ လောကကြီးဝယ် ဂျီဟန်းယင်ကို စိတ်လှုပ်ရှား စေနိုင်သောအရာ သိပ်များများစားစား မရှိကြောင်း သူ ကောင်းကောင်း သိရှိထားသည် မဟုတ်ပါလား။ အကယ်၍ ထိုအရာသည်သာ ဂျီဟန်းယင်ကို ပြုံးစေနိုင်ခဲ့လျှင် ရရှိရန်လည်း အလွန် ခက်ပေလိမ့်မည်။ သူသာ ဂျီဟန်းယင်ကို ဤကိစ္စတွင် အကျိုးဆောင် ပေးနိုင်ခဲ့ပါက သူမ၏ မျက်နှာသာပေးမှုကို ရရှိနိုင်ချေ ရှိနေ၏။
“ဒါက ...”
စုချန်း ခေါင်းကုတ်လိုက်၏။
“ဒါကိုရရှိအောင် ခင်ဗျား ဘယ်လိုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးဗျ”
“ဟေ”
လူငယ်က ဒုတိယအကြိမ် မျက်မှောင်ကုတ်လိုက်၏။ ထို့နောက် သူက ယပ်တောင်ကို ဖြန့်ကာ တဖျတ်ဖျတ် ယပ်ခတ်ရင်း မောက်မာသော လေသံနှင့် ပြောလိုက်သည်။
“ဒီလောကကြီးပေါ်မှာ မင်းသားလေး ပိုင်ယိဟုန် ရှာလို့မရတဲ့ ပစ္စည်းဆိုတာ သိပ်များများစားစား မရှိပါဘူးကွာ”
“ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ယုံကြည်မှု လွန်ကဲနေတာကိုး”
စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်၏။ ထိုအချိန်တွင် အစေခံက သူ့သခင်ကို တီးတိုး ပြောဆိုလိုက်ပြန်သည်။ စုချန်း မျက်မှောင်ကုတ် လိုက်သည်။ ဒူးနေရာဒူး တော်နေရာတော် မနေတတ်သော ထိုအစေခံသည် အကျင့်လည်း ကောင်းပုံမရ။ ညဏ်နည်းရှာသော သူ့သခင်အား ဆက်တိုက်ပင် အတို့အထောင် ပြုလုပ်နေ၏။ အစေခံလုပ်သူ၏ အကြံပြုချက်ကို နားထောင်ပြီး ပိုင်ယိဟုန်သည် ခေတ္တမျှ နှုတ်ဆိတ်သွား၏။ အတန်ကြာမှ အေးစက်သော လေသံနှင့် ပြောလိုက်သည်။
“လက်စသတ်တော့ မင်းကငါ့ကို လိမ်နေတာကိုး ငါ့လို တော်ဝင်မျိုးနွယ်စုဝင် သခင်လေး တစ်ယောက်တောင် မစွမ်းဆောင်နိုင်ဘူး ဆိုရင် မင်းလို သာမန်ကောင်ကကော ဘာမို့လိုလဲ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ မင်းနဲ့ဂျီဟန်းယင်ရဲ့ ပတ်သက်မှုက ဘာလဲ”
စုချန်း ဒေါသအိုး ပေါက်ကွဲ သွားလေပြီ။ သူက အေးစက်သော လေသံဖြင့် ပိုင်ယိဟုန်၏ မေးခွန်းကို တုံ့ပြန်လိုက်သည်။
“ငါတို့နှစ်ယောက် ဘယ်လို ပတ်သက်နေသလဲ ဆိုတာ မင်းမျက်လုံးနဲ့ တပ်အပ်မြင်ပြီးသားပဲ ဘာမေးနေစရာ လိုသလဲ”
ထိုစကားသည် ကြားလိုက်သည်နှင့် ပိုင်ယိဟုန်တစ်ယောက် ဆောက်တည်ရာမရ ဖြစ်သွားပုံရသည်။ သူ့တစ်ကိုယ်လုံးသည် တဆတ်ဆတ် တုန်ယင်လာပြီး အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်၏။
“မဖြစ်နိုင်ဘူး ဘယ်လိုမှ မဖြစ်နိုင်ဘူး ဟန်းယင်က မင်းလိုကောင်မျိုးကို ကြိုက်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
“ငါ့လိုကောင်မျိုးက ဘာဖြစ်နေလို့လဲ သူက ဘာကိစ္စ ငါ့လိုကောင်မျိုးကို ကြိုက်လို့မရမှာလဲ”
စုချန်းက ရက်ရက်စက်စက်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။
“မရဘူးကွ မရဘူး”
ပိုင်ယိဟုန်ကလည်း ပြန်အော်လိုက်သည်။
“မင်းလို သွေးဗီဇမပါတဲ့ သာမန်ကောင်မျိုးအတွက် နဂါးကျောင်းတော်ကို ဝင်ခွင့်ရတာနဲ့တင် အောင်မြင်မှုလို့ သတ်မှတ်လို့ ရနေပြီ ဒါကိုမှ မင်းက မကျေနပ်နိုင်သေးဘဲ ကောင်းကင်ဘုံက နတ်သမီးနဲ့တူတဲ့ မိန်းကလေးကို မျက်စေ့ကျ ရဲသေးတယ်ပေါ့ ဟုတ်လား ဟေ့ကောင် မင်း စည်းကျော်နေပြီကွ”
ထို့နောက် သူက စုချန်းကို လက်ညှိုး ငေါက်ငေါက်ထိုးကာ ခြိမ်းခြောက်လိုက်သည်။
“မင်းရဲ့စိတ်ကူးကို ချက်ချင်း ရုပ်သိမ်းလိုက်စမ်း မဟုတ်ရင်တော့ မင်းကို ငါ မှတ်လောက်သားလောက်အောင် ဆုံးမရလိမ့်မယ်”
ငါရဲ့ စိတ်ကူးကို ရုတ်သိမ်းရမယ် ဟုတ်လား။
စုချန်း၏ မျက်လုံးထဲတွင် ကုချိန်းလွှာကို မြင်ယောင်လာ၏။
တော်ဝင်မျိုးနွယ်စုဝင်များသည် ဂုဏ်မောက်ကြ၏။ လူတိုင်းကို ၎င်းတို့၏ ခြေဖဝါးအောက်တွင် ရှိနေသည်ဟု ယူဆကြ၏။ စုချန်းတို့ကဲ့သို့ သာမန်မျိုးနွယ်စုဝင်များသည် ၎င်းတို့အတွက် မြူမှုန်တစ်မှုန်စာမျှပင် အရေးမပါချေ။
အမှန်တကယ်လည်း သာမန်လူများနှင့် တော်ဝင်မျိုးနွယ်စုဝင်များ၏ ဘဝမှာ ဆီနှင့် ရေကဲ့သို့ ကွာခြားလှသည်။
သာမန်လူများသည် သူတို့ကဲ့သို့ ရွှေချထားသော တန်ဖိုးကြီး အဝတ်အစားများအား မဝတ်ဆင်နိုင်သလို လမ်းများပေါ်တွင် စားဝတ်နေရေးအတွက် လုံးပမ်းနေရရ၍ သူတို့ကဲ့သို့ မြင့်မြတ်သော တာဝန်များကို မထမ်းဆောင်နိုင်။ ထို့ပြင် သာမန်လူများသည် တော်ဝင်မျိုးနွယ်ဝင်တဦးနှင့် လက်ထပ်ခွင့်မရှိ။ အလုပ်တာဝန်များ ထမ်းဆောင်ရာတွင်လည်း နယ်စပ်မျဉ်းပေါ်တွင် အသေခံတပ်သားများ အဖြစ်သာ တာဝန်ထမ်းဆောင် ရကြရှာသည်။ လူတယောက်ကို အကြောင်းမဲ့ သတ်ဖြတ်ခြင်းသည် ပြစ်ဒဏ်ထိုက်သည် ဆိုသော်လည်း အသတ်ခံရသူသည် သာမန်လူဖြစ်၍ လူသတ်သမားသည် တော်ဝင်မျိုးနွယ်စုဝင် ဖြစ်နေသောအခါ တရားကို နတ်စောင့်သည်ဆိုသော စကားမှာ ယုံတမ်းစကား အဖြစ်သာ ကျန်ရစ်တော့သည်။
ပြင်းထန်သော အမျက်ဒေါသကြောင့် စုချန်း၏ တစ်ကိုယ်လုံးသည် ခြစ်ခြစ်တောက်မျှ ပူလောင်လာ၏။ သွေးဗီဇစနစ်ကြီးနှင့် ပတ်သက်နေသမျှသော အရာအားလုံးအား သူ မုန်းတီးလှပြီ။
ယခုအချိန်ထိ ပိုင်ယိဟုန်သည်လည်း စုချန်းကို လက်ညှိုး ငေါက်ငေါက်ထိုးကာ ပြောဆိုနေတုန်းသာ ရှိသေး၏။ သူ့ဆီသို့ ဦးတည်ထားသည့် လက်ညှိုးကို ကြည့်ရင်း စုချန်းက ဖျတ်ခနဲ မေးလိုက်သည်။
“မင်းလက်ညှိုးဆိုရင် ထောက်ပံ့ကြေးအမှတ် ဘယ်လောက်တန်မယ် ထင်သလဲ”
ပိုင်ယိဟုန် အံ့သြသွား၏။ စုချန်း၏ စကားကို သူ နားမလည်လိုက်ချေ။
ထိုအခိုက်မှာပင် စုချန်းသည် ဝုန်းခနဲ ရှေ့သို့တိုးလာပြီး ပိုင်ယိဟုန်၏ လက်ညှိုးကို ဆတ်ခနဲ လိမ်ချိုး လိုက်တော့သည်။
အရိုးကျိုးသံသဲ့သဲ့ ပေါ်ထွက်လာပြီး မင်းသားလေး ပိုင်ယိဟုန်၏ တန်ဖိုးကြီးသော လက်ညှိုးသည် သွင်သွင်ကျိုး သွားရှာတော့သည်။