ကောင်းကင်ဘုံကိုလွှမ်းခြုံမဲ့ အသည်းနှလုံးပိုင်ရှင်
Vol. 17 Ch. 169
“မင်းကိုငါ အစကတည်းက ပြောသားပဲ ဒီအဘိုးကြီးဟာ ရူးနေတာပါဆို သူဟာ ခုချိန်ထိ ဘာယ်တပည့်ကိုမှ လက်မခံသေးတာ ကြည့်ရင် ဒီအချက်က အသိသာကြီးပဲဟာ ထားလိုက်ပါကွာ မင်းဘာပဲလုပ်ခဲ့လုပ်ခဲ့ ခုချိန်မှာ အရေးမပါတော့ပါဘူး”
အထက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးနောက် ဝမ်တောက်ရှန်းက မြက်ပင်အပိုင်းအစ တချို့ကို ကောက်ဝါးလိုက်သည်။ သူတို့နှစ်ယောက်သည် နဂါးကျောင်းတော်၏ အဌဂံအခန်းတွင် ထိုင်နေကြခြင်း ဖြစ်သည်။ စုချန်းသည် အခန်းကို ကျောပေးကာ ထိုင်နေပြီး ပြတင်းပေါက်မှ တွေ့မြင်နေရသော ရေကန်အနီးရှိ ရှုခင်းများကို ရီဝေသော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေ၏။
“ဒီလိုမဟုတ်ပဲ ကျုပ်ဟာ ခုချိန်ထိ သူ့ရဲ့ အားနည်းချက်ကို ရှာမတွေ့သေးတာလည်း ဖြစ်နိုင်တယ် သူ့ကို လှုံ့ဆော်ပေးနိုင်တဲ့အရာ တစ်ခုခုတော့ သေချာပေါက် ရှိရမယ်ဗျ”
“ငါထင်တာကတော့ သူ့အနေနဲ့ ဘယ်တပည့်ကိုမှ လက်မခံချင်တာမျိုးဘဲ ဖြစ်ရမယ် ဒီလို ကျောင်းတော်ကြီးမှာ ဒီလို ကျိုးကြောင်း ဆီလျော်မှုမရှိတဲ့ ကိစ္စမျိုး ဖြစ်နေတာ ရယ်စရာ မကောင်းဘူးလား တပည့်တစ်ယောက်တောင် မရှိပဲနဲ့ ဒီလိုလူစားမျိုးကို နည်းပြဆရာလို့ ငါတို့ ဘယ်လို သတ်မှတ်မလဲ မင်းအနေနဲ့ တပည့်လက်မခံချင်ရင် နဂါးကျောင်းတော်မှာ ကပ်ရပ်ပြီး မနေနဲ့လေကွာ ဒါ ရှင်းရှင်းလေးပဲ”
“သိပ်မှန်တာပေါ့ ဆရာမလုပ်ချင်ဘူး ဆိုရင် နဂါးကျောင်းတော်ကို မလာရုံဘဲမလား”
စုချန်းက တစိမ့်စိမ့် စဉ်းစားရင်း ပြောလိုက်သည်။
“သူ ဒီနေရာမှာ ရှိနေတယ် ဆိုတာ တပည့်တစ်ယောက် ကျိန်းသေပေါက် လိုချင်လို့ပဲ ဆိုလိုတာက ကျုပ်ဟာ သူလိုချင်တဲ့ အရည်အချင်းတွေနဲ့ မကိုက်ညီသေးဘူး ဆိုတဲ့ သဘောပေါ့လေ”
“အရည်အချင်းနဲ့ မကိုက်ညီဘူး ဟုတ်လား၊ မင်းလိုလူစားမျိုးတောင် သူလိုချင်တာနဲ့ မကိုက်သေးဘူး ဆိုရင် သူဟာ့က ဟုတ်ကော ဟုတ်သေးရဲ့လားကွာ”
ဝမ်တောက်ရှန်းက မဲ့ကာရွဲ့ကာနှင့် ပြောလိုက်သည်။
“နို့ သူလိုချင်တာ နှစ်တစ်သောင်းလောက်မှာမှ တစ်ခါလောက်ပေါ်တဲ့ ပါရမီရှင်မျိုးလား”
ဝမ်တောက်ရှန်း၏ စကားကို ကြားသောအခါ စုချန်းက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ပြောလိုက်သည်။
“ဒီပုဂ္ဂိုလ်က ညဏ်ရည်မြင့် မျိုးစိတ်တွေ နှစ်ပေါင်း သောင်းနဲ့ချီပြီး မက်ခဲ့ကြတဲ့ အိပ်မက်နဲ့ ထပ်တူညီတဲ့ အိပ်မက်မျိုးကို မက်နေတာဗျ ဒီတော့ သူလိုချင်တဲ့ တပည့်ဟာ တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးလောက်အောင် ထူးချွန်တဲ့ ပါရမီရှင်မျိုး ဆိုရင်လည်း သိပ်တော့ မဆန်းဘူးပဲ ဆိုရတော့မှာပေါ့”
“ကြားရတာ ရယ်စရာကောင်းလိုက်တာကွာ”
ဝမ်တောက်ရှန်းက မြက်ပင်ကို ပလုတ်ပလောင်း စားနေရင်း ပြောလိုက်သည်။ အတန်ကြာသော် သူက မေးလိုက်ပြန်၏။
“ဒါနဲ့ နေစမ်းပါဦး နဂါးကျောင်းတော်မှာ ထူးချွန်ထက်မြက်တဲ့ ဆရာတွေဆိုတာ ပုံလို့ပါကွာ ဒါပေမဲ့ မင်းကတော့ ဒီလောက် ခေါင်းမာပြီး ရူးသွပ်နေတဲ့ အဘိုးကြီးကိုပဲ မျက်စေ့ကျနေတယ် ဒီတော့ ငါ့ကို ပြောစမ်းပါဦး မင်းက သူ့ကို ဘယ်လိုများ မြင်နေလို့တုန်း”
ထိုအခါ စုချန်းက တွက်တွက်ဆဆနှင့် ပြောလိုက်သည်။
“အင်း ပြောရမယ် ဆိုရင်တော့ နှစ်ချက်ရှိတယ်ဗျ ပထမတစ်ချက်ကတော့ ကျုပ်ကိုယ်တိုင်က သူ့ကို လေးစားလို့ပဲ ... ဒီနေရာမှာ ကျုပ်က သူ့ကို လေးစားတယ်ဆိုတာ ကျုပ်ကို ခွေးလိုနွားလို ဆူပူကြိမ်းမောင်းနိုင်တဲ့ ပထမဆုံးလူ ဖြစ်လို့တင်မကဘူး သူ့မှာ ကောင်းကင်ဘုံကိုပါ လွှမ်းခြုံနိုင်တဲ့ အသည်းနှလုံးမျိုး ပိုင်ဆိုင်ထားလို့ပဲ ... တစ်ခါတလေကျရင် မဖြစ်နိုင်မှန်း သိရဲ့နဲ့ ဆက်လုပ်နေမိတယ် ဆိုတာ သူ့အပေါ် လေးစားကြည်ညိုမိတဲ့ စိတ်ကြောင့်လည်း ပါတာပေါ့”
“ကောင်းပြီလေ ကြားရတာ နည်းနည်း ရယ်စရာကောင်းနေတယ် ဆိုပေမဲ့ 'အရူးတွေက ကမ္ဘာကြီးကို မောင်းနှင်နေတယ်' ဆိုတဲ့ ရှေးစကားအတိုင်းပေါ့ ... ငါ လက်ခံပါတယ် ... ဒုတိယ အကြောင်းပြချက်ကကော ဘာတဲ့လဲ”
ဝမ်တောက်ရှန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။ ထိုအခါ စုချန်းက ...
“ဒုတိယ အကြောင်းပြချက်ကတော့ လူသားတွေ နှစ်ပေါင်း ထောင်ချီ မက်ခဲ့တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ သူ့လမ်းစဉ်ကို ဆက်လျှောက်ချင်လို့ပဲ ကျောင်းတော်ရဲ့ များပြားလှတဲ့ နည်းပြဆရာတွေကြားထဲမှာ ဒီလို ရည်မှန်းချက်က သူ တစ်ယောက်ထည်းပဲ ရှိနေတာကို တွေ့ရတယ်”
ထိုစကားကို ကြားလိုက်သည်နှင့် ဝမ်တောက်ရှန်းတစ်ယောက် သူ့နဖူးကိုသူ ဖြန်းခနဲ ပုတ်မိတော့သည်။
“သေရောပေါ့ကွာ လက်စသတ်တော့ မင်းလည်း သူ့လိုပဲ ရူးနေတာကိုး ... စုချန်း မင်း ခုချိန်ထိ ဒီကိစ္စကို သဘောမပေါက်သေးဘူးလားကွာ”
ထို့နောက် သူက စုချန်းကို ကြည့်ပြီး စကားတစ်လုံးချင်းစီကို အားယူကာ ပြောလိုက်၏။
“ဒါ မဖြစ်နိုင်ဘူး ငါ့ညီ မင်းအနေနဲ့ ဒီကိစ္စကို ရပ်တန်းက ရပ်လိုက်သင့်တယ်ကွ”
“မဖြစ်နိုင်ဘူး ဟုတ်လား”
စုချန်းက ဝမ်တောက်ရှန်းကို ငေးကြည့်လိုက်သည်။ ထိုအခါ ဝမ်တောက်ရှန်းက လေးနက် တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ခုဆိုရင် နှစ်ပေါင်း ထောင်သောင်းချီပြီး ကျော်လွန်လာခဲ့ပြီ ညဏ်ရည်မြင့် မျိုးစိတ်တွေထဲက ပါရမီရှင်တွေ ဘယ်နှယောက်လောက် ဒီအိပ်မက်ကို မက်ခဲ့ကြတယ်လို့ မင်း ထင်သလဲ ဒါကို ဘယ်သူမှ အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြဘူးကွ၊ ဒါမှမဟုတ် ငါတို့ အောင်မြင်ခဲ့ပြီးတာလဲ ဖြစ်ကောင်း ဖြစ်နေနိုင်တာပဲ သွေးဗီဇဟာ မူလစွမ်းရည်ကို ထိန်းချုပ်ဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်နေတာမျိုးပေါ့၊ ဒါဆိုရင် ငါတို့အနေနဲ့ ဘာကြောင့်များ တခြား နည်းလမ်းတွေကို လိုက်ရှာနေအုံးမှာလဲ မဟုတ်ဘူးလား”
“ဘာကြောင့်လည်း ဆိုတော့ ကျုပ်မှာ သွေးဗီဇမရှိလို့ပေါ့ ပြီးတော့ သွေးဗီဇ မရှိတာဟာ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး ကျုပ်နဲ့ ဘဝတူတွေ အများကြီး ရှိတယ်”
စုချန်းက ဖြေလိုက်သည်။ ဝမ်တောက်ရှန်း ဆွံ့အသွား၏။ ထိုအခါ စုချန်းက စကားဆက်ပြန်သည်။
“ထပ်ပြောရရင် သွေးဗီဇတွေဟာ ထင်သလောက် အားမကောင်းဘူး ဆိုတဲ့ အချက်ကြောင့်လည်း ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ညဏ်ရည်မြင့် မျိုးစိတ်တွေရဲ့ အဓိကရန်သူဟာ သားရဲသတ္တဝါဆိုးတွေပဲ သွေးဗီဇဆိုတာကလည်း ဒီသတ္တဝါတွေကနေမှ ဆင်းသက်လာတာ ဒီတော့ သူတို့ရဲ့ အင်အားကို မှီခိုနေရတဲ့ ကျုပ်တို့တတွေ သူတို့ကို အနိုင်ရဖို့ဆိုတာ ဖြစ်နိုင်ပါဦးမလား ဥပမာအနေနဲ့ ပြောမယ်ဆိုရင် ဝမ်တောက်ရှန်းဆိုတဲ့ အစ်ကိုကြီးဝမ် ... ခင်ဗျားဟာ နှင်းကြိုးကြာ သွေးဗီဇဆက်ဆံသူပဲ တကယ်လို့ ခင်ဗျားရဲ့ သွေးဗီဇဟာ အမြင့်ဆုံး အနေအထားဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းထိ နိုးထလာခဲ့မယ် ဆိုပါစို့ ... အဲဒီလိုဆိုရင် ခင်ဗျားအနေနဲ့ နှင်းကြိုးကြာ ဧကရာဇ်ကို ယှဉ်နိုင်ပါ့မလား ... မယှဉ်နိုင်ဘူးဗျ မယှဉ်နိုင်ဘူး ဘယ်တော့မှ မယှဉ်နိုင်ဘူး ဘာကြောင့်လည်း ဆိုတော့ ဒီသွေးဗီဇဟာ ခင်ဗျားတို့ကို အင်အားပေးသလို တစ်ဖက်မှာလည်း ကန့်သတ်ချက်တွေ ဖြစ်ပေါ်နေစေလို့ပဲ”
၎င်းကို ကြားလိုက်ရသောအခါ ဝမ်တောက်ရှန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ထို့နောက် သူက ကျားကန်ကန်၍ ငြင်းဆန်ရန် ကြိုးစားလိုက်သည်။ သို့သော် ငြင်းဆန်ရန် စကားလုံး ရှာမတွေ့ရှာ။
စုချန်း ပြောလိုက်သည့် စကားသည် လူတိုင်း နားလည် သဘောပေါက်ထားပြီးသား သဘောတရားတစ်ခု ဖြစ်သည်။
သူတို့အနေနှင့် ကြိုးစားအားထုတ်ကာ လေ့ကျင့်ပါက အဆင့်တူ တခြား သွေးဗီဇရှင်များထက် သာလွန်ကောင်း သာလွန် လာပေလိမ့်မည်။ သို့သော် သွေးဗီဇဆိုင်ရာ ကန့်သတ်ချက်များသည် သူတို့၏ ရှေ့အလားအလာကို များစွာ ပိတ်ဆို့စေသကဲ့သို့ ရှိသည်။ သူတို့အားလုံး ထိုပတ်ဆို့မှုကို ကျော်လွှားနိုင်ရန် မစွမ်းသာကြ။ ၎င်းသည် လူသားမျိုးနွယ်စုများ အားလုံး အဘယ်ကြောင့် အကူအညီ ကင်းမဲ့နေရသနည်း ဟူသော မေးခွန်း၏ အဖြေလည်း ဖြစ်နေ၏။ လူသားများအနေနှင့် မည်မျှပင် အင်အားကြီးမား လာစေကာမူ သားရဲမျိုးစိတ်ကို အနိုင်ရရှိရန်မှာကား မဖြစ်နိုင်သေး။
ထို့ကြောင့် စုချန်း၏ စကားမှာ ရာနှုန်းပြည့် မှန်ကန်သည်ဟု ဆိုနိုင်လေသည်။ သွေးဗီဇများသည် လူသားတို့ကို ကြီးမားသည့် စွမ်းအားပေးသလို တဖက်တွင်လည်း ၎င်းတို့၏ အလားအလာကို ကန့်သတ်ထားသကဲ့သို့ ရှိသည်။
“ကံဆိုးတာက ဒါဟာ အိပ်မက် တစ်ခုလိုပဲ နားလည်ဖို့ မဖြစ်နိုင်ဘူးဟ”
ဝမ်တောက်ရှန်းက ခေါင်းခါရင်း ပြောလိုက်သည်။ ထိုအချိန်တွင် စုချန်းက ပြောလိုက်ပြန်သည်။
“ဒါသာ မဖြစ်နိုင်ဘူး ဆိုရင် ဘာကြောင့်များ ဒီအဘိုးကြီးဟာ ဒီအလုပ်ကို ဆက်လုပ်နေရသလဲ နှောင်းလူတွေကကော ဘာကြောင့် ဒီလို အိပ်မက်မျိုးကို မက်ခဲ့ရတာလဲ”
“ဒါက ...”
ဝမ်တောက်ရှန်းကား စကားလုံး ရှာမတွေ့။ စုချန်းက သူ့မေးခွန်းကို သူ့ဟာသူပင် ပြန်ဖြေလိုက်သည်။
“ဘာကြောင့်လဲဆိုတော့ ဒီလိုလူစားမျိုးတွေက မဖြစ်နိုင်ဘူး ဆိုရင်တောင် ဘယ်တော့မှ လက်မလျှော့တတ်တဲ့ လူစားမျိုးတွေ ဖြစ်နေလို့ပဲ သူတို့ရဲ့ ဘဝတစ်ခုလုံးကို လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးအတွက် မြှုပ်နှံထားကြတဲ့ လူစားမျိုးတွေ ဖြစ်နေလို့ပဲ”
ဝမ်တောက်ရှန်း ငြိမ်သက်သွား၏။ အတန်ကြာသော် သူ့မျက်လုံးထဲတွင် လေးစားသော အရိပ်အယောင်များ ယှက်သန်း လာလေသည်။
“မင်းပြောပုံအရဆိုရင် ဒီအဘိုးကြီးဟာ အတော်ကို လေးစားစရာ ကောင်းနေတာပဲ”
စုချန်းက သိမ်မွေ့စွာပြုံးရင်း ပြောလိုက်သည်။
“ဒါပေမဲ့ လူတွေဟာ သူ့ရဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက်ကို ဘယ်သူမှ အသိအမှတ် မပြုကြဘူးဗျ အေးလေ လူဆိုတာကလဲ ပါရမီနဲ့ အရည်အချင်းက လွဲပြီး ကိုယ်ကျင့်တရားတွေ စိတ်နေစိတ်ထားတွေ ဆိုတာကို အလေးမှ မထားကြပဲကိုးဗျ”
ကိုယ့်ဟာကိုယ် ပြောလိုက်ပြီးမှ စကားလုံးတို့၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို စုချန်း စဉ်းစားမိပြီး ဆတ်ခနဲ ဖြစ်သွားသည်။ ထိုအခိုက်မှာပင် သူ့စိတ်ထဲတွင် အဘိုးကြီးရှီ၏ မျက်နှာကို မြင်ယောင်လာ၏။ အဘိုးကြီးရှီ၏ စကားသံများကို ပြန်လည် ကြားယောင်လာ၏။
“လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးအတွက် သူရဲကောင်း ဘယ်နှယောက်လောက်ဟာ သူတို့ဘဝတွေကို ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ မင်း ထင်သလဲ”
“ကြီးမားတဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့ မင်းရဲ့နှလုံးသားဟာ နေရာမှန်မှာ ရှိနေဖို့လိုတယ် ဒီလိုသာ မဟုတ်ရင် လူသားမျိုးနွယ်အတွက် ကောင်းကျိုးဆောင် ပေးခဲ့ရင်တောင် ထိုက်တန်လိမ့်မယ်လို့ မင်း ထင်နေတာလား”
“ဒီလို မြင့်မြတ်တဲ့ ရည်မှန်းချက်ဆိုတာ ခဏတဖြုတ် အရူးချီးပန်း လျှောက်ပြောရမဲ့ အရာမဟုတ်ဘူးကွ ဘဝတစ်လျှောက်လုံး လိုက်လံ ရှာဖွေနေရမဲ့ အရာမျိုး”
ရှီကိုင်းဟွမ်၏ စကားလုံးတိုင်းသည် စုချန်း၏ နားထဲတွင် ပဲ့တင်ထပ်သကဲ့သို့ ပြန်လည်ကြားယောင်နေ၏။ ထိုအခါ သူ့မျက်လုံးများသည် ဝိုင်းဝိုင်းလည်လာပြီး သူ့ခြေလက်များမှာလည်း တဆတ်ဆတ် တုန်ယင်လာ၏။ စုချန်း၏ ထူးဆန်းသော အမူအရာကို မြင်သောအခါ ဝမ်တောက်ရှန်းက အထိတ်အလန့်နှင့် မေးလိုက်သည်။
“ဟေ့ ဟေ့ ဘာများ ဖြစ်နေတာတုန်းကွ”
ထိုအခါ စုချန်းသည် အဝေးတစ်နေရာကို ရီဝေသော မျက်လုံးအစုံဖြင့် စိုက်ကြည့်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“လက်စသတ်တော့ ကျုပ်ဟာ ငတုံးငအပဲဗျ ဒါကို အရင်ကတည်းက နားလည်ခဲ့ဖို့သင့်တာ ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ ဒါကို ကျုပ်ရဲ့ ပါရမီနဲ့ ဖြေရှင်းနိုင်မယ်လို့ ထင်ခဲ့မိတယ် သူ့ရှေ့မှာ ကြွားဝါပြီး ကျုပ်ကို လက်ခံလာအောင် ဟန်ရေးပြခဲ့မိတယ် ကျုပ် သိပ်မှားသွားပြီ အစ်ကိုကြီးဝမ် ကျုပ်ဟာ သူ့တပည့် ဖြစ်ချင်တယ်ဆိုရင် ပါရမီတွေ အရည်အချင်းတွေကို ပြရမှာ မဟုတ်ဘူးဗျ သူက ညဏ်ထက်မြက်တဲ့ ကျောင်းသားမျိုးကို ရှာနေတာမှ မဟုတ်ပဲကိုး။
သူတပည့် ဖြစ်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းဟာ သိပ်အများကြီး မလိုဘူး တစ်ခုပဲ လိုတာဗျ အဲဒါဟာ ဘာလဲဆိုတော့ ကောင်းကင်ဘုံကို လွှမ်းခြုံနိုင်တဲ့ နှလုံးသားမျိုး ပိုင်ဆိုင်ထားဖို့ပဲ”
ဝမ်တောက်ရှန်းတစ်ယောက် ပါးစပ်ကြီး ပြဲသွား၏။
“ကောင်းကင်ဘုံကို လွှမ်းခြုံနိုင်တဲ့ နှလုံးသားမျိုး ဟုတ်လား”
စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်ဗျ ဆရာကြီးရှီဟာ တပည့်ကို စံသတ်မှတ်ချက် တချို့နဲ့ ရွေးတာတော့ အမှန်ပဲ ဒါပေမဲ့ ဒီစံသတ်မှတ်ချက်ဟာ ညဏ်ပညာ မဟုတ်သလို ပါရမီနဲ့လည်း မဆိုင်ဘူး စိတ်ရှည် သည်းခံနိုင်စွမ်းနဲ့ စိတ်ဓာတ်ခိုင်မာမှုပဲ စိတ်ဓာတ်ခိုင်မာမှုဆိုတဲ့ နေရာမှာလည်း သူ့အတွက် ထမင်းကို သည်းညည်းခံပြီး ချက်ပြုတ်ပေးတာမျိုး မဟုတ်ပြန်ဘူး တကယ်တော့ သူလိုချင်တာ ကိုယ်လျှောက်မဲ့လမ်းဟာ အဆုံးမရှိဘူး ဆိုရင်တောင် ဘဝတစ်လျှောက်လုံး ဆက်လျှောက် သွားမယ်လို့ ဆုံးဖြတ်ချက် ချထားတဲ့ လူမျိုးပဲ အစ်ကိုကြီးဝမ်”
ဝမ်တောက်ရှန်း ပါးစပ် အဟောင်းသား ဖြစ်သွား၏။ အတန်ကြာမှ စိတ်နှင့်ကိုယ် ကပ်မိဟန်ဖြင့် ပြောလိုက်သည်။
“ဒီတော့ သူလိုချင်တဲ့ စံမျိုးကိုက်အောင် မင်းက ဘယ်လိုလုပ်မတုန်း”
စုချန်း ခေါင်းခါလိုက်သည်။
“ကျုပ်မသိဘူး”
စိတ်ပျက်သွားသော ဝမ်တောက်ရှန်း၏ မျက်နှာကို ကြည့်ရင်း စုချန်းက ပြုံးလိုက်သည်။
“ကျုပ်တို့ မသိတော့ကော ဘာအရေးလဲ သူ့ကိုပဲ မေးလိုက်ကြတာပေါ့”