ငါတစ်ယောက်တည်း မဟုတ်ဘူး
Vol. 18 Ch. 172
ရှီကိုင်းဟွမ်ထံမှ ပြန်လာပြီးနောက် စုချန်းသည် အခန်းအောင်းကာ သုံးရက်တိုင်တိုင် စဉ်းစားခန်း ဝင်လေ၏။ သုံးရက် လွန်မြောက်သောအခါ သူက ကျောက်တုံး အိမ်ဆီသို့ ပြန်သွားခဲ့သည်။ ထိုအချိန်တွင် ရှီကိုင်းဟွမ်သည် အသားစွပ်ပြုပ်ကို စိတ်ပါဝင်စားစွာ ချက်ပြုတ်လျက် ရှိ၏။ ထူးဆန်းသည်မှာ အိုးနှင့်မီးလျှံကို မူလစွမ်းအင်မှ ဖန်တီး ယူထားခြင်း ဖြစ်ပြီး သားရဲ သတ္တဝါဆိုး၏ အသားသက်သက်သာလျင် လေထုထဲတွင် ပေါလောပေါ်နေသကဲ့သို့ ရှိသည်။ အံ့ဖွယ် ဟင်းချက်နည်းပေတကား။
စုချန်း ရောက်ရှိလာသည်ကို တွေ့သည်နှင့် ရှီကိုင်းဟွမ်က မေးလိုက်သည်။
"ဘယ့်နှယ်လဲ ကောင်လေး သေသေချာချာ စဉ်းစားပြီးပြီလား"
"ကျွန်တော် စဉ်းစားပြီးပါပြီခင်ဗျာ"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဒီတော့ အဖြေက ဘာတဲ့လဲကွ"
"ဒီအဖြေကိုမပြောခင် ဒီလမ်းခရီးနဲ့ ပတ်သက်လို့ ကျွန်တော် မြင်တွေ့ခဲ့တဲ့ အရာတချို့ကို ပြောပြချင်ပါတယ် ခင်ဗျာ အမှန်အတိုင်းဝန်ခံရရင် လွန်ခဲ့တဲ့သုံးရက်က ဆရာကြီး ပြောပြခဲ့တဲ့ စကားတွေကို ကြားလိုက်ရတော့ ကျွန်တော် အလွန်ပဲ ကြောက်သွားမိခဲ့တယ် အဲဒီမှာတင် ကျွန်တော်ဟာ ထင်သလောက် ကိုယ်ကျိုးမငဲ့တဲ့ လူစားမျိုး မဟုတ်သေးမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်ရတော့တာပဲ ကျွန်တော်ဟာ လူသားမျိုးနွယ်ရဲ့ကောင်းကျိုးကို ဆောင်ရွက်ချင်တာကတော့ အမှန်ပါ ဒါပေမဲ့ ဒီအတွက်နဲ့ ကိုယ့်ဘဝကို စတေးပစ်ရတာမျိုး တခြားလူတွေကို ကယ်ဖို့ မီးလျှံထဲ ခုန်ဆင်း ရတာမျိုးတော့ ကျွန်တော် မလုပ်ချင်ပါဘူးခင်ဗျ နောက်တော့ ကျွန်တော် ထပ်ပြီး စဉ်းစားမိတာက ဆရာကြီးပြောခဲ့တာတွေအကုန်လုံး မှန်ကောင်း မှန်ပါလိမ့်မယ် ဒါပေမဲ့ ခုချိန်ထိတော့ ဒါတွေ တစ်ခုမှ ဖြစ်မလာသေးဘူးမလား..ဒီတော့ လွန်ခဲ့တဲ့သုံးရက်က ဆရာကြီး ပြောခဲ့သမျှဟာ ဆရာကြီးရဲ့ ထင်မြင် ယူဆချက် သက်သက်ပဲလို့ ဆိုနိုင်တာပေါ့"
"မှန်တယ် ဒါပေမဲ့ ငါပြောခဲ့တာတွေဟာ ထင်သလို ရမ်းသန်းပြောခဲ့တာမျိုးတော့ မဟုတ်ဘူး"
ရှီကိုင်းဟွမ်က ပြန်ပြောလိုက်သည်။
"ကျွန်တော် သိပါတယ် ဆရာကြီး ဒါပေမဲ့ ကျွန်တော် အမြဲတမ်း ယုံကြည်ထားတာက ဒီကမ္ဘာ လောကကြီးမှာ အမှောင်ရှိရင် အလင်းလည်း ရှိမယ်ဆိုတာပါပဲ အလင်းနဲ့ အမှောင်ဆိုတာ အမြဲတမ်း ဒွန်တွဲနေတဲ့ သဘောမှာရှိပါတယ်။ ဒါကြောင့် ဆရာကြီး ပြောခဲ့သမျှဟာ အဆိုးမြင် ယူဆချက်တွေ ဖြစ်ပေမဲ့ ကျွန်တော်တို့ ကြုံတွေ့ရမှာ အဆိုးတွေချည်း ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မယ်။ အံ့သြစရာကောင်းတဲ့ အရာတွေ ရှေ့ခရီးမှာ စောင့်ကြို နေလိမ့်မယ်လို့ ကျွန်တော် ထင်နေပါတယ် ဆရာကြီး အဲဒီထဲမှာ ကောင်းမွန်တဲ့ အရာတွေလည်း ပါလာပါလိမ့်မယ်"
စုချန်း၏စကားကို ကြားလိုက်ရသောအခါ ရှီကိုင်းဟွမ်၏ မျက်လုံးထဲတွင် လှောင်ပြောင် ရယ်မောလိုသော အရိပ်အယောင်များ ယှက်သန်းလာ၏။
"မင်းက အကောင်းမြင်နေတာလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကို စိတ်သက်သာအောင် စဉ်းစား နေတာလားကွ"
"တကယ်လို့ အဲဒီမှာ ဘာအလင်းရောင်မှ မရှိဘူးဆိုရင် ဆရာကြီးက ဘာလဲ ခင်ဗျာ"
စုချန်းက ချက်ချင်းပင် ပြန်လှန် မေးခွန်းထုတ်လိုက်ရန် ရှီကိုင်းဟွမ်တစ်ယောက် ဆွံ့အသွား၏။ စုချန်း၏ ချေပချက်ကြောင့် ရှီကိုင်းဟွမ် ဆွံ့အသွားသည်မှာ ဤအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။ ထိုအခိုက်မှာပင် စုချန်းက စကားဆက်လိုက်သည်။
"ကျွန်တော်ဟာ တချိန်က မျက်မမြင်ဘဝကို ရောက်သွားပြီး သုံးနှစ်လုံးလုံး အမှောင်ထဲမှာ နေထိုင်ခဲ့ရတယ် အဲဒီ အခိုက်အတန့်မှာ ကျွန်တော့်ဘဝကို ကြည့်ရင် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလို့ ထင်စရာရှိတယ် ဒါပေမဲ့ ကျွန်တော်ဟာ လုံးဝ အရှုံးမပေးခဲ့ဘူး အဆက်မပြတ် ပြန်လည် တိုက်ခိုက်ခဲ့တယ် နောက်ဆုံးတော့ ကျွန်တော် ဒီနေရာကို ရောက်လာခဲ့ပြီ လူတွေက ကျွန်တော့်ကို အမြဲတမ်း မေးလေ့ မေးထရှိတဲ့ စကားတခွန်းရှိတယ် မင်းဘာလို့ တိုက်ခိုက် နေတာလဲပေါ့...."
ဤနေရာ အရောက်တွင် စုချန်းက စကားကို ခေတ္တရပ်တန့်လိုက်၏။ ပြီးမှ သူက စကားဆက်သည်။
"ဒါဟာ မျှော်လင့်ချက်ကြောင့်ပဲ ဆရာကြီး မျှော်လင့်ချက်ကြောင့်ပဲ တစ်နေ့မှာ မျက်လုံးတွေ သေချာပေါက် ပြန်ကောင်းလာမယ်လို့ ကျွန်တော် စွဲစွဲမြဲမြဲ ယုံကြည်ထားတာကိုး ဒီအတွက် အဲဒီနေ့ကျရင် အသင့်ဖြစ်နေဖို့ ကြိုတင်ပြင်ဆင်မှုတွေ ကျွန်တော်လုပ်တယ် အဲဒီလို မျှော်လင့်ချက် သေးသေးလေးကြောင့် ဘာအခက်တွေပဲ ရင်ဆိုင်ရပါစေ အံကို တင်းတင်းကြိတ်ပြီး ကျွန်တော် ပြန်တိုက်ခိုက်ခဲ့တယ် ဒါကြောင့် ဆရာကြီးရှီ ကျွန်တော့ကို ယုံစမ်းပါခင်ဗျာ အမှောင်ထဲမှာ လမ်းလျှောက်ရတာ ဘယ်လိုနေသလဲ ဆိုတာ ကျွန်တော့မှာ အတွေ့အကြုံ ကောင်းကောင်း ရှိပါတယ် ဝံပုလွေတွေ ဝိုင်းရံခံထားရတာ ဘယ်လို နေသလဲဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဆရာကြီး ညွှန်းဆိုတဲ့ အခက်အခဲတွေ ကျွန်တော် အကြိမ်ကြိမ် ရင်ဆိုက်ခဲ့ပြီးသားပါ။ ဒါပေမဲ့ ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး ခင်ဗျာ။ ခု ဆရာကြီး ပြောနေခဲ့တဲ့ အနာဂတ်ဟာ ဆရာကြီး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ အတွေ့အကြုံတွေကို မူတည်ပြီး ပုံဖော် ထားတာပဲ မဟုတ်ဘူးလား ဆရာကြီး ပြေုခဲ့တဲ့ အထဲမှ အခက်အခဲကြီး လေးမျိုးပါတယ်။ ဒါပေမဲ့ ဆရာကြီး ကိုယ်တိုင်ကတော့ ဒုတိယ အခက်အခဲနဲ့တောင် ရင်မဆိုင်ရသေးဘူး။ ဒါကြောင့် ဆရာကြီး ပုံဖော်ထားတဲ့ အနာဂတ်ဟာ အများကြီး ပြောင်းလဲ သွားနိုင်သေးသလို ဒီထက်ပိုပြီး ကောင်းလာနိုင်ဖွယ်ရာ ရှိပါသေးတယ်"
ဤနေရာသို့ အရောက်တွင် စုချန်း၏အသံသည် ပို၍ ကျယ်လောင်လာ၏။ ပို၍ အားမာန် ပါလာ၏။
"ကျွန်တော့်ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်ကာလတွေမှာတောင် မျှော်လင့်ချက် တစ်စွန်းတစ်စကို ဆုပ်ကိုင်ထားပြီး ကျွန်တော် ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး ခုကျမှာ ဘာကြောင့် အရှုံးပေးရမှာလဲ ဆရာကြီး
ဒါဟာ ကျွန်တော် ဘာကြောင့် ဒီနေရာကို ပြန်လာရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေပါပဲ ကျွန်တော့်အနေနဲ့ ဒီလမ်းကို ဆက်လျှောက်ဖို့ ဆုံးဖြတ် ထားပါတယ် ခင်ဗျာ
ဒါပေမဲ့ ဒါဟာ ဆရာကြီး မျှော်လင့်ထားတဲ့ အကြောင်းပြချက်မျိုး မဟုတ်တာတော့ စိတ်မကောင်း စရာပါပဲ ခင်ဗျာ ကျွန်တော် ဒီလမ်းကို ဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်တာဟာ လူသားမျိုးနွယ် အတွက် ကိုယ့်ဘဝကို စတေးမယ်ဆိုတဲ့ စိတ်မျိုးကြောင့် မဟုတ်ပါဘူး ဒီကမ္ဘာကြီးမှာ မျှော်လင့်ချက် တချို့ ရှိနေသေးတယ်လို့ ယူဆတဲ့ အတွက်ကြောင့်ပါ နောင်အနာဂတ်မှာ အမှောင်ထုသာ မဟုတ်ပဲ အလင်းရောင်ကိုလည်း တွေ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည် ထားပါတယ်။ ကျွန်တော်ဟာလည်း အဲဒီ အလင်းရောင်ကို ရှာဖွေတဲ့နေရာမှာ ဆရာတဆူ ဖြစ်လာပါလိမ့်မယ်
အနာဂတ်မှာ ကျွန်တော်ဟာ တစ်ယောက်တည်း ဖြစ်နေမှာ မဟုတ်ပါဘူးခင်ဗျာ"
စုချန်း၏စကားမှာ ဤနေရာတွင် အဆုံးသတ် သွားလေပြီ။ ထို့နောက်တွင်ကား ပတ်ဝန်းကျင်သည် တိတ်ဆိတ် ငြိမ်သက်သွား၏။ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ရှီကိုင်းဟွမ်က စကားစလာ၏။
"ငါဟာ သိပ်ပြီးတော့ ဉာဏ်ကောင်းတဲ့ လူစားမျိုးတော့ မဟုတ်ဘူး... ဒါပေမဲ့ ငါအမြဲတမ်း ယုံကြည်ထားတာက တကဲ့ စစ်မြေပြင်တွေမှာ လှည့်ကွက်တွေ လုပ်နေဖို့ အချိန်မရှိဘူး ဆိုတာပဲ ဒါကြောင့် ငါအမြဲတမ်း လိုချင်နေခဲ့တဲ့ တပည့်မျိုးဟာ ရဲရင့်ရမယ် ပြတ်သားရမယ် ဘယ်လို အခက်အခဲမျိုးပဲ ကြုံကြုံ စိတ်ဓာတ် ခိုင်မာရမယ် တုံးတိုက်တိုက် ကျားကိုက်ကိုက် သေရဲသတ်ရဲတဲ့ လူစားမျိုး ဖြစ်ရမယ်လို့ တွေးထားခဲ့တယ်...."
အထက်ပါ စကားကို ကြားပြီးနောက် စုချန်းသည် အသက်ရှူကျပ်လာ၏။ အဘိုးကြီးရှီက စကားဆက်ပြန်သည်။
"ဒါပေမဲ့ မမျှော်လင့်ပဲ ငါ နောက်ဆုံး လက်ခံခိုက်တဲ့ ကျောင်းသားကတော့ ဉာဏ်ထက်တယ် လိမ္မာပါးနပ်တယ် ငြင်းတတ် ခုံတတ်တယ် စကားအရာမှာ ကျွမ်းကျင်စွာ ပြောဆိုတတ်တယ် ကိုယ်ပိုင် အတွေးအခေါ်ရှိတယ် ငါ့ရဲ့ ဆင်ကန်းတောတိုး အတွေးအခေါ်မျိုးကို လက်မခံတဲ့ လူစားမျိုး ဖြစ်နေတယ် အေးလေ ဒါဟာလည်း ကံတရားပဲလို့ ယူဆရမှာပေါ့"
ထိုစကားတို့ကို ကြားလိုက်ရသောအခါ စုချန်းသည် စိတ်လှုပ်ရှားလာ၏။ ဝမ်းသာဝမ်းနည်း ဖြစ်လာ၏။ ထိုအခိုက်မှာပင် ရှီကိုင်းဟွမ်က ပြောလိုက်သည်။
"ကဲ ငါ့နောက် လိုက်ခဲ့ပေတော့"
ထို့နောက် သူက လျှောက်သွား လိုက်သည်။ သူ့ခြေလှမ်းများမှာကား တောအုပ်အတွင်းသို့ ဦးတည်နေ၏။ စုချန်းသည် ရှီကိုင်းဟွမ်ကို မေးခွန်း ထုတ်ဝံ့ခြင်း မရှိလေရာ သူ့နောက်မှ လိုက်ပါ သွားရလေသည်။ သူတို့ နှစ်ယောက်သည် အထက်ပါပုံစံအတိုင်း လမ်းလျှောက်လာရင်း တောအုပ်ငယ်လေးကို ဖြတ်ကျော်ခဲ့ပြီးနောက် ရှည်လျားပြီး လေတဟူးဟူး တိုက်ခိုက်နေသော လမ်းသွယ်လေး တစ်ခုသို့ ရောက်ရှိ လာသည်။ ထိုလမ်းအတိုင်း များပြားလှသော နန်းဆောင်များ၊ မျှော်စင်များကို ကျော်ဖြတ်ပြီးနောက် သူတို့နှစ်ယောက်သည် မျှော်စင်များ စုဖွဲ့ တည်ဆောင်ထားသော နေရာသို့ ရောက်ရှိလာ၏။
ရှီကိုင်းဟွမ်သည် အလွန်ရှေးကျသော မျှော်စင်တစ်ခုသို့ ဦးတည် လျှောက်သွားလေသည်။ ရှေးဟောင်း မျှော်စင် အတွင်းသို့ ရောက်သွားပြီးနောက် တခြားနယ်မြေ တစ်ခုသို့ ရောက်သွားသည့် ပမာ ဤနေရာသည် အလွန်လှပကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။
အခန်းကြီးတခန်းအတွင်းဝယ် အဘိုးအို တစ်ယောက် ထိုင်နေ၏။ သူ့ရှေ့တွင် စားပွဲခုံကြီးတခုံ ရှိနေသည်။ ထိုစားပွဲခုံပေါ်တွင် များပြားလှသော မှတ်တမ်းစာအုပ်များ ရှိနေ၏။ အဖိုအိုသည် မှတ်တမ်း စာအုပ်များကို လှန်လှော ဖတ်ရှုလျက် ရှိသည်။ ရှီကိုင်းဟွမ် အခန်းထဲသို့ ဝင်ရောက် လာသည်ကို မြင်သည်နှင့် အဘိုးအိုက အော်ဟစ်မေးမြန်း လိုက်၏။
"ရှီကိုင်းဟွမ်ပါလား မင်းက ဒီနေရာကို ဘာလာလုပ်တာတုန်း"
"စာရင်း သွင်းမလို့ လာတာ"
ပြောပြောဆိုဆို သူက ဘေးကို ဖယ်ပေးလိုက်ရာ နောက်ကွယ်တွင် ရပ်နေသော စုချန်းကို အဘိုးအို မြင်တွေ့လိုက်ရသည်။ ထိုအခါ အဘိုးအိုက မေးလိုက်၏။
"စာရင်းသွင်းမလို့ ဟုတ်လား ဘာစာရင်းတုန်း"
"ကျုပ်က ဒီကိုလာပြီး ဘာလုပ်ရမတုန်း ကျုပ်တပည့်အသစ်ကို စာရင်းသွင်း မလို့ပေါ့ဗျ ဒီကောင်လေးဟာ ဒီနေ့ကစပြီး ကျုပ်တပည့် ဖြစ်သွားပြီ"
ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးအိုသည် ကြက်သေသေသွား၏။ သူ၏ အမူအရာမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။ သူ့မျက်နှာသည် နီရဲသည်ထက် နီရဲလာ၏။ အံ့သြလွန်း၍ သူ၏ အဖြူရောင် မုတ်ဆိတ်မွေးများပင် ထိုးထိုးထောင်ထောင် ဖြစ်လာသကဲ့သို့ ထင်ရသည်။
"ဟေ မင်းက တပည့်မွေးတော့မလို့လား မြတ်စွာဘုရား ဟုတ်ကောဟုတ်ရဲ့လားကွာ ငါများ အိပ်မက်မက်နေတာလား ရှီကိုင်းဟွမ် မင်းတကယ်ပဲ သူ့ကို တပည့်အဖြစ် လိုက်ခံလိုက်ပြီပေါ့ သူ့ကို အမွေဆက်ခံသူ မျိုးဆက်သစ် ဖြစ်လာအောင် လုပ်ပေးတော့မှာပေါ့ ဟုတ်လား"
"မှန်တယ်ဗျို့ မှန်တယ် ကျုပ်ဆိုတဲ့ကောင်က လက်မခံရင်လည်း လက်မခံဘူး လက်ခံမှတော့ အမွေဆက်ခံခွင့်ရှိသူ မျိုးဆက်သစ်တပည်မျိုးပဲ ဖြစ်ရမှာပေါ့ ဒါ ဘာများဆန်းသလဲ ကဲ သူ့ကို မြန်မြန်လေး စာရင်းသွင်းပေးစမ်းပါ"
အဘိုးအိုသည် ရှီကိုင်းဟွမ်ကို ကြောင်အမ်းအမ်းနိုင်သော အမူအရာဖြင့် ငေးကြည့်နေ၏။ ထို့နောက် စုချန်းကို လှမ်းကြည့်ပြန်သည်။ အတန်ကြာမှ အိပ်မက်မှလန့်နိုးလာသော အမူအရာမျိုးနှင့် စာရင်းစာအုပ်ကို ကမန်းကတန်း ရှာဖွေနေ၏။ သူ့ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ် နေလေသည်။
"သေစမ်း သေစမ်း ဒီစာအုပ်ကို ငါ ဘယ်နားမှာများ ထားမိပါလိမ့်"
"ခင်ဗျားစာအုပ်က အဲဒီမှာလေဗျာ"
ရှီကိုင်းဟွမ်က စိတ်မရှည်တော့ဟန်ဖြင့် အဘိုးကြီး ဘေးနားရှိ သားရဲသတ္တဝါဆိုး အရေခွံဖြင့်် ပြုလုပ်ထားသော စာအုပ်ကြီးကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
"လက်စသတ်တော့ ဒီမှာကိုး ဟုတ်ပေသားပဲ ဟုတ်ပေသားပဲ"
ထိုအခါကျမှ အဘိုးအိုက စာအုပ်ကြီးကို ကပျာကယာ ဖွင့်လိုက်ပြီး တစုံတစ်ခုကို တီးတိုး ရေရွတ်နေ၏။ ၎င်း ရွတ်ဖတ်နေသည်မှာ မန္တန်တစ်ပုဒ်ဖြစ်ပုံရသည်။ အတန်ကြာသော် သားရဲ အရေခွံစာအုပ်ဆီမှ ခရမ်းပြာရောင် မီးခိုးငွေ့တစ်ခု ထွက်ပေါ်လာပြီး စက်ဝိုင်း ပုံသဏ္ဌာန် ဖြစ်ပေါ်လာ၏။ ထိုစက်ဝိုင်းပုံစံ မီးခိုးငွေ့ပေါ်တွင် မျက်လုံးနှစ်လုံး ပါကြောင်း စုချန်း မြင်တွေ့ နေရလေသည်။ ထိုအခါ အဘိုးအိုက ပြောလိုက်၏။
"ငါ့ကို မင်းနာမည်ပြောစမ်း ကောင်လေး"
ရှီကိုင်းဟွမ်ကလည်း စုချန်း၏ပခုံးကို လှမ်းပုတ်ရင်း သတိပေး လိုက်သည်။
"သူ့ကို မင်းရဲ့နာမည် ပြောပြလိုက်"
"စုချန်းပါ ကျွန်တော့်နာမည် စုချန်းပါ"
စုချန်းက ကပျာကယာ ပြောလိုက်၏။
"သူ့နာမည် စုချန်းတဲ့ဟေ့"
အဘိုးအိုက သားရဲ အရေခွံစာအုပ်မှ ထွက်ပေါ်လာသော မီးခိုးစက်လုံးကို လှည့်ပြော လိုက်ပြန်သည်။ ထိုအခိုက်မှာပင် မီးခိုးစက်လုံးမှ လှိုင်းတွန့်လေးနှစ်ခု ကွဲထွက်လာပြီး စုချန်း၏ နှာခေါင်းပေါက်အတွင်းသို့ တိုးဝင်လာ၏။ ရုတ်တရက်မို့ စုချန်း လန့်ဖျပ်သွားသည်။ သို့သော် မီးခိုးစီးကြောင်း နှစ်ကြောင်းမှာကား နှာခေါင်းပေါက်မှ တစ်ဆင့် စုချန်း၏ ကိုယ်ခန္ဓာအတွင်း တိုးဝင်ပျောက်ကွယ် သွားခဲ့လေပြီ။
"သူ မင်းကို မှတ်မိသွားပြီ"
အဘိုးအိုက စုချန်းကို ပြောလိုက်၏။ ထို့နောက် သူသည် မူလ ကျောက်တုံး တစ်တုံးကို ဆွဲထုတ်ပြီး မီးခိုးစက်လုံး၏ ပါးစပ်အတွင်းသို့ ပစ်ထည့် လိုက်ပြန်သည်။ ၎င်းသည် အလယ်အလတ် အဆင့် မူလကျောက်တုံးမှန်း စုချန်း ကောင်းစွာ မြင်တွေ့နေရ၏။
သူ့နာမည်ကို စာရင်းသွင်းရန် အလယ်အလတ်အဆင့် မူလကျောက်တုံး တစ်တုံးပင် ကျသင့်နေ၏။ ဤမျှ ဈေးကြီးနေရအောင် မည်သို့သော စာရင်းသွင်းခြင်းမျိုးပေနည်း။ စုချန်းက နားမလည်နိုင်ဟန်ဖြင့် ရှီကိုင်းဟွမ်ကို လှမ်းကြည့် လိုက်သည်။ သို့သော် ရှီကိုင်းဟွမ်ကား မည်သည့် မှတ်ချက်မှ မပြု။ သူက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
"ကဲ ငါတို့ သွားရအောင်ဟေ့"
အဘိုးအိုသည် ရှီကိုင်းဟွမ်နှင့် စုချန်း ထွက်ခွာသွားသည်ကို နဝေတိမ်တောင်နှင့် ငေးကြည့်နေ၏။ ထို့နောက် သူက တစ်စုံတစ်ရာကို သတိရလာဟန်ဖြင့် စားပွဲခုံပေါ်တွင် မွှေနှောက် ရှာဖွေလိုက်သည်။
"သေစမ်း ငါ ဘယ်နားထားမိပါလိမ့် အထားမှားနေပြန်ပြီနဲ့တူတယ် မဟုတ်သေးပါဘူး ဒီအပေါ်မှာပဲ တင်ထားမိတာပါ ..ဟော တွေ့ပြီ လက်စသတ်တော့ ဒီမှာကိုး"
အဘိုးအို ရှာဖွေနေသော အရာမှာ တခြားမဟုတ်။ မည်းနက်သော လက်ကောက်တစ်ကွင်း ဖြစ်သည်။ ၎င်းကို လက်ချောင်းများဖြင့် ထိလိုက်သည်နှင့် ထူးဆန်းသော အလင်းရောင် တစ်မျိုး ထွက်ပေါ်လာကြောင်း မြင်တွေ့ရလေသည်။ ထို့နောက် သူက လက်ကောက်ကို ကြည့်ကာ အော်ဟစ် လိုက်သည်။
"ရှီကိုင်းဟွမ် တပည့်တစ်ယောက် လက်ခံလိုက်ပြီဟေ့"
လက်ကောက်အတွင်းမှ ပုံသဏ္ဌာန် ဖော်ပြရန် ခဲယဉ်းသော အားလှိုင်းတို့သည် ကျောင်းဝင်း တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ကျောင်းဝင်းထဲရှိ လူတိုင်းလိုလိုသည် လက်ကောက်မှ တုန်ခါမှုကို ခံစားလိုက်ရသည်။ ၎င်းတို့သည် အဘိုးအို၏ စကားကိုနားထောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် လက်ကောက်များကို ဖွင့်လိုက်ကြ၏။
ရှီကိုင်းဟွမ် တပည့်တစ်ယောက် လက်ခံလိုက်ပြီ...
လူတိုင်းလိုလိုသည် အံ့သြ မှင်တက်ကြကုန်၏။ ကျောင်းတော်၏ နည်းပြဆရာများ အဖို့မှာကား ဇက်ပိုးသိပ် ခံလိုက်ရသကဲ့သို့ ရှိလေသည်။