← Chapters

အဖြေ

Vol. 18 Ch. 176

အဖြေ

Vol. 18 Ch. 176

ပိုင်မျိုးနွယ်စုများ နတ်ဆိုးမျက်နှာနှင့် သူ့ကို တစ်ယောက်တည်းမှန်း သိရှိသွားပြီဖြစ်ကြောင်း စုချန်း မသိသေး။ သိလျင်လည်း သူက ဂရုစိုက်လိမ့်မည်မဟုတ်။ ဤအခိုက်အတန့်ဝယ် သူ့အာရုံ တစ်ခုလုံးကို မူလစွမ်းအင် အဆောင်လက်ဖွဲ့ အလင်းရောင်ပုံစံ အပေါ်တွင်သာ ရာနှုန်းပြည့် အာရုံ စိုက်ထားသောကြောင့် ဖြစ်သည်။ သူသည် ဝမ်းသာတလှည့် စိတ်ပျက်တဖုံနှင့် အချိန်တိုင်းလိုလို ခက်ခဲပင်ပန်းစွာ ကြိုးစား အားထုတ်နေခဲ့၏။

ရှီကိုင်းဟွမ်၏ သက်ကြားပြသမှု အောက်ဝယ် စုချန်း၏ မူလစွမ်းအင် အဆောင် လက်ဖွဲ့များ အပေါ် နားလည်နိုင်စွမ်းသည် တမုဟုတ်ချင်း မြင့်တက်လာ၏။ သူ့ကို အချက်ကျကျ ထောက်ပြ ပေးနိုင်သော ဆရာတစ်ယောက် ရရှိလိုက်ခြင်းကြောင့် သူ့အတွက် များစွာ အကျိုးရှိစေခဲ့သည် ကတော့ အမှန်ပင်။ ကိုယ်ပိုင်နည်းပြ ဆရာများဟူသည် ကန့်သတ်မဲ့ သင်တန်းများတွင် ဖုံးကွယ်ထားသည့် အရာများကို သင့်အား သင်ကြားပေးနိုင်၏။ ပထမအကြိမ် သင်တန်းတွင် နားမလည် လိုက်သည့် သင်ခန်းစာများကို သင့်အား ရှင်းပြပေးနိုင်၏။ နေ့စဉ်နေ့တိုင်း သင်လေ့ကျင့်နေသည့် ကိုယ်ခန္ဓာ စွမ်းအင်စုဆောင်းခြင်း လေ့ကျင့်စဉ် များကို ညွှန်ကြား ထောက်ပြပေးနိုင်၏။ မူလစွမ်းအင် မျှော်စင်ရှိ မူလစွမ်းအင်များသည် သူ့အခန်းထက် ပို၍ သိပ်သည်းဆ များသော်လည်း ထိုကိစ္စသည် စုချန်းအတွက်တော့ သိပ်အရေးမပါလှ။

ရှီကိုင်းဟွမ်သည် မည်သည့် မူလစွမ်းရည်ကိုမျှ စုချန်းအား သင်ကြားပေးခြင်း မရှိသော်လည်း မူလစွမ်းအင်နှင့် ပတ်သက်၍ တသက်လုံး သူလေ့လာခဲ့သမျှ အသိပညာများကိုကား ဆရာစားမချန်ပဲ အိပ်သွန်ဖာမှောက်ပင် သင်ကြားပေး၏။ ထိုအခါ မူလစွမ်းအင်နှင့် ပတ်သက်၍ သူသိထားသမျှသည် အပေါ်ယံမျှသာ ဖြစ်ကြောင်း စုချန်း သဘောပေါက် လာ၏။

မူလစွမ်းအင် စုဆောင်းခြင်းတွင် နယ်ပယ်ခုနှစ်မျိုး ရှိ၏။ ၎င်းတို့မှာ ချီစွမ်းအား စုဆောင်းခြင်း၊ သွေးဆူပွက်ခြင်း၊ ယန်ဖွင့်လှစ်ခြင်း၊ အလင်းတုန်ခါခြင်း၊ ဝိညာဉ် လောင်ကျွမ်းခြင်း၊ စိတ်ဝိညာဉ် ကိုယ်ထင်ပြခြင်းနှင့် မူလဧကရာဇ် ဟူ၍ပင် ဖြစ်သည်။

ထိုနယ်ပယ်ခုနှစ်မျိုးမှာ ကျပန်း ခွဲခြားထားခြင်း မဟုတ်ပေ။ နှစ်ပေါင်းသောင်းချီ အချိန် ကာလအတွင် လူသားတို့ တဖြည်းဖြည်း တိုးတက် ရောက်ရှိခဲ့သည့် အခြေအနေပေါ် မူတည် ခွဲခြားထားခြင်း ဖြစ်သည်။ နှစ်ပေါင်း တသောင်းကျော် ကာလအတွင်း လူသားတို့သည် သွေးဗီဇ အထောက်အပံ့ကို မှီခို၍ အထက်ပါ နယ်ပယ်များအထိ ရောက်ရှိနိုင်ခဲ့ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

ချီစွမ်းအား စုဆောင်းခြင်း နယ်ပယ်အတွက် ဒန်သမုဒ္ဒရာ၊ သွေးဆူပွက်ခြင်း နယ်ပယ်အတွက် နှလုံးသား မီးအိမ်ကို ဖွင့်လှစ်ရန် လိုအပ်ပြီး ယန်ဖွင့်လှစ်ခြင်း နယ်ပယ်အတွက် သန့်ရှင်းစင်ကြယ်ခြင်း နန်းတော်ကို ဖန်တီးရန် လိုအပ်၏။ ၎င်းတို့မှာ အစောပိုင်း နယ်ပယ်များအတွက်သာ ဖြစ်ပြီး နောက်ပိုင်း နယ်ပယ်များမှာကား ပို၍ ခက်ခဲနက်နဲပြီး ရှုပ်ထွေး ပေသည်။ အထက်ပိုင်း နယ်ပယ် လေးမျိုးအတွက် လိုအပ်သည်မှာကား ကြာပဒုမ္မခုနှစ်မျိုး၊ နတ်ဘုရားကျောင်းရှစ်မျိုး၊ ယင်နှင့်ယန်ကို ဖွင့်လှစ်ခြင်းနှင့် ကောင်းကင်ဘုံ ဘုရားကျောင်းကို ဖွင့်လှစ်ခြင်း စသည်တို့ ဖြစ်ကြလေသည်။

နယ်ပယ် တစ်ခုချင်းစီသည် အဆန်းတကြယ် ရှိလှပြီး လူသားများ၏ ကြီးမားလှသော ကံတရာကို ဖော်ညွှန်းနေသည့် အပြင် လူသားမျိုးနွယ်ကို ပို၍ ကောင်းမွန်သော အခြေအနေမျိုး ဖြစ်ပေါ် လာစေရန် ဖန်တီးပေးလျက် ရှိလေသည်။ ထိုနယ်ပယ်များသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် သွေးဗီဇသည် အရေးပါကြောင်း အချိန်ကာလက သက်သေပြခဲ့ပြီး ဖြစ်သည်။ ပြင်ပ အထောက်အပံ့ မပါပဲ နယ်ပယ် တစ်ခုတည်းကို ဝင်ရောက်ရန်ပင် လူသားမျိုးနွယ်များ အတွက် အလွန်ခက်လှ၏။

ရှီကိုင်းဟွမ်၏ ရည်ရွယ်ချက်မှာကား ရိုးရှင်းလှသည်။ တစ်နေ့နေ့တွင် လူသားများအနေနှင့် သွေးဗီဇမပါပဲ ထိုနယ်ပယ်များသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်ပင် ဖြစ်သည်။ ဤနေရာတွင် နှိုင်းယှဉ်၍ ပြောရလျင် မိန်းဘရုခ်သည်လည်း တူညီသော အိပ်မက်ကိုပင် မက်ခဲ့ခြင်း ဖြစ်သည်။ သူသည် မူလစွမ်းအင်ကို အပြင်ဘက်မှ ထိန်းချုပ်နိုင်ရန် ပို၍ အာရုံစိုက်ခဲ့ပြီး လူသားတို့၏ နယ်ပယ် ခုနစ်မျိုးအစား မူလစွမ်းအင်ပုံစံ အဆင့်၁၀ဆင့်ကို ဖော်ထုတ်နိုင်ခဲ့၏။ အဆင့်၁၀မှာ အာကင်နာနည်း စနစ်တွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။

ဆိုလိုသည်မှာ မိန်းဘရုခ်သည် မိမိ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားထက် မူလစွမ်းရည်များကို ဦးစားပေး လေ့လာခဲ့သည့် သဘောပင်။ မိန်းဘရုခ်၏ အယူအဆမှာ လူတစ်ယောက်သည် အဆင့်၇ရှိ ရှေးဟောင်း အာကင်နာနည်း စနစ်ကို အသုံးပြုနိုင်စွမ်း ရှိပါက ထိုသူကို အဆင့်၇ အာကင်နာ ပညာရှင်ဟု သတ်မှတ်နိုင်၏။ သို့သော် ရှီကိုင်းဟွမ်၏ အတွေးအခေါ်မှာကား မိန်းဘရုခ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ မူလစွမ်းအင်ထက် လူတစ်ယောက်၏ ကိုယ်တွင်း စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ ကသာ ပို၍ အရေးပါသည်ဟု သူက ယူဆထား၏။ လူတစ်ယောက်သည် နယ်ပယ် တစ်ခုအတွင်း ဝင်ရောက်နိုင်ပါက ထိုသူကို ထိုနယ်ပယ်၏ ချီစွမ်းအားပညာရှင်ဟု သတ်မှတ်နိုင်သည်။ ထိုနယ်ပယ်နှင့် လိုက်လျော ညီထွေ ဖြစ်မည့် မူလစွမ်းရည်မျိုး မတတ်ကျွမ်းသော်လည်း ကိစ္စမရှိဟု ရှီကိုင်းဟွမ်က ယူဆထား၏။

ထို့ကြောင့် ရှီကိုင်းဟွမ်နှင့် မိန်းဘရုခ်သည် ရည်မှန်းချက် တူသော်လည်း ချည်းကပ်ပုံ လမ်းကြောင်း မတူဟုသာ ဆိုရပေတော့မည်။ မည်သို့ဆိုစေ နည်းလမ်း နှစ်သွယ်လုံးသည် သူ့နည်းသူ့ဟန်နှင့် ရှုပ်ထွေးမှုများ၊ စဉ်းစား တွေးဆစရာများ ပါဝင်နေလေရာ စုချန်းသည် ၎င်းပညာရပ်များကို လေ့လာ သင်ယူနေရင်း အထူးပင် ပျော်ရွှင် နေတော့သည်။

ဤယနေ့ ရှီကိုင်းဟွမ် ဝင်လာသည့် အချိန်တွင် စုချန်းသည် ခါတိုင်းကဲ့သို့ပင် လေ့လာ သင်ယူလျက် ရှိသည်။ ရှီကိုင်းဟွမ်၏ စိတ်ပိုင်းဆိုင်ရာမှာ သိပ်အဆင်ပြေဟန်မပေါ်။ တစ်ခုခုကို ထိတ်လန့် တုန်လှုပ်နေဟန် ရှိ၏။ သူသည် ဝင်လာပြီး ထောင့်တထောင့်တွင် ထိုင်ကာ ကောင်းကင်ပေါ်ရှိ ကြယ်များကို ကြည့်ရင်း တစုံတစ်ခုကို အလေးအနက် စဉ်းစားနေ၏။ အတန် ကြာသော် သူက ခေါင်းတချက်ခါကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ယင်အပြန်အလှန် လည်ပတ်ခြင်း နေရာမှာ လက်နက် နေရာချထားခြင်း လုပ်လိုက်ရင် ချီပင်လယ်ကြီး တစ်ခုလုံး မတည်မငြိမ် ဖြစ်လာပြီး ချီအပြန်အလှန် လည်ပတ်ခြင်း ဖြစ်စဉ် တစ်ခုလုံး ကမောက်ကမ ဖြစ်သွားလိမ့်မယ် ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ထို့နောက် သူက သင်္ကတများ ပြည့်နေအောင် ရေးထားသော စာရွက်ကို လွှင့်ပစ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာ သွားတော့သည်။ ရှီကိုင်းဟွမ်၏ ကောင်းကင်ဘုံ မူလ စွမ်းရည်သည် အလွန်တရာ တိုးတက်လာပြီး နောက်ထပ် လမ်းဆုံလမ်းခွ တစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း စုချန်း ကောင်းကောင်း သိ၏။ ထိုမူလစွမ်းရည်ကို ရှီကိုင်းဟွမ်က ကိုင်းဟွမ်၏ ကောင်းကင်ဘုံဟု နာမည် ပေးထားလေသည်။ ၎င်းမူလ စွမ်းရည်သည် မူလစွမ်းအင် အဆောင် လက်ဖွဲ့ပုံစံနှင့် သက်ဆိုင်ခြင်း မရှိပေ။ သူသည် သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်း နယ်ပယ်သို့ ရောက်ရှိအောင် ကူညီပေးနိုင်မည့် နည်းစနစ် တစ်ရပ်ကို ဖန်တီးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

အထပ်မြင့် အဆောက်အအုံများ အားလုံးလိုလိုသည် အောက်ခြေမှ စ၍ တည်ဆောက် ရသည်သာ။ သွေးဗီဇ ကန့်သတ်ချက်ကို ကျော်လွှားရန် လူသားများ အနေနှင့် နည်းလမ်း တစ်ခုတည်း နောက်ကို လိုက်နေ၍မရပေ။ နယ်ပယ်တစ်ခု အတွက် နည်လမ်းနှစ်ခုမှ သုံးခုစသည်ဖြင့် ပြောင်းလဲ အသုံးပြု၍ ထိုးထွင်းကြံဆ ရပေလိမ့်မည်။

ရှီကိုင်းဟွမ် တစ်ယောက် ဤနည်းစနစ်ကို တီထွင်နေခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာပြီ။ ပြဿနာအတွက် အဖြေတချို့ကိုလည်း ရှာဖွေနိုင်ခဲ့ပြီ။ ထို့ကြောင့် ပန်းတိုင်သို့ ရောက်ရှိရန် အလွှာပါးပါးလေးသာ ကျန်ရှိ တော့သည်ဟု ဆိုနိုင်သည်။ သို့သော် ထိုအလွှာပါးလေးကို ကျော်ဖြတ်နိုင်ရန် မိုးကုပ်စက်ဝိုင်း အထိ လျှောက်ရအုံးမည့် သဘောတွင် ရှိသည်။ အကြောင်းမှာ အောင်မြင်ရန် နီးကပ်လာလေလေ အခက်အခဲပို၍ များလာသောကြောင့်ပင်တည်း။ ထိုပြဿနာမှာ လက်ရှိ ရှီကိုင်းဟွမ် ကြုံနေရသော ပြဿနာဖြစ်သည်။ အဖြေများစွာ တွေ့ခဲ့ပြီးသည့်တိုင် သူ့အနေနှင့် ဖြေရှင်းရန်တချို့တော့ ကျန်နေသေး၏။

ထို့ကြောင့် ရှီကိုင်းဟွမ်က အဖြေကို တွေ့ရှိရန် နည်းလမ်း အမျိုးမျိုးကို အသုံးပြုကြည့်၏။ ထိုအခါ နောက်ထပ် ရရှိလာသော အဖြေများသည် အစောပိုင်း သူတွေ့ရှိခဲ့သည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း စိတ်ပျက်ဖွယ်ရာ ကြုံတွေ့ရ၏။ ခက်တော့ခက်နေပေပြီ။ ဤအတိုင်းသာဆိုလျင် နောက်ပိုင်း ပြဿနာများ အတွက် အဖြေကို ရရှိရန် အစောပိုင်း သူရှာတွေ့ခဲ့သမျှ အားလုံးကို စွန့်လွှတ်လိုက်ရဖွယ်ရာ ရှိနေသည်။ ဤသို့နှင့် သူသည် ပြဿနာသံသရာထဲတွင် တဝဲလယ်လယ်နှင့် ပိတ်မိနေတော့သည်။

ဤယနေ့တွင်လည်း ရှီကိုင်းဟွမ်သည် နောက်ထပ်အဖြေတစ်ခုကို ထပ်မံ တွေ့ရှိခဲ့သော်လည်း ထုံးစံအတိုင်း ဝိရောဓိ ဖြစ်နေပြန်သောအခါ သူက ထိုအဖြေကို စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်သည်။ ရှီကိုင်းဟွမ် ထွက်ခွာသွားသည်နှင့် စုချန်းက စာရွက်ကို ကောက်ယူ လိုက်သည်။

"အင်း ဒိတကြိမ်မှာတော့ သူက လက်နက်နေရာ ချထားခြင်း အဆောင်လက်ဖွဲ့ကို ရွေးထားတာပေါ့"

လက်နက် နေရာချထားခြင်း အဆောင်လက်ဖွဲ့သည် မူလစွမ်းအင်တည်ငြိမ်အောင် ထိန်းချုပ်ရာတွင် အခြေခံကျကျ အရေးပါ၏။ အကယ်၍ ချီစွမ်းအားပညာရှင် တစ်ယောက်သည် သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်လိုလျင် ၎င်းရှာဖွေရမည့် တစ်ခုတည်းသော အဖြေမှာ မူလစွမ်းအင်ကို ပိုမို၍ အားကောင်းမောင်းသန် ထိန်းချုပ်လာနိုင်ရန် ဆောင်ရွက်ရေးပင် ဖြစ်သည်။

ထို့ကြောင့် သွေးဗီဇ မပါသူတစ်ဦး သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ရန် ပထမဆုံး စဉ်းစားရမည့်အရာမှာ မိမိကိုယ်တွင်းတွင် မူလစွမ်းအင် များများစားစား စုဆောင်းမိရန် ဖြစ်သည်။ ဒုတိယအနေနှင့်ကား ထိုမူလစွမ်းအင်ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းတရပ် ရှာဖွေရန် ဖြစ်သည်။ သို့သော် ထိုကိစ္စနှစ်ရပ်ကို တဆက်တစပ်တည်း ဆောင်ရွက်ရန်မှာ အပြောလွယ်သလောက် အလုပ်ခက်လှ၏။

မိမိ၏ မူလစွမ်းအင်ကို အမြင့်ဆုံး အနေအထားအထိ တိုးမြင့်လာစေရန်မှာ နည်းလမ်း အသွယ်သွယ် ဗျူဟာ အမျိုးမျိုးလိုအပ်၏။ ထိုအတွက် မတူညီသော နည်းလမ်းများစွာ ရှိပြီး တစ်ခုချင်းစီတွင်လည်း မူလစွမ်းအင် အဆောင်လက်ဖွဲ့များ လိုအပ်ရာ အတော်ပင် ခက်ခဲလှသည့် ပြဿနာကြီး ဖြစ်သည်။

ထိုစွမ်းအင်မျိုးကို ထိန်းချုပ်နိင်ရန် ယခုထက်ပိုသော အဖြေတချို့ ရရှိရန် လိုအပ် နေသေးသည်ဟုသာ ဆိုရပေတော့မည်။

ဥပမာအနေနှင့် ပြောရလျင် ပေါက်ကွဲနေသော မီးလျှံငှက်ကို တီထွင်ရာတွင် စုချန်းသည် မူလစွမ်းအင်၏ ပမာဏကို တိုးမြှင့်ခြင်းမပြုမီ မူလစွမ်းအင်ပုံစံကို ကြာရှည်ခံစေရန် အာရုံစိုက်ခဲ့၏။ သို့သော် ထိုစဉ်က စုချန်း၏ ရည်ရွယ်ချက်မှာ မီးလျှံငှက်၏ ပေါက်ကွဲအားကို ပိုမိုပြင်းထန် လာစေရန်သာ ဖြစ်လေရာ ကျန်သော ပြဿနာများကို ဖြေရှင်းရန် မလိုအပ်ခဲ့ပေ။ ယခု သွေးဆူပွက်ခြင်း နယ်ပယ်အတွင်း ဝင်ရောက် နိုင်ရန်မှာကား လူသား၏ ကိုယ်ခန္ဓာ ကိုယ်နှိုက်က သန်မာလာစေရန် လိုအပ်၏။ ထို့ကြောင့် ဤပြဿနာသည် မူလစွမ်းရည်တစ်မျိုး ဖန်တီးရသည်ထက် များစွာ ခက်ခဲနက်နဲပြီး ရှုပ်ထွေးလှ၏။

မူလစွမ်းအင်ကို တည်ငြိ်မ်အောင် ပြုလုပ်ပေးနိုင်သော မူလအဆောင် လက်ဖွဲ့ များစွာရှိ၏။ လက်နက် နေရာချထားခြင်း အဆောင်လက်ဖွဲ့သည် ထိုအထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် တစ်စုံတစ်ယောက်၏ မူလစွမ်းအင် ထိန်းချုပ်မှုကို တိုးတက်လာစေရန် အကူအညီ ပေးနိုင်ပေသည်။ ရှီကိုင်းဟွမ်သည် ထိုအဆောင်လက်ဖွဲ့ကို နေရာချထားရာတွင် ပြဿနာတက်နေခြင်း ဖြစ်သည်။ သူ့အနေနှင့် အဆောင်လက်ဖွဲ့ကို ယင်အပြန်အလှန် လည်ပတ်ခြင်း နေရာတွင် ထားလိုက်ပါက ချီပင်လယ်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပေလိမ့်မည်။ အကယ်၍ အဆောင်လက်ဖွဲ့ကို ချီပင်လယ်တွင် ထားလိုက်ပါက ယင်အပြန်အလှန် လည်ပတ်ခြင်း နေရာတစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွား ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ရှီကိုင်းဟွမ်သည် ထပ်တလဲလဲ ကြိုးစားကြည့်၏။ သို့သော် သူသည် နောက်ဆုံးတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေသည်။ သူ့အနေနှင့် နည်းလမ်းအသစ် သို့မဟုတ် အဆောင် လက်ဖွဲ့ အသစ်တစ်ခု ထပ်မံ ရှာဖွေရပေဦးမည်။

စုချန်းသည် ရှီကိုင်းဟွမ်း အကြမ်း ရေးခြစ်ထားသည့် မူလစွမ်းအင် စီးဆင်းပုံကို ကြည့်နေ၏။ ထိုအခိုက်မှာပင် သူ့စိတ်ထဲတွင် ၎င်းကို ရင်းနှီးသယောင် ခံစားမိလာ၏။ ထူးတော့ ထူးဆန်းနေပေပြီ။ အနှီ ရင်းနှီးသယောင် ခံစားချက်သည် ဘယ်ကလာသနည်း။ အတန်ကြာ စဉ်းစားပြီးနောက် သူသည် တစုံတစ်ခုကို သတိရလာ၏။ လက်စသတ်တော့ ရှီကိုင်းဟွမ် ရေးခြစ်ထားသည့် မူလစွမ်းအင် စီးဆင်းမှု ပုံကြမ်းသည် ပေါက်ကွဲနေသော မီးလျှံငှက်၏ မူလစွမ်းအင်ပုံစံနှင့် တူနေခြင်းပေတကား။ ထိုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ကွဲပြားလှသော်လည်း ပြဿနာဖြေရှင်းရန် စဉ်းစားသည့် နေရာတွင်ကား အံ့သြစရာ ကောင်းလောက်အောင် တူညီနေ၏။

နည်းလမ်း နှစ်သွယ်လုံးတွင် မူလစွမ်းအင်ကို ချုံ့ပစ်ရန် စဉ်းစားထားကြောင်း စုချန်း တွေ့ရှိရ၏။ ပေါက်ကွဲနေသော မီးလျှံငှက်တွင် မူလစွမ်းအင်၏ အင်အားကို တိုးပွားလာစေရန် ချုံ့ထားသော အပိုင်းအစများကို သုံးထားပြီး ရှီကိုင်းဟွမ်ကမူ တူညီသော သက်ရောက်မှုမျိုးကို ရရှိရန် မူလစွမ်းအင် အဆောင်လက်ဖွဲ့ အများအပြားကို အစားထိုး အသုံးပြုထားလေသည်။ နည်းလမ်း နှစ်သွယ်အနက် တစ်ခုတည်းသော ကွဲပြား ခြားနားချက်မှာ နောက်ဆုံးအချိန်တွင် မူလစွမ်းအင်၏ လုပ်ဆောင်ပုံ ဖြစ်သည်။ ထိုကွဲပြားချက်ကြောင့်ပင် ပေါက်ကွဲနေသော မီးလျှံငှက်က အောင်မြင်မှု ရပြီး ရှီကိုင်းဟွမ်၏ ကောင်းကင်ဘုံက ကျရှုံးသွားခြင်းဖြစ်၏။

စုချန်းသည် အထက်ပါအတိုင်း စဉ်းစားရင်း စိတ်လှုပ်ရှားလာ၏။ ဤအတိုင်းသာဆိုလျင် ဤပြဿနာကို ဖြေရှင်းရာတွင် ဘရုခ်ပုံသေနည်းကို အသုံးပြု၍ ရကောင်းနိုင်သည် မဟုတ်ပါလား။

အတန်ကြာသော် စုချန်းသည် နေရာတွင်ထိုင်ရင်း သဲကြီးမဲကြီး တွက်ချက်လျက် ရှိလေတော့၏။

All Chapters