← Chapters

ခေါင်းမာသူ

Vol. 17 Ch. 168

ခေါင်းမာသူ

Vol. 17 Ch. 168

နောက်တစ်နေ့ မိုးလင်းသည်နှင့် စုချန်းသည် မြစ်ကမ်းနံဘေးရှိ ကျောက်တုံးအိမ်လေးသို့ နောက်တစ်ကြိမ် ရောက်သွားပြန်သည်။ ဤတစ်ကြိမ်တွင်ကား ရှီကိုင်းဟွမ်သည် သားရဲသတ္တဝါဆိုးနှင့် တိုက်ခိုက်ကာ အလုပ်ရှုပ်နေခြင်း မရှိတော့။ သူ့အခန်းရှိ ဟာလာဟင်းလင်း ဖြစ်နေသော တစ်နေရာတွင် ထိုင်ရင်း ထူးဆန်းပြီး နက်နဲသိမ်မွေ့လှသော မျဉ်းကြောင်းတချို့ကို ရေးဆွဲနေ၏။ တစ်ခဏအကြာ ၎င်းမျဉ်းကြောင်းများသည် အဆန်းတကြယ်နိုင်လှသော မူလစွမ်းအင် ကမ္ဗည်းစာများအဖြစ် ပုံပေါ်လာတော့သည်။

ပထမတစ်ကြိမ် ကြည့်မိချိန်ဝယ် မည်သည့် ခံစားချက်မှ ဖြစ်ပေါ် မလာသော်လည်း နောက်တစ်ကြိမ် ပြန်ကြည့်မိချိန်တော့ စုချန်း၏ စိတ်အာရုံ တစ်ခုလုံးသည် ကမ္ဗည်းစာ၏ လျှို့ဝှက်ဆန်းကြယ်မှုများထဲတွင် နစ်ဝင် သွားတော့သည်။ ထူးခြားသော အနေအထားကြောင့် တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း စုချန်း ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုအခါ သူက သူ့ကိုယ်သူ လက်ဝါးဖြင့် ကြမ်းတမ်းစွာ ရိုက်ပုတ်ပြီး သတိပြန်ကပ်လာအောင် ကြိုးစားယူလိုက်ရ၏။ အနှီ ကမ္ဗည်းစာသည် သူ့အတွက် နားလည် သဘောပေါက်ရန် ခက်ခဲလွန်းနေမှန်း သဘောပေါက်လိုက်ပြီ ဖြစ်လေရာ စုချန်းအဖို့ ၎င်းကို နောက်တကြိမ် ပြန်ကြည့်တော့မည်မဟုတ်။

ရှီကိုင်းဟွမ်သည် အံ့သြလွန်း၍ အမေဋိတ်သံ တချို့ပင် ထွက်ပေါ်လာ၏။ အမှန်တော့ စုချန်းတယောက် သူ့ကိုယ်သူ သတိပြန်ကပ်လာအောင် လုပ်ယူနိုင်လိမ့်မည် မဟုတ်ဟု ရှီကိုင်းဟွမ်က ယူဆထားသည် မဟုတ်ပါလား။ ထို့နောက် သူက မေးလိုက်သည်။

“ကောင်လေး မင်း ဒီနေရာကို ဘာလာလုပ်ပြန်တာတုန်း”

စုချန်းကား ရှီကိုင်းဟွမ်၏ မေးခွန်းကို ပြန်မဖြေချေ။ ထိုအစား သူသည် ခြေတစ်ချက် ဆောင့်ပြီး ခုန်လိုက်လေရာ သူ့ပုံရိပ်သည် အလင်းတန်းတခုပမာ အနီးအနားရှိ သစ်ပင်ဆီသို့ တိုးဝင်သွား၏။ သစ်ပင်အနီးသို့ ရောက်သည်နှင့် စုချန်းသည် သစ်ရွက် လက်တစ်ဆုပ်ခန့်ကို ခြွေယူပြီး လေထဲသို့ ပစ်လွှတ်လိုက်၏။ သစ်ရွက်များသည် မြားအုပ်ကြီးပမာ လေဟုန်ကို ခွင်း၍ ပျံသန်းသွားပြီး အဝေးရှိ သစ်ပင်တပင်ကို စိုက်ဝင်သွားကာ အပေါက်ပေါင်း များစွာကို ဖြစ်ပေါ်စေခဲ့လေသည်။

“ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများနဲ့ မြူခိုးကြားထဲက မြေခြေလှမ်းဟာ လောင်ချိနိုင်ငံ ကုမျိုးနွယ်စုရဲ့ သွေးဗီဇ မူလစွမ်းရည်တွေပဲ”

ပြောပြောဆိုဆို သူက နောက်ထပ် သစ်ရွက် လက်တစ်ဆုပ်စာကို ယူပြီး သစ်ကိုင်းကို ခြေတစ်ချက် ဆောင့်နင်းကာ ခုန်လိုက်ပြန်သည်။ ထိုအခါ သူ့ကိုယ်ခန္ဓာသည် တိမ်များပေါ်တွင် လမ်းလျှောက်နေသည့်ပမာ ခြေလှမ်းပေါင်းများစွာ ရွေ့လျားသွား၏။ ထိုအခိုက်မှာပင် သူက လက်ထဲရှိ သစ်ရွက်များကို ပစ်လွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်ကား သစ်ရွက်များသည် သစ်ပင်တစ်ပင်လုံးကို ဖောက်ထွင်းသွားခဲ့ပြီး ကြီးမားလှသော အပေါက်ကြီးများ ဖြစ်ပေါ်လာ၏။

ထို့နောက်တွင်တော့ စုချန်း၏ ကိုယ်ခန္ဓာသည် လေထဲမှနေ၍ တဖြည်းဖြည်း အောက်သို့ သက်ဆင်းလာ၏။

“ဒါလည်း မြူခိုးကြားထဲက မြွေခြေလှမ်းနဲ့ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများကို သုံးထားတာပဲ ဒါပေမဲ့ စွမ်းရည်ကျတော့ မတူတော့ဘူး သွေးဗီဇတဝက်ပါတဲ့ လူတယောက်ရဲ့ အဆင့်အတန်းမျိုးကို ရောက်သွားပြီ”

နောက်ဆုံးတွင်တော့ ရှီကိုင်းဟွမ်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသော အရိပ်အယောင်များ ယှက်သန်းစပြုလာ၏။ စုချန်းက သူ့လက်စွပ်အတွင်းမှ ဆေးပုလင်းတစ်လုံးကို အေးအေးဆေးဆေး ဆွဲထုတ်ရင်း ပြောလိုက်ပြန်သည်။

“ဒီဆေးပုလင်းထဲမှာ ပျံသန်းနေသောမြွေ သွေးဗီဇအတွက် ဖော်စပ်ထားတဲ့ မူလပစ္စည်းဆေးရည် ပါတယ် ကျွန်တော်ဟာ ဒါကို စိမ်းကားခြင်း ရေအလျင် ဆေးပင်ထဲကနေ ထုတ်ယူပြီး နှစ်ကြိမ်တိုင်တိုင် ပြန်လည် သန့်စင်ခဲ့ရတယ်၊ ဒါကို သုံးပြီး ကျွန်တော်ဟာ သွေးဗီဇမရှိသူ တစ်ယောက်ရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့တယ်၊ ထပ်ပြောရင် လွန်ခဲ့တဲ့ နှစ်ဝက်လောက် အတွင်းမှာ ကျွန်တော့်ရဲ့ ပျံသန်းနေသော မြွေသွေးဗီဇ သုတေသနနဲ့ မူလစွမ်းအင် ပြောင်းလဲမှုဟာ ထိုက်သင့်သလောက် အောင်မြင်မှု ရခဲ့တယ် ဒါကြောင့် ...”

စကားကို ဆုံးအောင် မပြောဘဲ စုချန်းက နောက်တစ်ကြိမ် ပြန်လည်လှုပ်ရှား လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ သူက နောက်ဆုတ်လိုက်ခြင်း ဖြစ်သည်။ နောက်ဆုတ်သည် ဆိုရာတွင်လည်း ရိုးရိုးတန်းတန်း နောက်ဆုတ်သည်မဟုတ်။ ရေကန်အတွင်းသို့ နောက်ဆုတ်လိုက်ခြင်း ဖြစ်သည်။ ရေကန်အတွင်းသို့ ရောက်သော် စုချန်းသည် လမ်းလျှောက်နေ၏။ သူ့ခြေထောက်များမှာ အနည်းငယ်မျှပင် ရေစိုခြင်းမရှိ။

ပထမအကြိမ်တွင် စုချန်းသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကို သုံး၍ မြန်နိုင်သမျှ မြန်အောင် လှုပ်ရှားပြခဲ့၏။ ဤတစ်ကြိမ်တွင်ကား သူသည် ရေပေါ်တွင် အလွန်အေးဆေးသော အမူအရာဖြင့် နောက်ပြန် လမ်းလျှောက်ပြနေခြင်း ဖြစ်သည်။ စုချန်း၏ မြွေခြေလှမ်းများ များစွာ တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း မြင်သာနေ၏။

ပျံသန်းနေသော မြွေသွေးဗီဇ၏ မူလပစ္စည်းဆေးရည်ကို ပိုမိုပြည့်စုံ ကောင်းမွန်လာအောင် ဖန်တီးနိုင်ခဲ့သည့်အပြင် ပြင်းပြင်းထန်ထန် သုတေသန ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် စုချန်းသည် သွေးဗီဇအတွင်း မူလစွမ်းအင် ပြောင်းလဲမှုကို နားလည်လာပြီး ၎င်းကို တုပနိုင်ခဲ့၍ ဤအဆင့်သို့ ရောက်လာခြင်းဖြစ်သည်။

ရေပေါ်တွင် လမ်းလျှောက်နိုင်သော ထိုစွမ်းရည်သည် အဆိုပါ တိုးတက်မှု၏ ပြယုဂ်ပင် ဖြစ်သည်။ အမှန်တွင် သူ့စွမ်းရည်သည် သွေးဗီဇတစ်ဝက်ပါသူ တစ်ယောက်၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ စုချန်း၏ တိုးတက်မှုမှာကား အံ့မခန်းပေတကား။ လူအတော်များများသည် သူ့တို့၏ ကိုယ်ခန္ဓာကို မြန်အောင် လုပ်ကောင်း လုပ်နိုင်ပေလိမ့်မည်။ သို့သော် သစ်ရွက်ခြောက်များကဲ့သို့ ပေါ့ပါးလာအောင် လုပ်ရန်မှာကား အလွန်ခက်လှ၏။

စုချန်းအဖို့ ပျံသန်းနေသော မြွေသွေးဗီဇမှ ဆင်းသက်လာသော အနှီမူလစွမ်းရည်ကို သူတပါးရှေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။ ထိုအခါ ရေပေါ်တွင် မတ်တတ်ရပ်နေရင်း စုချန်းက မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှု ရှိသော ဟန်ပန်ဖြင့် ရှီကိုင်းဟွမ်ကို ပြောလိုက်၏။

“ကျွန်တော်ဟာ သွေးဗီဇ ကန့်သတ်ချက်တွေကို အောင်အောင်မြင်မြင်ပဲ ကျော်ဖြတ်ခဲ့ပြီးပါပြီ ဆရာကြီး”

သို့သော် အဘိုးကြီး ရှီကိုင်းဟွမ်ကား မျက်ခုံးအစုံကို ပင့်ရုံသာပင့်လိုက်သည်။ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိ။ ထို့နောက် သူက စုချန်းကို မွဲနောက်နောက် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဟေ့ကောင် မလှုပ်နဲ့”

“ဗျာ”

စုချန်းခမျာ ရှီကိုင်းဟွမ်၏ စကားကို နားမလည်နိုင် ဖြစ်နေရှာသည်။ ထိုအခါ ရှီကိုင်းဟွမ်က ထပ်ပြောပြန်သည်။

“မင်းကို အဲဒီမှာပဲ ငြိမ်ငြိမ်လေးရပ်နေ မလှုပ်နဲ့လို့ ပြောနေတာကွ”

ရှီကိုင်းဟွမ်၏ စကားကြောင့် စုချန်း တွေဝေသွားသော်လည်း သူပြောသည့်အတိုင်း ရေပေါ်တွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေရန် ကြိုးစားလိုက်၏။ ထိုအချိန်မှာပင် သူ့တစ်ကိုယ်လုံးသည် ရေထဲသို့ တဖြည်းဖြည်း နစ်မြုပ် သွားတော့သည်။ စုချန်း ပြာယာခတ်သွား၏။ သူသည် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းသိမ်းရန် ကြိုးစားသော်လည်း ခြေထောက်များမှစ၍ နစ်မြုပ်လာပြီး နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး ရေအောက်သို့ ရောက်သွားတော့သည်။

စုချန်း၏အဖြစ်ကို ကြည့်ရင်း ရှီကိုင်းဟွမ် ခေါင်းခါယမ်းလိုက်သည်။

“မင်းဟာ ပြောသလောက် မဟုတ်သေးပါဘူးကွာ”

ထို့နောက် သူသည် ခေါင်းကိုငုံ့၍ ကမ္ဗည်းစာကို ဆက်လက် ရေးသားနေတော့သည်။

စုချန်းအဖို့ကား နောက်တစ်ကြိမ် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ နှစ်ရက်အကြာတွင် စုချန်းတယောက် ထိုနေရာသို့ ပြန်လာပြန်၏။ ဤတကြိမ်တွင်တော့ သူသည် စွမ်းရည်များ ပြသခြင်းမပြုတော့။ သူ့တွင် လှည့်ကွက်တချို့ ကျန်နေသေးသော်လည်း ထိုလှည့်ကွက်မျိုးနှင့် ရှီကိုင်းဟွမ်ကို သွားစမ်းပါက လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံးတွင် ရှီကိုင်းဟွမ် ရှာဖွေနေသည်မှာ ထူးချွန်သည့် ကျောင်းသား မဟုတ်မှန်း စုချန်း သဘောပေါက်လာ၏။ သူသည် အမှားတခုကို လှလှပပ ကျူးလွန်နေမိခြင်း ပေတကား။ လက်စသတ်တော့ ရှီကိုင်းဟွမ်သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အရေးစိုက်သည့် ဆရာမျိုး ဟုတ်ဟန်မတူ။ သူသာ ထိုသို့သော လူစားမျိုး ဖြစ်ခဲ့လျင် ရှေးယခင် ကတည်းက တပည့်တစ်ယောက် ရွေးချယ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှီကိုင်းဟွမ်၏ ရှေ့တွင် အစွမ်းပြခြင်းမှာ အလကားသာတည်း။ မည်မျှပင် ပါရမီရှင် ဖြစ်နေစေကာမူ သူ့စိတ်နှင့် မတွေ့ပါက ရှီကိုင်းဟွမ်က တပည့်အဖြစ် လက်ခံလိမ့်မည်မဟုတ်။

အထက်ပါအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခြားနည်းလမ်းတစ်မျိုးကို အသုံးပြုရန် စုချန်းက ဆုံးဖြတ်လိုက်သည်။

သူ ပထမဦးဆုံး စလုပ်သည့် အလုပ်မှာ ရှီကိုင်းဟွမ်၏ အခန်းကို သန့်ရှင်းရေး လုပ်ပေးခြင်းဖြစ်သည်။ အဘိုးကြီး ထွက်သွားသည်နှင့် စုချန်းသည် အိမ်အတွင်းသို့ ခိုးဝင်ပြီး သန့်ရှင်းရေး စလုပ်တော့သည်။ ရှီကိုင်းဟွမ်သည် တစ်ယောက်တည်း နေထိုင်လာသည်မှာ နှစ်ကာလ ကြာမြင့်လှပြီ ဖြစ်လေရာ သူ့အိမ်မှာ အလွန်ပင် ညစ်ပတ်လှ၏။ ယခုတော့ စုချန်း၏ ကြိုးစား အားထုတ်မှုကြောင့် ဖုန်မှုန့်မျှပင် မရှိတော့။ နောက်ဆုံးတွင် စုချန်းသည် ရှီကိုင်းဟွမ်အတွက် စားသောက်ဖွယ်ရာများ ချက်ပြုတ်ပြီး သူပြန်အလာကို စောင့်ဆိုင်း နေခဲ့လေသည်။

ရှီကိုင်းဟွမ် အိမ်သို့ ပြန်ရောက်သောအခါ ထိုမြင်ကွင်းကြောင့် နှုတ်ခမ်းအစုံကို တွန့်ကွေး၍ ပြုံးလိုက်သည်။ ထို့နောက် သူသည် စုချန်း ချက်ပြုတ်ထားသော စားသောက်ဖွယ်ရာများကို အားရပါးရ စားသောက်ပြီးနောက် တစ်ချိုးတည်း အိပ်ပျော် သွားတော့သည်။ သူသည် စုချန်းကို ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် အလေးမထား။

စုချန်းသည် အထက်ပါ နည်းလမ်းအတိုင်း ၁၀ ရက်တိတိ မပျက်မကွက် လုပ်ကိုင်နေခဲ့ရာ နောက်ဆုံးတွင် ရှီကိုင်းဟွမ်တစ်ယောက် သဘောကျလာ၏။ ၁၁ ရက်မြောက်နေ့တွင်ကား အဘိုးကြီး ရှီကိုင်းဟွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

“မင်းကို အရေးတယူ မရှိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ ကောင်လေး မင်းလုပ်နေတဲ့ နည်းလမ်းတွေကို လွန်ခဲ့တဲ့ ၁၂ နှစ်က မင်းထက်အရင် ကျောင်းသား တစ်ယောက် စမ်းကြည့်ခဲ့ပြီးပြီ ငါကလည်း ပြောလိုက်တယ်၊ မင်းတို့လုပ်နေတဲ့ နည်းလမ်းတွေဟာ အသုံးမဝင်ဘူး၊ ငါဟာ ဘယ်တပည့်မှ လက်မခံဘူးလို့ ဒါကို သူ မယုံခဲ့ဘူး၊ ဒီထက် နည်းနည်းသာ ကြိုးစားခဲ့ရင် ငါ့စိတ်တွေ ပြောင်းလဲ လာလိမ့်မယ်လို့ သူ ထင်နေခဲ့တယ် ငါလည်း သူ့ကို ကြိုးစားခွင့် ပြုလိုက်တယ်၊ နှစ်ကုန်လို့ ကိုယ်ပိုင်နည်းပြဆရာ ရွေးချယ်ရမဲ့ အချိန်သာ ပြည့်သွားခဲ့တယ်၊ ငါ့စိတ်တွေ ပြောင်းလဲ မလာတဲ့အတွက် အဲဒီသူငယ်ဟာ ကျောင်းတော်ရဲ့ မျိုးဆက်သစ်ဆိုတဲ့ အဆင့်အတန်းကို လက်လွှတ်ခဲ့ရရှာတယ် နောက်ဆုံးတော့ နောင်တတွေနဲ့ အဲဒီသူငယ်ဟာ ငိုနေခဲ့လေရဲ့”

ထိုစကားကို ကြားလိုက်ရသောအခါ စုချန်း၏ မျက်နှာသည် မသိမသာ တင်းမာသွား၏။ ထိုစဉ် ရှီကိုင်းဟွမ်က စကားဆက်ပြန်သည်။

“တကယ်လို့ မင်းအနေနဲ့ ငါ့စကားကို မယုံဘူး ဒါကို ဆက်လုပ်ချင်တယ် ဆိုရင်လည်း သဘောပဲ ဟိုတနေ့က မင်းချက်ထားတဲ့ ကြက်သားပြုတ်ကြော်ဟာ တကယ်ကောင်းတယ် ဒါမျိုးတွေ ခဏခဏ လုပ်ပေးတော့လည်း ငါ့မှာ အစားကောင်း အသောက်ကောင်း စားရတာပေါ့ကွာ”

စုချန်းက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ခေါင်းခါလိုက်သည်။

“ဆရာကြီးက စကားကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီဆိုတော့ ကျွန်တော့်အနေနဲ့ ဒီလမ်းကို ဆက်လျှောက်ဖို့ မလိုအပ်တော့ဘူးပေါ့လေ ဒီတစ်ကြိမ်မှာတော့ ဆရာကြီးရဲ့ အကြံပြုချက်ကို စုချန်း နားထောင်လိုက်ပါမယ်”

“တယ်လဲ သနားစရာ ကောင်းတဲ့ကောင် ဒီလိုပြောလိုက်ရုံနဲ့ပဲ မင်းဟာ အလွယ်တကူ လက်လျှော့ လိုက်ပြီပေါ့လေ နည်းနည်းပါးပါး ထပ်ပြီး ကြိုးစားကြည့်ပါဦးလား တကယ်လို့ နက်ဖြန် ငါ့စိတ်တွေ ပြောင်းသွားရင်ကောကွာ”

သို့သော် စုချန်းက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။

“ဒါဟာ လမ်းဆုံးကြီးမှန်း သိလိုက်ကတည်းက လက်လျှော့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ ဆရာကြီး လက်လျှော့သင့်တဲ့ အချိန်မှာ လက်လျှော့ရမှန်း သိဖို့က အရေးကြီးပါတယ် ခင်ဗျာ”

“သနားစရာ ကောင်းလိုက်တာ”

ရှီကိုင်းဟွမ်က ခေါင်းကိုမော့ပြီး အားရပါးရ ရယ်မောလိုက်သည်။

“မင်းရဲ့ ဝန်ဆောင်မှုတွေကိုတော့ ငါ သတိရနေတော့မှာပဲဟေ့ ဘယ်သူမှ ငါ့ကို ဒါမျိုး မလုပ်ပေးတာ အတော်ကြာသွားပြီကွ”

ထိုအခါ စုချန်းက …

“ဒါပေမဲ့ ကျွန်တော်ဟာ ဆရာကြီးရဲ့ တပည့်တစ်ယောက် ဖြစ်ချင်နေတုန်းပါပဲ ခင်ဗျာ”

“ထွီ ဒီနေရာက မြန်မြန် ထွက်သွားစမ်း ငါက မင်း အနိုင်ရဖို့ ကြိုးစားနေတဲ့ သားရဲဧကရာဇ်လို ကောင်စားမျိုး မဟုတ်ဘူးကွ”

All Chapters