အခြေအနေမှန်ကို သဘောပေါက်လာခြင်း
Vol. 17 Ch. 165
စုချန်းတစ်ယောက် သူ့အခန်းရှေ့တွင် ပေါ်လာပြီး အရက်သောက်ရန် လာခေါ်နေသည်ကို တွေ့လိုက်ရသောအခါ ဝမ်တောက်ရှန်း၏ ပါးစပ်သည် ဆင်တစ်ကောင် ဝင်သာလောက်သည်အထိ ပြူးကျယ် သွားတော့သည်။
“ခါတိုင်းဆိုရင် မင်းဟာ အခန်းတံခါးကို အလုံပိတ်ပြီး စမ်းသပ်မှုတွေ လုပ်နေကျပါ ခုကျမှ အရက်သောက်ဖို့ လာခေါ်နေတယ် ဆိုတော့ ဘာတွေများ ဖြစ်နေတာတုန်းကွာ”
“ခင်ဗျားကြီး လိုက်မှာလား မလိုက်ဘူးလား ဒါပဲပြော”
စုချန်းက စိတ်ဆိုးသော လေသံနှင့် ပြောလိုက်သည်။
“ဟာ လိုက်မှာပါဟ လိုက်မှာပါ ငါက မင်းကို တစ်ယောက်တည်း ဘယ်လွှတ်ပါ့မလဲ”
ဝမ်တောက်ရှန်းက သူ့ရင်ဘတ်ကိုသူ ပုတ်ရင်း ပြောလိုက်သည်။ နဂါးကျောင်းတော် ပရဝုဏ်အတွင်းဝယ် ဝိုင်သောက်သုံးခြင်းကို တားမြစ်ထားသော်လည်း အပြင်ဘက်တွင်ကား ဝိုင်အရက်ဆိုင်များ တန်းစီလျက် ရှိနေ၏။ ကျောင်းသားများ စိတ်ပြေလက်ပျောက် သောက်သုံးနိုင်စေရန် ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။ ကျောင်းသား အတော်များများသည် ၎င်းတို့၏ အားလပ်ချိန်များတွင် ဤနေရာသို့လာကာ အချိန်ဖြုန်းလေ့ရှိကြ၏။
စုချန်းနှင့် ဝမ်တောက်ရှန်းသည် အလျင်းသင့်သော ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်ပြီး စားပွဲတလုံးတွင် ဝင်ထိုင်လိုက်ကြ၏။ ထို့နောက် စုချန်းသည် အလွန်ပြင်းသော ဓားမီးလျှံ အရက်တစ်အိုးကို မှာယူပြီး ဖန်ခွက်ပြည့်သည်အထိ လောင်းထည့်ကာ ကွပ်ခနဲ မော့ချလိုက်၏။ အရက်ဝင်သွားသည်နှင့် သူ့မျက်လုံးများသည် ရဲရဲနီလာတော့သည်။
“ဒီမယ် ညီလေး စိတ်ညစ်နေတယ် ဆိုရုံနဲ့ပဲ ဒီလို သောက်စရာတော့ မလိုပါဘူးကွာ မင်းဘာတွေ ဖြစ်နေသလဲ ငါ့ကို ပြောစမ်းပါ”
ဝမ်တောက်ရှန်းက စုချန်း၏ ပခုံးကို ရင်းနှီးခင်မင်စွာ ပုတ်ရင်း ပြောလိုက်သည်။ ထိုအခါ စုချန်းက အရက်ခွက်ကို ပြန်ချပြီး ပြောလိုက်သည်။
“ကျုပ် ၁၂ နှစ်သား အရွယ်မှာ အဘိုးကြီး တစ်ယောက်နဲ့ တွေ့ဆုံပြီး မျက်ကန်းဘဝကို ရောက်သွားခဲ့ရတယ် ၄ နှစ်လုံးလုံး အမှောင်ထဲမှာ နေထိုင်ရင်း မမျှော်လင့်ဘဲနဲ့ မျက်လုံးတွေ ပြန်ကောင်းလာခဲ့တယ် ... ”
ထိုနေရာမှ အစချီကာ စုချန်းသည် သူ့ဘဝတစ်ခုလုံးအား ဝမ်တောက်ရှန်းကို ခရေစေ့တွင်းကျ ပြောပြလိုက်တော့သည်။ အထိအခိုက် မခံနိုင်သော လျှို့ဝှက်ချက် တချို့ကိုတော့ မလွဲသာမရှောင်သာ ချန်ထားရစ်ခဲ့၏။ သူပြောပြသော အကြောင်းအရာများမှာ စုံလင်လှ၏။ သူသည် သူ့မိသားစုနှင့် ပတ်သက်၍ မည်သို့မည်ပုံ တိုက်ပွဲဆင်နွဲခဲ့ရပုံ၊ အနီရောင်ပြစ်ဒဏ်ကို မည်သည့် ရည်ရွယ်ချက်နှင့် ခံယူခဲ့ပုံ၊ လင်မျိုးနွယ်စုအား မည်သို့ ရင်ဆိုင်ခဲ့ပုံ၊ တောင်သုံးလုံး နယ်မြေပြိုင်ပွဲသို့ မည်သို့ဝင်ရောက်ခဲ့ပုံ စသည့် အကြောင်းအရာတို့ကို အားရပါးရပင် ရင်ဖွင့်လိုက်ခြင်း ဖြစ်သည်။
စုချန်းသည် စကားကို နှေးကွေးစွာ ပြောဆိုနေ၏။ သူပြောပြနေသော အကြောင်းအရာများမှာ အလွန်များပြားသလောက် အသေးစိတ် ကျလှသည်။ ဝမ်တောက်ရှန်းကလည်း စုချန်းပြောသမျှကို စိတ်ရှည်လက်ရှည်နှင့် ဂရုတစိုက်ပင် နားထောင်ပေးနေ၏။
စုချန်း၏ အသည်းနှလုံး အောက်ခြေ တစ်နေရာတွင် နက်ရှိုင်းစွာ သိုဝှက်သိမ်းဆည်း ထားခဲ့ရသော ဝမ်းနည်းခြင်း၊ နာကျည်းခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်အားငယ်ခြင်း၊ ဒေါသထွက်ခြင်း စသော ခံစားချက်များ အားလုံးသည် ဝိုင်အရက်၏ လွှမ်းမိုးမှု အောက်ဝယ် ပွင့်အန်ထွက် လာခဲ့လေပြီ။ သူက ခေါင်းကိုငုံ့ကာ ကရားရေလွှတ် တတွတ်တွတ် ပြောဆိုနေ၏။ ဝမ်တောက်ရှန်းသည် စုချန်းကို ကြင်နာစွာ စိုက်ကြည့်နေ၏။ သူသည် စုချန်း၏ ဘဝကို ယခင်ကထက် အဆပေါင်းများစွာ နားလည် လာခဲ့လေပြီ။ တစ်ဖက်တွင်လည်း စုချန်းက သူ့ရှေ့တွင် ရင်ဖွင့်လိုက်ခြင်းသည် သူ့အပေါ် သူငယ်ချင်းအရင်းအချာအဖြစ် သဘောထားလိုက်ခြင်း ဖြစ်ကြောင်း နာလည် သဘောပေါက်နေလေရာ နှစ်သိမ့်ကျေနပ် နေပြန်၏။
ဝမ်တောက်ရှန်းသည် အလွန်ဝသူ ဖြစ်သော်လည်း ညဏ်နည်း သူတော့မဟုတ်။ ထိုအချက်ကိုလည်း စုချန်းက ကောင်းကောင်းကြီး နားလည် သဘောပေါက်ထား၏။ ၎င်းသည် ဂရုတစိုက် နားထောင်နေသလောက် ရံဖန်ရံခါ မေးခွန်းတချို့ ပြန်လည် မေးမြန်းတတ်လေသည်။
စုချန်း၏ စကားသံက ပြန်လည် ထွက်ပေါ် လာပြန်သည်။
“ကျုပ်ဟာ ဒုတိယဦးရီးတော်၊ စတုတ္ထမယ်တော်၊ လင်ယဲ့မွှားအပြင် တောင်သုံးလုံးပြိုင်ပွဲမှာလည်း မရေမတွက်နိုင်တဲ့ ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့တယ်၊ ဒါတင်မကသေးဘူး သွေးဗီဇစွမ်းရည်ကို ယှဉ်နိုင်တဲ့ မီးလျှံငှက်ကိုပါ တီထွင်နိုင်ခဲ့တယ် ဒါကြောင့်မို့လို့လည်း ကျုပ်ကိုကျုပ် အလွန်ထူးချွန်တယ်လို့ ယူဆပြီး ဘယ်သူ့ကိုမှ မကြောက်တော့ဘူး တကယ်လို့ တစ်စုံတစ်ယောက်ဟာ ခုချိန်မှာ ကျုပ်ထက် ထူးချွန်ကောင်း ထူးချွန်နေလိမ့်မယ်၊ ဒါပေမဲ့ တစ်ချိန်ချိန်ကျရင် ကျုပ်က သူ့ကို အနိုင်ယူနိုင်မှာပဲလို့ ယုံကြည်ခဲ့မိတယ်၊ သူတို့ဟာသူတို့ ဘယ်မိသားစုကပဲ လာလာပေါ့လေ”
ဤနေရာသို့ အရောက်ဝယ် စုချန်း၏ လေသံသည် အနည်းငယ် တိုးသွားပြီး သူ့အမူအရာမှာလည်း အထူးပင် တည်ကြည် လေးနက်လာ၏။ အတိတ်ကာလတုန်းက သူသည် သူ့ကိုယ်သူ အလွန်တရာ ယုံကြည်သူ ဖြစ်သည်။ တစ်နည်းအားဖြင့် နူးညံ့သိမ်မွေ့ပြီး ကျုံးနွံဟန်ရှိသော သူ၏ အပြင်ပန်းပုံသဏ္ဌာန် အောက်ဝယ် ကမ္ဘာလောကကြီး တစ်ခုလုံးကို မထီမဲ့မြင် ပြုလုပ်လိုသော စိတ်ဆန္ဒတချို့ ကိန်းဝပ် နေခဲ့သူဟုပင် ဆိုနိုင်သည်။
သူ့အနေနှင့် မည်သည့် အခက်အခဲမျိုးကိုမဆို ရင်ဆိုင်ကျော်လွှား နိုင်လိမ့်မည်၊ မည်သည့် ပြိုင်ဘက်မျိုးကိုမဆို အနိုင်ရနိုင်လိမ့်မည်ဟု စုချန်း အမြဲတစေ ယုံကြည်ခဲ့ဖူးသည်။ သို့သော် ဤယနေ့တွင်ကား ထိုယုံကြည်ချက်သည် ယိုင်နဲ့ပြိုလဲစ ပြုနေခဲ့လေပြီ။
ဝမ်တောက်ရှန်းကား စုချန်း၏ ပြဿနာကို နားလည် သဘောပေါက်စ ပြုလာ၏။ ထိုအခါ သူက မေးလိုက်သည်။
“ဒီတော့ မင်း အခုတွေ့လာတဲ့ ပြိုင်ဘက်က ဘယ်တော့မှ အနိုင်မရနိုင်ဘူးလို့ ယူဆစရာရှိတဲ့ ပြိုင်ဘက်မျိုး ဖြစ်နေတယ် ဆိုပါတော့ ဟုတ်ရဲ့လား ညီလေး”
“သူဟာ ကျုပ်ရဲ့ မသိနားမလည်မှု၊ ထောင်လွှားမောက်မာမှုနဲ့ ရူးသွပ်မှုတွေကို သဘောပေါက်လာစေမှု တိတိကျကျ ထောက်ပြနိုင်ခဲ့တယ်ဆိုရင် ပိုပြီး မှန်လိမ့်မယ်ဗျ”
စုချန်းသည် ခါးသီးစွာ ရယ်မောရင်း ပြောလိုက်သည်။
“နောက်ဆုံးတော့ ကျုပ်အနိုင်ရခဲ့တာဟာ ကျုပ်တော်လို့ မဟုတ်ဘူး၊ ပြိုင်ဘက်တွေ ညံ့လို့ ဆိုတာကို နားလည်လာအောင် သူ ကူညီခဲ့တယ်လို့ပဲ ဆိုရတော့မှာပေါ့”
အဟွတ် … အဟွတ် …
ဝမ်တောက်ရှန်း ချောင်းဟန့်လိုက်သည်။ စုချန်း၏ စကားကြောင့် သူပါ ရောယောင်၍ တုန်လှုပ်သွားခြင်း ဖြစ်သည်။ စုချန်းသည် လက်ရှိအချိန်ထိ သူ့သူငယ်ချင်း ဖြစ်နေသေးသည် အင်အားကြီးမားသော ချီစွမ်းအားပညာရှင် တစ်ယောက်လည်း ဖြစ်နေသေး၏။ အကယ်၍ စုချန်းသာ မသိနားမလည်သူ၊ အရူးတစ်ယောက်ဟု ဆိုခဲ့လျင် ဝမ်တောက်ရှန်း ဟူသော မိမိသည်ကော ဘယ်ဘဝသို့ ရောက်သွားမည်နည်း။ ထိုအခါ သူက မနေနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။
“ဘာတွေဖြစ်နေသလဲ ဆိုတာ တိတိကျကျလေး ပြောပြစမ်းပါ ငါ့ညီရာ”
နောက်ဆုံးတွင် စုချန်းက ရှီကိုင်းဟွမ်၏ တပည့်ဖြစ်လိုသော သူ၏ ရည်ရွယ်ချက်ကို ဝမ်တောက်ရှန်းအား ပြောပြလိုက်၏။
“ရှီကိုင်းဟွမ် ဟုတ်လား မင်းက သူ့ကို ကိုယ်ပိုင်နည်းပြ လုပ်စေချင်နေတာလား”
ဝမ်တောက်ရှန်းက အံ့သြတကြီးနှင့် မေးလိုက်သည်။ သူ့မျက်လုံးများမှာကား သူငယ်အိမ်အတွင်းမှ ပြုတ်ကျတော့မည်နှယ် ပြူးကျယ်ဝိုင်းစက်နေ၏။
“ခင်ဗျားက သူ့ကို သိနေလို့လား”
“သိတာပေါ့ကွ ဒီပုဂ္ဂိုလ်ဟာ နဂါးကျောင်းတော်ရဲ့ ခေါင်းအမာဆုံး လူတွေထဲက တယောက်ပဲ သူ ဒီကိုရောက်နေတာ နှစ် ၅၀ ရှိပြီ ခုချိန်ထိ တပည့်တစ်ယောက်မှ လက်မခံဖူးသေးဘူး၊ ကျောင်းအုပ်ကြီးရဲ့ ထောက်ခံမှုသာ မရှိရင် သူ ဒီကနေ ထွက်ပြေးရတာ ကြာရော့ပေါ့၊ ဒီတော့ သူ့ရဲ့ ငြင်းပယ်မှုကို မင်းခံရတယ်ဆိုတာ ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူးဟ”
“ဟမ် သူက အဲဒီလောက်တောင် ခေါင်းမာတာလား”
စုချန်း အံ့သြသင့်သွား၏။ သူ ကနဦး စုဆောင်းခဲ့သော သတင်း အချက်အလက်များမှာ ပြည့်စုံခြင်းမရှိချေ။ ထိုကြောင့် ရှီကိုင်းဟွမ် မည်သို့သော လူစားမျိုးမှန်း သူ မသိခဲ့။ နှစ်ပေါင်း ၅၀ အတွင်း တပည့်တစ်ဦးတလေပင် လက်ခံခဲ့ခြင်း မရှိသူသည် ယခုမှတွေ့ရသော စုချန်းကို ငြင်းပယ်လိုက်ခြင်းမှာ မထူးဆန်းလှ။
ဝမ်တောက်ရှန်းထံမှ ထပ်မံ သိရှိလိုက်ရသည်မှာ ရှီကိုင်းဟွမ်သည် နဂါးကျောင်းတော်တွင် နာမည်ကြီးတစ်ဦး ဖြစ်ကြောင်း၊ သူသည် နှစ်ပေါင်း ၅၀ အတွင်း မည်သည့် တပည့်ကိုမှ လက်မခံခဲ့သည့်အပြင် မည်သည့် သင်တန်းကိုမှ တာဝန်ယူ သင်ကြားခြင်း မရှိကြောင်း၊ သူသည် သူ့အချိန်များ အားလုံးကို သူ့အိမ်လေး အတွင်း၌သာ သုတေသန ပြုလုပ်ရင်း ကုန်ဆုံးစေသူ ဖြစ်ကြောင်း စသည်တို့ပင် ဖြစ်သည်။ နဂါးကျောင်းတော်၏ သာမန်လုပ်ရိုးလုပ်စဉ် အရသာဆိုလျှင် တာဝန်ယူမှု မရှိသော နည်းပြတစ်ယောက် အနေနှင့် ရှီကိုင်းဟွမ်သည် ကျောင်းတော်မှ နှင်ထုတ်ခြင်းခံရပေလိမ့်မည်။ ကျောင်းအုပ်ကြီး၏ ကျောထောက် နောက်ခံကြောင့်သာလျှင် မည်သည့်အရာကိုမျှ ဂရုမစိုက်ပဲ ထင်ရာစိုင်းခွင့် ရှိနေခြင်း ဖြစ်သည်။
“သူနဲ့အဆင်ပြေဖို့ မလွယ်ဘူးဆိုတာ မင်းသိသွားပြီမလား”
ဝမ်တောက်ရှန်းက ရယ်မောရင်း ပြောလိုက်သည်။ ထိုအခါ စုချန်းက ခေတ္တမျှ စဉ်းစားဟန် ပြုလိုက်သည်။ ပြီးမှ သူက ခေါင်းတစ်ချက်ခါကာ ရယ်မောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူ ကျုပ်ကို ပြောလိုက်တာတွေ ကတော့ တကယ်မှန်တယ်ဗျ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျုပ်ဟာ အရာရာကို အနိုင်ယူနိုင်ခဲ့တယ်၊ ဒါပေမဲ့ ပြန်တွေးကြည့်တော့ ကျုပ်ရဲ့ မိသားစုမှာ ကျုပ် လွှမ်းမိုးနိုင်ခဲ့တယ် ဆိုတာ သွေးဗီဇနဲ့ ပတ်သက်ပြီး ဘယ်သူမှ လှုပ်လှုပ်ရှားရှား လုပ်ချင်တဲ့ ဆန္ဒမရှိကြလို့ဘဲ ကျုပ်ရဲ့ ရန်သူတွေကို အနိုင်ရခဲ့တယ် ဆိုတာလည်း မြောက်ပိုင်းမြို့တော်လို ဇနပုဒ်လေးမှာ နဂါးတွေ ကျားတွေ ရှိမနေလို့ဘဲ၊ ဒါကို မာနထောင်လွှားပြီး နေရာတိုင်းကို မြောက်ပိုင်းမြို့တော်မှာလို ထင်နေရင် အနှေးနဲ့အမြန် ကျုပ်ခံရတော့မှာပဲ နောက်ဆုံးတော့ ကျုပ်ဟာ အနူတောမှာ လူချော ဖြစ်နေခဲ့တာပဲဗျ၊ ဒီတော့ သူ့ဟာသူ ဘယ်လို လူစားမျိုးပဲဖြစ်ဖြစ် ကျုပ်အပေါ် ဝေဖန်သုံးသပ် အပြစ်တင်လိုက်ကတော့ သွေးထွက်အောင်ကို မှန်ပါပေတယ်”
“မှန်ချင်လည်း မှန်ပေမပေါ့”
ဝမ်တောက်ရှန်းက ပြောလိုက်သည်။
“ဘာကြောင့်လည်း ဆိုတော့ သူဟာ ကျောင်းတော်ရဲ့ နည်းပြဆရာတစ်ယောက် ဖြစ်နေတုန်းပဲကိုး ဘယ်လိုလူစားမျိုးတွေကို ဆရာဖြစ်သင့်တယ်လို့ ကျုပ်တို့ ဆုံးဖြတ်ကြသလဲ ပြန်တွေးကြည့်စမ်း ညီလေး တကယ်လို့ သူဟာ မင်းအပေါ် ပြစ်တင်ဝေဖန် သုံးသပ်နိုင်စွမ်းတောင် မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး မင်းရဲ့ ဆရာတစ်ယောက် ဖြစ်လာနိုင်ပါဦးမလဲ”
ဝမ်တောက်ရှန်း၏ စကားကို ကြားသောအခါ စုချန်း၏ မျက်လုံးတွင် အရောင်တစ်ချက် ဝင်းလက်သွား၏။ ထို့နောက် သူက ခုံကို ဖြန်းခနဲ ပုတ်ရင်း ပြောလိုက်သည်။
“ဟာ အစ်ကိုကြီး ဝမ်ပြောလိုက်တာ သိပ်မှန်တယ် ဒီပုဂ္ဂိုလ်ဟာ ကျုပ်ရဲ့ မှားယွင်းနေတဲ့ အတွေးအခေါ်တွေကို လမ်းမှန်ရောက်အောင် ထောက်ပြပေးနိုင်ခဲ့တယ် တစ်ကြိမ်တောင် မဟုတ်ဘူး နှစ်ကြိမ်ဗျ နှစ်ကြိမ် ဒီတော့ သူဟာ ကျုပ်ရဲ့ဆရာ ဖြစ်လာဖို့ အသင့်တော်ဆုံးလူပဲ မဟုတ်ဘူးလားဗျ”
ဝမ်တောက်ရှန်း မျက်လုံးပြူးသွား၏။
“ဟာ မင်းက ခုချိန်ထိ ဒီကိစ္စကို လက်မလျှော့သေးပဲကိုး ဒီပုဂ္ဂိုလ်က ဘယ်ကျောင်းသားကိုမှ လက်မခံဘူးလေကွာ”
“ဒီတော့ ဘာဖြစ်သလဲ အစ်ကိုကြီးဝမ်ရဲ့”
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
“ကျုပ်ဟာ လူသားမျိုးနွယ်ရဲ့ အောင်မြင်မှုအတွက် သွေးဗီဇ ကန့်သတ်ချက်ကိုတောင် ချိုးဖျက်မယ်လို့ အဓိဌာန်ပြုထားတဲ့ လူတယောက် ... ဒီလိုလူမျိုးက ခေါင်းမာတဲ့ အဘိုးကြီးတစ်ယောက်ကိုတောင် ကိုယ့်ကိုလက်ခံလာအောင် မစည်းရုံးနိုင်ဘူး ဆိုရင် ဒီအိပ်မက်ကို ဘယ်လိုလုပ် အကောင်အထည် ဖော်နိုင်ပါအုံးမလဲဗျ မဟုတ်ဘူးလား ... ပြီးတော့ ... သူဟာ ဘယ်တပည့်ကိုမှ လက်မခံချင်တာမျိုး မဟုတ်ဘဲ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မဲ့ တပည့်မျိုးကို လိုက်ရှာနေတာ ဆိုရင်ကောဗျာ ... ကြည့်ရတာ နှစ်ပေါင်း ၅၀ အတွင်း ဘယ်သူမှ ဒါမျိုး မလုပ်နိုင်ခဲ့ကြဘူး ထင်တယ်”
“သူဟာ နဂါးကျောင်းတော်မှာ နေထိုင်လာတာ နှစ်ပေါင်း ၅၀ တောင် ကြာမြင့်ခဲ့ပြီ ဒီအတောအတွင်းမှာ သူ့ကို ဆရာတင်ဖို့ ဘယ်သူမှ မကြိုးစားခဲ့ဘူး ဆိုတာ မဖြစ်နိုင်ဘူး ကြည့်ရတာ သူတို့အားလုံး ရှုံးနိမ့်သွားကြတယ်နဲ့ တူတယ်”
“ကျုပ်ရှေ့မှာ မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေဟာ လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးအတွက် အသက်စွန့် သွားခဲ့ကြတယ် ကျုပ်အဖို့တော့ ဆရာကြီး ရှီကိုင်းဟွမ်ဟာ မဖွင့်ရသေးတဲ့ တံခါးတစ်ချပ်လို့ပဲ ယူဆတယ်၊ ဒီတံခါးကို ဖွင့်နိုင်အောင် ကျုပ် ကြိုးစားရမှာပဲဗျ ဒါပေမဲ့ ဒီအတွက် ကြိုးစားရတာ ထိုက်တန်ပါတယ်ဗျာ”
စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ စုချန်းသည် ပျောက်ဆုံးလုလု ယုံကြည်မှုကို ပြန်လည်ရရှိ လာခဲ့လေပြီ။ သူ့စိတ်ထဲတွင်လည်း ရှီကိုင်းဟွမ်ကို အခြား အခက်အခဲများနည်းတူ သာမန် အခက်အခဲ တစ်ရပ်ဟုသာ ယူဆလိုက်တော့သည်။
စုချန်း၏ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ကို ကြည့်ရင်း ဝမ်တောက်ရှန်း ခေတ္တမျှ ဆွံ့အသွား၏။
“ဒီတော့ မင်း စိတ်ဓာတ်မကျတော့ဘူးမလား”
ဝမ်တောက်ရှန်းက မေးလိုက်သည်။
“မကျတော့ပါဘူးဗျာ ကဲ ကျုပ်တို့ သွားကြရအောင် အစ်ကိုကြီးဝမ်”
ပြောပြောဆိုဆို စုချန်းက ပိုက်ဆံထုတ်ရှင်းလေရာ ဝမ်တောက်ရှန်းက အံ့သြသွားပြန်သည်။
“ဟေ ဘယ်လိုဖြစ်ရတာလဲ နေစမ်းပါအုံးကွ ခုမှ ပထမတစ်ခွက်ပဲ ရှိသေးတဲ့ဟာကို”
ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။
“ကျုပ်အထင်အရ ဒီညတော့ ဆက်သောက်နိုင်တော့မယ်၊ မထင်ဘူးဗျ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ ထွက်လာကတည်းက လူတစ်ယောက် နောက်ကနေ လိုက်လာတာ ကျုပ် သတိထားမိတယ်၊ ဒီလူဟာ ဒီအနီးအနားမှာ ရောက်နေပြီ ခုနေမသွားရင် ဘယ်တော့မှ သွားလို့ရတော့မယ် မထင်ဘူး”