← Chapters

သံမဏိ၏အင်အား

Vol. 17 Ch. 167

သံမဏိ၏အင်အား

Vol. 17 Ch. 167

ဖောင်းခနဲ မြည်သံနှင့်အတူ မူလစွမ်းအင်ပုံစံကွက်သည် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွား၏။ နဂါးကျောင်းတော်၏ အခန်းငယ် တစ်ခန်း အတွင်းတွင် ဖန်းဟွာသည် မူလစွမ်းအင် ပုံစံကွက်ကို စိတ်ဆိုးမာန်ဆိုးနှင့် ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်ခြင်း ဖြစ်သည်။ သူ့မျက်နှာမှာလည်း ဒေါသကြောင့် ခရမ်းရောင်သန်းနေ၏။

သူသည် သူ့ရှေ့တွင် မတ်တတ်ရပ်နေသူအား စားမတတ် ဝါးမတတ် စိုက်ကြည့်နေ၏။ အံကြိတ်ထားသော သူ့ပါးစပ်အတွင်းမှ စကားနှစ်ခွန်း ထွက်ပေါ်လာ၏။

စုချန်း …

စုချန်းသည် ခြေထောက်နှစ်ချောင်းကို ချိတ်လျက် ထိုင်နေ၏။ သူ့ပုံစံမှာ မည်သည့်အရာကိုမှ ဂရုမစိုက်သလို ခပ်တည်တည်ပင်။ ထို့နောက် သူက ဖန်းဟွာ၏ အမူအရာကို အရေးမစိုက်သည့် ဟန်ပန်နှင့် ပြောလိုက်သည်။

“မင်း ခွဲချင်လည်းခွဲ ပြဿနာမရှိဘူး မင်းကို ပေးလိုက်တဲ့ မူလစွမ်းအင် ပုံစံကွက်က ကျုပ်ရဲ့ရည်ရွယ်ချက်ကို သိစေချင်လို့ နမူနာအဖြစ် ပေးလိုက်တယ် ခင်ဗျား ခွဲပစ်ချင်ရင် ဒီထက်မက အများကြီး ပေးလို့ရသေးတယ်”

ဖန်းဟွာကား မရှုနိုင်မကယ်နိုင် ဖြစ်နေခဲ့လေပြီ။ သူသည် အေးစက်သော လေများကို တဝကြီး ရှုသွင်းလိုက်ပြီး စုချန်းကို မုန်းတီးစွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

“မင်း ဘာလိုချင်တာလဲ တိတိကျကျ ပြောစမ်းပါ”

“မူလကျောက်တုံး ၁၀၀၀၀ ရရင် ဒီကိစ္စကို ငါ မေ့ပစ်လိုက်မယ်”

အကြပ်ကိုင် ငွေညှစ်ခြင်းနှင့် လက်စားချေခြင်းတွင် စုချန်းက အကြပ်ကိုင် ငွေညှစ်ခြင်းကို ရွေးချယ်လိုက်၏။ ၎င်းမှာ ကြီးမြတ်သော အရာများကို အောင်မြင်အောင် ဆောင်ရွက်လိုသည့် လူတယောက်တွင် ထားရှိရမည့် စိတ်ထားဖြစ်သည်။ ရည်ရွယ်ချက် ကြီးမားသူသည် ခံစားချက်နောက်ကို လိုက်၍ မရဘဲ အခြေအနေကို လက်တွေ့ကျကျ သုံးသပ်တတ်ရန်မှာ များစွာ အရေးကြီးလှ၏။

စုချန်းအတွက်မူကား ရိုးရိုစင်းစင်း လက်စားချေ လိုက်ခြင်းထက် အမြတ်ထုတ် ငွေညှစ်ခြင်းသည် ပို၍ လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိသော နည်းလမ်းဖြစ်သည်။

“မင်းက ငါတို့ကို ငွေညှစ်နေတာလား”

ဖန်းဟွာ၏ ဘေးနားတွင် ရပ်နေသော တတိယနှစ် ကျောင်းသားက အေးစက်သော လေသံနှင့် ပြောလိုက်သည်။

“မင်းကို ငါတို့ ခုချက်ချင်း အရှင်လတ်လတ် အရေခွံခွာပစ်မှာကို မင်း မကြောက်ဘူးလား”

စုချန်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။

“လုပ်ချင်ရင် လုပ်လိုက်စမ်းပါကွာ ဒီနေရာဟာ နဂါးကျောင်းတော်ဆိုတာ မင်းတို့ မမေ့သေးဘူးထင်တယ် ဒီလိုနေရာမှာ ငါ့ကို သတ်မယ်ဆိုရင် ငါ့အနေနဲ့ ဘာမှ ညည်းညူနေစရာ အကြောင်းမရှိဘူး ထင်တာပဲ”

“မင်း ...”

ထိုကျောင်းသားက ဒေါသတကြီးနှင့် စုချန်းကို တစ်စုံတစ်ခု ပြုလုပ်ရန် ဟန်ပြင်လိုက်၏။ သို့သော် ဖန်းဟွာက ချက်ချင်းပင် ဝင်ရောက် ဟန့်တားလိုက်သည်။

“ဟေ့ ဟေ့ မလုပ်နဲ့ ဒါထောင်ချောက်ပဲ ဒီနေရာမှာ ဒီကောင့်ကို သွားထိရင် စစ်ဆေးရေး အရာရှိတစ်ယောက် ချက်ချင်း ရောက်လာပြီး ငါတို့အားလုံး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်”

“ဒီတော့ ငါတို့က ဒီလောက် မာနထောင်လွှားနေတဲ့ ကောင်ကို ဒီအတိုင်း လွှတ်ပေးလိုက်ရတော့မှာလား”

ကျောင်းသားတစ်ဦးက စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်ရင်း မေးလိုက်ပြန်သည်။ ထိုအကြည့်သည် လူတစ်ယောက်ကို သေစေနိုင်သည် ဆိုပါက စုချန်းတစ်ကိုယ်လုံး ထိုနေရာတွင်ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်တွင် ဖန်းဟွာသည်လည်း စုချန်းကို ကြာမြင့်စွာ စိုက်ကြည့်နေ၏။ အတန်ကြာမှ သူက ပြောလိုက်သည်။

“စုချန်း ... မင်းမှာရှိသမျှ ပုံရိပ်ဖမ်း ပုံစံကွက်တွေကို ငါ့ဆီလက်လွှဲပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မေ့ပစ်လိုက်ပါ ဒီလိုမှ မဟုတ်ရင် ဖန်းမျိုးနွယ်စုဟာ မင်းရဲ့ ကျန်ရှိနေသေးတဲ့ ဘဝတစ်လျှောက်လုံးမှာ အေးအေးချမ်းချမ်း မနေရအောင် လိုက်ပြီး နှောင့်ယှက်နေလိမ့်မယ်”

စုချန်းကလည်း ဖန်းဟွာကို ပြန်လည် စိုက်ကြည့်လိုက်သည်။ သူ့ပုံစံမှာ ဖန်းဟွာအား ငတုံငအတကောင် သဖွယ်သာ သဘောထားကြောင်း အတိုင်းသား ပေါ်လွင်နေ၏။

“မင်းက ခုချိန်ထိ ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေသေးတာလားကွ တယ်လည်း သနားစရာ ကောင်းလိုက်တဲ့ကောင်ပဲ မင်းလေသံက ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား ငါ့ပုံစံကကော မင်းတို့ ဖန်းမျိုးနွယ်စုကို ကြောက်လန့်နေတဲ့ ပုံစံ ပေါက်နေသလား”

စကားဆုံးသည်နှင့် စုချန်းသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး ဖန်းဟွာနှင် မျက်နှာချင်း ထိလုထိခင် အနေအထားထိ တိုးကပ် သွားလိုက်သည်။ ထို့နောက် အေးစက်သော လေသံနှင့် တခွန်းချင်း ပြောလိုက်လေသည်။

“ငါနဲ့ ဖန်းမျိုးနွယ်စုကြားက ရန်ညိုးကို ပပျောက်သွားစေဖို့ ဘယ်လို အကြောင်းတရားမျိုးမှ ငါ့အတွက် မလိုအပ်ဘူး နောက်ပြီး မင်းရဲ့ ကတိကိုလည်း ငါမယုံသလို ဂရုလည်း မစိုက်ဘူး ငါလိုချင်တာ မူလကျောက်တုံး ၁၀၀၀၀ ပဲ ကျန်တဲ့ကိစ္စကို မင်းကြိုက်သလိုရှင်း ငါကတော့ ငါ့လမ်းကြောင်းပေါ် လာရှုပ်တဲ့ အရာမှန်သမျှကို ဖယ်ရှားရှင်းလင်း သွားမှာပဲ”

စုချန်း၏ ရဲတင်းလှသော စကားကို ကြားလိုက်ရသောအခါ ဖန်းဟွာသည် ရှုးရှုးရှဲရှဲဖြစ်ကာ ပြင်းထန်စွာ ဒေါသထွက်လာ၏။ သို့သော် သူသည် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး အသက်ကို မှန်အောင်ရှုကာ စုချန်းကို ခေါင်းညိတ် ပြလိုက်သည်။

“ကောင်းပြီလေ မင်းလိုချင်တာ မူလကျောက်တုံး ၁၀၀၀၀ မလား ငါ့တို့မှာ ရှိတာတွေကို ပေါင်းပြီး မင်းကို ပေးလိုက်မယ်”

ဖန်းဟွာ၏ စကားကို ကြားသောအခါ စုချန်းက မခိုးမခန့်နိုင်သော အမူအရာဖြင့် ပြုံးလိုက်သည်။

“ရှိတာတွေကို ပေါင်းပြီးပေးမယ် ဟုတ်လား မင်းတို့ ငါပြောတာကို နားလည်မှု လွဲနေပြီထင်တယ် ငါက မင်းတို့ တစ်ယောက်ချင်းစီဟာ ငါ့အပေါ် မူလကျောက်တုံး ၁၀၀၀၀ စီ အကြွေးတင် နေတယ်လို့ ဆိုလိုတာကွ”

ဘာကွ စုချန်း ခွေးမသား …

စုချန်း၏ စကားကြောင့် ဖန်းဟွာနှင့် အပေါင်းအပါ ခြောက်ယောက်သည် ဒေါသူပုန်ထက ကြိတ်မနိုင်ခဲမရနှင့် ပြိုင်တူ ဆဲဆိုလိုက်ကြတော့သည်။ ဤအတိုင်းဆိုလျှင် စုချန်း တောင်းဆိုနေသည်မှာ မူလကျောက်တုံး ၁၀၀၀၀ မဟုတ်ဘဲ ၇၀၀၀၀ ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။ တော်ဝင်မျိုးနွယ်စုဝင်များ အတွက်ပင် ထိုပမာဏသည် မနည်းလှ။

စုချန်းက သနားစရာ တတိယနှစ် ကျောင်းသားကြီး ၇ ယောက်ကို ကြည့်ရင်း အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။

“သိပ်လည်း စိတ်မပူကြစမ်းပါနဲ့ ငါက မင်းတို့ ငွေစုဖို့အတွက် အချိန် လုံလုံလောက်လောက် ပေးမှာပါ ဒါမှမဟုတ် မင်းတို့ငါ့ကို အရစ်ကျ ပေးမယ် ဆိုရင်လည်း ရတယ် သုံးလအတွင်း ဘာမှမဖြစ်ဘူး ဆိုတာ သေချာအောင် မူလကျောက်တုံး ၁၀၀၀၀ ပဲ ပထမအရစ်အနေနဲ့ ငါ့ကိုပေးလိုက် တွေ့လား မင်းတို့ ထင်သလောက် ငါက မဆိုးသေးပါဘူးကွ ဒါပေမဲ့ ဒီသုံးလအတွင်းမှာ ကျန်တဲ့ မူလကျောက်တုံး အရေအတွက် ရအောင် စုဆောင်းဖို့ဆိုတာ မင်းတို့အတွက် သိပ်ပြီး ခက်ခဲနေလိမ့်မယ်၊ ဒီတော့ ၂၁ လကြာမှ ငါ့ကို အကြေဆပ်လိုက်ကွာ တစ်ခုတော့ သတိထားကြနော် ဒီကြားထဲ ငါတစ်ခုခု ဖြစ်သွားရင် ပုံရိပ်ဖမ်း ပုံစံကွက်တွေက လူရှေ့သူရှေ့ကို ချက်ချင်း ရောက်လာလိမ့်မယ်”

ဖန်းဟွာသည် စုချန်းကို မျကိလုံးပြူးရင်း စိုက်ကြည့်နေ၏။ ထို့နောက် သူက မေးလိုက်သည်။

“မင်းရဲ့စကားကို ငါတို့ ဘယ်လောက်ထိ ယုံရမှာလဲ”

“ဒါတော့ ယုံချင်ယုံ မယုံချင်နေ မင်းတို့ သဘောပဲကွ တခုတော့ရှိတယ် ငါဟာ မင်းတို့အပေါ် ပညာပေးချင်တဲ့စိတ်ကို ခုချိန်မှာ မနည်းကြီး ထိန်းချုပ်ထားရတယ် ဆိုတာကိုတော့ မင်းတို့ သဘောပေါက်ကြပေါ့ကွာ မင်းတို့ကို ပုံရိပ်ဖမ်း ပုံစံကွက်တွေ ရောင်းစားချင်နေလို့သာ ငါ့မှာ မနည်း စိတ်ထိန်းထားရတယ် ဒီတော့ မင်းတို့ လက်ခံချင်ရင်ခံ လက်မခံရင်လည်း ငါ့အတွက်ကတော့ မင်းတို့လို ငမိုက်သားတွေကို ပညာပေးရမှာမို့ ပျော်စရာပဲကွ တကယ်လို့ မင်းတို့သာ ငါပြောတာကို လက်မခံဘူးဆိုရင် မင်းတို့ ၇ ယောက်ရဲ့ ရှုမငြီးစရာ ပုံရိပ်တွေကို တစ်ကျောင်းလုံး မြင်သွားအောင် ငါ ဖွင့်ပြလိုက်မှာပဲဟေ့”

စကားပြောနေရင်းနှင့်ပင် စုချန်းသည် အချိန်ရလာဟန်တူ၏။ သူလေသံသည် တဖြည်းဖြည်း ကျယ်လောင်လာ၏။ အားမာန်ပါလာ၏။ ဒေါသအရိပ်အယောင်များ ယှက်သန်းလာ၏။

“မင်းနဲ့ မင်းသူငယ်ချင်း ၆ ယောက်ရဲ့ စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ပုံရိပ်တွေကို တစ်ကျောင်းလုံးက ပျော်ပျော်ပါးပါး ကြည့်ရှုကြလိမ့်မယ်၊ မင်းတို့ဟာ နဂါးကျောင်းတော်ရဲ့ ရယ်စရာအကောင်းဆုံး သတ္တဝါတွေ ဖြစ်လာလိမ့်မယ်၊ ဒီအရိပ်ဆိုးကြီးဟာ မင်းတို့ဘဝ တစ်လျှောက်လုံး စွန်းထင်းသွားလိမ့်မယ်၊ နောက်ဆုံးမှာ မင်းတို့အားလုံး ရစရာမရှိအောင် ပျက်စီး သွားကြလိမ့်မယ်”

မဟုတ်ဘူး။

ဖန်းဟွာတို့ အားလုံးသည် ကြောက်လန့်တကြားနှင့် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

အကယ်၍ စုချန်းသာ အမှန်တကယ် ထိုအတိုင်း ဆောင်ရွက်လိုက်ပါက နှလုံးသားအရိပ် ထွက်ပေါ်လာပေလိမ့်မည်။

နှလုံးသားအရိပ်ဟူသည်မှာ ထူးခြားဆန်းကြယ်သော ဝေါဟာရတစ်ခု ဖြစ်သည်။ သာမန် အခြေအနေများတွင် ၎င်းကို မရှိသကဲ့သို့ ထင်မှတ်ရသော်လည်း စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ ထိခိုက်ခံရသည့်အခါ ထိုအရိပ်သည် တိတ်တဆိတ် ဖြစ်တည်လာပြီး ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မူလစွမ်းရည်များအပေါ် မသိမသာ အကျိုးသက်ရောက် လာတော့သည်။ ပိုဆိုးသည်မှာ သွေးဗီဇပိုင်ရှင်များ၏ ပညာခန်းပညာစဉ်များမှာ စိတ်ဓာတ်အင်အားနှင့် များစွာ ဆက်နွှယ်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် နှလုံးသား အရိပ်သည် သူတို့၏ လေ့ကျင့်စဉ် တစ်ခုလုံးကို များစွာ ထိခိုက်စေပေလိမ့်မည်။

ဖန်းဟွာသည် စကားတစ်လုံးမှ မပြောနိုင်တော့ဘဲ တိတ်ဆိတ် ငြိမ်သက်နေ၏။ စုချန်းအနေနှင့် ဤမျှထိ အကြောက်တရား ကင်းမဲ့လိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထား။ ၎င်းသည် တော်ဝင်သွေးဗီဇ မျိုးနွယ်စုများ၏ အင်အားနှင့် အဆင့်အတန်းကို မျက်လုံးထဲတွင် ထည့်ထားပုံမရ။ သူတို့နှင့် ထိပ်တိုက်တွေ့ဆုံရန်ပင် စိမ်ခေါ်လျက် ရှိနေသေး၏။

ထိုအခါ သူက သွေးဆာသော လေသံနှင့် ပြောလိုက်သည်။

“ဒီကနေ့မှာ တော်ဝင်သွေးဗီဇ မျိုးနွယ်စုတွေကို ရန်စလိုက်ပြီဆိုတာ မင်း သဘောပေါက်ပါတယ်နော် စုချန်း”

“မဟုတ်ပါဘူးကွ ငါ ရန်စတာ မင်းတို့ကိုပဲလေ”

စုချန်းက ပြုံးစိစိနှင့် ပြောလိုက်သည်။

“ဒါကြောင့် မင်းတို့ရဲ့ အကြီးအကဲတွေဆီကို ဒီကိစ္စ မင်းတို့ သတင်းမပို့ရဲပါဘူး ဟုတ်တယ်မလား”

စုချန်းသည် သူ့ရှေ့ရှိ ကျောင်းသား ခုနစ်ယောက်ကို စူးရှသော မျက်လုံးအစုံဖြင့် စိုက်ကြည့်ရင်း စကားဆက်ပြန်သည်။

“မျိုးနွယ်စုတွေရဲ့ ကျောထောက်နောက်ခံသာ မရှိရင် မင်းတို့ကို ကြက်ကလေးတွေလို့ပဲ ငါ့စိတ်ထဲမှာ အောက်မေ့မိတာပဲ ဒီတော့ မင်းတို့ငါ့ကို မကျေနပ်ရင် ကြိုက်တဲ့အချိန် ကြိုက်သလို ရှင်းလို့ရတယ် တစ်ခုတော့ မှတ်ထားကြစမ်းဟေ့ ဒီကနေ့ ငါ့လုပ်ရပ်ဟာ စိတ်အဆာပြေရုံလောက်ပဲ ရှိသေးတယ်၊ နောက်ထပ် အကျိုးဆက်တွေကို ဆက်ပြီး ရင်ဆိုင်ဖို့ ဆန္ဒရှိမရှိ သေချာအောင် ဆုံးဖြတ်ပြီးမှ ရှေ့ဆက်တိုးကြပေါ့ကွာ”

ဖန်းဟွာတို့ ခုနစ်ယောက်သည် စုချန်း၏ စူးရှသော အကြည့်ကို ရင်မဆိုင်ရဲဟန်ဖြင့် မျက်နှာလွှဲလိုက်ကြ၏။ ထိုအခါ စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

“ကဲ ဒါဆိုရင် ဆုံးဖြတ်ချက် အတည်ဖြစ်ပြီလို့ ယူဆလိုက်မယ် ပထမအရစ်ကို ပေးချေဖို့ မင်းတို့အတွက် သုံးရက်အချိန်ရမယ် တကယ်လို့ ဒါကိုပေးချေဖို့ မူလကျောက်တုံး အလုံအလောက်မရှိဘူး ဆိုရင် ထောက်ပံ့ကြေး အမှတ်တွေကို အစားထိုး ပေးလို့ရတယ် တစ်မှတ်ကို မူလကျောက်တုံး ၁ တုံး သတ်မှတ်ထားတယ် ဒီလောက်ဆိုရင် ငါသဘောထားကြီးတယ် ဆိုတာ မင်းတို့ လက်ခံလောက်ရောပေါ့”

***

အခန်းထဲမှ စုချန်း ထွက်လာသည်နှင့် ဝမ်တောက်ရှန်းက စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

“ဘယ်လိုလဲ အဆင်ပြေရဲ့လား ဟိုကောင်တွေ မင်းကို တစ်စစီ ဆွဲဖြဲလိုက်မှာကို ငါ စိတ်ပူနေတာ”

“ဒီကောင်တွေ မူလကျောက်တုံး ရှာရဖွေရတာနဲ့ ရက်ပိုင်းလောက်တော့ အလုပ်ရှုပ် နေတော့မှာပဲ ဟဲ ဟဲ”

စုချန်းက ရယ်ရွှန်းဖတ်ရွှန်းနှင့် ပြောလိုက်သည်။ ထိုအခါ ဝမ်တောက်ရှန်းက …

“မင်းဟာလေ ... ဘာမဟုတ်တဲ့ မူလကျောက်တုံး တချို့အတွက်နဲ့ အသက်ကို အလောင်အစားလုပ်သလို ဖြစ်နေပြီကွ”

“ဒီတော့ ကျုပ်ဘေးနားမှာ လမ်းလျှောက် နေရတာကို ခင်ဗျား မကြောက်ဘူးလား အစ်ကိုကြီးဝမ်”

“ထွီ ငါက ဘာလို့ကြောက်ရမှာလဲ”

ထို့နောက် သူတို့နှစ်ယောက်သည် ရယ်ရယ်မောမော စကားပြောက ကြည်လင်ကောင်းကင် အဆောင်သို့ ပြန်လာကြလေသည်။ မျှော်စင်၏ ဝင်ပေါက်ရှေ့မှာပင် ၎င်းတို့သည် အလွန်ရင်းနှီးလှသော မျက်နှာတခုကို မြင်တွေ့လိုက်ရ၏။ ထိုသူမှာ ပိုင်ယိဟုန်ပင် ဖြစ်လေတော့သည်။

ပိုင်ယိဟုန်ကို တွေ့သည်နှင့် စုချန်းက ၎င်း၏ လက်ညှိုးကို ဖြတ်ခနဲ လှမ်းကြည့် လိုက်သည်။ ဤနေရာတွင်ကား မူလချီစွမ်းအား ပညာရှင်များသည် ချီးကျူးစရာ ကောင်းလှ၏။ တစ်ရက်အတွင်းမှာပင် ၎င်း၏ လက်ညှိုးသည် ရာနှုန်းပြည့်နီးပါး ပြန်လည်ကောင်းမွန် နေခဲ့လေပြီ။ စုချန်းကို မြင်တွေ့လိုက်သည်နှင့် ပိုင်ယိဟုန်က သူ၏ ယပ်တောင်ကို တဖျတ်ဖျတ် ခတ်ပြီး ခြိမ်းခြောက်သည့် အမူအရာမျိုးနှင့် မေးလိုက်သည်။

“ဟေ့ကောင် ... ငါ့လူ ပိုင်ချိန်း ဘယ်မှာလဲ”

“ပိုင်ချိန်း ဟုတ်လား”

ပထမတွင် စုချန်းက စိတ်ရှုပ်သွားဟန်ပေါ်သည်။ အတန်ကြာမှ သူက သတိရလာဟန်ဖြင့် ပြောလိုက်၏။

“ဪ မင်းရဲ့ အစေခံကို ပြောနေတာထင်တယ် သူ ငါ့ရဲ့အခန်းထဲမှာ အနားယူနေလေရဲ့”

“သူ့ကို ပြန်ပေးစမ်း”

“ပေးဆိုတော့လည်း ပေးရတာပေါ့ ပြဿနာမရှိပါဘူး”

ပြောပြောဆိုဆို စုချန်းက ရှင်သန်ခြင်း ကျောင်းတော်မှ သူ့အားပေးထားသည့် ဆက်သွယ်ရေး ကိရိယာတစ်မျိုးကို သုံး၍ သံမဏိကို အမိန့်ပေးလိုက်၏။ ထိုကိရိယာသည် သတ်မှတ်ထာသော အကွာအဝေး အတွင်းတွင် လူကိုယ်တိုင် သွားစရာမလိုဘဲ အဝေးမှ ဆက်သွယ် ပြောဆိုနိုင်သော ကိရိယာတစ်မျိုး ဖြစ်သည်။

တစ်ခဏအကြာ သံမဏိသည် ထိုအစေခံအား တရွတ်တိုက် ဆွဲခေါ်လာ၏။ အစေခံ၏ မျက်နှာမှာ မည်းနက်နေပြီး ပင်ပန်းနွမ်းနယ်ဟန် ပေါ်နေ၏။ သူ့တစ်ကိုယ်လုံးတွင်ကား ပြည်တည်နေသော အဖုအပိန့်များနှင့် ပြည့်နှက် နေလေသည်။

“ဟာ ပိုင်ချိန်း”

ပိုင်ယိဟုန်သည် အလွန်ပင် ထိတ်လန့်သွားရှာ၏။ သူက စုချန်းဘက်သို့ လှည့်ပြီး ကပျာကယာ မေးမြန်းလိုက်သည်။

“သူဘာဖြစ်နေတာလဲ”

စုချန်းက အရေးမကြီးသော ဟန်ပန်ဖြင့် ပြန်ပြောလိုက်သည်။

“ဒီရောက်တော့ မင်းကောင် နေသားမကျတာနဲ့ ဆေးလေး နည်းနည်းပါးပါး တိုက်ထားလိုက်တာပါကွာ စိတ်မပူနဲ့ ဘာမှမဖြစ်ဘူး ခဏနေရင် ပြန်ကောင်း လာလိမ့်မယ်”

ထွီ ... ဘာကို နေသားမကျတာလဲကွ ... ခွေးမသား ... ဗြောင်လိမ်ဗြောင်စား လာလုပ်နေတယ် ...

ပိုင်ယိဟုန်သည် စုချန်းကိုကြည့်ရင်း ပြင်းထန်စွာ ဒေါသထွက်လာ၏။ အစေခံကို လက်လွှဲယူပြီးသည်နှင့် သူက စုချန်းကို ဟိန်းဟောက်လိုက်သည်။

“ခွေးမသား မင်း သူ့ကို သက်သက်မဲ့ ဒုက္ခပေးလိုက်တာမလား”

“ဟဲ ဟဲ ဟဲ ငါက သူ့ကို ဧည့်သည်အဖြစ် ဖိတ်လာတာပါကွ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အေးအေးဆေးဆေး နေချင်ဟန် မတူဘူး၊ ဒါကြောင့် ဝါးစရာတချို့ ပေးထားလိုက်တဲ့ သဘောပါ”

စုချန်းက ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။

“ကောင်းပြီလေ”

ပိုင်ယိဟုန်သည် ပထမတစ်ခေါက်က အဖြစ်အပျက်ကို မေ့သေးဟန်မတူ။ ဤတစ်ကြိမ်တွင်တော့ သူသည် စုချန်းကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုတော့။

“ငါ့အစေခံကို မင်းက ဧည့်သည်အဖြစ် ဖိတ်ခေါ်သွားတယ် ဆိုတော့ ငါကလည်း မင်းရဲ့အစေခံကို ဧည့်သည်အဖြစ် ပြန်ဖိတ်ပါရစေလားကွာ”

စုချန်း၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွား၏။

“ဟေ့ သံမဏိရေ ဒီမှာ မင်းသားလေးပိုင်က မင်းကို ဧည့်သည်အဖြစ် ဖိတ်ချင်သတဲ့ကွ”

သံမဏိက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်၏။

“ဟာ သိပ်ကောင်းတာပေါ့ သခင်”

ထိုအခိုက်မှာပင် ပိုင်ယိဟုန်က သူ၏ ယပ်တောင်ကို ရုပ်သိမ်းပြီး သံမဏိကို လက်ချောင်းများဖြင့် လှမ်းကုတ်လာ၏။ သံမဏိကား ငြိမ်ခံနေမည့်သူမျိုး မဟုတ်။ သူက ပိုင်ယိဟုန်သည် လက်သီးနှင့် ပြန်ထိုးလိုက်လေသည်။ ကြောက်မက်ဖွယ်ရာ အင်အားများ ပါဝင်လာသည့် လက်သီးချက်သည် မိုးကြိုးပစ်ချလိုက်သည့်ပမာ ပိုင်ယိဟုန်၏ လက်သည်းကုပ်ချက်ကို တုံ့ပြန်လိုက်သည်။ အရိုးအက်ကွဲသံသဲ့သဲ ပေါ်လာပြီး ပိုင်ယိဟုန်၏ လက်ကောက်ဝတ်သည် သွင်သွင်ကျိုး သွားရှာတော့သည်။ သို့သော် သံမဏိ၏ လက်သီးချက်မှာ ထိုမျှနှင့် ရပ်တန့် မသွားသေး။ နဂါးတကောင်ပမာ ပိုင်ယိဟုန်၏ ကိုယ်ခန္ဓာအတွင်းသို့ ဆက်လက် တိုးဝင်သွား၏။

ပိုင်ယိဟုန်၏ ကိုယ်ခန္ဓာသည် ဥက္ကာပျံပမာ လေထဲသို့ လွင့်စဉ်သွားရှာ၏။ ထိုဖြစ်ရပ်ကို မြင်တွေ့လိုက်သော လူတိုင်းလိုလိုမှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသားနှင့် ဖြစ်ကုန်ကြ၏။

ဘာတွေများ ဖြစ်ပျက်ကုန်သနည်း။

ပထမဆုံး သတိဝင်လာသူမှာ ဝမ်တောက်ရှန်း ဖြစ်သည်။

“ဟာ မူလချီစွမ်းအား ပညာရှင်ပါလား မင်းရဲ့ အစေခံက မူလချီစွမ်းအား ပညာရှင်ပေါ့ ပြီးတော့ သူက တောင်ရိုးကမ်းပါးလူမျိုး”

ထိုအချိန်မှာပင် မရှုမလှ ခံလိုက်ရသော ပိုင်ယိဟုန်ကို ကြည့်ရင်း စုချန်းက အေးဆေးသော လေသံနှင့် ပြောလိုက်သည်။

“တောင်ရိုးကမ်းပါးလူမျိုး ချီစွမ်းအားပညာရှင် တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရရှိလာစေဖို့ မင်းကတော့ ပထမဦးဆုံး အစမ်းသပ်ခံ ဖြစ်သွားပြီ ပိုင်ယိဟုန်”

All Chapters