လေမိုးကြိုးကင်းမြီးကောက် ၂
Vol. 17 Ch. 164
နဂါးကျောင်းတော်၏ တောင်ဖျားတွင် ရေကန်ငယ်တကန် ရှိ၏။ ရေကန်အနီးတွင် ကျောက်တုံး အဆောက်အအုံလေး တစ်လုံး ထိုးထိုးထောင်ထောင်ဖြင့် ရှိလေသည်။ စုချန်း ထိုနေရာသို့ ရောက်ရှိ သွားသောအခါ ယမန်နေ့က တွေ့ခဲ့သော အဘိုးအိုသည် ဖြိုခွဲရေး ကြံ့နတ်ဆိုး သတ္တဝါတစ်ကောင်နှင့် ပြင်းထန်စွာ လုံးထွေး သတ်ပုတ်လျက်ရှိကြောင်း တွေ့ရှိရသည်။
ကြံ့နတ်ဆိုးများသည် အဆင့်မြင့် နတ်ဆိုးသတ္တဝါ အုပ်စုဝင်များ ဖြစ်သည်။ ၎င်းတို့သည် အလွန် ရက်စက်ကြမ်းကြုတ်ပြီး ပေ ၃၀ ခန့်မြင့်ကာ ကီလိုဂရမ် ၅၀၀၀ ခန့် ကိုယ်အလေးချိန်ရှိ၏။ ၎င်းတို့၏ တစ်ချက်တည်းသော တိုက်ခိုက်မှုသည်ပင် မြေကြီးကို နက်ရှိုင်းသော တွင်းကြီးများ ဖြစ်ပေါ်စေနိုင်သဖြင့် မည်မျှ အင်အားပြင်းထန်ကြောင်း တွက်ဆနိုင်ပေသည်။ ငရဲချောက်ကမ်းပါး တိုက်ပွဲတွင် ၎င်းတို့သည် ကြီမားသော ကိုယ်ခန္ဓာကို အသုံးပြု၍ လှိုင်းလုံးကြီးများသဖွယ် တဟုန်ထိုး တိုက်ခိုက်ခဲ့ကြလေရာ ချီစွမ်းအင် ပညာရှင်သုံးထောင် အသုံးပြုကာ လူသားတို့ ပြုလုပ်ထားသည့် ခံစစ်ကြောင်းသည် ရစရာမရှိအောင် ပျက်စီးသွားခဲ့ဖူး၏။ ထို့ကြောင့် စစ်မြေပြင်တွင်ကား ၎င်းတို့သည် သွေးပျက်ဖွယ်ရာ အိပ်မက်ဆိုးများပင် ဖြစ်ကြလေသည်။ ထိုနေ့ ထိုအချိန်မှစ၍ အနှီကြံ့နတ်ဆိုးများကို ဖြိုခွဲရေးသတ္တဝါများဟု ခေါ်ဆိုသမုတ်ကြကုန်၏။
သို့သော် နာမည်ကျော်ကြံ့ နတ်ဆိုးကြီးသည် အဘိုးအို၏ ခြေဖဝါးအောက်ဝယ် အကူအညီ ကင်းမဲ့နေသော ကလေးငယ် တစ်ဦးသဖွယ် ရုန်းကန်နေရကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ အဘိုးအိုသည် ခြေတစ်ဖက်တည်းနှင့် ကြံ့နတ်ဆိုးကို ထိန်းချုပ်ထားပြီး ၎င်း၏ မာကျောလှသော အရေပြားကို ပေါင်မုန့်အား အချပ်လိုက် လှီးသည့်သဖွယ် အလွယ်တကူပင် လှီးဖြတ်လိုက်သည်။ ထို့နောက် သူက တီးတိုး ရေရွတ်လိုက်၏။
“အင်း အဆောင်လက်ဖွဲ့ ၁၂၄ မျိုး ကျော်နေတာဆိုလို့ ဒီတစ်ကောင်ပဲ ကျန်တော့တယ် ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ကြည့်ရတာ နောက်ထပ် ပြောင်းလဲ သွားပြန်ပြီ ထင်တယ်”
အဘိုးအိုသည် တဖျစ်ဖျစ် တတောက်တောက် ပြောဆိုရင်း ကြံနတ်ဆိုး၏ အရေခွံကို ခွာနေ၏။ ထိုအခါ စုချန်းက ရှေ့သို့ လှမ်းထွက်ရင်း လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေ ပြုလိုက်သည်။
“ဆရာကြီးရှီ ခင်ဗျာ”
နှုတ်ဆက်သံကြောင့် အဘိုးအိုက စုချန်းကို ဖြတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာသည် ရှုံ့မဲ့သွား၏။ ထို့နောက် သူက ကြံနတ်ဆိုးဘက်သို့ ပြန်လှည့်ကာ သူ့အလုပ်ကို သူ ဆက်လုပ်နေ၏။ သူ့ပါးစပ်မှကား စကားသံတချို့ ထွက်လာလေသည်။
“မနေ့က တွေ့ခဲ့တဲ့ ကောင်လေးပဲ ဒီနေရာကို မင်း ဘာလာလုပ်တာလဲ”
စုချန်းက ပြောလိုက်သည်။
“ဆရာကြီးအနေနဲ့ ကျွန်တော့နဲ့ နည်းပြဆရာ လုပ်ပေးနိုင်မလား ခင်ဗျာ”
စုချန်း၏စကားကို ကြားလိုက်ရသောအခါ အဘိုးအိုသည် ခေတ္တမျှ ငြိမ်သက်သွား၏။
“နည်းပြဆရာ ဟုတ်လား ငါ့ကို မင်းရဲ့ ကိုယ်ပိုင်နည်းပြဆရာ လုပ်စေချင်တယ်ပေါ့ မင်းအနေနဲ့ အမှားတခု မကျူးလွန်မိဘူး ဆိုတာ သေချာပြီလား”
“သေချာပါတယ် ခင်ဗျာ မှားစရာ ဘာအကြောင်းမှ မရှိပါဘူး”
စုချန်းက အလွန် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဆရာကြီးကို ကျွန်တော့နဲ့ ကိုယ်ပိုင်နည်းပြဆရာ ဖြစ်စေချင်တာ တကယ်ပါ”
အဘိုးအိုက တဟေးဟေး တဟားဟားဖြင့် ရယ်မောလိုက်သည်။
“မနေ့က မင်းကို ဆူလိုက်တဲ့အတွက် ငါ့ကို မင်းရဲ့ နည်းပြဆရာ ဖြစ်စေချင်တယ် ဆိုရင်တော့ သိပ်ပြီး ရယ်စရာ ကောင်းနေလိမ့်မယ်ကွ ဟား ဟား ဟား ငါ ဘယ်လိုလူစားမျိုးလည်း ဆိုတာ မင်း သိပြီလား ကောင်လေး”
စုချန်းက ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်သည်။
“ဆရာကြီးရဲ့ နာမည်က ဂျီ မြောက်ပိုင်းတောအုပ်ရွာက လေမိုးကြိုးကင်းမြီးကောက် ရှီကိုင်းဟွမ်၊ ဆရာကြီးဟာ အသက် ၁၆ နှစ် အရွယ်တည်းက တပ်တော်ထဲကို ဝင်ရောက်ခဲ့ပြီး ရှေ့တန်းမှာ အသက် ၃၀ ကျော်တဲ့အထိ တာဝန် ထမ်းဆောင်ခဲ့တယ်၊ အသက် ၃၆ နှစ်မှာ မြို့တော်ကို ပြန်လာခဲ့ပြီး မြောက်ပိုင်းပင်လယ်ဗိုလ်ချုပ် လုရှလန်ကို ဖြုတ်ချနိုင်ဖို့ ကြိုးစားခဲ့တယ် ဖြစ်စဉ်မှာ လူပေါင်း ၃၂၄ ယောက်တိတိ သေဆုံးခဲ့ပြီး ဆရာကြီး တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်၊ ဗိုလ်ချုပ် လုကို လူသောင်းချီရဲ့ရှေ့မှာ သတ်ပစ်ခဲ့တဲ့အတွက် ဆရာကြီးဟာ လေမိုးကြိုးစခန်းကို အပို့ခံခဲ့ရတယ်၊ လေမိုးကြိုးစခန်းရဲ့ ဆယ်နှစ်နှစ်တာကာလမှာ ခေါင်းဆောင်၆ယောက် သေဆုံးခဲ့ပြီး စစ်သားတွေ ဝင်လိုက်ထွက်လိုက် ရှိနေခဲ့ပေမဲ့ ရှီကိုင်းဟွမ်ဆိုတဲ့ ဆရာကြီးကတော့ ကြံ့ကြံ့ခံနိုင်ခဲ့တယ်၊ ဒီနောက်ပိုင်းမှာတော့ ဆရာကြီးရဲ့ နာမည်ဟာ လေမိုးကြိုး ရှီကိုင်းဟွမ်ရယ်လို့ ထင်ရှားလာခဲ့တယ်၊ အဲဒီမှာတင် ဆရာယန်းရဲ့ မျက်စေ့ကျခြင်းကို ခံရပြီး သူ့အတွက် ၂၄ နှစ်တိတိ တာဝန် ထမ်းဆောင်ခဲ့တယ်၊ ဆရာယန်း နဂါးကျောင်းတော်ရဲ့ ကျောင်းအုပ် ဖြစ်လာတဲ့ အချိန်မှာတော့ ဆရာကြီးဟာလည်း ဒီမှာ နည်းပြဆရာတစ်ယောက် ဖြစ်လာခဲ့တော့တာပဲ”
အဘိုးအိုကား ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။ သူက စုချန်း၏ မျက်နှာကို သေချာစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“မဆိုးဘူးပဲ ကောင်လေ မင်းရဲ့ သတင်းစုဆောင်းနိုင်တဲ့ စွမ်းရည်ကတော့ အထင်ကြီးလောက်စရာပဲ”
ထိုအခါ စုချန်းက …
“ကျွန်တော့အနေနဲ့ ဆရာကြီးရဲ့ တပည့် ဖြစ်ချင်တယ် ဆိုမှတော့ အိမ်စာတွေ ကျေအောင် မလုပ်ဘဲ ဒီနေရာကို ဘယ်လာရဲပါ့မလဲခင်ဗျာ”
အဘိုးအိုသည် ပေကျံနေသော လက်များကို ဆေးကြောပြီး ကြံ့နတ်ဆိုး၏ ကိုယ်ပေါ်တွင် ထိုင်ချလိုက်၏။ ထို့နောက် စုချန်းကို ကြည့်ရင်း ပြောလိုက်သည်။
“မင်းဟာ ကိုယ့်ကိုယ်ကိုယ်တော့ အတော်လေး ယုံကြည်မှု ရှိတဲ့ကောင်ပဲ အေးပေါ့လေ ဒီလို ယုံကြည်မှုမျိုး ရှိမှလည်း ဒီလို အဓိဌာန်မျိုးကို ကျိန်ဆိုရဲမှာပေါ့”
စုချန်းက နူးညံ့စွာ ပြုံးလိုက်သည်။
“ဆရာကြီး ကိုယ်တိုင်လည်း ကျွန်တော့လိုပဲ မဟုတ်ဘူလား ခင်ဗျာ ဒါကြောင့်မို့လို့လည်း သွေးဗီဇကန့်သတ်ချက်ထက် သာလွန်မဲ့ နည်းလမ်းတစ်မျိုးကို နှစ်ပေါင်း ၅၀ လောက် ရှာဖွေနေခဲ့တာပေါ့”
“ဒါကြောင့်မို့လို့ မင်းကိုငါ တပည့်အဖြစ် လက်ခံလိမ့်မယ်လို့ မင်း ထင်နေတာပေါ့လေ”
ရှီကိုင်းဟွမ်က ရယ်မောရင်း ပြောလိုက်သည်။ သူ့ရယ်သံမှာကား အေးစက်လှ၏။
“မင်းဟာ ရယ်စရာ လာလုပ်နေတာပဲကွ”
ရှီကိုင်းဟွမ်တွင် ထိုအတွေးအခေါ်မျိုး ရှိလိမ့်မည်ဟု စုချန်း လုံးဝ မျှော်လင့်မထား။ သူ အတော်လေး အံ့သြသွား၏။
“ဆရာကြီးက လက်မခံချင်ဘူး ဆိုတဲ့ သဘောလားခင်ဗျ”
နဂါးကျောင်းတော်ရှိ ဆရာများ အားလုံးလိုလိုသည် တပည့်တစ်ယောက် ရရှိမည့်အရေးကို သူ့ထက်ငါ အပြိုင်အဆိုင် လုယက်နေကြ၏။ အလွန် ထူးဆန်းသော လူတချို့သာ ကိုယ့်ရှေ့သို့ တကူးတက ရောက်လာသည့် တပည့်မျိုးကို ငြင်းဆန် ကြပေလိမ့်မည်။ ထိုအခိုက်မှာပင် စုချန်း၏ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာ၏။ သူတို့နှစ်ယောက် ပထမဦးဆုံး တွေ့ကြုံခဲ့သော အနေအထားသည် စိတ်ပျက်စရာ ကောင်းလေရာ ရှီကိုင်းဟွမ် အနေနှင့် သူ့ကို အထင်သေးကောင်းသေး နေပေလိမ့်မည်။ နဂါးကျောင်းတော်ရှိ ဆရာများသည် ထိပ်တန်း ကျောင်းသားများကိုသာ လုယက်နေကြခြင်း ဖြစ်လေရာ ရှီကိုင်းဟွမ်၏ တုံ့ပြန်မှုမှာ အဆန်းတော့ မဟုတ်။ ထိုအခါ သူက ရှင်းပြလိုက်သည်။
“ကျွန်တော်ဟာ ကျောင်းတော်မှာ ဒုတိယအဆင့် မျိုးဆက်သစ်အဖြစ် သတ်မှတ်ခြင်း ခံထားရသူပါ ဒါ့အပြင် တောင်သုံးလုံး နယ်မြေပြိုင်ပွဲမှာလည်း အဆင့် ၅ ရခဲ့ပါတယ် ဆရာကြီး”
“မင်းဟာမင်း အဆင့် ၅ မကလို့ အဆင့် ၁ ပဲ ရရ ငါစိတ်မဝင်စားဘူး၊ ဒီတော့ အမြန်သာ ကြွပါတော့ကွာ”
ရှီကိုင်းဟွမ်က စုချန်းကို ကြည့်ပင် မကြည့်ဘဲ ပြောလိုက်သည်။ စုချန်း ခေတ္တ ငြိမ်သက်သွား၏။ သို့သော် သူသည် တစိမ့်စိမ့် တွေးတောရင်း ထပ်မံ ပြောဆိုလိုက်ပြန်သည်။
“ဒါ့အပြင် ကျွန်တော်ဟာ သွေးဗီဇစွမ်းရည်ကို ယှဉ်နိုင်တဲ့ သွေးဗီဇမဟုတ်တဲ့ မူလစွမ်းရည်တစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ပါသေးတယ် ဆရာကြီး”
“ဟေ”
ရှီကိုင်းဟွမ်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။ စုချန်း၏ စကားကို အထူးပင် စိတ်ဝင်စားသွားဟန် ပေါ်သည်။
“ငါ့ကိုပြစမ်း”
စုချန်းကလည်း ချက်ချင်းပင် မီးလျှံငှက်တစ်ကောင်ကို ဖော်ထုတ်ပြီး အနီးရှိ ကျောက်တုံးကြီး တစ်တုံးကို ချိန်ရွယ်ပစ်ခတ်လိုက်၏။ ပေါက်ကွဲသံကြီး ပေါ်လာပြီး ကျောက်တုံးသည် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားတော့သည်။ ပေါက်ကွဲနေသော မီးလျှံငှက်၏ အင်အားသည် အမှန်တကယ်ပင် ပြင်းထန်လှ၏။
သို့သော် ရှီကိုင်းဟွမ်ကား အထင်ကြီးဖို့ဝေးစွ၊ ဟာသပြက်လုံး တစ်ခုကို ကြားလိုက်ရသည့်ပမာ ခွက်ထိုးခွက်လှန်ပင် ရယ်မောလိုက်တော့သည်။
“ဟား ဟား ဟား မင်းပြောတဲ့ သွေးဗီဇ စွမ်းရည်ကို ယှဉ်နိုင်တဲ့ သွေးဗီဇ မဟုတ်တဲ့ မူလစွမ်းရည်ဆိုတာ ဒါလား ရယ်စရာ ကောင်းလိုက်တာကွာ ငါ အူတက်လို့ သေတော့မယ်”
သူသည် ဗိုက်ကိုနှိပ်ကာ အားရပါးရ ရယ်မောနေ၏။ စုချန်းကား ရှီကိုင်းဟွမ်၏ တုံ့ပြန်မှုကို ကြည့်ရင်း အနည်းငယ် အံ့သြသင့်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
“ဆရာကြီးရဲ့ မျက်လုံးထဲမှာ ဒီစွမ်းရည်ဟာ ဘာမှမဟုတ်ဘူး ဆိုတာ ကျွန်တော် သိပြီးသားပါ ဒါပေမဲ့ ကျွန်တော့်ကို ဒီလိုနည်းနဲ့တော့ အရှက်မခွဲသင့်ပါဘူးခင်ဗျာ”
“မင်းကိုငါက အရှက်ခွဲနေတယ်လို့ ထင်တယ်ပေါ့ ဟုတ်လား”
ရှီကိုင်းဟွမ်က ရယ်မောခြင်းကို ရပ်တန့်ပြီး စုချန်းကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“မင်း ပြသလိုက်တဲ့ မူလစွမ်းရည်ဟာ သိပ်မဆိုးလှဘူး ဆိုတာ ငါ ဝန်ခံပါတယ် မင်းဟာ မီးလျှံစက်လုံး နည်းစနစ်နဲ့ ငရဲမီးလျှံစွမ်းအင်ကို ပေါင်းစပ်ပြီး နောက်ထပ် ပြင်ပနည်းစနစ် တစ်ခုရဲ့ အကူအညီနဲ့ စွမ်းအင်ကို တိုးပွားလာအောင် လုပ်နိုင်ခဲ့တာပဲ ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးအခေါ် တစ်ခုလို့ ဆိုရမယ်”
အဘိုးအိုရှီကိုင်းဟွမ်သည် မီးလျှံငှက်၏ နောက်ကွယ်ရှိ သီအိုရီကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့လေရာ စုချန်း အလွန်ပင် အံ့သြသွားသည်။ ရှီကိုင်းဟွမ်က စကားဆက်ပြန်သည်။
“ဒါပေမဲ့ ဒီစွမ်းရည်ကို သွေးဗီဇစွမ်းရည်တွေနဲ့ နှိုင်းယှဉ်လိုက်တာကတော့ သိပ်ပြီး ရဲတင်းရာ ကျလွန်းအားကြီးတယ်၊ စိတ်ကြီးဝင်ရာ ရောက်လွန်း အားကြီးတယ်၊ တကယ်တော့ ငါရယ်မော လိုက်တာဟာ မင်းရဲ့ နည်းပါးလှတဲ့ အတွေ့အကြုံကိုပဲ မင်းရဲ့ ကိုယ့်ဟာကိုယ် အထင်ကြီးလွန်းနေတဲ့ စိတ်ဓာတ်ကိုပဲကွ”
“ဒါပေမဲ့ ကျွန်တော်ဟာ ဒီစွမ်းရည်ကို အသုံးပြုပြီး ပြိုင်ပွဲတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ သွေးဗီဇစွမ်းရည်တွေကို လက်ရည်တူ ယှဉ်ပြိုင်နိုင်ခဲ့သားပဲ”
စုချန်းက ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်၏။ ဤတစ်ကြိမ်တွင်တော့ ရှီကိုင်းဟွမ်၏ စကားကို သူလက်မခံနိုင်ချေ။
“ဒါနဲ့ပဲ မင်းရဲ့စွမ်းရည်က သွေးဗီဇ စွမ်းရည်တွေကို ယှဉ်နိုင်ပြီလို့ မင်းက ထင်နေတာလား”
“မဟုတ်လို့လား”
ရှီကိုင်းဟွမ်က သက်ပြင်းချကာ ပြောလိုက်သည်။
“မင်းဟာ တကယ့် နလပိန်းတုံးပဲကွ”
ပြောပြောဆိုဆို သူက ကြံ့နတ်ဆိုး၏ ကိုယ်ခန္ဓာကို ဆတ်ခနဲ လက်ချောင်းဖြင့် ထိုးလိုက်သည်။ သတ္တဝါဆိုးကြီးသည် ယခုအချိန်ထိ ရုန်းကန်နေဆဲသာ ရှိသေးသော်လည်း ရှီကိုင်းဟွမ်၏ လက်ချောင်း ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ကိုယ်ခန္ဓာသည် အက်ကြောင်းထင်လာပြီး အသံနက်ကြီးနဲ့အတူ ပေါက်ကွဲ ထွက်သွားတော့သည်။ ကြံ့နတ်ဆိုး၏ အသွေးအသား အရိုးအကြောများ အားလုံးသည် မျက်စိတစ်မှိတ် အတွင်းဝယ် ကျောက်စိုင်ကျောက်သားများ အဖြစ် ပြောင်းလဲ သွားခဲ့လေပြီ။
စုချန်းကား အနည်းငယ်မျှပင် အံ့သြသင့်ခြင်း မရှိ။ အကြောင်းမှာ ရှီကိုင်းဟွမ်၏ စွမ်းအင် အဆင့်အတန်းအရ ထိုလုပ်ရပ်မှ အသေးအမွှားမျှသာ ဖြစ်၏။ သို့သော် အဘိုးကြီးရှီ၏ ပါးစပ်မှာ ထွက်လာသော နောက်ထပ် စကားတစ်ခွန်းကို ကြားလိုက်ရသော အခါတွင်ကား စုချန်းတစ်ယောက် မအံ့သြဘဲ မနေနိုင်တော့။
“တကယ်လို့ ဒီလို စွမ်းဆောင်ရည်မျိုးကို ချီစွမ်းအား စုဆောင်းခြင်း နယ်ပယ်က လူတွေတောင် လုပ်ဆောင်နိုင်တယ် ဆိုရင်ကော မင်း ဘာပြောမလဲ”
စုချန်းက ခါးခါးသီးသီးပင် ငြင်းဆန်လိုက်သည်။
“ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆရာကြီး ဒီလို စွမ်းဆောင်ရည်မျိုးက ယန်ဖွင့်လှစ်ခြင်း နယ်ပယ်က ချီစွမ်းအားပညာရှင်တွေသာ လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးပဲ”
ထိုအခါ ရှီကိုင်းဟွမ်က ဟိတ်ကြီးဟန်ကြီးနှင့် စုချန်းကို ရှင်းပြလိုက်သည်။
“ဒါကြောင့်မို့လို့ မင်းမှာ ဘာအတွေ့အကြုံမှ မရှိဘူးလို့ ငါပြောတာပေါ့ ဒီကမ္ဘာလောကကြီးမှာ တချို့အရာတွေဟာ မင်းတွေးနိုင်တာထက် အများကြီး ဆန်းကြယ်တယ်ကွ ငါ့အမြင်အရ ပြိုင်ပွဲမှာ မင်းတွေ့လာတဲ့ အကောင်တွေဟာ တကဲ့ဖွတ်ကျားနဲ့ အမှိုက်သရိုက်တွေပဲ”