မူလအဆောင် လက်ဖွဲ့ အလင်းရောင်ပုံစံ
Vol. 18 Ch. 174
ရှီကိုင်းဟွမ်၏ မူလအစီအစဉ်မှာ သူသည် သိပ်တော့ လွယ်ကူမည့် ဆရာမဟုတ်မှန်း စုချန်း တစ်ယောက် နားလည် သဘောပေါက် လာစေရန် သောက ပိုးတီကောင်ကြီးနှင့် အစွမ်းပြရန် ဖြစ်သည်။ သို့ရာတွင် မမျှော်လင့်ပဲ စုချန်းသည် ထိုစိမ်ခေါ်မှုကို ကျော်ဖြတ်နိုင်ခဲ့လေရာ သူက စုချန်းအား နောက်တစ်ဆင့်သို့ သွားရန် ခွင့်ပြုလိုက်ရတော့သည်။
ဒုတိယအဆင့်မှာ အဆင့်နိမ့် သားရဲသတ္တဝါဆိုး အုပ်စု ဖြစ်သည်။ စုချန်းသည် ၎င်းတို့အား ကိုယ်ပျောက် ပိုက်ကွန်ဖြင့် အလွယ်တကူ တားဆီး နိုင်လိုက်၏။ တတိယ အဆင့်မှာ မူလ နတ်ဆိုး ရုပ်သေးရုပ်များ ဖြစ်သည်။ စုချန်းက ၎င်းတို့အား ပေါက်ကွဲစေတတ်သော ဝိုင်ကရားများဖြင့် ရှင်းပစ်လိုက်၏။ သို့သော် စတုတ္ထအဆင့်တွင်ကား စုချန်း အခြေအနေ မကောင်းတော့။ ထိုအဆင့်တွင် တွေ့ရှိရသူမှာ အလွန်မဲနက်သော အသားအရေပိုင်ရှင် တစ်စုံတစ်ယောက် ဖြစ်သည်။ ထိုသူသည် အဖျားကော့ ဓားရှည်တစ်မျိုးကို ကိုင်ဆောင်ထားပြီး အရေပြားတွင် ဆူးချွန်ပါ အကြေးခွံများနှင့် ပြည့်နှက်နေ၏။ ထိုသူ၏ လှုပ်ရှားမှုမှာကား မြန်ဆန်လှသည်။ စုချန်း၏ မီးလျှံငှက်မှာ ဤတကြိမ်တွင် အစွမ်းမပြနိုင်တော့။ ထိုသူ၏ ဓားချက်တစ်ချက်တိုင်းစီသည် ရက်စက်ကြမ်းကြုတ်ပြီး အင်အားပြင်းထန်လှရာ စုချန်းမှာ မနည်းပင် ရှောင်တိမ်းနေရ၏။
ရှီကိုင်းဟွမ် တိတ်တဆိတ် ကူညီ ပေးနေသောကြောင့်သာ စုချန်းအဖို့ ဤမျှ ခံသာနေခြင်း ဖြစ်သည်။ သို့မဟုတ်လျင် အစောကြီးကတည်းက ရှုံးနိမ့်ပြီး ဖြစ်ပေလိမ့်မည်။ သို့တိုင်အောင် ရှီကိုင်းဟွမ်သည် စုချန်း၏ အရည်အချင်းကို အသိအမှတ်မပြုပဲ မနေနိုင်တော့။ သူ့တပည့်၏ လှုပ်ရှားမှုမှာ သူ ထင်ထားသည်ထက် များစွာ သာလွန်နေ၏။ အဆင့်သုံးဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ ဆိုသည်မှာ လွယ်သည့် အလုပ်မျိုးတော့ မဟုတ်။
စမ်းသပ် စစ်ဆေးခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့် ကျယ်ပြောသော ဟောခန်းမကြီး ပျောက်ကွယ် သွား၏။ သူသည် အခြားအခန်း တစ်ခန်း အတွင်းသို့ ရောက်ရှိနေကြောင်း စုချန်း မြင်တွေ့ လိုက်ရသည်။ သူ့ဘေးတွင် ရှီကိုင်းဟွမ် မတ်တတ်ရပ်နေ၏။
"ရှေးဟောင်း အာကင်နာနည်းစနစ်တွေ ကိုယ်တိုင်ဖန်တီးထားတဲ့ မူလစွမ်းရည်တွေ တိုက်စစ်သုံး ဆေးဝါးတွေ... မင်းဟာ အတော်လေးတော့ နှံ့နှံ့စပ်စပ် ရှိသားပဲ"
စုချန်းက ပြန်ပြောလိုက်သည်။
"တပည့်ဟာ အတိတ်ကာလမှာ ကံကြမ္မာကောင်းကြောင့် ရှေးဟောင်း အာကင်နာနည်းစနစ် တချို့ကို နှံ့နှံ့စပ်စပ် လေ့လာခွင့်ရခဲ့ပါတယ် ဆရာ"
"အိုး ဒီတော့ ရှေးဟောင်း အာကင်နာနည်းစနစ်နဲ့ လက်ရှိခေတ်သုံး မူလစွမ်းရည်တွေမှာ ဘယ်သင်းက ပိုပြီး အင်အား ပြင်းထန်မယ်လို့ ထင်သတုန်းကွ လုပ်စမ်းပါဦး"
ရှီကိုင်းဟွမ်က တပည့်ဖြစ်သူကို အကဲစမ်းလိုက်၏။
"ရှေးဟောင်း အာကင်နာ နည်းစနစ်တွေဟာ ဗဟုသုတကို အသားပေးပေမဲ့ လက်ရှိခေတ်သုံး မူလ စွမ်းရည်တွေကတော့ အတွေ့အကြုံကို အသားပေးပါတယ် ဆရာ နှစ်မျိုးစလုံးက သူ့ဟာနဲ့သူ ကောင်းကြပါတယ် ဒါပေမဲ့ မူလစွမ်းရည်ကို အသုံးချပုံခြင်း နှိုင်းယှဉ်ရင် ရှေးဟောင်း အာကင်နာ နည်းစနစ်တွေက ပိုပြီး အဆင့်မြင့်တယ်လို့ ထင်နေမိတယ်"
"အဲလိုလား ဒီတော့ မင်းက လက်ရှိခေတ်သုံး မူလစွမ်းရည်တွေဟာ မူလစွမ်းအင်ကို လုံလုံလောက်လောက် သုံးစွဲနိုင်စွမ်း မရှိဘူးလို့ မင်းက ထင်နေတာပေါ့ ဟုတ်လား"
ရှီကိုင်းဟွမ်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။ သူ့အဖြေကို ဆရာဖြစ်သူ သဘောမကျမှန်း စုချန်း ချက်ချင်း သဘောပေါက် လိုက်သည်။ သို့သော် သူက ခေါင်းညိတ် ပြလိုက်၏။
"ဟုတ်ပါတယ် ဆရာ"
ထိုအခါ ရှီကိုင်းဟွမ်က စုချန်းကို ပြောသလိုနှင့် ရေရွတ်လိုက်သည်။
"မင်းဟာ ရေတွင်းထဲက ဖားသူငယ် ဘဝမှာပဲ ရှိပါသေးတယ်ကွာ"
စကားဆုံးသည်နှင့် ရှီကိုင်းဟွမ်က သူ၏ ရှည်လျားသော အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်ရာ အခန်း တစ်ခုလုံးသည် အလွန်တရာ ကျယ်ပြောသော ဟင်းလင်းပြင် တစ်ခုအဖြစ် ပြောင်းလဲသွား၏။ စုချန်း အံ့သြသွား၏။ သူက ခေါင်းကို ဖျတ်ခနဲ မော့ကြည့်လိုက်ရာ ကောင်းကင်တစ်ခွင်လုံး ကြယ်များ လင်းလက် တောက်ပနေကြောင်း မြင်တွေ့ လိုက်ရသည်။ ထိုအခိုက်မှာပင် သူ့ကိုယ်တွင်းရှိ ဓာတ်ပြုမှု တစ်ခုကြောင့် ထိုနေရာသို့ မူလစွမ်းအင်များ စုပြုံလာကြောင်း စုချန်း သိရှိလိုက်သည်။ သူ၏ မူလစွမ်းအင်များမှာလည်း ရုန်းကန် တိုးထွက်စပြုလာကြောင်း စုချန်း ခံစားနေရလေသည်။
"ဒါ.....ဒါ...."
စုချန်း အံ့သြတကြီးနှင့် ရေရွတ် လိုက်သည်။
"ဒါ မူလအဆောင် လက်ဖွဲ့ အလင်းရောင်ပုံစံပဲ နဂါးကျောင်းတော်မှာ နေထိုင်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ် အတွင်း ငါ့ရဲ့ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုပဲ ဆိုပါတော့ကွာ"
ရှီကိုင်းဟွမ်က ရှင်းပြလိုက်၏။
"မူလအဆောင် လက်ဖွဲ့အလင်းရောင်ပုံစံ...အလင်းရောင်ပုံစံ.... ဒါဆို ကျွန်တော် တွေ့မြင်နေရတဲ့ ကြယ်တွေဟာ တကယ့် ကြယ်အစစ်တွေ မဟုတ်ဘူးပေါ့နော် ဆရာ"
"သိပ်သေချာတာပေါ့ကွာ"
ရှီကိုင်းဟွမ်က မုတ်ဆိတ်မွေးသပ်ကာ ပြောလိုက်သည်။ သူ့ပုံစံမှာလည်း ဂုဏ်ယူနေဟန် ရှိ၏။
"ငါဟာ မင်း အခု မြင်တွေ့နေရတဲ့ ကောင်းကင်ပေါ်က ကြယ်တွေ ဖြစ်လာဖို့ အထပ်ထပ် အခါခါ ပြုပြင် မွမ်းမံခဲ့ရတယ် နှစ်ရှည်လများ ဒုက္ခသုက္ခခံပြီး ကြိုးစားခဲ့ရတယ် ကြယ်တစ်လုံးချင်းစီဟာ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုချင်းစီကို ကိုယ်စားပြု ထားတယ်ကွ အဲဒီမှာ မူလစွမ်းအင် အဆောင်လက်ဖွဲ့ အဖုငယ်ပေါင်း ၈၉၃၂ခု ရှိတယ် တစ်ခုချင်းစီဟာလည်း ကိုယ်ခန္ဓာ အတွင်းမှာရှိတဲ့ မူလ စွမ်းအင်အပေါ် ကွဲပြားခြားနားစွာ သက်ရောက် နေကြတယ် ဒီလောက် များပြားတဲ့ အဆောင်လက်ဖွဲ့ နေရာတွေကို ရှာတွေ့ဖို့ ငါဟာ နှစ်ပေါင်း၅၀တိတိ အချိန်ကုန် ခဲ့ရတယ်ဟေ့ ခုချိန်မှာတော့ ဖြစ်နိုင်ဖွယ် မူလစွမ်းအင် အဆောင်လက်ဖွဲ့ နေရာတွေ အကုန်လုံးကို ငါ ဖော်ထုတ်နိုင်ခဲ့ပြီလို့ ထင်တာပဲ လက်ရှိခေတ်သုံး မူလစွမ်းရည်တွေထဲက ဘယ်မူလ စွမ်းရည်ကိုပဲ သုံးသုံး ဒီထဲက တစ်နေရာနဲ့တော့ ငြိနေမှာပဲ။ ကဲ မင်း စဉ်းစားကြည့်စမ်း မူလစွမ်းအင် အဆောင်လက်ဖွဲ့ နေရာ ၈၉၃၂နေရာကို ပေါင်းစပ်လိုက်မယ်ဆိုရင် ပြောင်းလဲမှု အမျိုးမျိုး အတွဲအစပ် အမျိုးမျိုး ထွက်လာနိုင်တယ် ဒီလောက် များပြားတဲ့ အတွဲအစပ်တွေ ရှိနေပြီဆိုတော့ လက်ရှိခေတ်သုံး မူလစွမ်းရည်တွေဟာ ရှေးဟောင်း အာကင်နာနည်းစနစ်တွေကို မူလစွမ်းအင် သုံးစွဲမှုအရာမှာ ယှဉ်နိုင်ပြီလား ပြောကြည့်စမ်း စုချန်း"
ထိုမေးခွန်းကို မေးလိုက်ချိန်တွင် ရှီကိုင်းဟွမ်၏ လေသံသည် မိမိကိုယ်မိမိ အလွန် ယုံကြည်မှု ပြည့်ဝနေဟန် ရှိ၏။
စုချန်း အလွန်အံ့သြသွား၏။ မူလစွမ်းအင် အဆောင်လက်ဖွဲ့ အဖုငယ်ပေါင်း ၈၉၀၀ကျော် ဆိုပါကလား...
လူသားများ လက်ရှိ အသုံးပြုနေသည့် မူလစွမ်းအင် အဆောင်လက်ဖွဲ့မှာ တစ်ထောင်ကျော်ခန့်သာ ရှိ၏။ ထိုတစ်ထောင်ကျော်မျှသော အရေအတွက်နှင့်ပင် လက်ရှိခေတ်သုံး မူလစွမ်းရည် နည်းစနစ်ပေါင်း များစွာကို ပေါ်ထွက် လာစေခဲ့သည် မဟုတ်ပါလား။ ရှီကိုင်းဟွမ်သည် မူလစွမ်းအင် အဆောင်လက်ဖွဲ့ နေရာပေါင်း ၉၀၀၀နီးပါးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို မူလစွမ်းအင် အဆောင်လက်ဖွဲ့ အလင်းရောင် ပုံစံကွက်ကြီး တည်ဆောက်ရန် အသုံးပြုခဲ့သည်။ ဤကိစ္စမှာ အလွန်ကြီးမား လှသော ရှာဖွေတွေ့ရှိမှုမှန်း သံသယဖြစ်စရာမလို။ ၎င်းကို စုချန်း တစ်ယောက် မချီးကျူးပဲ မနေနိုင်သည်ကတော့ အမှန်ပင်။
သို့သော် အတန်ကြာအောင် စဉ်းစားပြီးနောက် စုချန်းက ခေါင်းခါလိုက်သည်။
"ဆရာ့စကားအရ ဆိုရင် လက်ရှိခေတ်သုံး မူလစွမ်းရည်တွေဟာ မူလစွမ်းအင်တွေကို အမျိုးမျိုး အဖုံဖုံ အသုံးချနိုင်တယ် ဆိုတာကိုတော့ ကျွန်တော် ဝန်ခံရမှာပဲ ဒါပေမဲ့ မူလစွမ်းအင် အဆောင်လက်ဖွဲ့ရဲ့ တည်နေရာတွေဟာ လူသားကိုယ်ခန္ဓာထဲမှာပဲ ဖြစ်နေတာကို တွေ့ရတဲ့ အတွက် စွမ်းအင် ပမာဏဟာ ကန့်သတ်ချက် ဖြစ်နေပါတယ် ဆရာ ဒါကြောင့် မူလစွမ်းအင် အဆောင်လက်ဖွဲ့ တည်နေရာတွေ ဘယ်လောက်ပဲများများ လူသားတွေရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်မှာတော့ ကန့်သတ်ချက်တွေ ရှိနေအုံးမှာပါပဲ ဒါကြောင့် မူလစွမ်းအင်ကို အသုံးပြုတဲ့ နေရာမှာ ရှေးဟောင်း အာကင်နာနည်း စနစ်တွေကသာ ပိုမို သာလွန်နေတုန်းလို့ ကျွန်တော် ယူဆပါတယ်"
ထိုအခါ ရှီကိုင်းဟွမ်က မျက်ခုံးနှစ်ဖက်ကို ပင့်ကာ တွေးတွေးဆဆနှင့် ပြောလိုက်သည်။
"လူသားတွေရဲ့ ကိုယ်ခန္ဓာဟာ သူ့အတွင်းမှာရော သူကိုယ်တိုင်ရော ရတနာတစ်ပါးလို့ ဆိုနိုင်တယ် အကန့်အသတ်မဲ့ အလားအလာပေါင်း များစွာဟာ လူသားတွေရဲ့ ကိုယ်တွင်းမှာ သိုမှီး ကိန်းအောင်းနေတယ် ရှေးဟောင်း အာကင်နာနည်းစနစ်တွေကတော့ မူလစွမ်းအင်ကို ဖွင့်ထုတ်ဖို့ အတွက် မူလ စွမ်းအင်ပုံစံတွေကို အသုံးချတယ် ဒါဟာ မှော်ပညာကို အသုံးချနိုင်ဖို့ ကောင်းကင်နဲ့ မြေကြီးဆီက ငှားယမ်းလိုက်တဲ့သဘောပဲ ဒါဟာ မှန်ကန်တဲ့ လမ်းစဉ် မဟုတ်ဘူးကွ အဆုံးသတ်ကျရင် ဒုက္ခရောက်လိမ့်မယ်"
အရိုးရှင်းဆုံး ပြောရလျင် ရှေးဟောင်း အာကင်နာ နည်းစနစ်များနှင့် လက်ရှိခေတ်သုံး မူလစွမ်းရည်များသည် ကွဲပြားခြားနားသော စိတ်ကူးစိတ်သန်း နှစ်မျိုးအပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ လူသားတို့ အနေနှင့် ၎င်းတို့၏ ကိုယ်ခန္ဓာကို သန်မာ အားကောင်းလာအောင် ထိုးထွင်း ကြံဆနေချိန်တွင် အာကင်နာများသည် ၎င်းတို့၏ နည်းပညာများ တိုးတက် ထွန်းကား လာစေရန် ပို၍ အာရုံစိုက်ခဲ့ကြ၏။ ရှီကိုင်းဟွမ်သည်လည်း တခြားလူများနည်းတူ မိမိကိုယ်တွင်း အင်အားကိုသာ အာရုံစိုက်သူ ဖြစ်လေရာ အာကင်နာ နည်းစနစ်များအား သဘောမကျသည်မှာ အဆန်းတော့ မဟုတ်။
မှန်ကန်သော လမ်းကို လျှောက်မှသာ ပန်းတိုင်သို့ တကယ် ရောက်ရှိလိမ့်မည်ဟု စုချန်းက ဆရာဖြစ်သူကို ပြောပစ်လိုက်ချင်၏။ သွေးဗီဇ ကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန် သူတို့အနေနှင့် လေ့လာသင့်သည့် အရာမှန်သမျှကို စိတ်ကိုဖွင့်၍ လေ့လာသင့်သည် မဟုတ်ပါလား။ သို့သော် သူတို့နှစ်ယောက် ဆရာတပည့် ဖြစ်လာသည်မှာ အချိန်ကာလအားဖြင့် တိုးတောင်း သေးသည်။ ထို့ကြောင့် သူက ပါးစပ်ကို ပိတ်ရင်း ဆရာ့စကားကို ကျုံးနွံစွာ နားထောင် နေလိုက်တော့သည်။
ရှီကိုင်းဟွမ်သည် မူလစွမ်းအင် အဆောင်လက်ဖွဲ့များ အကြောင်းကို နားလည်နိုင်ရန် အဆောင်လက်ဖွဲ့ အလင်းရောင် ပုံစံကွက်ကို အသုံးပြုခဲ့၏။ ၎င်းမှာ မူလစွမ်းအင်များ မည်သို့မည်ပုံ စီးဆင်း နေသည်ကို နားလည်နိုင်ရန် တွက်ချက်နည်း တစ်ခုကို အသုံးပြုလိုက်သည့် သဘော ဖြစ်သည်။
သဘောတရား အရ ပြောလျင် ရှီကိုင်းဟွမ်၏ နည်းလမ်းသည် ဘရုခ်ပုံသေနည်းနှင့် အတူတူသာ။ မိန်းဘရုခ်က မူလစွမ်းအင်များ စီးဆင်းပုံကို နားလည်စေရန် မူလ စွမ်းအင်ပုံစံကို အသုံးပြု၍ ရှီကိုင်းဟွမ်ကမူ မူလစွမ်းအင် အဆောင်လက်ဖွဲ့များ အစားထိုး အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုနည်းလမ်း နှစ်မျိုးလုံးသည် သူ့နည်းသူ့ဟန်နှင့် အလွန် ရှုပ်ထွေးသော်လည်း အဓိက ရည်ရွယ်ချက်မှာကား မူလစွမ်းအင် စီးဆင်းပုံကို နားလည် သဘောပေါက် စေရန်ပေတည်း။ ထို့ကြောင့် မိန်းဘရုခ်နှင့် ရှီကိုင်းဟွမ်တို့သည် လိုချင်သော ရလဒ်များ ထွက်လာအောင် မစွမ်းဆောင် နိုင်သေးသော်လည်း ထိုရလဒ်အတွက် တွက်ချက်ရမည့် နည်းလမ်း ဥပဒေသတို့ကိုတော့ တီထွင် နိုင်ခဲ့လေပြီ။
ရှီကိုင်းဟွမ်၏ တီထွင်မှုမှာ ဂုဏ်ယူလောက်သည့် အံ့သြဘနန်း တီထွင်မှုဟု ဆိုနိုင်သည်။ ၎င်း၏ အဆောင်လက်ဖွဲ့ အလင်းရောင်ပုံစံကွက်အတိုင်းသာဆိုလျင် ခေတ်ပေါ် မူလစွမ်းရည်တစ်မျိုး တီထွင်ဖော်ထုတ်ရန်မှာ အလွန် ရိုးရှင်းလွယ်ကူသော ကိစ္စဖြစ်သွားလေပြီ။ ထို့ကြောင့် သူ့တီထွင်မှုကို ရှီကိုင်းဟွမ် ဂုဏ်ယူနေသည်မှာ အံ့သြစရာမဟုတ်ပေ။
ထိုအခါ စုချန်း၏ စိတ်ထဲတွင် ရှီကိုင်းဟွမ်အား ဘရုခ် ပုံသေနည်းအကြောင်းကို ပြောပြလိုစိတ်များ ပေါ်လာ၏။ သို့သော် သူက ခေတ္တစဉ်းစားပြီး ထိုအကြောင်းကို ရက်အနည်းငယ်ကြာမှ ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ ဆုံးဖြတ်ရခြင်းမှာ ရှီကိုင်းဟွမ်၏ သမာဓိကို မယုံ၍ မဟုတ်။ တပည့် တစ်ယောက်အနေနှင့် ဆရာလုပ်သူ၏ ရှေ့တွင် နွားရှေ့ထွန်ကျူးခြင်းမှာ မသင့်တော်ဟု ယူဆသောကြောင့်သာ ဖြစ်သည်။
ထိုအချိန်တွင် ရှီကိုင်းဟွမ်က စကားဆက်လာ၏။
"ဆရာတစ်ယောက်အနေနဲ့ တကယ်တမ်း ငါလုပ်ရမဲ့တာဝန်က မင်းကို အင်းအားပြင်းထန်တဲ့ မူလစွမ်းရည် တချို့ သင်ကြားပေးပြီး မင်းရဲ့ ကိုယ်တွင်းအင်အား တိုးသထက် တိုးလာအောင် ထောက်ပြလမ်းညွှန်ဖို့ပဲ ဒါပေမဲ့ မင်းနဲ့ုငါဟာ မူလစွမ်းအင်ကို အဆုံးစွန်သော အခြေအနေထိ ထိန်းချုပ်နိုင်ဖို့ ဆိုတဲ့ အိပ်မက်ကို အတူတကွ မက်နေကြတဲ့ လူတွေဖြစ်တယ် ဒီတော့ လက်ရှိမူလ စွမ်းရည်တွေနဲ့ ပတ်သက်ပြီး မင်းကိုငါ ဘာမှ သင်ကြားပေးစရာ မရှိဘူး ငါသင်ကြားပေးမဲ့ တစ်ခုတည်းသော အရာက မူလအဆောင်လက်ဖွဲ့အလင်းရောင်ပုံစံပဲ ဒါကြောင့် ဒီနေ့ကစပြီး မင်းဟာ ဒီပုံစံကို လေ့လာသင်ယူ ရလိမ့်မယ် သူ့မှာ ဘာတွေပါသလဲ ဘာလိုလုပ်ထားသလဲ ဘယ်လို အသုံးချရမလဲ ဒါတွေကို အသေးစိတ် မှတ်သားရမယ် ဒီပုံစံကို ထိုးထွင်း နားလည်သွားတဲ့ တစ်နေ့မှာ မင်းဟာ ခေတ်ပေါ် မူလစွမ်းရည်တွေနဲ့ ပတ်သက်ပြီး ဆရာတဆူ ဖြစ်သွားပြီလို့ မှတ်လိုက်ပေတော့"
"ဟုတ်ကဲ့ပါဆရာ"
စုချန်းက ရိုသေလေးစားစွာ ပြောလိုက်သည်။
လူတစ်ယောက်ကို ငါးတစ်ကောင် ပေးလိုက်ခြင်းထက် ငါးဖမ်းရမည့် နည်းလမ်းကို သင်ကြား လိုက်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် မဟုတ်ပါလား။ ရှီကိုင်းဟွမ်သည် သူ့ကိုယ်ပိုင် အတွေးအခေါ်ကို အပြည့်အဝ လိုက်နာ ကျင့်သုံးသူမှန်း သိသာ နေခဲ့လေပြီ။ သူသည် သူ့ဘဝ တစ်လျှောက်လုံး လေ့လာခဲ့ရသည့် တန်ဖိုးကြီး အသိပညာအား စုချန်းကို ဆရာစားမချန်ပဲ သင်ကြားပေးလိုက်ပြီ ဖြစ်သည်။ ၎င်းမှာ စုချန်းကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းနှင့် မဆိုင်။ သူရှာဖွေ တွေ့ရှိထားသော နည်းလမ်းကို တခြားလူများအား အလကား ပေးသင့်သည်ဟု သူပြောခဲ့သည့် စကားကြောင့် ဖြစ်သည်။
အမှန်တော့ ရှီကိုင်းဟွမ်သည် သူ့အိပ်မက်ကို ဆက်မက်နိုင်မည့် တပည့်မျိုးကို ရှာဖွေ နေခဲ့သည်မှာ ကြာပြီ။ အကယ်၍ ထိုအိပ်မက်မျိုးကို အယုံအကြည် မရှိသူအား ပညာလက်ဆင့် ကမ်းမိလျင် ထိုတပည့်သည် သူ့ပညာအား တန်ဖိုးမထားမည်ကိုတော့ သူ စိုးရိမ်ခဲ့မိ၏။ ယခုတော့ သူ့အမွေအနှစ်အား ဆက်ခံနိုင်မည့် တပည့်ကို သူ တွေ့ရှိခဲ့လေပြီ။ ထို့ကြောင့် သူ့အသိပညာများအား ဆရာစားမချန်ပဲ လွှဲပြောင်း ပေးလိုက်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် စုချန်း သူ့ကို သစ္စာဖောက်ခဲ့လျင်ပင် ရှီကိုင်းဟွမ် နောင်တ ရတော့မည် မဟုတ်။
ဤသည်မှာ အန္တိမ အိပ်မက် မက်သူတိုင်း ဘဝတလျှောက်လုံး ထားရှိရမည့် သဘောထားပင် ဖြစ်လေတော့သတည်း။