← Chapters

လိမ်ညာမှု စစ်ဆေးခြင်းနည်းစနစ်

Vol. 18 Ch. 175

လိမ်ညာမှု စစ်ဆေးခြင်းနည်းစနစ်

Vol. 18 Ch. 175

ထိုနေ့မှစ၍ စုချန်းသည် နေ့အချိန်သည် ပုံမှန်တန်းခွဲများသို့ တက်ရောက် သင်ကြား၍ ညအချိန်တွင် ရှီကိုင်းဟွမ်၏ မူလအဆောင်လက်ဖွဲ့ အလင်းရောင်ပုံစံကို လေ့လာသင်ယူလေသည်။ သူ၏ နေ့ရက်များမှာ ပြင်းပြင်းထန်ထန် လေ့လာခြင်း၊ အဆက်မပြတ် စမ်းသပ်စမ်းသပ်ခြင်း စသည့် လုပ်ငန်းစဉ်များနှင့်သာ ရှုပ်ရှက်ခတ်နေတော့သည်။ ကံကောင်းသည်မှာ ထိုအချိန်က စုချန်းသည် ကိုယ်ပျောက် ပိုက်ကွန်ကို ဖန်တီးပြီးပြီဖြစ်၍ တခြားအလုပ်မရှိတော့ပဲ အားလပ်နေသောကြောင့်သာ အနည်းငယ် သက်သာရခဲ့သည်ဟု ဆိုရပေလိမ့်မည်။

အလုပ်ရှုပ်လှသော အချိန်စာရင်းကြောင့်် စုချန်းကို ပညာပေးရန် အခွင့်အရေး စောင့်ဆိုင်း နေသူများမှာ အကြီးအကျယ် စိတ်ဆင်းရဲနေကြ၏။ သူသည် ကျောင်းမှာလွဲ၍ တခြားနေရာသို့ မသွားပေ။ နေ့စဉ်နေ့တိုင်း သူသည် စာသင်ခန်းမ၊ မူလ စွမ်းအင်မျှော်စင်နှင့် အိပ်ဆောင် ထိုသုံးဌာနတွင်သာ ရှိနေတတ်သည်။ တခြားအားလပ်ချိန်များတွင် သူသည် စာကြည့်တိုက်သို့ သွား၍ သတင်း အချက်အလက် ရှာဖွေခြင်းဖြင့် အချိန်ဖြုန်း နေတတ်၏။ စုချန်း၏ တစ်နေ့တာသည်ကား ဤသို့ဤပုံ ရိုးရှင်းလှသည်။

စုချန်း ထိုသို့ ရိုးရိုးစင်းစင်း နေထိုင်လေ သူ့ကို ဒုက္ခပေးရန် စောင့်ဆိုင်း နေသူများအဖို့ အခွင့်အရေး နည်းလေလေ ဖြစ်သည်။ ဤယနေ့တွင်လည်း တခြားနေ့များကဲ့သို့ပင် ဖြစ်သည်။ သင်ခန်းစာ ပြီးသည်နှင့် သူသည် အဆောင်သို့ပြန်ရန် စီစဉ်လိုက်၏။ ထိုအခိုက်မှာပင် ကျောင်းသားတစ်ယောက် လျင်မြန်စွာ ပြေးလွှားလာ၏။

"စုချန်း"

ထိုကျောင်းသားကို စုချန်း ကောင်းကောင်းသိ၏။ ၎င်း၏ အမည်မှာ တန်လင်းဖြစ်ပြီး အံ့သြစရာ ကျောက်စိမ်းနယ်မြေမှ ဖြစ်သည်။ သူတို့နှစ်ယောက်ကို အသိအကျွမ်း များဟု ပြောဆိုနိုင်၏။ တန်လင်းသည်လည်း စုချန်းကဲ့သို့ပင် သွေးဗီဇမပါသူ သာမန်လူမျိုး ဖြစ်သည်။

နဂါးကျောင်းတော်တွင် သွေးဗီဇမပါသူကျောင်းသား များများစားစား မရှိပေ။ သူတို့သည် ကျောင်းသား အားလုံး၏ ဆယ်ရာခိုင်နှုန်းသာ ရှိပြီး နယ်မြေ သတ်မှတ်ချက်အလိုက် ကျောင်းတော်သို့ ဝင်ရောက်ခွင့် ရသူများ ဖြစ်ကြကုန်၏။ ၎င်းကိုကြည့်လျင် နဂါးကျောင်းတော်သည် တော်ဝင် မျိုးနွယ်စုများ အတွက်သာ ဖွင့်လှစ်ထားသော ကျောင်းဟု လူပြောသူပြော များသည့် အခြေအနေကို အမှန်အတိုင်း ထင်ဟပ်စေ၏။ ထို့ကြောင့် သွေးဗီဇမပါသော သာမန် ကျောင်းသားများ အဖို့ ကျောင်းတော်တွင် အချင်းချင်း စောင့်ရှောက် နေထိုင်ကြသော သဘောတွင် ရှိနေပေသည်။ တစ်ခါတစ်ရံတွင်လည်း ၎င်းတို့သည် အသင်းအဖွဲ့လေးများအဖြစ် ဖွဲ့စည်းထားတတ်သေးသည်။

နဂါးကျောင်းတော်သို့ ဝင်ရောက်လာခဲ့ပြီး သိပ်မကြာမီပင် စုချန်းကို ပျံသန်းနေသော ဆီးနှင်းများ အမည်ရ အဖွဲ့အစည်း တစ်ခုက ဆွဲဆောင် သိမ်းသွင်းရန် ကြိုးစား လာခဲ့သည်။ ထိုအဖွဲ့အစည်းဝင်များ အားလုံး လိုလိုမှာ သွေးဗီဇ မပါသူများသာ ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းအဖွဲ့အစည်းကို နဂါးကျောင်းတော် အတွင်းရှိ သွေးဗီဇမပါသူ ကျောင်းသားများမှ တည်ထောင် ထားခြင်းပင်တည်း။

တောင်သုံးလုံး နယ်မြေပြိုင်ပွဲတွင် အဆင့်တစ်ဆယ် အတွင်း ဝင်ခဲ့ပြီး ကတည်းက ပျံသန်းနေသော ဆီးနှင်းများ အဖွဲ့အစည်းအတွက် စုချန်းသည် တန်ဖိုး ကြီးမားလာခဲ့၏။ တန်လင်းကား စုချန်းကို သိမ်းသွင်းရန် တာဝန်ယူထားသူ ဖြစ်သည်။ သို့သော် စုချန်း၏ ရည်မှန်းချက်မှာကား တခြားနေရာတွင်သာ ရှိနေပြီး နိုင်ငံရေးဆန်ဆန် အဖွဲ့အစည်းများသို့ ဝင်ရောက်ရန် စိတ်ဝင်စားခြင်း မရှိ။ သို့သော် တန်လင်းတို့ လူသိုက်ကား အနည်းငယ်မျှပင် လက်လျော့ခြင်း မရှိပဲ မကြာခဏဆိုသလို လာရောက် စည်းရုံးနေခဲ့ရာ နောက်ဆုံးတွင် သူတို့ နှစ်ယောက် တစထက်တစ ပို၍ ရင်းနှီးလာတော့သည်။

တန်လင်းကို မြင်သည်နှင့် စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"အစ်ကိုကြီးတန် ဒီနေ့တရက်ထဲ ကျုပ်ကို နှစ်ခါလာရှာတယ် ဆိုတော့ ဒီတစ်ခါ အဖွဲ့အစည်းထဲဝင်ဖို့ ကိစ္စ မဟုတ်ဘူးနဲ့ တူတယ် တခြားကိစ္စ ဖြစ်ရမယ် ကျုပ်ပြောတာ ဟုတ်ရဲ့လားဗျ"

တန်လင်း ရယ်မော လိုက်သည်။

"မင်းက တုပ်တုပ်မှ မလှုပ်တော့ ကျုပ်က အဲဒီကိစ္စကို လက်လျှော့ လိုက်ပြီဟေ့ ဒီတော့ စိတ်မပူနဲ့ ကျုပ် ဒီတခါလာတာ အဲဒီကိစ္စ မဟုတ်ဘူးကွ ဒါပေမဲ့ ငါသိချင်တာက ဒီအဖွဲ့အစည်းဟာ ဒီလောက် ကောင်းတာတောင် မင်းက ဘာဖြစ်လို့ ဝင်ဖို့ စိတ်မဝင်စားတာလဲဆိုတာပဲ"

"လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိတယ်ပဲဆိုပါတော့ဗျာ"

စုချန်းက တိုးညှင်းစွာ ပြောလိုက်သည်။

"ဒါနဲ့ ဒီကနေ့ ကျုပ်ကို လာရှာတာ ဘာကိစ္စများပါလိမ့်"

"ဘာမှတော့ ထူးထူးထွေထွေ မရှိပါဘူးကွာ ဒီနေ့ဟာ ကျုပ်ရဲ့ မွေးနေ့လေ ဒီတော့ သူငယ်ချင်း တချို့နဲ့ စကားစမြည်ပြောမယ် နည်းနည်းပါးပါး သောက်ကြစားကြမယ် ဒါကြောင့် မင်းကို လာခေါ်တာ ကောင်းမြတ်သော အောင်ပွဲခံခြင်း မျှော်စင်မှာ ဆိုရင် ဘယ့်နှယ်လဲ"

"အော် အဲဒီလိုလား"

စုချန်းက ခေတ္တ စဉ်းစားဟန် ပြုလိုက်သည်။ ထို့နောက် သူက ခေါင်းခါယမ်း လိုက်၏။

"ခုတလော ကျုပ် အရမ်း အလုပ်ရှုပ်နေတာဗျ ဒီတော့ လာနိုင်မယ် မထင်ဘူး"

တန်လင်း၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။

"ညီလေးစု ကျုပ်တို့ဟာ သူငယ်ချင်းတွေ မဟုတ်ဘူးလား ကျုပ်က မင်းကို စေတနာနဲ့ လာခေါ်တာ ဒီလို ငြင်းပယ် ရသလားကွ မင်းဘယ်လိုများ ပြောရက် လိုက်တာလဲကွာ"

"ကျုပ် တောင်းပန်ပါတယ် ဘယ်လိုမှ အဆင်မပြေလို့ပါ ဒါကြောင့် ကျုပ်ကို ခွင့်လွှတ်ပေးပါ အစ်ကိုကြီးတန်"

စုချန်းက မနှေးမမြန် ပြန်ပြောလိုက်သည်။

"ဘာတွေများ ဒီလောက်တောင် အလုပ်ရှုပ်နေတာလဲကွာ ကိုယ်ခန္ဓာ စွမ်းအင် စုဆောင်းနေတာမှ ဟုတ်ရဲ့လား တစ်ရက်တလေ ပျက်ရုံနဲ့တော့ ဘာမှ ဖြစ်မသွားပါဘူး ညီလေးရဲ့"

စုချန်းက တန်လင်းကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"တရက်ပျက်ရင် တစ်ရက်စာ နစ်နာသလို ဆယ်ရက် ပျက်ရက် ဆယ်ရက်စာ နစ်နာတာပဲ အစ်ကိုကြီးတန် ဒီကနေ့ အစ်ကိုကြီးတန်ကို ချွင်းချက် ထားလိုက်ရင် နောက်နေ့တွေမှာ အစ်ကိုကြီးလီ၊ အစ်ကိုကြီးကျန်း တို့ကိုပါ ထပ်ပြီး ခြွင်းချက် ထားပေးနေရလိမ့်မယ် ကျုပ်အနေနဲ့ ဘဝတစ်လျှောက်မှာ သူငယ်ချင်း အများအပြား ရလာနိုင်ခြေရှိပေမဲ့ ကျောင်းတော်မှာ နေခွင့်ရတဲ့ နေ့ရက်တွေကတော့ ထပ်တိုးလာမှာ မဟုတ်ဘူးဗျ သွေးဗီဇမပါတဲ့ လူတစ်ယောက် အနေနဲ့ ကျုပ်တို့ဟာ အမြဲတမ်း တော်ဝင် မျိုးနွယ်စုဝင်တွေရဲ့ နောက်မှာပဲ ဒါကိုမှ ပြင်းပြင်းထန်ထန် ကြိုးစား အားထုတ်မှု မရှိဘူးဆိုရင် ဒီကနေ့ နဂါးကျောင်းတော်မှာ ပညာလာသင်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်သွားမလဲဗျ ကျုပ်တို့ ကျောင်းပြီးသွားတဲ့ အခါ ဒီကနေ ခြေဗလာလက်ဗလာနဲ့ ထွက်သွားမလား ဒါမှမဟုတ် အောင်မြင်မှုတချို့နဲ့ အတူ ထွက်သွားမလား ကိုယ့်ဟာကိုယ် ပြန်တွေးစမ်းပါ အစ်ကိုကြီးတန်"

စုချန်း၏စကားကို ကြားလိုက် ရသောအခါ တန်လင်းသည် ပြင်းထန်စွာ ဒေါသထွက်လာ၏။

"မင်း... မင်း... မင်းဟာလေ...ကျုပ်ကတော့ မင်းကို စေတနာနဲ့ လာခေါ်တယ် မင်းကတော့ ကျုပ်စေတနာကို စော်ကားတဲ့အပြင် ပြန်တောင် ဆုံးမနေသေးတယ် ထားလိုက်တော့ လာခေါ်မိတာ ကျုပ်အမှားပဲ နောက်နောင် မင်းကို စိတ်ကသိကအောင့် ဖြစ်အောင် မလုပ်တော့ပါဘူးဗျာ"

ပြောပြောဆိုဆို သူက အင်္ကျီလက်များကို ဝှေ့ယမ်းပြီး ထိုနေရာမှ ဆောင့်ကြီးအောင့်ကြီးနှင့် ထွက်ခွာ သွားတော့သည်။ စုချန်းက ခေါင်းခါလိုက်ပြီး တန်လင်း ထွက်ခွာ သွားသည်ကို ငေးကြည့်နေ၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မူလစွမ်းအင် တစ်ခု အသံတိတ် ထွက်ပေါ် လာတော့သည်။ သူ စကားပြောနေချိန်တွင် သူ့အပေါ် မူလစွမ်းရည် တစ်ခု အသုံးပြုထားကြောင်း တန်လင်း လုံးဝမသိချေ။

ထိုမူလစွမ်းရည်ကို လိမ်ညာမှု စစ်ဆေးခြင်း နည်းစနစ်ဟု ခေါ်၏။

လိမ်ညာမှု စစ်ဆေးခြင်းနည်း စနစ်ဟူသည်မှာ ပစ်မှတ်ထားခံရသူ၏ စိတ်ကူး အကြံဉာဏ်နှင့် စိတ်လှုပ်ရှားမှုကို အာရုံခံပြီး ထိုသူ အမှန်အတိုင်း ပြောမပြော ဆန်းစစ်နိုင်သည် နည်းစနစ် တစ်မျိုး ဖြစ်သည်။ အမှန်တော့ ထိုနည်းစနစ်သည် ၁၀၀ရာခိုင်နှုန်းတော့ မမှန်ချေ။ အကြောင်းမှာ အင်အားကြီးမားသူ တချို့သည် ၎င်းတို့၏ စိတ်ပိုင်း ဆိုင်ရာနှင့် နှလုံးခုန်နှုန်းကို ထိန်းချုပ် ထားနိုင်စွမ်းရှိပြီး မည်သည့် အလိမ်အညာမျိုးကို ပြောနေစေကာမူ နှလုံးခုန်သံကို သာမန် အခြေအနေမျိုး ဖြစ်အောင် ထိန်းထားနိုင်စွမ်း ရှိကြ၏။ သို့တိုင်အောင် ထိုသို့ ထိန်းချုပ်နိုင်သူမျိုးနှင့် တွေ့လျှင်ပင် ဤနည်းစနစ်သည် သဲလွန်စ တချို့တလေကို အာရုံခံနိုင်စွမ်း ရှိနေသေးသည်ကတော့ အမှန်ပင်။ သို့သော် အသုံးပြုသူ အနေနှင့် မူလစွမ်းအင်ကို အာရုံခံနိုင်စွမ်း အထူးတလည် မြင့်မား နေရန်တော့ လိုအပ်၏။

ထို့ကြောင့် ဤနည်းစနစ်သည် အင်အားနည်းသော ကျောင်းသားများကို အနိုင်ကျင့်ရန် အထူးပင် သင့်လျော်လှသည်။ ပစ်မှတ်ထားခံရသူ အင်အားနည်းလေလေ နည်းစနစ်၏ ထောက်လှမ်း နိုင်စွမ်းမှာ မြင့်မားလေလေ ဖြစ်သည်။ တန်လင်းသည် စုချန်းထက် အင်အားနည်းပါးသည့် အပြင် သူ့အပေါ် ထိုနည်းစနစ် အသုံးပြုထားသည်ကို မသိ၍ မည်သို့မျှ ကာကွယ်ထားခြင်း မရှိခဲ့။ ထို့ကြောင့် စုချန်းအဖို့ အလွယ်တကူပင် ကောက်ချက် ချနိုင်ခဲ့လေသည်။

သကောင့်သားတန်လင်း လိမ်ညာနေခြင်း ပေတကား။

အကယ်၍ တန်လင်း လိမ်မပြောလျင်ပင် စုချန်းကား ၎င်း၏ ဖိတ်ခေါ်ချက်ကို ငြင်းပယ် လိမ့်မည်သာ။ သူ့ကဲ့သို့ လူစားမျိုးသည် တစ်သက်လုံး အထီးကျန်ခြင်းနှင့်သာ နေထိုင် သွားရမည်မှန်း သူ သဘောပေါက် ထားပြီး ဖြစ်သည်။ ထို့ကြောင့် လူအများနှင့် လိုက်လျော ညီထွေစွာ ပေါင်းသင်း ဆက်ဆံနေရန် မလိုအပ်တော့။

တန်လင်း ထွက်ခွာသွားသည်နှင့် စုချန်းက သူ့အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ စုချန်း ပျောက်ကွယ် သွားပြီး သိပ်မကြာမီ တန်လင်း တစ်ယောက် ပြန်ပေါ်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်ကား သူတစ်ယောက်တည်း မဟုတ်တော့။ သူနှင့်အတူ ပိုင်ယိဟုန် အပြင် ဓားကဲ့သို့ ချွန်ထက်နေသည့် မျက်ခုံးမွှေးပိုင်ရှင် လူတစ်ယောက်ပါ ပါလာ၏။ ထိုလူမှာ ပိုင်အု သို့မဟုတ် မိုးကြိုးဝိညာဉ် ပိုင်အု ဖြစ်သည်။

"ဝမ်းကွဲအစ်ကို ဒီကောင် ကျုပ်တို့ရဲ့ထောင်ချောက်ထဲ ဝင်မလာဘူးဗျ ဒီတော့ ကျုပ်တို့ ဘာဆက်လုပ်သင့်သလဲ"

ပိုင်ယိဟုန်သည် ချန်းမျိုးနွယ်စုမှ ဖြစ်ပြီး သူ့ဖခင်သည် မိုးကြိုးဝိညာဉ် ပိုင်မျိုးနွယ်စု၏ တပည့်သားမြေး တစ်ဦးဖြစ်သော်လည်း မွေးဖွား လာကတည်းက မိခင်ဖြစ်သူနှင့်သာ အတူ နေထိုင်ခဲ့ရ၍ ပိုင်မျိုးနွယ်နှင့် သိပ်မနီးစပ်ခဲ့။ ယခု နဂါးကျောင်းတော်သို့ ရောက်မှသာ ပိုင်အုနှင့် စတင်တွေ့ဖူးခြင်း ဖြစ်သည်။ ထို့ပြင် လေနတ်ဘုရား တောင်ကြော ချန်းမျိုးနွယ်စုသည် ပိုင်မျိုးနွယ်ထက် အင်အားကြီးမားပြီး ပိုင်ယိဟုန်တို့၏ အဖိုးသည် ပိုင်မျိုးနွယ်ကို အစာမကြလေရာ ထိုမျိုးနွယ်ဝင်များနှင့် မပတ်သက်ရန် ပိုင်ယိဟုန်တို့အား အမိန့်ပေးထား၏။။ ထို့ကြောင့် ပိုင်ယိဟုန်နှင့် ပိုင်အုမှာ သိပ်မရင်းနှီးဟု ဆိုနိုင်သည်။

မမျှော်လင့်ပဲ စုချန်း ပြဿနာ ပေါ်လာသောအခါ သူတိုနှစ်ယောက် စိတ်တူကိုယ်တူ ပေါင်းမိတော့သည်။ ပိုင်ယိဟုန် အဖို့မှာကား စုချန်းကို လက်စားချေနိုင်ရန် အဘိုး၏ အမိန့်ကို ခေတ္တ ဘေးဖယ် ထားရသည်ဟုပင် ဆိုရတော့မည်။

မိုးကြိုးဝိညာဉ် ပိုင်အုသည် တောင်သုံးလုံးပြိုင်ပွဲတွင် အဆင့်၉ ရခဲ့၏။ သို့သော် သူသည် ထိုအဆင့်ကို ရရှိရန် မည်သည့် လှည့်ကွက်ကိုမျှ မသုံးပဲ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်လေရာ အင်အား သက်သက် နှိုင်းယှဉ်လျင် စုချန်းထက် မြင့်မားနေ၏။ ထို့ကြောင့် ပိုင်ယိဟုန်အနေနှင့် စုချန်းကို ပညာပေးနိုင်ရန် စောင့်ဆိုင်းနေခဲ့သည်မှာ အတော်ပင် ကြာပြီ။ သို့သော် ဤအတော အတွင်းဝယ် စုချန်းသည် ကျောင်းပြင်ပသို့ တကြိမ်သာ ထွက်သွားခဲ့၏။ ထိုနေ့တွင် ပိုင်ယိဟုန်သည် အကျယ်ချုပ် ကျနေခဲ့၏။ နောက်ပိုင်းတွင်ကား စုချန်းသည် တကြိမ်မှ အပြင် မထွက်တော့လေရာ သူတို့အဖို့ မည်သည့် အခွင့်အရေးမှ မရခဲ့ချေ။

ဤသို့နှင့် သုံးလမျှ အချိန်ကုန် သွားခဲ့သည်။ စုချန်းကား အပြင်မထွက်။ ထိုအခါ သူတို့နှစ်ယောက် စိတ်မရှည် ဖြစ်လာ၏။ ဤသို့နှင့် တန်လင်းကို ဆွဲဆောင် သိမ်းသွင်းကာ စုချန်းကို ကျောင်းပြင်ပသို့ ထွက်ခွာစေရန် လှည့်ကွက်သုံး မျှားခေါ်မည့် ဤနေ့အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် စုချန်းသည် တန်လင်းကို အနည်းငယ်မျှပင် မျက်နှာသာ မပေးခဲ့လေရာ သူတို့အစီအစဉ်မှာ အဟောသိကံသာ ဖြစ်သွားခဲ့ရ၏။ ငါးမှာ ငါးစာကို လာမဟပ်ခဲ့ချေတကား။ ပိုင်ယိဟုန်အဖို့ကား အံကြိတ်နေရုံသာ ရှိရှာတော့သည်။

ပိုင်အုမှာကား ပိုင်ယိဟုန်တို့နှင့်စာလျင် အတော်လေး စိတ်တည်ငြိမ်ဟန် ရှိသည်။ သူက အေးဆေးသော လေသံနှင့် ပြောလိုက်၏။

"သူ ငါတို့ ထောင်ချောက်ထဲ မကျဘူးဆိုတာ တကယ် အလုပ်ရှုပ် နေလို့လည်း ဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် တန်လင်းရဲ့ အလိမ်အညာကို တနည်းနည်းနဲ့ သိသွားတာမျိုး ဖြစ်ရင်လည်း ဖြစ်မယ် တောင်သုံးလုံး ပြိုင်ပွဲမှာ ဒီကောင်ဟာ သူ့ပြိုင်ဘက်တွေကို အနိုင်ရဖို့အတွက် ရှိသမျှ လှည့်ကွက်တွေကို ပုံအောသုံးခဲ့တယ် ချင်းလင်အာလို လူမျိုးတောင် သူ့ကို ရှုံးသွားခဲ့တယ် သူ့အင်အားဟာ ပြောပလောက်အောင် မဟုတ်ပေမဲ့ ဉာဏ်ရည်ဉာဏ်သွေးကတော့ တကယ် ကြောက်စရာ ကောင်းတယ် ဒီတော့ ငါတို့ အကြံအစည်ရဲ့ ဟာကွက်တစ်ခုခုကို သူတွေ့သွားတယ် ဆိုရင်လည်း သိပ်တော့ အံ့သြစရာ မရှိဘူးကွ"

"ခု ကျုပ်က ဘာလုပ်ရမှာလဲ ကျုပ်အဖွဲ့ခေါင်းဆောင်သာ ဒီကိစ္စကို သိသွားရင် ကျုပ်တော့ သေပြီ"

တန်လင်းက ထိတ်လန့်စွာ ပြောလိုက်၏။ ပျံသန်းနေသော ဆီးနှင်းများ အဖွဲ့ဝင်တစ်ယောက် အနေနှင့် သူသည် တော်ဝင် မျိုးနွယ်စုဝင်များဘက်မှ ကူညီပြီး သွေးဗီဇ မပါသူ ကျောင်းသား တစ်ယောက်ကို ဒုက္ခမပေးပါဟု သစ္စာဆိုထားရ၏။ ပိုင်မျိုးနွယ်စုသည် သူ့ကို မက်လုံးပေး၍ ဆွဲဆောင် သိမ်းသွင်းခဲ့လေရာ အဖွဲ့အစည်း၏ စည်းမျဉ်းနှင့် သစ္စာစကားကိုပင် တန်လင်းတစ်ယောက် မေ့လျော့သလို ဖြစ်သွားခဲ့သည်။ ယခုတော့ ပိုင်ယိဟုန်တို့နှင့် ပူးပေါင်းမိသည်ကို တန်လင်း နောင်တ ရလာ၏။

ထိုအခါ ပိုင်အုက တန်လင်းကို အထင်သေးဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"သိသွားတော့ ဘာဖြစ်သလဲ ကျုပ်က သူတို့ကို ကြောက်နေရမှာလား နဂါးကျောင်းတော် လိုနေရာမှာ မင်းတို့ အဖွဲ့အစည်းကို ဆက်လက်တည်ရှိခွင့် ပေးထားတယ် ဆိုတာ တော်ဝင် မျိုးနွယ်စုတွေရဲ့ သဘောထားကြီးမှုကို ပြသထားတဲ့သဘောပဲ ဒါကိုမှ စည်းကျော်လာရင် တော်ဝင် မျိုးနွယ်စုတွေရဲ့ အကြောင်းကို ပြလိုက်မှာပေါ့"

တန်လင်းက လျင်မြန်စွာ ပြန်ပြောလိုက်သည်။

"အဖွဲ့အစည်းက တော်ဝင်မျိုးနွယ်တွေကိုတော့ ဘာမှလုပ်လို့မရဘူး ဒါပေမဲ့ ကျုပ်ကိုတော့ ကောင်းကောင်း အပြစ်ပေးလို့ ရတယ်ဗျ ကျုပ်တော့ သွားပါပြီကွာ"

"ဒါဆိုလည်း သူတို့ကို ပေးမသိနဲ့ပေါ့ကွ နည်းလမ်းတစ်ခုခု စဉ်းစားပြီး စုချန်းကို အပြင်ကို ခေါ်ထုတ် ပြီးတာနဲ့ ကျုပ်တို့နှစ်ယောက်က ဒင်းကို ဂရုစိုက်ပေးလိုက်မယ် ဟဲ ဟဲ ဒါဆိုရင် ခင်ဗျား ခု စိတ်ပူ နေတောတွေ ဖြစ်လာစရာ အကြောင်း မရှိတော့ဘူးလေ"

"ပြဿနာက ဒီကောင့်ဟာ အပြင်ထွက်ချင်စိတ်ကို မရှိတာပဲ ဒီခွေးမသားဟာ ထောက်ပံ့ကြေး အမှတ်တွေ မူလကျောက်တုံးတွေ ဘယ်ကနေ ရလာတယ် မသိဘူး စွမ်းအင် စုဆောင်းခြင်း အရင်းအမြစ်တွေ အတွက် တစ်ခါမှ စိတ်ပူတယ်လို့ကို မရှိဘူး ခု နှစ်ဝက်သာ ကုန်သွားတယ် ထောက်ပံ့ကြေး အမှတ်အတွက် လုပ်ဆောင်ရတဲ့ ဘယ်တာဝန်ကိုမှ ဒီကောင် ပြီးမြောက်အောင် မလုပ်သေးဘူး ဒီကောင့်ကို ကြည့်ရတာ ကျုပ်တို့နဲ့မတူပဲ သိပ်ကို သက်တောင့်သက်သာ ရှိနေတာဗျ"

တန်လင်းက စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။

"ဘာကြောင့်လဲ ဆိုတော့ ဒီကောင်ဟာ ဒုတိယအဆင့် ကျောင်းသား ဖြစ်တဲ့အတွက် စကတည်းက အမှတ်၁၀၀ ရထားတယ် ပြီးတော့ အဆင့်၉ ဦးစားပေးကုသခွင့် ရရှိထားတယ် ဒီတော့ အမှတ် များများစားစား အသုံးပြုရမဲ့ နေရာမျိုးကို မသွားသရွေ့ ဒီကောင့်မှာ ထောက်ပံ့ကြေး အမှတ်အတွက် ပူစရာ မလိုသေးဘူးဆိုတဲ့ သဘောပေါ့"

"ဒါပေမဲ့ ဒုတိယ အဆင့်မျိုးဆက်သစ်ဆိုတဲ့ အဆင့်အတန်းကို ထိန်းထားချင်ရင် ဒီကောင်ဟာ နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲကို မလွဲမသွေ ဝင်ပြိုင်ရမှာပဲ တကယ်လို့ ဒီပြိုင်ပွဲသာ လွဲချော်သွားရင် လက်ရှိမှာ ပြဿနာမရှိသေးပေမဲ့ နောင်အနာဂတ်မှာတော့ ထောက်ပံ့ကြေး အမှတ် ကုန်ဆုံးသွားတဲ့ အတွက် မလွဲမသွေ ဒုက္ခရောက်တော့မှာပဲဗျ"

တန်လင်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"ဒီတော့ မင်းဆိုလိုတာက ငါတို့အနေနဲ့ နှစ်ကုန်ပြိုင်ပွဲအထိ စောင့်ရတော့မှာပေါ့ ဟုတ်လား"

ပိုင်ယိဟုန်က တန်လင်း၏ စိတ်ကူးကို သဘောမတူဟန်ဖြင့် ပြောလိုက်သည်။

"တကယ်လို့ ဒီကောင်ဟာ တစ်ချိန်လုံး လိပ်လိုပဲ အခွံထဲ အောင်းနေပြီး အပြင်မထွက်ဘူး ဆိုရင် အဲဒါဟာ ဖြစ်နိုင်ချေအရှိဆုံး စိတ်ကူးပဲ"

ပိုင်အုက ဝင်ရောက် ပြောဆိုလိုက်၏။ ထို့နောက် သူက အသံတိုးတိုးနှင့် စကားဆက်လိုက်၏။

"ဒီကြားထဲမှာ ငါတို့အနေနဲ့ သူတို့အထဲက အခြားတစ်ယောက်ကို အာရုံစိုက်ထားရင်ကော ဥပမာ တိမ်တိုက် ကျားသစ်ဆိုရင် ဘယ်လိုလဲ"

"တိမ်တိုက် ကျားသစ်ဆိုတဲ့ ကောင်လေးကျတော့ စုချန်းနဲ့ ဆန့်ကျင်ဘက်ပဲဗျ ဒီကောင်ဟာ အရိုင်းအစိုင်းပဲ ဒင်းဟာ ကျောင်းထဲမှာ နေတယ်လို့ကို မရှိဘူး သားရဲသတ္တဝါဆိုးတွေကို နေ့ကောညကော အမဲလိုက်နေတာပဲ ဒီတော့ သူ့ကိုရှာဖို့ဆိုတာ သိပ်ခက်လိမ့်မယ်"

"ထွီ လိပ်နဲ့ အရိုင်းအစိုင်း ဟုတ်တော့ဟုတ်နေပြီ ဘာကြောင့်များ ငါတို့ပစ်မှတ်တွေဟာ ဒီလောက်ထိ ခက်ခဲနေရတာလဲ မသိဘူးဟေ့"

ပိုင်အုကိုယ်တိုင်ပင် စိတ်ပျက်စ ပြုလာဟန်ရှိ၏။

All Chapters