← Chapters

ရိုးစင်းသော ထောင်ချောက်

Vol. 17 Ch. 166

ရိုးစင်းသော ထောင်ချောက်

Vol. 17 Ch. 166

ထိုအခါ ဝမ်တောက်ရှန်းက သူ၏ သေးငယ်စူးရှသော မျက်လုံးအစုံကို မှေးရင်း မေးလိုက်သည်။ သူ့မျက်နှာမှာလည်း မသိမသာ တင်းမာနေ၏။

“သူတို့ မင်းအတွက် လာတာလား”

စုချန်းက ရယ်မောလိုက်၏။

“အင်း ဖြစ်နိုင်တာပေါ့ဗျာ”

ထို့နောက် သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာကို တစ်ယောက် စိုက်ကြည့် လိုက်ကြသည်။ ဝမ်တောက်ရှန်းက အသံကို နှိမ့်ရင်း မေးလိုက်ပြန်သည်။

“ဘယ်သူတွေများ ဖြစ်နိုင်သလဲကွ”

စုချန်းက ခေါင်းတစ်ချက် ညိတ်ကာ စဉ်းစားဟန် ပြုလိုက်သည်။

“ကြည့်ရတာတော့ ဖန်းဟွာ ဒါမှမဟုတ် ပိုင်ယိဟုန် ဖြစ်လိမ့်မယ် ထင်တယ်”

“ဟေ ပိုင်ယိဟုန် ဟုတ်လား”

ဝမ်တောက်ရှန်းက အံ့သြတကြီးနှင့် မေးလိုက်သည်။ အကြောင်းမှာ ဖန်းဟွာနှင့် ပတ်သက်သည့် ကိစ္စကို သူ နားလည်၏။ သို့သော် ပိုင်ယိဟုန်ပါ အဘယ်ကြောင့် စုချန်း နောက်ကို လိုက်နေရသနည်း။ ထိုအချက်ကို သူ နားမလည်နိုင် ဖြစ်နေ၏။ ထိုအခါ စုချန်းက အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်၏။ စုချန်း၏ စကားကို နားထောင်ရင်း ဝမ်တောက်ရှန်း တစ်ယောက် ပင့်သက်ရှိုက် လိုက်မိသည်။

“အင်း ... မင်းဟာ အမြဲတမ်းလိုလို အခန်းအောင်းပြီး စမ်းသပ်မှုတွေ လုပ်ဆောင်နေလေ့ရှိတယ် ဟော အပြင်ကိုလည်း တစ်ခါလောက် ထွက်လိုက်ရော တစ်ယောက်ယောက်နဲ့ ရန်ဖြစ်တော့တာပဲ တယ်လည်း အောင်မြင်နေတယ်ပေါ့ ဟုတ်လား”

“ကြည့်ရတာ ကျုပ်ရဲ့ ဗီဇမှာကိုယ်က မထီမေ့မြင်လုပ်ချင်တဲ့ စိတ်ကလေး နည်းနည်းပါးပါး ပါလာပုံရတယ်ဗျ”

ထိုအချိန်တွင် ကျသင့်ငွေများကို ရှင်းပြီးဖြစ်လေရာ သူတို့နှစ်ယောက်က ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။

“ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား ဒီကောင်တွေကို နည်းနည်းပါးပါး ပညာမပေးတော့ဘူးလား”

ဝမ်တောက်ရှန်းက မေးလိုက်သည်။ ဖက်တီးကြိုးကြာ၏ တိုက်ခိုက်လိုသော စိတ်ဓာတ်သည် မီးတောက်မီးလျှံများပမာ တဟုန်းဟုန်း တောက်လောင် နေခဲ့လေပြီ။

“ကျုပ်တို့ရဲ့ ပြိုင်ဘက်တွေက သေသေချာချာ ပြင်ဆင်ပြီးမှ လာကြတာ ဒီလိုအချိန်မှာ သူတို့ကို တိုက်ခိုက်တာဟာ ပညာမဲ့ရာ ကျတယ်ဗျ”

စုချန်းက ဆိုင်၏ ဘေးတံခါးမှ အပြင်ကို ထွက်ရင်း ပြောလိုက်သည်။ ဝမ်တောက်ရှန်းကလည်း စုချန်း၏ နောက်မှ ကပ်လျက် လိုက်ပါလာ၏။

“မင်းရဲ့ ပြိုင်ဘက်တွေဟာ အားနည်းပြီး ညံ့ဖျင်းလို့သာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာလို့ မင်း ပြောခဲ့တယ် ခုလိုအချိန်မှာ ဒီကောင်တွေကို နည်းနည်းပါးပါး မဆုံးမလိုက်ဘူး ဆိုရင် ခုနတုန်းက ပြောခဲ့တဲ့စကားတွေအားလုံး အလကား ဖြစ်မသွားပေဘူးလား”

ဝမ်တောက်ရှန်း၏ စကားကြောင့် စုချန်း၏ မျက်နှာမှာ ပြုံးစိစိ ဖြစ်လာ၏။

“အစ်ကိုကြီးဝမ် ခင်ဗျားကို ကြည့်ရတာ ကမ္ဘာကြီးတစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားတာကို တော်တော် မြင်ချင်နေပုံရတယ် ဟုတ်ရဲ့လား”

ဝမ်တောက်ရှန်းက တခစ်ခစ်နှင့် ရယ်မောလိုက်သည်။

“ကျုပ်က ဒီကောင်တွေကို မင်းဘယ်လိုဆုံးမမလဲ သိချင်ရုံပါကွာ”

ထိုစကားကို ကြားလိုက်သည်နှင့် စုချန်းသည် နေရာတွင် ခြေစုံရပ်ပြီး အတန်ကြာ စဉ်းစားနေ၏။ ထို့နောက် သူက အရက်ဆိုင်သို့ ခြေဦး ပြန်လှည့်လိုက်သည်။ ဝမ်တောက်ရှန်း၏ စိတ်ထဲတွင်ကား စုချန်းသည် ရန်သူများနှင့် ထိပ်တိုက် ရင်ဆိုင်ရန် ပြင်ဆင်နေခဲ့လေပြီဟု ထင်မှတ်နေရှာ၏။ သို့သော် စုချန်းမှာ စားသောက်ခန်းကို ဖြတ်ပြီး ဆိုင်အနောက်ဘက်သို့ တန်းတန်းမတ်မတ်ပင် ဝင်သွားလေသည်။

သိပ်မကြာမီပင် သူ ပြန်ထွက်လာ၏။ လက်ထဲတွင်လည်း အမျိုးအမည် ခွဲခြားရန် ခက်ခဲသော ပစ္စည်းတစ်မျိုးကို ကိုင်ထားသေးသည်။ ထိုပစ္စည်းကိုကား အနက်ရောင် အဝတ်စဖြင့် အုပ်ထား၏။ ဝမ်တောက်ရှန်းက သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

“ဘာကြီးတုန်းဟ”

“သိချင်လို့လား”

ပြောပြောဆိုဆို စုချန်းက ဝမ်တောက်ရှန်း မြင်သာစေရန် ကိုယ်ဟန် အနေအထားကို အနည်းငယ် ပြင်လိုက်၏။ ထို့နောက် စုချန်းက အဝတ်စကို လှစ်ပြလိုက်လေရာ ပုပ်စပ်စပ် အနံ့ဆိုးကြီး တစ်ခုက ဝမ်တောက်ရှန်း၏ နှာခေါင်းအတွင်းသို့ တိုးဝင်လာပြီး သူသည် ချက်ချင်းပင် အော့အန် လာတော့သည်။

လက်စသတ်တော့ မစင်ပုံးကြီးပေတကား။

ဝမ်တောက်ရှန်းက ကပျာကယာ နှာခေါင်းကိုပိတ်ရင်း မေးလိုက်သည်။

“ထွီ ဘာကြီးတုန်း ဒါနဲ့ ဘာလုပ်မယ်များ စဉ်းစားနေတာတုန်းဟ”

“ခင်ဗျား ဖြစ်စေချင်တဲ့ အတိုင်းပေါ့ အားနည်းပြီး ညံ့ဖျင်းတဲ့ ငမိုက်သားတွေကို ပညာပေးဖို့ စီစဉ်နေတာလေဗျာ”

စုချန်းက မစင်ပုံးကို အဝတ်ဖြင့် ပြန်ဖုံးရင်း ပြောလိုက်သည်။ ဝမ်တောက်ရှန်းကား စုချန်းကို မျက်လုံးကြီးပြူးကာ စိုက်ကြည့်နေ၏။

“မင်း ... မင်း ...”

စုချန်းကလည်း ဝမ်တောက်ရှန်းကို လွန်စွာ အဓိပ္ပာယ်ပြည့်ဝသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ အတန်ကြာသော် သူတို့နှစ်ဦးသည် စပ်ဖြဲဖြဲ ဖြစ်လာ၏။ ထို့နောက် သူတို့နှစ်ယောက်သည် ဝိုင်အရက်ဆိုင်ကို ကျောခိုင်း ထွက်ခွာ လာခဲ့ကြလေသည်။ ဝမ်တောက်ရှန်းမှာကား အနံ့ဆိုးကြောင့် တစ်ချိန်လုံးလိုလို တဖြစ်တောက်တောက်နှင့် ပြောဆိုနေ၏။

“မင်းနှယ်ကွာ မစင်ပုံးကို လက်စွပ်ထဲ ထည့်လာတာ မဟုတ်ဘူး”

“အဲဒီလိုသာ လုပ်လိုက်မယ်ဆိုရင် ကျုပ်လက်စွပ်ကို နောက်တစ်ကြိမ် အသုံးပြုလို့ ရတော့မှာ မဟုတ်ဘူးဗျ သည်းခံစမ်းပါ ကျုပ်တို့ ခဏနေရင် ရောက်တော့မှာ”

သိပ်မကြာမီ သူတို့နှစ်ယောက်သည် လူသူကင်းရှင်းသော လမ်းကြားလေး တစ်ခုသို့ ရောက်ရှိလာကြသည်။ စုချန်းသည် မစင်ပုံးကို လမ်းကြားနံရံပေါ်တွင် တင်ပြီး ကြိုးတချောင်းနှင့် ချည်လိုက်၏။ တစ်ဖန် ထိုကြိုး၏ အစ နောက်တစ်ဖက်ကို ကျောက်တုံးတစ်တုံးနှင့် ချည်လိုက်ပြန်သည်။ ကြိုးကိုတိုက်မိပါက အပေါ်မှ မစင်ပုံး ပြုတ်ကျ လာပေလိမ့်မည်။ ရိုးစင်းသော်လည်း အသုံးဝင်သော ထောင်ချောက်ပေတည်း။

ကိစ္စအဝဝတို့ကို လုပ်ဆောင်ပြီးသည်နှင့် စုချန်းက လက်ခုပ်သြဘာတီးကာ ပြောလိုက်သည်။

“ကဲ ဒီကြိုးကို ဝင်တိုက်တာနဲ့ အပေါ်က မစင်ပုံးကြီး ပြုတ်ကျလာပြီး ဒီကောင်တွေတော့ မစင်တောထဲ မြောပြီလို့သာ မှတ်လိုက်ပေတော့ ဒီထောင်ချောက်မှာ ဘာမူလစွမ်းအင်မှ မပါတဲ့အတွက် ဒီကောင်တွေ ဘယ်လို ထောက်လှမ်းရေး စွမ်းရည်မျိုးပဲသုံးသုံး အလကားပဲ “

ထောက်ချောက်ကား ရိုးစင်းလှသော်လည်း မူလချီ စွမ်းအားပညာရှင်များ အတွက်ဆိုလျှင် အသင့်တော်ဆုံး ထောင်ချောက်ဟုပင် ဆိုနိုင်၏။ မူလချီစွမ်းအား ပညာရှင်များသည် မူလစွမ်းအင်ကို ထောက်လှမ်းရန် မူလစွမ်းရည်များကို အသုံးပြုနိုင်ကြသည် မဟုတ်ပါလား။ စုချန်း၏ မစင်ပုံးထောင်ချောက်တွင်တော့ မည်သည့် မူလစွမ်းရည်မျှ ပါဝင်ခြင်း မရှိလေရာ ၎င်းတို့ စံပြုအားထားရသော နည်းလမ်းဟူသမျှသည် အဟောသိကံသာ ဖြစ်သွားရတော့သည်။

စုချန်း၏ လုပ်ရက်ကို ကြည့်ရင်း ဝမ်တောက်ရှန်းကား တဟိဟိနှင့် အထူးပင် ကျေနပ်အားရလျက် ရှိလေသည်။

“ဟာ တယ်ဆိုးတဲ့ ထောင်ချောက်ပါကလား နောက်တစ်ခါ ဆိုရင်တော့ ကျုပ်လည်း သတိထားမှရတော့မယ် ဟီဟိ”

“ဒါအကုန်ပဲလို့ ခင်ဗျား ထင်နေတာလား”

စုချန်းက နတ်ဆိုး တစ်ကောင်ပမာ ရယ်မောရင်း ပြောလိုက်သည်။

“ဟေ နောက်ထပ် ရှိသေးတာလား”

ဝမ်တောက်ရှန်းအဖို့ကား အံ့သြ၍ပင် မကုန်တော့။

“ကျုပ်နောက်လိုက်ခဲ့ ဟိုကျရင် တွေ့ရလိမ့်မယ်”

ထို့နောက် သူတို့နှစ်ယောက်သည် လမ်းကြားလေးကို ဖြတ်၍ ပြေးလာခဲ့ကြ၏။ ဤတကြိမ်တွင်တော့ သူတို့နှစ်ယောက်သည် မြစ်ဆီသို့ ဦးတည် ပြေးလာခဲ့ကြခြင်း ဖြစ်သည်။ မြစ်ကမ်းပါးသို့ ရောက်သည်နှင့် စုချန်းသည် မူလစွမ်းအင် ပုံစံကွက် တစ်ခုကို ထုတ်ယူပြီး အနီးအနားရှိ သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲထားလိုက်၏။

“အဲဒါ ဘာများတုန်းကွ”

ဝမ်တောက်ရှန်းက နားမလည်ဟန်ဖြင့် မေးလိုက်သည်။ ထိုအခါ စုချန်းက …

“ခင်ဗျားအပေါ်ကိုသာ မစင်ပုံးကြီး ပြုတ်ကျလာမယ် ဆိုရင် ပထမဆုံးအနေနဲ့ ဘာလုပ်ဖို့ စိတ်ကူးရမလဲ ကျုပ်ကို ပြောပြစမ်းပါ အစ်ကိုကြီးဝမ်”

ဝမ်တောက်ရှန်း၏ ပါးစပ်မှ စကားတချို့ အလိုအလျောက် ထွက်ပေါ်လာ၏။

“ဒီလိုသာဆိုရင် ကျုပ် ဆေးကြောပစ်ဖို့ ကြိုးစားမှာ ... ”

ထိုအခါကျမှ ဝမ်တောက်ရှန်းက စုချန်း၏ အကြံအစည်ကို နားလည် သဘောပေါက်လာ၏။

“ဟိုမှာ မစင်ထောင်ချောက် မိသွားတော့ ဒီကောင်တွေ ဒီနေရာကိုလာပြီး ဆေးကြောမယ် အဲဒီမှာပဲ နောက်ထပ် ထောင်ချောက် အမိခံရလိမ့်မယ်”

ဝမ်တောက်ရှန်းသည် ယခင်က စုချန်းကို လေးစားရုံသာ လေးစားခဲ့၏။ ယခုတွင်ကား သူသည် စုချန်းကို မှင်တက်အံ့သြစွာ ငေးမောကြည့်ရှု နေမိတော့သည်။ ဤလူငယ်သည် သူတစ်ပါးကို လှည့်စားသည့် နေရာတွင် လက်ဖျားခါလောက်အောင် ကျွမ်းကျင်လွန်း လှသည်တကား။ အချိန်အနည်းငယ် အတွင်းမှာပင် သူသည် ထောင်ချောက်နှစ်မျိုးကို ပြီးပြည့်စုံစွာ စီမံနိုင်ခဲ့၏။

ဝမ်တောက်ရှန်းက မူလစွမ်းအင်ပုံစံကွက် အကြောင်းကို ထပ်မံမေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် စုချန်းက တိုးတိုးနေရန် ဟန်အမူအရာ ပြလိုက်၏။

မူလချီစွမ်းအား ပညာရှင်များ၏ အကြားအာရုံဟူသည် သာမန်လူများထက် များစွာ မြင့်မား၏။ ၎င်းတို့သည် အကြားအာရုံကို မူလစွမ်းအင် ဖြည့်စွက်ကာ တိုးချဲ့နိုင်၏။ ထို့ကြောင့် သူတို့နှစ်ယောက်သည် လမ်းကြားလေး အတွင်းမှာ ဆဲသံ၊ ဆိုသံ၊ အော်ဟစ်သံများကို ကောင်းစွာ ကြားနေရလေသည်။

“ခွေးမသား”

“ထွီ ယုတ်မာလိုက်တဲ့ အကောင်”

“တောက် နံလိုက်တာကွာ”

အထက်ပါ အသံဗလံများကို ကြားရသည်နှင့် စုချန်းက ပြုံရင်း ဝမ်တောက်ရှန်းကို ပြောလိုက်သည်။

“ကျုပ်တို့ သွားကြစို့ သူတို့အနေနဲ့ ဒီနေရာကို အချိန်မရွေး ရောက်လာနိုင်တယ်ဗျ”

ထို့နောက် သူတို့နှစ်ယောက်သည် သစ်ပင်ကြီးတစ်ပင်၏ နောက်တွင် လျင်မြန်စွာ ပုန်းအောင်း လိုက်ကြ၏။ သိပ်မကြာမီ လမ်းကြားလေး အတွင်းမှာ လူခုနစ်ယောက် ခုန်ပျံပြေးထွက် လာကြောင်း တွေ့ရှိလိုက်ရသည်။ ရှေ့ဆုံးမှ ပြေးလွှားလာသူမှာ ဖန်းဟွာပင် ဖြစ်သည်။

“ဒီတော့ ဖန်းဟွာဆိုတာ ဒီကောင်ပေါ့ ဟုတ်လား”

ဝန်တောက်ရှန်းက တီးတိုး မေးမြန်းလိုက်သည်။ စုချန်းက ဖန်းဟွာကို ညွှန်ပြလိုက်သည်။ သူသည် တတိယနှစ်ကျောင်းသား ဖြစ်လေရာ အင်အားမှာ ဂျီဟန်းယင်ခန့်ပင် ရှိ၏။ သူတစ်ယောက်တည်းနှင့်ပင် စုချန်းတို့ နှစ်ယောက်ကို အသာအယာ ထိန်းချုပ်ထားနိုင်ဖွယ် ရှိသည်။ ဤနေရာတွင် ကျန်ကျောင်းသား ၆ ယောက်ကို ထည့်မတွက်ထားသေး။ သူတို့ အားလုံးသည်လည်း တတိယနှစ် ကျောင်းသားများပင် ဖြစ်ဖွယ်ရာ ရှိလေသည်။

ဖန်းဟွာ၏ လုပ်ရပ်မှာ ကြောင်တစ်ကောင်ကို အားကုန်သုံးကာ ဖမ်းဆီးနေသော ခြင်္သေ့တကောင်၏ လုပ်ရပ်နှင့်ပင် ဆင်တူနေသေး၏။ ကံကောင်းသည်မှာ စုချန်းဘက်ကလည်း ပြင်ဆင်မှုတချို့ ပြုလုပ်လာခြင်းပင်။ သို့မဟုတ်လျင် စုချန်းနှင့် ဝမ်တောက်ရှန်း၏ ဘဝမှကား မတွေးရဲစရာပင်တည်း။

“ဒီခွေးမသားဟာ ဒီအခွင့်အရေးကို စောင့်နေတာ ကြာပြီနဲ့တူတယ် ဒီအတိုင်းဆိုရင် ဖန်းမျိုနွယ်စုဟာ မင်းကို အရိုးစွဲအောင် မုန်းတီးနေတဲ့ သဘောပဲကွ သူတို့အနေနဲ့ မင်းကို မသတ်ရမချင်း လက်လျှော့မဲ့ ပုံမပေါ်ဘူးဟေ့”

“ဟဲ ဟဲ ဟဲ သူတို့က အခွင့်အရေး စောင့်နေတယ် ဆိုတော့ ကျုပ်ကကော ဒီအတိုင်း ထိုင်နေပါ့မလားဗျ ဒီထောင်ချောက်တွေကို တစ်ခဏချင်းမှာ စီစဉ်လိုက်တယ်လို့ အစ်ကိုကြီးဝမ်က ထင်နေတာလား”

“လက်စသတ်တော့ ဒီလိုကိုး”

ဝမ်တောက်ရှန်း နားလည်သွားလေပြီ။

ထိုအခိုက်မှာပင် ဖန်းဟွာတို့ ခုနစ်ယောက်သည် ရေကန်အတွင်းသို့ အလုအယက်နှင့် ခုန်ချလိုက်ကြသည်။ တချို့မှာ ကိုယ်လုံးတီးနှင့် ဖြစ်သည်။ ထို့နောက် သူတို့သည် အော်ဟစ်ဆဲဆိုကာ ညစ်ပတ်ပေရေနေသော နေရာများအား ရေနှင့် တဗွမ်းဗွမ်းလောင်းကာ ဆေးနေကြ၏။ တချို့မှာ အော့အန် နေကြလေသည်။ ဦးခေါင်းပေါ်သို့ မစင်ပုံးတစ်ပုံးလုံး မှောက်ကျခဲ့လေရာ မအော့အန်ဘဲ မည်သူ နေနိုင်အံ့နည်း။

တသွင်သွင် စီးဆင်းနေသော မြစ်ရေသည် သူတို့ကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဆေးကြောချလိုက်ပြီး ပုပ်ဟောင်သော အနံ့အသက်ဆိုးများကို လေထဲသို့ လွှင့်ထုတ်လိုက် သကဲ့သို့ ရှိ၏။ ဝမ်တောက်ရှန်းပင်လျင် ထိုအနံ့ဆိုးများကို ရှုရှိုက်နေရ၏။

အချိန်အတန်ကြာသည်အထိ မြစ်ကမ်းပါးမှာ ထိုလူအုပ်၏ ဆူညံသည်မှအပ တိတ်ဆိတ်လျက်ရှိရာ ဝမ်တောက်ရှန်း အံ့သြလာ၏။ ထိုအခါ သူက မေးလိုက်သည်။

“ခုချိန်ထိ ဘာမှမဖြစ်သေးပါလားကွ”

“ဘာဖြစ်ရမှာတုန်းဗျ”

စုချန်းက မေးလိုက်သည်။ ဝမ်တောက်ရှန်းကား အရူးတစ်ယောက်ပမာ ခံစားနေရ၏။

“ဟာ ငါတို့ ဒုတိယ ထောင်ချောက်ဆင် ထားတယ်လေကွာ ပေါက်ကွဲမှု တစ်မျိုးမျိုး ပေါ်ပေါက်လာပြီး ဒီကောင်တွေ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသင့်တယ် မဟုတ်ဘူးလား”

ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။

“မူလစွမ်းအင် ပုံစံကွက်ဟာ ခင်ဗျားထင်နေသလို ပေါက်ကွဲစေတတ်တာမျိုး မဟုတ်ဘူးဗျ သူ့ရဲ့ ရည်ရွယ်ချက်က တစ်မျိုး”

“ဒီလိုဆိုရင် ဒါက ... ..”

“ဒါက ပုံရိပ်ဖမ်းပုံစံကွက် ပဲဗျ”

ပုံရိပ်ဖမ်းပုံစံကွက် ဟူသည်မှာ ထိုပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသမျှ အရာများ အားလုံးကို ဖမ်းယူ မှတ်သားထားနိုင်သော မူလစွမ်းအင် ပုံစံကွက်တစ်မျိုး ဖြစ်သည်။ စုချန်းအနေနှင့် ပုံရိပ်ဖမ်းပုံစံကွက်ကို အသုံးပြုလိမ့်မည်ဟု ယူဆထားခြင်း မရှိလေရာ ဝမ်တောက်ရှန်းကား ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

အတန်ကြာသော် စုချန်း၏ အကြံအစည် တစ်ခုလုံးကို ဝမ်တောက်ရှန်း တစ်ယောက် သဘောပေါက်စ ပြုလာတော့သည်။

“လက်စသတ်တော့ မင်းက သူတို့ အရူးတွေလို ပြုမူဆောင်ရွက်နေတဲ့ ပုံစံတွေကို ပုံရိပ်ဖမ်းပုံစံကွက်နဲ့ ဖမ်းယူထားချင်တဲ့ သဘောကိုး”

နောက်ထပ် မည်သည့် တိုက်ခိုက်မှုမျိုးမှ ဖြစ်ပေါ်လာခြင်း မရှိသော်လည်း ၎င်းတို့၏ ရူးသွပ်သော၊ ရှက်စရာကောင်းသော အမူအကျင့်များသာ လူရှေ့သူရှေ့တွင် ဖော်ထုတ်ခံလိုက် ရပါက ဖန်းဟွာနှင့် သူ့အဖော်များ အကြီးအကျယ် အထိနာသွားမည်မှာ သေချာလှသည်။ စုချန်းကား ရှေ့ကို တကွက်မဟုတ်၊ အကွက်ပေါင်းများစွာ ကြိုမြင်တတ်သူ ပေတကား။

“သိပ်မှန်တာပေါ့ဗျာ”

စုချန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့ ဖြေရှင်းရမဲ့ ပြဿနာအသစ်တစ်ခု ပေါ်လာပြန်ပြီဗျို့”

“ဘာပြဿနာတုန်းဟ”

ဝမ်တောက်ရှန်းသည် စုချန်း၏ စကားကို နားမလည်နိုင် ဖြစ်နေရှာ၏။

“ဘာပြဿနာလဲဆိုတော့ ဒီပုံရိပ်ဖမ်း ပုံစံကွက်ထဲမှာ ရှိတဲ့ပုံရိပ်တွေကို အသုံးပြုပြီး ဒီကောင်တွေကို အကြပ်ကိုင်ရင် ကောင်းမလား ဒါမှမဟုတ် တစ်ကျောင်းလုံး သိသွားအောင်ပဲ ဖွင့်ချလိုက်ရမလား ဆိုတာပဲ ဒုတိယနည်းလမ်းကိုသာ သုံးလိုက်ရင်တော့ ဒီကောင်တွေ လူရှေ့သူရှေ့မှာ တစ်သက်လုံး မျက်နှာပြရဲတော့မှာ မဟုတ်ဘူး”

အထက်ပါ စကားကို ပြောဆိုလိုက်သည့် အချိန်တွင် စုချန်း၏ မျက်နှာသည် သေရေးရှင်ရေး ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ရတော့မည့်ပမာ အထူးပင် တည်ကြည် လေးနက်နေ၏။

All Chapters