ကန္တာရမှ နတ်ဆိုးဝံပုလွေများ
Vol. 18 Ch. 171
စုချန်း ဒူးထောက် လိုက်သည်နှင့် ရှီကိုင်းဟွမ်၏ ပုံစံသည် အလေးအနက် ဖြစ်လာ၏။ အနည်းဆုံးတော့ သူ့အမူအရာသည် တည်တည်တံ့တံ့ ဖြစ်လာသည်ဟု ဆိုရပေလိမ့်မည်။ သူသည် စုချန်းကို မမြင်ရသည့် အလား အနီးကပ် စူးစိုက်ကြည့်ရှုနေ၏။
ထို့နောက် သူက ပြောလိုက်သည်။
"မင်းပြောတာ တစ်ဝက်လောက်တော့ မှန်တယ်ကွ"
စုချန်း အံ့သြသွား၏။
ရှီကိုင်းဟွမ်က အေးဆေးသော လေသံဖြင့် စကားဆက်သည်။
"ငါ့အနေနဲ့ တပည့် လက်မခံချင်ဘူးဆိုတာ တခြားလူတွေနဲ့ မတူတဲ့ အတွေးအခေါ် ရှိနေလို့ ဆိုတာကတော့ မှန်တယ် ဒါပေမဲ့ အကုန်လုံးတော့ မမှန်ပြန်ဘူး"
ရှီကိုင်းဟွမ်၏ စကားကို နားထောင်ပြီးနောက် စုချန်း ထိတ်လန့် တုန်လှုပ်စ ပြုလာ၏။ ဤတစ်ကြိမ်တွင်လည်း ထပ်မံ ငြင်းဆန် ခံရပြန်ပြီလား မသိ။ မရေရာသော အတွေးများကြောင့် သူ့ခေါင်း တစ်ခုလုံး ပူထူ လာတော့သည်။ အထက်ပါအတိုင်း စုချန်း ခေါင်းရှုပ်နေစဉ်မှာပင် ရှီကိုင်းဟွမ်က စကား ဆက်ပြန်သည်။
"ဒါနဲ့ပဲ ငါဟာ တပည့်မလိုချင်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူးကွ"
မထင်မှတ်သော အလှည့်အပြောင်းများကြောင့် စုချန်း ပို၍ စိတ်ရှုပ်လာသည်။ အတန်ကြာမှ သူက သတိပြန်ဝင်လာပြီး ပြောလိုက်သည်။
"ဒီတော့ ဆရာကြီး ဆိုလိုတာက ကျွန်တော်ဟာ ဆရာကြီးလိုချင်တဲ့ တပည့်မျိုးရဲ့ စံချိန်စံညွှန်းကို မမီသေးဘူးပေါ့ ဟုတ်လား သူ့ကို မီအောင် ဘယ်လိုလုပ်ရမလဲ လမ်းညွှန်ပေးပါ ခင်ဗျာ"
"စံချိန်စံညွှန်း ဟုတ်လား"
ရှီကိုင်းဟွမ်က ထိုစကားစုကို တီးတိုး ရေရွတ်ပြီး ညင်သာစွာ ရယ်မောလိုက်သည်။
"ငါဆိုလိုတဲ့ အဓိပ္ပာယ်ကို မင်းက အဲဒီလို ခေါ်လိုက်တာပေါ့ ဟုတ်လား ကောင်းပါ့ကွာ မင်းခေါ်သလိုပဲ ငါ မှတ်ထားလိုက်မယ်"
ရှီကိုင်းဟွမ်၏ လေသံသည် စနောက်သော သဘောကိုဆောင်၏။ နွေးထွေးဟန်ရှိ၏။ ကြင်နာသော အငွေ့အသက်များ ပါဝင်နေ၏။ စုချန်း အပေါ်ထားရှိသော သူ၏ သဘောထားသည် ယခင်နှင့် မတူပဲ ပြောင်းလဲသွားပြီမှန်း သိသာနေပေသည်။ စုချန်းကား ခေါင်းမာသည့် အဘိုးကြီးရှီကို နားဝင်အောင် ပြုလုပ်နိုင်ခဲ့ပေပြီ။
ရှီကိုင်းဟွမ်က စုချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းအနေနဲ့ သစ္စာ စကားအတိုင်း ဆောင်ရွက်ချင်နေမှန်း၊ ဘိုးဘွား ဘီဘင်တွေ လျှောက်ခဲ့တဲ့ လမ်းကို ဆက်လျှောက်ချင်နေမှန်း ငါ နားလည်ပါတယ် ဒီဆုံးဖြတ်ချက်ကိုလည်း ငါ တကယ် လေးစားပါတယ် ဒါပေမဲ့ လာမဲ့လမ်းခရီးမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို မင်း သိရဲ့လား ကြိုကော တွေးထားရဲ့လား"
စုချန်းက ခေတ္တ စဉ်းစားဟန်ပြုပြီး ဖြေလိုက်သည်။
"ဆင်းရဲဒုက္ခတွေ... အဆိုးတကာ့ အဆိုးဆုံး ဆင်းရဲဒုက္ခတွေပေါ့ ဆရာကြီး လူသားမျိုးနွယ်စုတွေဟာ ဒီအိပ်မက်နောက်ကို နှစ်ပေါင်း ထောင်သောင်းချီအောင် လိုက်ခဲ့ကြပြီးပြီ ဒါပေမဲ့ အောင်မြင်မှုမရခဲ့ဘူး ဒါကြောင့် ဒီလမ်းဟာ သူများ လျှောက်ပြီးသား လမ်းကို နောက်က လိုက်ရသလို မလွယ်ကူမှာတော့ သေချာနေပြီးသားပါ ဒီလမ်းကြောင်းပေါ် လျှောက်ဖို့ ရွေးချယ်လိုက်ပြီ ဆိုတာနဲ့ ပြန်လှည့်လို့ မရမှန်း ကျွန်တော် နားလည်ပါတယ် ဒါကြောင့် ကျွန်တော့်အနေနဲ့ ဘယ်လောက်ခက်ခက် ဆက်လျှောက်မှာပါ ဘယ်လောက် ရှုံးရှုံး လက်မလျှော့ပါဘူး နောက်ဆုံး ပန်းတိုင်ကို မရောက်ပဲ ကျွန်တော့ဘဝတစ်ခုလုံး အချိန်ကုန် သွားမယ် ဆိုရင်တောင် ဒီအတိုင်းပဲ ကျွန်တော် လုပ်ဆောင် သွားမှာပါခင်ဗျာ"
ရှီကိုင်းဟွမ်၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ယှက်သန်း လာ၏။
"ဘယ်လောက်ပဲ ခက်ခက် ဘယ်လောက်ပဲရှုံးရှုံး ဟုတ်လား... ဒီခရီးဟာ အောင်မြင်နိုင်မဲ့ သဲလွန်စ တစ်စုံတစ်ရာမှ မတွေ့ရင်တောင် မင်းက ဆက်လျှောက်မှာပဲလို့ ပြောနေတာလား ကောင်လေး"
အဘိုးကြီးရှီ ဘာတွေ ပြောနေသနည်း။ စုချန်း နားမလည်နိုင် ဖြစ်သွား၏။ သူလျှောက်မည့် လမ်းတွင် ကြုံတွေ့နိုင်ဖွယ် အခက်အခဲပေါင်း များစွာကို ညပေါင်း မရေမတွက်နိုင်အောင် စုချန်း စဉ်းစားခဲ့ပြီး ဖြစ်သည်။ သို့သော် အဘိုးကြီးရှီကို ကြည့်ရသည်မှာ ယခုတိုင်အောင် သူ့အနေနှင့် တစ်စုံတစ်ခုကို လွဲချော်နေသေးဟန် ရှိသည်။
ထိုအခိုက်မှာပင် အဘိုးကြီးရှီက စကားဆက်သည်။
"ဒါကို နားလည်ဖို့ဆိုရင် မင်းရဲ့ အတွေးအခေါ်တွေထဲက တချို့ကို ပြန်ပြီး တည့်မတ်ပေးမှ ရတော့မယ်"
ရှီကိုင်းဟွမ်က စကားကို နှေးကွေးစွာ ပြောလိုက်သည်။ စုချန်းကလည်း ဂရုတစိုက်နှင့် နားထောင်နေ၏။
"သွေးဗီဇ ကန့်သတ်ချက်ကို ကျော်လွှားနိုင်ဖို့ လူသားမျိုးနွယ်တွေရဲ့ ရှာဖွေမှုဟာ အမှန်တကယ်တော့ နှစ်ပေါင်းသောင်းနဲ့ ချီအောင် အချိန်ယူခဲ့ရတာမျိုး မဟုတ်ဘူးကွ မူလစွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး သိပ်မကြာခင်မှာပဲ အောင်မြင်တချို့ ရရှိလာခဲ့ကြတယ် တစ်ချိန်တုန်းက ဆိုရင် လူတွေဟာ ဉာဏ်နည်းတယ် မူလစွမ်းအင်ကို ဘယ်လို ထိန်းချုပ်ရမှန်း မသိခဲ့ကြဘူး ဒီအခြေအနေမှာ စွမ်းအင် တချို့ရလာတော့ ဘယ်ကောင်က ကြေးများနေတော့မလဲ အလုအယက် တီထွင် ဖန်တီးကြတော့တာပေါ့ နောက်ဆုံးတော့ လူသားတွေဟာ မူလစွမ်းအင်ကို ရရှိဖို့အတွက် သွေးဗီဇကို အသုံးချနိုင်လာတယ် တချိန်တည်းမှာပဲ မူလစွမ်းအင်ကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတွေကလည်း အလျှိုလျှို ပေါ်ပေါက်လာတယ် ကိုယ်ခန္ဓာစွမ်းအား နယ်ပယ်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ဒီကနေ့မှာ ငါတို့သိထားတဲ့ နယ်ပယ်ခုနှစ်မျိုး ပေါ်ပေါက်လာတာပေါ့ အဲဒီလို နယ်ပယ်ခုနှစ်မျိုး တွေ့ရှိပြီး သိပ်မကြာခင်မှာပဲ မူလသတ္တဝါဆိုးကြီးတွေ ပျောက်ကွယ် ကုန်ကြတယ် သူတို့ရဲ့ မျိုးဆက် လက်ကျန် သတ္တဝါဆိုးတွေနဲ့ လူသားတွေဟာ သူ့နယ်မြေ ကိုယ့်နယ်မြေ ခွဲခြားနေထိုင်ခဲ့ကြတယ် အဲဒီအချိန်ဟာ ဒီသတ္တဝါဆိုးတွေကို အနိုင်ရဖို့ သွေးဗီဇ ကန့်သတ်ချက်ကို ကျော်လွှားမှ ဖြစ်တော့မယ်လို့ လူတွေ စပြီး စဉ်းစားမိတဲ့အချိန်ပဲကွ အချိန်တွေ ကြာလာတာနဲ့အမျှ လူတွေရဲ့စိတ်ထဲမှာ ဒီစိတ်ကူးဟာ တဖြည်းဖြည်း ခိုင်မာသည်ထက် ခိုင်မာလာခဲ့တယ် ဒါကြောင့် လူသားတွေရဲ့ ဒီရည်မှန်းချက်ဟာ မင်း ထင်နေသလောက် ရှေးမကျသလို ထင်သလေက်လည်း မခက်ခဲဘူးဟေ့"
ရှီကိုင်းဟွမ်၏ နောက်ဆုံးစကားကြောင့် စုချန်း၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်လှုပ်သွား၏။
"ကျွန်တော် ထင်သလောက် မခက်ခဲဘူး ဟုတ်လား ဆရာကြီး"
"သိပ်မှန်တာပေါ့ကွာ"
ရှီကိုင်းဟွမ်က ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"မင်းကြည့််ရတာ နားမလည်သေးဘူး ထင်တယ် ထားတော့ ငါရှင်းပြမယ် ဟိုးအရင် ကတည်းက လူတွေမှာ သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်း နယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းမျိုး ရှိတယ် ဆိုရင်ကောကွာ"
"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
စုချန်း လွှတ်ခနဲ အော်ဟစ်လိုက်သည်။ ယနေ့ခေတ် ကာလတွင် သွေးဗီဇအကူအညီ မယူသော ပညာရှင် တစ်ယောက်သည် ချီစွမ်းအား စုဆောင်းခြင်း နယ်ပယ် အထိသာ ရောက်ရှိနိုင်၏။ ရှားရှားပါးပါး သွေးဆူပွက်ခြင်း နယ်ပယ်အထိ ရောက်သွားသူ ရှိကောင်း ရှိနိုင်သော်လည်း အောင်မြင်နိုင်ချေမှာကား ၂၀ရာခိုင်နှုန်းမျှသာ ရှိလေသည်။ အကယ်၍ ပထမအကြိမ်တွင် ရှုံးနိမ့်သွားပါက ထိုသူသည် ဒုတိယအကြိမ်တွင် သွေးဗီဇ အကူအညီကို မဖြစ်မနေ ယူရပေလိမ့်မည်။ ထို့ကြောင့် သွေးဗီဇမသုံးသော ထိုအရူးနည်းလမ်းမျိုးကို မည်သူမျှ လက်မခံကြခြင်း ဖြစ်သည်။ စုချန်းကလည်း ထိုအတိုင်းပင် ယူဆထားခဲ့သည်။ ယခုတော့ ရှီကိုင်းဟွမ်က လူသားမျိုးနွယ်တွင် ထိုနည်းလမ်းမျိုး ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်ဟု တထစ်ချ ပြောဆိုနေ၏။ ၎င်းမှာ မည်သည့်အရာကို ဆိုလိုနေသနည်း။
ရှီကိုင်းဟွမ်၏ စကားအတိုင်းသာ ဆိုလျင် လူသားများ၏ သွေးဗီဇ အပေါ် မှီခိုအားထားမှုမှာ များစွာ လျော့ကျ သွားပေလိမ့်မည်။ လူသားများ အနေနှင့်လည်း ခက်ခဲပင်ပန်းစွာ ကြိုးစား အားထုတ်နေရန် မလိုအပ်တော့ပဲ သာမာန်အဆင့်မှ အလယ်အလတ်အဆင့် ချီစွမ်းအား ပညာရှင် အဖြစ်သို့ တက်လှမ်း နိုင်ပေလိမ့်မည်။ ထိုအနေအထားသည် ခိုင်မာသော အခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေပြီး ပို၍ပို၍ အင်အားကောင်းသော ချီစွမ်းအားပညာရှင် အမြောက်အများ ပေါ်ထွန်းလာဖွယ် ရှိ၏။
သို့သော် နှစ်တစ်ရာကျော်သည့် တိုင်အောင် အရာအားလုံးမှာ နဂိုအနေအထား အတိုင်းသာ ရှိနေခဲ့၏။ ထိုနည်းလမ်းမျိုး ရှိနေသည်ကို စုချန်းအဖို့ ပထမဦးဆုံး ကြားဖူးခြင်း ဖြစ်သည်။ ထိုအခါ စုချန်းက မေးလိုက်သည်။
"ဒီလိုနည်းစနစ်မျိုး ရှိနေတယ်လို့ လူတွေဘာကြောင့် မကြားဖူးရတာလဲ"
ရှီကိုင်းဟွမ်ကလည်း စုချန်းကို ပြန်မေးလိုက်၏။
"မင်းကိုယ်တိုင်ကော ပျံသန်းနေသော မြွေသွေး ဗီဇကန့်သတ်ချက်ကို ကျော်လွန်ပြီး ပန်းပွင့် လက်ချောင်းများနဲ့ မြွေခြေလှမ်းကို အသုံးပြုနိုင်ပါတယ်လို့ လူရှေ့သူရှေ့မှာ ကြော်ငြာရဲလို့လား ဒါမှမဟုတ် မီးလျှံငှက်နည်းစနစ်ကိုကော လူရှေ့သူရှေ့မှာ ချပြခဲ့လို့လား"
"ဒါ...."
စုချန်း ပါးစပ်ပြဲသွား၏။ ဟုတ်တော့လည်း ဟုတ်သည်။ သူသည် ပေါက်ကွဲနေသော မီးလျှံငှက်ကို တီထွင် ဖန်တီး နိုင်ခဲ့သော်လည်း လူရှေ့သူရှေ့တွင် ရှင်းလင်း ပြောကြားခြင်း မရှိခဲ့ပေ။ တဖန် ပန်းပွင့်လက်ချောင်းနှင့် မြွေခြေလှမ်းကို သွေးဗီဇ ကန့်သတ်ချက်ထက် ကျော်လွန် အသုံးပြု နိုင်ခဲ့သော်လည်း တခြားလူများ မသိသွားစေရန် လျှို့ဝှက်ထားခဲ့ပြန်၏။ အဘယ်ကြောင့်ပေနည်း။ ပန်းပွင့် လက်ချောင်းသည် ကုမျိုးနွယ်နှင့် ဆက်နွှယ်နေ၍ လျှို့ဝှက်ထားခဲ့သည် ဆိုလျင် ကိုယ်ပျောက် ပိုက်ကွန်ကျတော့ အဘယ်နည်း။ ထိုနည်းစနစ်ကိုလည်း တခြားလူများ မရိပ်မိသွားစေရန် သူ လျှို့ဝှက် ထားခဲ့ပြန်၏။
အကြောင်းမှာ ထိုနည်းစနစ်တို့အား ရရှိရန် သူ့အနေနှင့် အချိန်၊ လူ၊ လုပ်အားများစွာ စိုက်ထုတ် ထားရသောကြောင့်ပင် ဖြစ်သည်။ မိမိကြိုးစားမှုကြောင့် ဖြစ်ပေါ်လာသော အသီးအပွင့် များအား အလကား မဝေငှချင်သည်မှာ လူ့သဘောသဘာဝပင် ဖြစ်သည်။
ထိုအခါ စုချန်းသည် ရှီကိုင်းဟွမ်၏ ဆိုလိုရင်းကို တဖြည်းဖြည်း နားလည် သဘောပေါက်လာ၏။
"ဒီလိုဆိုရင်..... သူတို့က ဒီနည်းစနစ်တွေကို လျှို့ဝှက် ထားခဲ့ကြတာပေါ့နော် ဆရာကြီး"
ရှီကိုင်းဟွမ်က ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"လူအတော်များများဟာ အဖြေကို ရှာတွေ့ခဲ့ကြတယ် ဒါပေမဲ့ အများစုကတော့ ကိုယ်ကျိုးသမားတွေ ဖြစ်နေခဲ့တယ် လူသားမျိုးနွယ် တစ်ခုလုံးအတွက် မကြည့်ခဲ့ကြဘူးပဲ ဆိုပါတော့"
စုချန်း၏ စိတ်အာရုံထဲတွင် မိန်းဘရုခ်ကို မြင်ယောင်လာ၏။ အနှီအာကင်နာ ပါရမီရှင်သည်လည်း သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားနိုင်မည့် နည်းစနစ်တချို့ကို တွေ့ရှိခဲ့၏။ သို့သော် သူ ဘာလုပ်ခဲ့နည်း။ ကိုယ်ကျိုးအတွက်သာ ကြည့်ခဲ့လေသည်။
ဤအတိုင်းသာဆိုလျင် ပါရမီရှင်တချို့သည် အံ့ချီးလောက်ဖွယ်ရာ နည်းလမ်းတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီးပုံ ပေါ်၏။ သို့သော် ထိုနည်းလမ်းတို့ကို ကမ္ဘာကြီးနှင့်အတူ ဝေမျှရန် ဆန္ဒရှိခဲ့ကြပုံကား မရ။
အထက်ပါအတိုင်း စဉ်းစားပြီးနောက် စုချန်း၏ စိတ်အာရုံသည် မငြိမ်မသက် ဖြစ်လာ၏။ ထို့နောက် သူက မေးလိုက်သည်။
"ဒီလိုနည်းလမ်းတွေကို တွေ့ရှိခဲ့တဲ့လူ အတော်ပဲ များနေပြီလား ဆရာကြီး"
ရှီကိုင်းဟွမ်က ခေါင်းညိတ် ပြလိုက်သည်။ စုချန်းက ထပ်မေးလိုက်ပြန်သည်။
"ဒါတောင်မှ လူသားမျိုးနွယ်ကို ကူညီဖို့ သူတို့ ဘာမှ မလုပ်ခဲ့ကြဘူးပေါ့"
"တချို့ကတော့ ကူညီကောင်းကူညီဖို့ စဉ်းစားမိကြပေမဲ့ တကယ်တမ်းမှာတော့ သူတို့ သိပ်ကြောက်နေကြတယ်"
ရှီကိုင်းဟွမ်က ဖြေလိုက်သည်။
"သိပ်ကြောက်နေကြတယ် ဟုတ်လား ဆရာကြီး"
"ဟုတ်တယ်ကွ သိပ်ကြောက်နေကြတယ်"
ရှီကိုင်းဟွမ်က စုချန်းကို စိုက်ကြည့်ရင်း ဖြေလိုက်သည်။
"မင်းရဲ့လမ်းမှာ ဘာတွေ ပိတ်ဆို့ နေသလဲဆိုတာ မင်းတကယ် သဘောမပေါက်သေးဘူးပဲ ခုဆိုရင် မင်းဟာ ကန္တာရထဲမှ တစ်ယောက်တည်း လမ်းပျောက်နေခဲ့ပြီ မင်း မြင်ရတာဆိုလို အမှောင်ထုပဲ ရှိတော့တယ် မင်းဘယ်တော့မှ မသိနိုင်တာကတော့ မရေမတွက်နိုင်တဲ့ နတ်ဆိုး ဝံပုလွေတွေဟာ မင်းကို ဝါးမျိုဖို့ စောင့်ဆိုင်းနေတယ် ဆိုတာပဲ"
"နတ်ဆိုးဝံပုလွေတွေ ဟုတ်လား"
စုချန်းက တီးတိုး ရေရွတ်လိုက်၏။
"ဟုတ်တယ်ကွ နတ်ဆိုးဝံပုလွေတွေ"
ရှီကိုင်းဟွမ်က အလွန်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အဲဒီနတ်ဆိုးဝံပုလွေတွေက ဘယ်သူတွေလဲဆရာကြီး"
"မင်း ဘာတွေပြောခဲ့သလဲ မင်းရဲ့ပန်းတိုင်ကကော ဘာလဲဆိုတာ ပြန်စဉ်းစားလေကွာ"
စုချန်းက စဉ်းစားရင်း ပြောလိုက်သည်။
"လူသားမျိုးနွယ်ရဲ့ အောင်မြင်မှုကို ပြန်လည် ဆောင်ကျဉ်းပေးဖို့ ကျွန်တော်ပြောခဲ့တယ် ဆရာကြီး"
"အဲဒါ မဟုတ်သေးဘူး ထပ်စဉ်းစားဦးကွာ"
"သွေးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်ဖို့......."
ရှီကိုင်းဟွမ်က အားရပါးရ ရယ်မောလိုက်သည်။
"ဟုတ်တယ် အဲဒီစကားပဲ သူတို့ရဲ့ ရွှေဘုံပေါ်မှာ စံစားနေတဲ့ဘဝကို ဖျက်ဆီးမှာကို တော်ဝင်မျိုးနွယ်စုတွေက ဒီအတိုင်း အခန့်သား ထိုင်ကြည့်နေမယ်လို့ မင်းက ထင်နေတာလား ကောင်လေး"
စုချန်း၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွား၏။ ရှီကိုင်းဟွမ် ဘာကိုပြောဖို့ ကြိုးစားနေသနည်း ဟူသည်ကို သူ နားလည်သွားလေပြီ။ ထိုအတွေးအခေါ် မျိုးကို စုချန်း တခါမှ မစဉ်းစားဖူး။ သူ့အတွက် သွေးဗီဇ ကန့်သတ်ချက်ကို ကျော်လွှားရန်မှာပင် အလွန်ခက်ခဲ နေခဲ့လေရာ နောင်လာမည့် ကိစ္စများကို ကြိုတင် မစဉ်းစားထားခြင်းမှာ သဘာဝကျနေ၏။ သို့သော် ဤယနေ့တွင်တော့ ရှီကိုင်းဟွမ်က စုချန်းကို ဉာဏ်အလင်း ပွင့်စေခဲ့လေပြီ။ သွေးဗီဇ ကန့်သတ်ချက်ကို ကျော်လွှားရန်မှာ ခက်ခဲသော ကိစ္စမဟုတ်၊ တကယ့် အခက်အခဲက နောက်မှ လာမည်မှန်း သူ နားလည်သွားပြီ ဖြစ်သည်။
ကြိုတင် ပြင်ဆင်မထားသော နာကျင်မှုမျိုးက စုချန်း တကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ ရှီကိုင်းဟွမ်၏ မျက်လုံးထဲတွင်ကား ဝမ်းနည်းသော အရိပ်အယောင်များ ယှက်သန်းလာ၏။ သူက စကား ဆက်ပြန်သည်။
"မင်းအနေနဲ့ ဒီအိပ်မက်နောက်ကို လိုက်ဖို့ အမှန်တကယ် ဆုံးဖြတ်လိုက်ပြီဆိုရင် ကမ္ဘာ လောကကြီးရဲ့ အံ့သြလောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တွေကို အနှေးနဲ့အမြန်ပဲ တွေ့ရှိ လာလိမ့်မယ် ဒါပေမဲ့ ဒီအိပ်မက်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာဟာ လူသား မျိုးနွယ်တွေပဲလို့ သိလိုက်ရတော့ မင်းဘယ်လို ခံစားရလဲ ကောင်လေး"
စုချန်းကား စကားမပြောတော့။
နာကျင်ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်း၊ မျှော်လင့်ချက်များ ပျက်သုဉ်းခြင်း စသည့် ခံစားချက်များကြောင့် စုချန်းတစ်ယောက် အရူးတစ်ယောက်ကဲ့သို့ ခံစားနေရတော့သည်။ ထိုအခိုက်မှာပင် ရှီကိုင်းဟွမ်က မတ်တတ် ရပ်လိုက်သည်။ ထို့နောက် သူက စုချန်းထံသို့ လျှောက်လာပြီး နှေးကွေးစွာ ပြောလိုက်သည်။
"မင်းလျှောက်မဲ့ လမ်းမှာ အခက်အခဲ ဘယ်လောက် များသလဲ ဆိုတာ မင်းနားလည် သွားပြီမလား ကောင်လေး ပထမဆုံးအနေနဲ့ ဘာအကျိုးကျေးဇူးမှ မရှိပဲ ဘဝတစ်ခုလုံး ပေးဆပ်ရမယ် တကယ်လို့ ဒါသာ မအောင်မြင်ခဲ့ဘူး ဆိုရင် မင်းဟာ လှောင်ပြောင်ခံရမယ် သွားပုတ်လေလွင့် အပြောခံရမယ် လူတကာ တံတွေးခွက်မှာ ပက်လက် မြောရလိမ့်မယ် ဒုတိယအနေနဲ့ အောင်မြင်ခဲ့တယ်ပဲ ထားဦး မင်းရဲ့နှလုံးသားဟာ ကြီးမားတဲ့ စမ်းသပ်မှုနဲ့ ကြုံတွေ့ရဖို့ ရှိတယ် မင်း ရှာဖွေတွေ့ရှိထားတဲ့ နည်းစနစ်တွေကို တကယ်ပဲ တခြားလူတွေနဲ့ မျှဝေချင်ရဲ့လား ဒီအတွက် မင်းဘဝ တစ်ခုလုံးကို ပေးဆပ်ထားခဲ့ရတာနော် ဒါကို အလကား ပေးချင်စိတ် တကယ်ကော ရှိရဲ့လား ဒီအတွက် မင်းအနေနဲ့ ဘာဆုတံဆိပ်မှ ရဖို့မရှိဘူး ငါ့အမြင်အရ မင်းဟာ ဉာဏ်ထက်တဲ့ ကောင်လေးပဲ ဒီလို လူစားမျိုးက ဒါကို လက်ခံနိုင်လိမ့်မယ်ဆိုတာ ငါ့မှာ သံသယတော့ အဖြစ်သားကွ တတိယ အနေနဲ့ကတော့ အထက်က ပြောခဲ့တဲ့ နှစ်ခုလုံးကို လုပ်ဆောင်နိုင်ခဲ့ပြီပဲ ထားအုံး ရှေ့မှာ မင်းကြုံတွေ့ရမှာက တော်ဝင်မျိုးနွယ်စုတွေရဲ့ ဒေါသတွေ အမုန်းတရားတွေနော် လူသားတွေ အနေနဲ့ သွေးဗီဇ မလိုတော့ပါဘူးဆိုတဲ့ နေ့ကိုရောက်လာခဲ့ရင် သူတို့ရဲ့ တော်ဝင်ဆိုတဲ့ အသုံးအနှုံး အဆင့်အတန်းတွေ ပျောက်ကွယ် သွားဖို့ ရှိနေတာကြောင့် သူတို့ မင်းကို မုန်းကြလိမ့်မယ် နှောင့်နှေးအောင် ဆောင်ရွက်ကြလိမ့်မယ် နောက်ဆုံးမှာ သတ်ဖို့ပါ ကြိုးစား လာလိမ့်မယ် ဘာအကျိုးမှ မမျှော်ကိုးပဲ လူသားမျိုးနွယ်အတွက် ဘဝတစ်ခုလုံး ပေးဆပ်ထားပေမဲ့ အနာဂတ်မှာ မင်းကို စောင့်ကြိုနေမှာက ရန်ညိုးတွေ အမုန်းတရားတွေပဲ ကောင်လေး ဒါကို မင်း တကယ် လက်ခံနိုင်ပြီလား"
ရှီကိုင်းဟွမ်၏စကားကို နားထောင်ရင်း စုချန်း၏ နဖူးပေါ်မှ ချွေးများပင် စီးကျလာ၏။ အဘိုးကြီးက စကားဆက်ပြန်သည်။
"လူတိုင်းကတော့ မင်းကို မမုန်းဘူး ကျေးဇူးတင်တဲ့ တချို့တလေလည်း ရှိကောင်းရှိလိမ့်မယ် ဒါပေမဲ့ ငါ့ကို ယုံစမ်းပါ ဒီလို ကျေးဇူးတင်တာမျိုးက တခါတလေကျ သိပ်ကြောက်ဖို့ ကောင်းတာကွ နောက်ဆုံးတော့ သူတို့ မင်းကို မေးငေါ့လာကြလိမ့်မယ် ဒီနည်းစနစ်တွေကို လူထုရှေ့မှာ ချပြဖို့ ဘယ်သူကများ သွေးထိုး လိုက်သလဲပေါ့ တချို့ကလဲ ဘာမှပြောပလောတဲ့ဟာမျိုး မဟုတ်ပါဘူးကွာ ဆိုပြီး ထင်လာကြလိမ့်မယ် လူတွေက အလကားရရင် သိပ်ပြီး တန်ဖိုးမထားချင်ကြဘူးကွ ဒီတော့ စတုတ္ထ အချက်အနေနဲ့ ငါပြောချင်တာ ဘယ်လောက်ပဲ ပေးဆပ် ပေးဆပ် နောက်ဆုံးတော့ လောကကြီး အလယ်မှာ မင်းတစ်ယောက်ထဲပဲ အထီးကျန်ဘဝနဲ့ နေခဲ့ရလိမ့်မယ် အရာအားလုံးဟာ ကံတရား အတိုင်းပဲပေါ့ကွာ ကဲ ဒီလောက်သိရတာတောင် ဒီလမ်းကို လျှောက်ချင်နေတုန်းပဲလား ကောင်လေး"
စုချန်းကား စကားတစ်လုံးမှ မပြောနိုင်ပဲ ရှီကိုင်းဟွမ်ကို ငူငူကြီး စိုက်ကြည့်နေ၏။ အဘိုးကြီးက စကားဆက်ပြန်သည်။
"ငါ့ရဲ့ တပည့်ဖြစ်မဲ့လူမှာ ရှိရမဲ့ စံချိန်စံညွှန်းက ဘာတွေလဲလို့ မင်းမေးခဲ့တယ် ခု မင်းရဲ့ မေးခွန်းကို ငါ ဖြေပေးလိုက်ပြီ ခုနက ငါပြောခဲ့တာတွေဟာ ငါတပည့်မှာ ရှိရမဲ့ စံချိန်စံညွှန်းတွေပဲ ခု အခန်းကို ပြန်ပြီး အေးအေးဆေးဆေး စဉ်းစားပေတော့ ဒါကိုမှ ငါ့တပည့် ဖြစ်ချင်နေသေးရင် မင်းကိုငါ လက်ခံမယ်"