စစ်ဆေးခြင်း
Vol. 18 Ch. 173
မျှော်စင်မှ ပြန်ထွက်လာသည်နှင့် စုချန်းတစ်ယောက် သူ၏ သိလိုစိတ်ကို မထိန်းနိုင်တော့။
"ခရမ်းပြာရောင် မီးခိုးငွေ့တွေက ဘာတွေလဲဆရာ"
ဤတကြိမ်တွင်တော့ စုချန်းသည် ရှီကိုင်းဟွမ်အား ဆရာဟု ခေါ်လိုက်ခြင်း ဖြစ်သည်။ ယခင်က ဆရာကြီးဟူသော အသုံးအနှုန်းသည် လေးစားသမှုဖြင့် ခေါ်ခြင်းဖြစ်ပြီး ယခု ဆရာ ဟူသော အသုံးအနှုန်းကမူ တရားဝင်ဆရာ တစ်ယောက်ဖြစ် သတ်မှတ်၍ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
"အဲဒီ မီးခိုးတွေက တံလျပ် အိပ်မက်နယ်ပယ်က လာတဲ့ အိပ်မက်တစ္ဆေပဲ ဆိုပါတော့ကွာ သူက မင်းဆီ အိပ်မက်ပိုက်ကွန်ကို သယ်ဆောင် လာပေးနိုင်တယ်"
တံလျပ် အိပ်မက်နယ်ပယ် ဟူသည်မှာ မူလကမ္ဘာကြီးနှင့် တွဲဆက်နေသော သေးငယ်သည့် ကမ္ဘာတစ်မျိုး ဖြစ်သည်။ မူလကမ္ဘာကြီးသည် အဓိကကျသော ကမ္ဘာဖြစ်၏။ သို့သော် သစ်ပင်တစ်ပင်မှ အကိုင်းအခက်များစွာ ထွက်ပေါ်နေသည့် ပမာ မူလကမ္ဘာတွင်လည်း တွဲဆက်နေသော တခြားကမ္ဘာငယ်များစွာ ရှိနေ၏။ အဆိုပါ ကမ္ဘာငယ်များတွင် ပြင်ညီများ၊ ကမ္ဘာငယ်များ၊ ပြင်ပနယ်ပယ်များ စသည်ဖြင့် ကိုယ်ပိုင်အမည်နာမများ ကိုယ်စီ ရှိနေကြသော်လည်း လူသားတို့ကမူ 'တခြားနယ်ပယ်များ'ဟုသာ သတ်မှတ်ထားကြလေသည်။
"အိပ်မက်ပိုက်ကွန် ဟုတ်လားဆရာ အဲဒါက ဘာလဲဟင်"
"အိပ်မက်ပိုက်ကွန်ဆိုတာ တံလျပ်အိပ်မက် နယ်ပယ်ရဲ့ အရှင်သခင် ဖန်တီးထားတဲ့ အသိဉာဏ် ကွန်ရက်တစ်မျိုးပဲ ဆိုပါတော့ကွာ အဲဒါက နယ်ပယ်ကြီး တစ်ခုလုံးနဲ့ ဆက်သွယ်ထားပြီး မရေမတွက်နိုင်တဲ့ အိပ်မက် တစ္ဆေတွေက ဒီကွန်ရက်ကို စောင့်ရှောက် ထိန်းသိမ်းနေကြတယ်"
"သူက ဘယ်နေရာတွေမှာ အသုံးဝင်သလဲ ဆရာ"
"အများကြီး အသုံးဝင်တာပေါ့ကွ မင်းအနေနဲ့ ဒီကွန်ရက်ထဲမှာရှိတဲ့ ဘယ်လိုလူမျိုးနဲ့မဆို ဆက်သွယ်ပြီး ပြောဆိုနိုင်တယ် သတင်းအချက်အလက်တွေ ဝေမျှနိုင်တယ် ဒါတင်မကသေးဘူး အိပ်မက် ပိုက်ကွန်ဟာ မင်းရဲ့ သေဆုံးခြင်းကို ပထမဆုံး သတိထားမိတဲ့ အတွက် တခြားလူတွေကို အကြောင်းကြားဖို့လည်း သုံးနိုင်သေးတယ် တစ်နေရာရာမှာ ထောင်ချောက် မိနေရင်လည်း အိပ်မက် ပိုက်ကွန်ကို အသုံးပြုပြီး အကူအညီ လှမ်းတောင်းနိုင်တယ် ကုန်ကုန်ပြောရရင် အိပ်မက်ပိုက်ကွန်ထဲမှာ မင်းအနေနဲ့ တန်ဖိုးကြီးမားတဲ့ သတင်းအချက်အလက်တွေ အများကြီး ရရှိနိုင်တယ်ပဲ ဆိုပါတော့ ဒါပေမဲ့ ခုအချိန်မှာတော့ မင်းအနေနဲ့ ဒါတွေကို အသုံးပြုခွင့် မရှိသေးဘူး ခုအနေအထားကတော့ မင်းရဲနာမည်ကို အိပ်မက်ပိုက်ကွန်မှာ စာရင်း သွင်းထားရုံလောက်ပဲ နောက်နောင် ဦးစားပေး ကုသမှု အဆင့်တွေ တက်လာတာနဲ့အမျှ အိပ်မက် ပိုက်ကွန်ကို အသုံးပြုခွင့်ကလည်း လိုက်ပါ တိုးတက် လာလိမ့်မယ် ဒီတော့ ဒါတွေကို ခုချိန်မှာ မင်းစိတ်ပူနေစရာ မလိုသေးဘူး"
"အိပ်မက် ပိုက်ကွန်ကို အသုံးပြုခွင့်ရဖို့ အတွက် ဦးစားပေး အဆင့်အတန်း ဘယ်လောက်များ လိုမလဲဆရာ"
"ဦးစားပေးအဆင့် ၇လောက်ဆိုရင် အိပ်မက် ပိုက်ကွန်ထဲကို မင်း ဝင်ခွင့်ရပြီကွ"
အင်း... အိပ်မက်ပိုက်ကွန်ကို သုံးခွင့်ရဖို့အတွက် ဦးစားပေး အတင့်အတန်း ၇ လိုတယ်ဆိုပါလား... မလွယ်ဘူးပဲ...
စုချန်းတွင် ဦးစားပေး အဆင့်အတန်း ၈ သာရှိနေ၏။ အဆင့်၇သို့ တိုးမြှင့်ရန် သူ့တွင် ထောက်ပံ့ကြေး အမှတ် မလုံလောက်။ ထို့ကြောင့် လက်ရှိတွင် သူ့အနေနှင့် ဆက်လက် စောင့်ဆိုင်း နေရန်သာ ရှိလေသည်။
ရှီကိုင်းဟွမ်သည် စုချန်းအား နောက်ထပ် ကျောက်တုံး မျှော်စင် တစ်ခုဆီသို့ ဦးဆောင် ခေါ်ဝေါ်သွား၏။
"ဒီနေရာဟာ ငါ့ရဲ့ မူလစွမ်းအင် မျှော်စင်ပဲ ငါ့တပည့်အနေနဲ့ မင်းဟာ ဒီမှာ လေ့ကျင့် ရလိမ့်မယ်"
များသောအားဖြင့် မူလစွမ်းအင် မျှော်စင်ဟူသည် အဆင့်မြင့် မူလချီစွမ်းအား ပညာရှင်များ ကိုယ်တိုင် အထူးတည်ဆောက်ထားခြင်း ဖြစ်သည်။ မူလစွမ်းအင်မျှော်စင်ကို တည်ဆောက်ရင်း ချီစွမ်းအား ပညာရှင်များသည် စမ်းသပ်မှု ပြုလုပ်ရန် မူလစွမ်းအင်ပုံစံ တစ်မျိုးကို ပေါ်ပေါက် လာစေ၏။ ထို့ပြင် ထိုမျှော်စင်များတွင် အင်အားကြီမားသော ကိုယ်ပိုင် ကာကွယ်ရေး စနစ်ကိုလည်း ပိုင်ဆိုင် ထားလေသည်။ ယခု စုချန်းရှေ့ရှိ ကျောက်တုံးမျှော်စင်သည် ရှီကိုင်းဟွမ်၏ ပင်မ မူလစွမ်းအင် မျှော်စင်ဖြစ်သည်။ ရေကန်ဘေးရှိ ကျောက်တုံး အိမ်လေးမှာကား ယာယီ နေထိုင်ရန် ဆောင်လုပ်ထားခြင်းသာ ဖြစ်သည်။
"ကောင်းပါပြီခင်ဗျာ"
စုချန်းက ရိုသေလေးစားစွာ ပြောလိုက်သည်။
"ဒီတော့ ခု ကျွန်တော် ဘာလုပ်ရမလဲ ဆရာ"
"အခုလား"
ရှီကိုင်းဟွမ်က ရယ်မော လိုက်သည်။
"အခုကတော့ မင်းမှာ စွမ်းရည် ဘယ်လောက် ရှိသလဲဆိုတာ စစ်ဆေးရမဲ့ အချိန်ပေါ့ကွာ"
ပြောရင်းဆိုရင်းနှင့်ပင် ရှီကိုင်းဟွမ်၏ မျက်လုံးများက တောက်ပလာလေရာ တစုံတရာ ဖြစ်ပျက်တော့မည်မှန်း စုချန်းက ချက်ချင်း သဘောပေါက် လိုက်သည်။ ထင်သည့်အတိုင်း ရှီကိုင်းဟွမ်၏ လက်ချောင်းများက စုချန်းကို ဖမ်းကုပ် လာတော့၏။ စုချန်းကလည်း ခေသူ မဟုတ်လေရာ မြွေခြေလှမ်းကို အသုံးပြုရင်း ဆရာဖြစ်သူ၏ လက်သည်း ကုပ်ချက်ကို ရှောင်တိမ်း လိုက်၏။ စုချန်း၏ ကိုယ်ခန္ဓာသည် ၁၄ကြိမ်တိတိ လှုပ်ရှားသွားပြီး သူနှင့် ရှီကိုင်းဟွမ်ကြားရှိ အကွာအဝေးမှာလည်း ခြေလှမ်းပေါင်း ၃၀၀တိတိ ဝေးကွာ သွားတော့သည်။ ရှီကိုင်းဟွမ်သည် ထိုအကွာအဝေး လောက်ကို ရှိသည်ဟုပင် ထင်ပုံမရ။ သူ့လက်သည် ရုတ်တရက် ရှည်ထွက် လာသကဲ့သို့ ထင်ရပြီး စုချန်း၏ ဦးခေါင်းကို ငြင်သာစွာ ကုပ်ဆွဲကာ မျှော်စင် အတွင်းသို့ ပစ်ထည့် လိုက်တော့သည်။
ကြောက်မက်ဖွယ်ရာ အလင်းရောင်များ ထွက်ပေါ်လာပြီး ကျောက်တုံးများ ရေထဲသို့ ပြုတ်ကျ သကဲ့သို့ ဆူဆူညံညံ အသံများ ထွက်ပေါ်လာ၏။ ထို့နောက် မျှော်စင်မှ ခေါင်းလောင်းသံ၊ သတိပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကြောင်း စုချန်း ကြားလိုက်ရသည်။
"ဟေ့ မင်းဟာ ဒီနေရာကို အခွင့်မရှိပဲ ဝင်လာတယ် ကိုယ်ပိုင် ကာကွယ်ရေး စနစ်ကို နှိုးဆွစမ်း အစောင့်တွေ လွှတ်လိုက်စမ်း"
"သေစမ်း"
သူသည် ကြီးမားလှသော ဟောခန်းကြီး တစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့ရှိ လိုက်ရသောအခါ စုချန်းက ကျိန်ဆဲလိုက်၏။ ဟောခန်းမကြီးမှာကား ကြီးမားသည်နှင့်အမျှ ကျယ်ဝန်းလှ၏။ နံရံများသည် ပေ၁၀၀၀ အကွာတွင်မှ ရှိနေကြသည်။ ကြည့်ရသည်မှာ မျှော်စင်၏ အတွင်းပိုင်းသည် ထိုမျှလောက်ထိ ကျယ်ဝန်းပုံမရ။ တံခါးပေါက်ကို ဖြတ်သန်းပြီးနောက် စုချန်း၏ ကိုယ်ခန္ဓာသည် တခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားပုံရသည်။ ဤအတိုင်းဆိုလျင် သူ့အတွက် အခြေအနေမှာ သိပ်မကောင်းနိုင်ဟု စုချန်းက ယူဆလိုက်သည်။ ရှီကိုင်းဟွမ်၏ ပစ်ပေါက်ခြင်း ခံလိုက်ရ၍သာ မျှော်စင်အတွင်းသို့ ရောက်ရှိလာခဲ့ရသော သူ့ကို မျှော်စင်၏ ကာကွယ်ရေး စနစ်က အတင်းအကျပ် ဝင်ရောက်လာခဲ့သော ရန်သူဟု သတ်မှတ်လိုက်ပုံ ရသည်။
ထိုအချိန်မှာပင် ခန်းမအတွင်းတွင် ထူးဆန်းသော သတ္တဝါကြီး တစ်ကောင်၏ ပုံသဏ္ဌာန် ပေါ်ပေါက် လာ၏။ ၎င်းသည် ပြန့်ကားနေသော အကျိအချွဲ ပုံကြီးနှင့် တူလှပြီး အတန်ကြာသော် ခြေလေးချောင်း၊ ဦးခေါင်းတစ်လုံးပုံစံ ပီပီပြင်ပြင် ပေါ်ပေါက် လာတော့သည်။ ၎င်း၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့တွနေ၏။ ၎င်းသည် စုချန်းကို ကြည့်ရင်း တစ်စုံတစ်ခုကို စူးစူးဝါးဝါး အော်ဟစ်နေပုံ ရသည်။ သို့ရာတွင် အသံကား ထွက်မလာ။ သို့သော် စုချန်း၏ စိတ်ထဲတွင် တစုံတစ်ခုက အပြင်းအထန် ထိုးဖောက်ရန် ကြိုးစားနေသကဲ့သို့ ထင်မှတ်လိုက်ရသည်။ သူ့ဦးခေါင်းတစ်ခုလုံးမှာလည်း ပြင်းထန်စွာ နာကျင်ကိုက်ခဲလာ၏။
လက်စသတ်တော့ သတ္တဝါကြီး၏ ပထမဆုံး တိုက်ခိုက်မှုမှာ ဝိညာဉ်တိုက်ခိုက်မှုပေ တကား။ သူ့အခြေအနေသည် အန္တရာယ် မကင်းကြောင်း ကောင်းကောင်း သဘောပေါက်လေရာ စုချန်းက ချက်ချင်းပင် မီးလျှံငှက်ကို ဖော်ထုတ်ပြီး သတ္တဝါကြီးကို တိုက်ခိုက်လိုက်သည်။ ပေါက်ကွဲနေသော မီးလျှံငှက်သည် စက်ဆုပ်ရွံရှာဖွယ်ရာ အကျိအချွဲပုံကြီးကို ထိမိသည်နှင့် တပြိုင်နက် ချက်ချင်းပင် အထဲသို့ဝင်ရောက် ပျောက်ကွယ်သွား၏။ ခက်တော့ခက်ပေပြီ။ စုချန်း၏ မီးလျှံငှက်သည် ဤတစ်ကြိမ်တွင် အစွမ်းပြနိုင်ပုံမပေါ်။ သတ္တဝါကြီးကလည်း ထပ်ခါထပ်ခါ အသံပြုနေလေရာ စုချန်း၏ နှလုံးသား အတွင်းဝယ် မိုးခြိမ်းသံကဲ့သို့ ဆူဆူညံညံအသံများ ပဲ့တင် ထပ်နေတော့သည်။ အော်သံတစ်ချက်စီတိုင်းသည် စုချန်း၏ အသိစိတ်ကို ဆုတ်ဖြဲနေသကဲ့သို့ ရှိ၏။
ထိုအချိန်တွင် ရှီကိုင်းဟွမ်၏ အေးအေးဆေးဆေး နိုင်သော စကားသံ ပေါ်လာ၏။
"ဒီသတ္တဝါကို သောက ပိုးတီကောင်လို့ ခေါ်တယ် ဟင်းလင်းပြင် နယ်ပယ်မှာ ကြီးပြင်းပြီး အစောင့်အဖြစ် တာဝန် ထမ်းဆောင်တယ် ဒီသတ္တဝါတွေဟာ တိုက်ရည်ခိုက်ရည် သိပ်မကောင်း လှပေမဲ့ အလွယ်တကူ အနိုင်ရမယ် ထင်နေရင်တော့ မှားသွားလိမ်မ့ယ် မင်းတွေ့တဲ့အတိုင်း ဒီကောင်ကြီးကို သာမန် တိုက်ခိုက်မှုမျိုးလောက်နဲ့ သွားတိုက်လို့ မရဘူး သူ့ရဲ့ အော်သံကလည်း မင်းရဲ့စိတ်ဝိညာဉ်ကို ထိခိုက်စေတယ် ကံကောင်းတာက ဒီကောင်ကြီးဟာ မိနစ်ပိုင်းအတွင်းမှ ပျောက်ကွယ် သွားလိမ့်မယ် ဒီတော့ အဲဒီအချိန် ရောက်အောင် မင်းက တောင့်ခံထားဖို့ပဲ တစ်ခုရှိတာက စိတ်ဓာတ်အင်အား အလွန်ခိုင်မာတဲ့ လူတချို့ကတော့ ဒီကောင်ကြီးရဲ့ ဝိညာဉ် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတာကို တွေ့ရတယ်"
စုချန်းသည် နာကျင်နေသော ဦးခေါင်းကို လက်ဖြင့်ဆုပ်ကိုင်ပြီး ဓားမြောင်ဖြင့် သောက ပိုးတီကောင်ကြီးကို ချိန်ရွယ်ကာ အံကို တင်းတင်းကြိတ်ရင်း မေးလိုက်သည်။
"တစ်ခုလောက်တော့ မေးဦးမယ်ဆရာ"
"မေး"
"ကျွန်တော့အနေနဲ့ ခုခံရုံပဲ ခုခံရမှာတော့ မဟုတ်ဘူးမလား တကယ်လို့ ဒီကောင်ကြီးကို ကျွန်တော် သတ်လိုက်ရင် ဆရာစိတ်ဆိုးမှာလား"
ရှီကိုင်းဟွမ်က ညစ်တီးညစ်ပတ် လေသံဖြင့် ရယ်မောလိုက်သည်။
"တကယ်လို့ မင်းမှာ သတ်နိုင်မဲ့စွမ်းရည်ရှိရင် သတ်လိုက်ပေါ့ကွ"
"ဒါဆို သိပ်ကောင်းတာပေါ့ဆရာ"
ထိုအခိုက်မှာပင် သောကပိုးတီကောင်က နောက်ထပ် အော်သံတစ်ချက် ပြုလိုက်ပြန်သည်။ ၎င်း ပါးစပ် ဟလာသည်နှင့် စုချန်းက ပိုးတီကောင်ကြီးကို စူးရှသော မျက်လုံးအစုံနှင့် စိုက်ကြည့် လိုက်၏။ ဝိညာဉ်မျက်လုံး မူလစွမ်းရည်ကို နှိုးဆွလိုက်ခြင်း ဖြစ်သည်။ ပိုးတီကောင်ကြီးကား စုချန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိရှာ။ ခေါင်းကို နောက်သို့လှန်ပြီး နာကျင်စွာ ညည်းညူလိုက်သည်။ ၎င်း၏ မျက်နှာမှာလည်း ပထမအကြိမ် ထွက်ပေါ် လာစဉ်ကဲ့သို့ပင် ရှုံ့မဲ့သွား၏။ ယုတ်စွအဆုံး ၎င်း၏ အကျိအချွဲ ကိုယ်ခန္ဓာသည်ပင် နာကျင်မှုကို မခံနိုင်ဟန်ဖြင့် တွန့်လိမ် ကောက်ကွေး သွားလေသည်။
ပိုးတီကောင်ကြီး မူလ အနေအထားသို့ ပြန်မရောက်ခင်မှာပင် စုချန်းက ဝိညာဉ် အမြစ်တွယ်ခြင်း နည်းစနစ်ကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။ ၎င်းနည်းစနစ်သည် အောရစ်၏ ဝိညာဉ်မျက်လုံး နည်းစနစ်နှင့် သံတူကြောင်းကွဲ နည်းစနစ်တစ်မျိုး ဖြစ်ပြီး နည်းစနစ် နှစ်မျိုးလုံး လိုလိုပင် ဝိညာဉ်အမျိုးအစား စိတ်ဝိညာဉ်ကို ထိခိုက်စေသော နည်းစနစ်များ ဖြစ်ကြသည်။ သာမန် တိုက်ခိုက်မှုမျိုးနှင့် မထိရောက်သော ပိုးတီကောင်ကြီး အတွက် စိတ်ဝိညာဉ်ကို ထိခိုက်စေသော နည်းစနစ်များမှာ အထူးပင် သင့်လျော်လှ၏။
ဝိညာဉ်အမြစ်တွယ်ခြင်းနည်းစနစ်ကြောင့် ပိုးတီကောင်ကြီးသည် နောက်တကြိမ် နာကျင်စွာ အော်ဟစ် လိုက်ပြန်သည်။ ၎င်း၏ ကိုယ်ခန္ဓာမှာလည်း ယခင်ကထက် ပို၍ သေးငယ်လာ၏။ ထိုအချိန်မှာပင် စုချန်းက လက်ဝါးရိုက်ချက် ၁၂ချက်တိတိကို တစ်ဆက်တည်း ရိုက်ထုတ်လိုက်သည်။ မိုးကြိုးဓားနည်း စနစ်ကို အသုံးပြုလိုက်ခြင်းပင်တည်း။
မိုးကြိုးဓားသည် ဝိညာဉ်ပိုင်းဆိုင်ရာ မူလကျွမ်းကျင်မှု မဟုတ်သော်လည်း ၎င်းကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးသံသည် ပိုးတီကောင်၏ နာကျင်စွာ ညည်းညူသံများကို ဖုံးလွှမ်းကာ တစ်ခန်းလုံးတွင် ပဲ့တင်ထပ်နေလေ၏။ ထိုအခါ တစ်ခန်းလုံးတွင် မိုးခြိမ်သံများ၊ ပိုးတီကောင်ကြီး၏ ညည်းညူ အော်ဟစ်သံများနှင့် ဆူညံနေတော့သည်။ အတန်ကြာသော် ပိုးတီကောင်ကြီး၏ ကိုယ်ခန္ဓာသည် တွန့်လိမ် ကောက်ကွေးနေရာမှ တဖြည်းဖြည်း ပြားကပ်လာပြီး ၎င်း၏ ကိုယ်တွင်းမှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
လက်ဝါးရိုက်ချက် ၁၂ချက် ထုတ်သုံးပြီးနောက် စုချန်းသည် ဝိညာဉ်မျက်လုံးကို နောက်တစ်ကြိမ် ထုတ်သုံးရန် အဆင်သင့် ဖြစ်နေခဲ့လေပြီ။ ဝိညာဉ်မျက်လုံး၊ ဝိညာဉ်အမြစ်တွယ်ခြင်း၊ မိုးကြိုးဓား စသော နည်းစနစ်သုံးမျိုးကို အလှည့်ကျ ထုတ်သုံးနေသော စုချန်း၏ လက်ချက်ကြောင့် ပိုးတီကောင်ကြီးသည် တချက်တလေပင် ပြန်လည် တုံ့ပြန်နိုင်စွမ်းမရှိပဲ အလူးအလိမ့် ခံနေရရှာ၏။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ နာကျင်စွာ အော်ဟစ်ခြင်းသာ ဖြစ်သည်။ သို့သော် စုချန်းကား အနည်းငယ်မျှပင် သနားကြင်နာဟန် မပြ။
စုချန်း ပြုသမျှ နုနေရလေရာ ကြာတော့ ပိုးတီကောင်ကြီးသည် ပြင်းထန်စွာ ဒေါသ ထွက်လာ၏။ ထိုအခိုက်မှာပင် ဟောခန်းတစ်ခုလုံး အလင်းရောင်များ အလျှံတညီးညီး ထွက်ပေါ်လာပြီး မည်းနက်နေသော အရိပ်သဏ္ဌာန်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ တစ်နေရာရာမှ တစ်စုံတစ်ခုကို ညှစ်ထုတ်လိုက်သည့် ပုံစံမျိုး ဖြစ်သည်။ ဟင်းလင်းပြင် နယ်ပယ်မှ သောက ပိုးတီကောင်ကြီးကား ဒေါသကို မထိန်းနိုင်တော့ပဲ စုချန်းကို အမှုန့်ကြိတ်ရန် ဟောခန်းကြီး အတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့လေပြီ။
"ဟဲ ဟဲ နောက်ဆုံးတော့ မင်း ပေါ်လာပြီပေါ့"
စုချန်းက ရယ်မောကာ ပြောလိုက်သည်။ ပိုးတီကောင်ကြီး၏ မဲနက်သော ကိုယ်ကာယ တစ်ခုလုံး ခန်းမနှင့် ပြည့်လုပြည့်ခင် အနေအထားသို့ မရောက်ခင်မှာပင် စုချန်း၏ လက်မှ အလင်းရောင် တချို့ ထွက်ပေါ်လာ၏။ ပေါက်ကွဲနေသော မီးလျှံငှက်၏ အင်အား အပြင်းထန်ဆုံး အနေအထားကို စုချန်း ဖော်ထုတ်ထားခြင်း ဖြစ်သည်။
ဘုန်းခနဲမြည်သံနှင့် အတူ ပေါက်ကွဲနေသော မီးလျှံငှက်သည် ပိုးတီကောင်၏ မည်းနက်သော ကိုယ်ခန္ဓာကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ ဤတကြိမ်တွင်လည်း စုချန်း၏ တိုက်ခိုက်မှုကို ပိုးတီကောင်ကြီး ခံနိုင်ရည်ရှိပုံမပေါ်။ မီးတောက်မီးလျှံများ တဝုန်းဝုန်း တောက်လောင်နေပြီး ပိုးကောင်ကြီးသည် နာကျင်စွာ အော်ဟစ်လိုက်၏။ မီးငြိမ်းသွားသည့် အချိန်တွင်ကား ပိုးတီကောင်ကြီး၏ ကိုယ်ခန္ဓာ တစ်ခုလုံး ပြာကျသွားခဲ့လေပြီ။
ရှီကိုင်းဟွမ်ကား ထိုဖြစ်ရပ်ကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။
"မင်း... မင်း... ဒီကောင်ကြီးကို ဒီလို သတ်ရမယ်ဆိုတာ ဘယ်လိုလုပ် သိနေတာလဲ"
စုချန်းက ဖြေလိုက်သည်။
"ကျွန်တော် စာတွေအများကြီး ဖတ်ထားတယ်လေ ဆရာ"