← Chapters

အာရုံစိုက်ပါ

Vol. 18 Ch. 177

အာရုံစိုက်ပါ

Vol. 18 Ch. 177

ရှီကိုင်းဟွမ် ပြန်ရောက်လာသောအခါ စုချန်းတစ်ယောက် မြေကြီးပေါ်တွင် လဲလျောင်းလျက် ရှိကြောင်း တွေ့လိုက်ရသည်။ သူ့ရှေ့တွင်လည်း ကြီးမားသော စာရွက်တရွက်ကို ဖြန့်လျက်သား ရှိနေ၏။ စာရွက်ပေါ်တွင်ကား ပုံသေနည်းများ၊ မူလအဆောင်လက်ဖွဲ့ သင်္ကတများကို ပြည့်နှက်နေအောင် ရေးသားထား၏။

ရှီကိုင်းဟွမ် အံ့သြသွား၏။ ထို့နောက် သူက စာရွက်ကို အနီးကပ် ကြည့်ရှုရင်း မေးလိုက်သည်။

"ဒါက ဘာတွေတုန်းကွ"

ထိုအချိန်ထိ စုချန်းသည် စိတ်ပျက်ဖွယ်ရာ တွက်ချက်မှုများနှင့် သင်္ကေတများ အကြားဝယ် နစ်မြုပ်လျက်သာ ရှိနေသေး၏။ ထို့ကြောင့် သူ့အနေနှင့် စိတ်ပျံ့လွင့်လိုခြင်း မရှိ။ သို့သော် ဆရာဖြစ်သူက မေးလာသောအခါ မတတ်သာပဲ ဖြေလိုက်ရသည်။

"ဒါကို ဘရုခ်ပုံသေနည်းလို့ ခေါ်ပါတယ်ဆရာ မူလစွမ်းအင် ပုံစံတွေ ပေါင်းစပ်ပုံကို တွက်ချက်နိုင်တဲ့ ပုံသေနည်း တစ်ခုပဲ ဆိုပါတော့ ဆရာ့ရဲ့ မူလအဆောင် လက်ဖွဲ့တွေလိုပဲ သူကလည်း မူလစွမ်းအင်ပုံစံ အစိတ်အပိုင်းလေးတွေ ပေါင်းစပ်လိုက်ရင် ဘယ်လို သက်ရောက်မှုမျိုး ဖြစ်လာမလဲ ဆိုတာကို အသေးစိတ် တွက်ချက် နိုင်ပါတယ်"

ထိုသို့ ဖြေကြား လိုက်ချိန်တွင် စုချန်းသည် ကိုယ့်ကိုယ်ကိုယ် အထူးပင် အားရကျေနပ်လျက် ရှိသည်။ သူထင်သည်မှာ ရှီကိုင်းဟွမ် တစ်ယောက် ထိုပုံသေနည်းကို တွေ့ရှိပါက အလွန်ပျော်ရွှင် သွားမည်ဟူ၍ ဖြစ်သည်။ ရှီကိုင်းဟွမ်၏ ကောင်းကင်ဘုံကို ဆက်လက် ဖန်တီးရန် ဤပုံသေနည်းကို အသုံးပြုနိုင်ပြီး လူသားတို့အတွက် မှတ်တိုင်သစ် တစ်ခုကို စိုက်ထူနိုက်ခဲ့ပြီ မဟုတ်ပါလား။

သို့သော် စုချန်း၏ အထင်နှင့်အမြင်မှာ တက်တက်စင်အောင် လွဲသွားခဲ့လေသည်။ အကြောင်းမှာ စုချန်း၏ အဖြေကို ကြားလိုက်ပြီးနောက် ရှီကိုင်းဟွမ်က မျက်လုံးပြူးကာ ဒေါသတကြီးနှင့် ဆဲဆို လိုက်သောကြောင့်ပေတည်း။

"ဟမ် မူလစွမ်းအင် ပုံစံတွေ ဟုတ်လား ဘာအတွက် မင်းက ဒါတွေကို လေ့လာနေတာတုန်း ထွီ"

"ဆရာ့နည်းစနစ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ တခြားနည်းလမ်း တချို့တလေများ တွေ့နိုင်မလားလို့ပါဆရာ"

"ထွီ ခွေးမသား"

ရှီကိုင်းဟွမ်၏ လေသံက ပြင်းထန်လွန်းရာ နောက်မှ ဇက်ပိုး အအုပ်ခံလိုက်ရသည့် ပမာ စုချန်း မှင်တက်သွား၏။ သူသည် ဆရာဖြစ်သူအား တအံ့တသြနှင့် ငေးမော ကြည့်ရှုနေမိတော့သည်။

"မင်းကိုငါ ပထမနေ့ကတည်းက ပြောပြီးသား လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ ပုန်းကွယ်နေတဲ့ ရတနာတွေ ရှိတယ်လို့ ငါတို့အနေနဲ့ လုပ်ဖို့လိုအပ်တာဆိုလို့ ဒီအလားအလာ ကောင်းတွေကို ဆွဲထုတ်ဖို့ပဲ ရှိတယ် အာကင်နာ နည်းလမ်းတွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ချေးငှား ယူတာမျိုးဖြစ်လို့ ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းခြင်းအတွက် ဘယ်လိုမှ အသုံးမဝင်ဘူးကွ ဒါကြောင့် ဒါဟာ လမ်းမှားဟေ့ လမ်းမှား မင်းအနေနဲ့ ဒီအရေးမပါတဲ့ ဟာတွေကို အာရုံ သွားစိုက်နေလို့ကတော့ လမ်းမှားပေါ် ရောက်သွားလိမ့်မယ်"

စုချန်းက စောဒက တက်လိုက်ပြန်၏။

"ဒါပေမဲ့ ဒီပုံသေနည်းကတော့ တကယ် ကောင်းတာဆရာ ဒါကြောင့်မို့လို့လည်း ကျွန်တော့် အနေနဲ့ မီးလျှံငှက်နဲ့ ကိုယ်ပျောက် ပိုက်ကွန်ကို တီထွင်နိုင်ခဲ့တာပေါ့"

"မှားယွင်းတဲ့ နည်းလမ်းတွေဟာ မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်မှုရတဲ့ အတွက် လူတွေကို ပိုပြီး ဆွဲဆောင် နိုင်တာပေါ့ကွ"

ရှီကိုင်းဟွမ်က လှောင်ပြောင်ဟန်နှင့် ပြောလိုက်သည်။

"အသုံးမလိုတော့လို့ သမိုင်းမှာ ကျန်ရစ်ခဲ့တဲ့ နည်းလမ်းဟောင်းတွေကို ဘာကြောင့်များ အတင်းအကျပ် ဖက်တွယ်ချင် နေရတာတုန်း ထပ်ပြီး အချိန်မဖြုန်းတော့နဲ့ ကောင်းကင်ဘုံ နည်းစနစ်ဟာ မင်းရဲ့ အဆင့်အတန်းနဲ့ လေ့လာဖို့ စောနေသေးတယ် ကိုယ့်ကိုယ်ကိုယ် သိပ်အထင်မကြီးရဘူး ကောင်လေး ခုချိန်မှာ မင်းအနေနဲ့ လုပ်နေရမဲ့ဟာက ကိုယ့်သင်ခန်းစာတွေကို သေချာ အာရုံစိုက်ထားဖို့ပဲ"

"ဟုတ်ကဲ့ပါဆရာ"

စုချန်းက ညှိုးငယ်သော အမူအရာနှင့် ပြောလိုက်ပြီး သူ့ရှေ့ရှိစာရွက်ကို ခပ်လှန်းလှန်းတွင် ချထား လိုက်သည်။ စုချန်း၏ ဝမ်းနည်း စိတ်ပျက်သော အမူအရာကို မြင်သောအခါ သူပြောဆို လိုက်သည်မှာ အနည်းငယ် လွန်သွားမှန်း ရှီကိုင်းဟွမ် သဘောပေါက် လိုက်၏။ ထိုအခါ သူက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒီလိုပြောလို့ ငါ့ကို တင်းကျပ် လှချည်ရဲ့ဆိုပြီး အပြစ်မတင်နဲ့ကွ မင်းက သိပ်ငယ်သေးတယ် ခုမှ ဘဝကစရမှာ တကယ်လို့ လမ်းမှားသာ ရွေးလိုက်မိရင် မင်းရဲ့ အနာဂါတ်ကို အများကြီး အကျိုးသက်ရောက် သွားလိမ့်မယ် မင်း သိထားရမှာက ဘဝမှာ အချိန်များများစားစား မရဘူး ဆိုတာပဲ ရသမျှအချိန်လေးမှာ ကျားကုတ်ကျားခဲ ကြိုးစားနိုင်မှ အောင်မြင်မှုရနိုင်လိမ့်မယ် ဒီတော့ မင်းကိုငါ အကြံပေးချင်တာက 'အာရုံစိုက်ပါ' မင်းဟာ သိပ်ဉာဏ်ကောင်းတယ် ထူးချွန်တယ် ဒါပေမဲ့ မင်းမှာဖြစ်နေတဲ့ ပြာသနာက အပြည့်အဝ အာရုံမစိုက်နိုင်ဘူး ဖြစ်နေတာပဲ ခု မင်းဟာ အဂ္ဂိရတ် ပညာကိုလည်း လေ့လာနေတယ် မလား"

စုချန်းက ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်။

"အဂ္ဂရတ်ပညာဟာ မဆိုးပါဘူး ဒါပေမဲ့ ငါ့အနေနဲ့ အကြံပေးရရင် မင်းဟာ အဲဒီတစ်ခုကို လက်လွှတ် လိုက်သင့်တယ် မင်းလျှောက်နေတဲ့ လမ်းဟာ ရှေးအတိတ် ကာလတုန်းက တခါမှ မရှိဘူးသေးတဲ့ လမ်းကြောင်း ဒီတော့ မင်းအနေနဲ့ ရှိသမျှအာရုံကို အဲဒီအပေါ် ပုံအော သုံးထားမှပဲ အောင်မြင်န်ုင်ချေ နည်းနည်းပါးပါး ရှိလိမ့်မယ် မင်းရဲ့ အချိန်တွေကို ဘာမဟုတ်တဲ့ ရှေးဟောင်း အာကင်နာ နည်းစနစ်တွေ၊ အဂ္ဂိရတ်ပညာတွေနဲ့ အကုန်မခံချင်စမ်းပါနဲ့ကွာ"

"တပည့် နားလည်ပါပြီ ဆရာ"

စုချန်းက ပြောလိုက်သည်။ ထို့နောက် သူက တစုံတစ်ခုကို စဉ်းစားရင်း စကား ဆက်လိုက်သည်။

"သိပ်မကြာခင် နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲ လာတော့မယ်ဆရာ တပည့်အနေနဲ့ အဲဒီပြိုင်ပွဲကို ဝင်ပြိုင် သင့်တယ်လို့ ဆရာ ထင်......"

"ဝင်ပြိုင်နေစရာ မလိုဘူး"

ရှီကိုင်းဟွမ်က အရေးမစိုက်သည့်် အမူအရာနှင့် ပြောလိုက်သည်။

"မင်းရဲ့အချိန်တွေကို ဒီလို ကိစ္စတွေနဲ့ အချိန်ကုန်ခံနေစရာ မလိုဘူး"

ရှီကိုင်းဟွမ်၏ ထိုအဖြေအတွက် စုချန်း အထူးတလည် အံ့သြနေခြင်း မရှိတော့။

"ဒါပေမဲ့ ကျွန်တော် ဝင်မပြိုင်ခဲ့ရင် နဂါးကျောင်းတော်ရဲ့ ဒုတိယအဆင့်မျိုးဆက်သစ်ဆိုတဲ့ နေရာကနေ လျော့ကျ သွားမှာပေါ့ ဆရာ"

"အဲဒီတော့ ဘာဖြစ်သလဲ မင်းအနေနဲ့ ဒီမှာ နေနိုင်သားပဲ ကြည်လင် ကောင်းကင် အဆောင်မှာ သွားနေမှ ဖြစ်မှာလား"

"ဒါပေမဲ့ အဲဒီမှာ ကျွန်တော်လိုချင်တဲ့ အထူးအခွင့်အရေးတချိူ့ရှိနေသေးတယ်ဆရာ"

"အဲဒီကိစ္စအတွက် ဘာမှပူမနေနဲ့ မင်းရဲ့အစေခံကို ဆက်ပြီး ခေါ်ထားခွင့် ရစေရမယ် လိုအပ်တဲ့ ထောက်ပံ့ကြေး အမှတ်တချိူ့ကို ငါ့ကိုယ်ပိုင်အမှတ်ထဲက ခွဲဝေပေးမယ်"

ရှီကိုင်းဟွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

"စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်တဲ့ကွ ရည်မှန်းချက် ကြီးမားတဲ့ လူဟာ မိမိကိုယ်ကို နှိမ့်ချပြီး နေထိုင်တတ်ဖို့ လိုတယ် သည်းခံမှုမရှိသူဟာ အောင်မြင်မှုမရနိုင်ဘူး"

"ဟုတ်ကဲ့ပါဆရာ"

***

"နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲကို လက်လွှတ်လိုက်ရမယ် ဟုတ်လား"

ဝမ်တောက်ရှန်းနှင့် စုချန်းသည် ရေများ ပတ်လည်ဝိုင်းနေသည့် အဆောင်တစ်ခုတွင် ထိုင်နေကြသည်။ ဝမ်တောက်ရှန်းက စိတ်ပျက်လက်ပျက်နှင့် မေးခွန်းထုတ်လိုက်၏။

"ဒါပေမဲ့ ဘာကြောင့်လဲ"

"ဘာကြောင့်လဲဆိုတော့ ကျွန်တော့အနေနဲ့ အာရုံစိုက်ဖို့ လိုအပ်နေလို့ပေါ့"

စုချန်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။ သူသည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ထားပြီး အဆောင်၏ တိုင်တစ်လုံးကို မှီလျက်သား ရှိနေ၏။

"ဒါတင်မကသေးဘူး သူက ကျုပ်လေ့လာနေတဲ့ အဂ္ဂိရတ်ပညာနဲ့ မူလစွမ်းအင် ပုံစံတွေကိုပါ စွန့်လွှတ် ခိုင်းတာဗျ ပြီးတော့ သူ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိတယ် ဆိုတာ ကျုပ်က သူ့ကို ပြောပြဖို့ ကြိုးစားသေးတယ် ဒါပေမဲ့ အလကားပါပဲဗျာ သူကပြောတယ် ဒါ သက်သက်မဲ့ အချိန်ဖြုန်းနေတာပဲတဲ့ ဒီလိုသုတေသနမျိုးကို ကျုပ်အဆင့်နဲ့ လုပ်ဖို့ မထိုက်တန်ဘူးတဲ့ဗျ... ကျုပ်ရဲ့ စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုတွေ အားလုံး ရစရာမရှိအောင် ချေမွ ခံလိုက်ရတာပဲ အစ်ကိုကြီးဝမ်"

ဝမ်တောက်ရှန်းက စိတ်ပျက်လက်ပျက်နှင့် ရယ်မောလိုက်သည်။

"ဒီတော့ ဒီလိုလူစားမျိုးကို မင်းက ဆရာတင်ချင်နေသေးတာလား"

"ဒီအတွက်တော့ နောင်တရစရာ မရှိပေါင်ဗျာ"

စုချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"စိတ်နည်းနည်း ပျက်မိပေမဲ့ သူဟာ ကျုပ်အကျိုးကို တကယ်လိုလားတယ် ဆိုတာ ကျုပ်သိတယ် အစ်ကိုကြီးဝမ်"

စုချန်းအနေနှင့် ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ထားပြီး ဖြစ်သည်။

ရှီကိုင်းဟွမ်၏ ဆုံးဖြတ်ချက်သည် သူ့ကို စိတ်ပျက် စေသော်လည်း ရှီကိုင်းဟွမ်နှင့် စုချန်းအန်သည် များစွာ ကွဲပြားခြားနား လှ၏။ ရှီကိုင်းဟွမ်သည် သူ့ကို အမှန်တကယ် ဂရုစိုက်ပေသည်။ မူလစွမ်းအင်ပုံစံနှင့် အဂ္ဂိရတ်ပညာကို စွန့်လွှတ်ခိုင်းခြင်းမှာလည်း ထိုပညာရပ် များက သူ့အနာဂတ် အတွက် အကူအညီ မဖြစ်နိုင်ဟု ယူဆ၍သာ ဖြစ်သည်။ ရှေးရိုးစွဲဝါဒကြောင့် ရှီကိုင်းဟွမ်၏ ထင်မြင်ယူဆချက်မှာ မှားကောင်း မှားနိုင်သည်။ သို့သော် စုချန်းကို ဆရာစားမချန်ပဲ သင်ကြား ပြသနေသည်ကို ကြည့်ရုံနှင့် ၎င်း၏ စေတနာကို မြင်တွေ့နိုင်သည်။

ထို့ကြောင့် စုချန်းက ရှီကိုင်းဟွမ်ကို မမုန်း။ မဆိုစလောက် စိတ်ပျက်ခြင်းသာ ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ဝမ်တောက်ရှန်းကို တိုင်ပင် ရသည်ကလည်း စိတ်ထွက်ပေါက် အဖြစ် ရင်ဖွင့်သည့် သဘောမျှသာ ဖြစ်သည်။

"ဒီတော့ မင်း ဘာဆက်လုပ်မလဲ"

ဝမ်းတောက်ရှန်း၏ မေးခွန်းကို စုချန်းက ခေတ္တမျှ စဉ်းစားရင်း ဖြေလိုက်၏။

"ကျုပ်ဆရာက လူတမျိုးဆိုတော့ သူ့အတွေးအခေါ်ကလည်း အစွန်းရောက်တယ် သူ စွဲစွဲမြဲမြဲ ယုံကြည် ထားတာက ကိစ္စတစ်ခုကို အောင်အောင်မြင်မြင် ဆောင်ရွက်ချင်ရင် အာရုံစိုက်ထားဖို့ လိုတယ် အာရုံစူးစိုက်မှု နည်းပါးတဲ့လူဟာ ဘာကိုမှ အောင်မြင်အောင် မဆောင်ရွက်နိုင်ဘူး ဒါပေမဲ့ တဖက်မှာလည်း ကျုပ်ဟာ သူနဲ့မတူတဲ့ အတွေးအခေါ်မျိုး ပိုင်ဆိုင်ထားတယ်လို့ ယုံကြည် လက်ခံ ထားပြန်တယ် ကျုပ်အနေနဲ့ကတော့ ဒီရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်ဖို့ နည်းဗျူ ဟာအမျိုးမျိုး လိုအပ်တယ်လို့ ထင်နေမိတယ် ပြီးတော့ သူ့ရဲ့ အကြံပြုချက်ကို လက်သင့်ခံသင့် မခံသင့် ကျုပ်မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ခံစားမိတယ်ဗျ"

"ဒါပဲပေါ့ကွာ မင်းပြောနေတာ ငါတွေးထားတဲ့ အတိုင်းပဲ"

ဝမ်တောက်ရှန်းက လက်ခုပ်လက်ဝါးတီးကာ ရယ်မောရင်း ပြောလိုက်သည်။

"မင်းအနေနဲ့ မူလစွမ်းအင်ပုံစံနဲ့ အဂ္ဂိရတ်ပညာကို စွန့်လွှတ်လိုက်တာ ပြဿနာ မရှိပေမဲ့ နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲကိုတော့ လက်လျှော့လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ မဟုတ်ဘူးလား"

စုချန်းက ဝမ်တောက်ရှန်းကို ထူးဆန်းသော အမူအရာနှင့် ကြည့်လိုက်သည်။

"ကျုပ်ဆိုလိုတာ ဒါမဟုတ်ဘူးဗျ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲကို လက်လျော့ပြီး အဂ္ဂိရတ်ပညာနဲ့ မူလစွမ်းအင် ပုံစံတွေကို ဆက်ပြီးလေ့လာမယ်လို့ ပြောနေတာ"

ရှီကိုင်းဟွမ်သည် အာကင်နာများကို အလွန်ပင် အထင်သေးဟန် ရှိသော်လည်း ၎င်းတို့၏ မူလ စွမ်းအင်အပေါ် နားလည်နိုင်စွမ်းက ရှီကိုင်းဟွမ်၏ ပြဿနာကို အဖြေရှာပေးနိုင်မည်ဟု စုချန်းက ယုံကြည်ထားလေသည်။

"ဘာကွ"

ဝမ်တောက်ရှန်း အလန့်တကြားနှင့် ထအော်လိုက်သည်။

"မင်း ဘယ်လိုပြောလိုက်တာလဲ ငါကတော့ လာမဲ့ပြိုင်ပွဲမှာ မင်းနဲ့အတူ အစွမ်းပြမယ်လို့ အားခဲထားတာ မင်းဟာ ပြီးခဲ့တဲ့ တောင်သုံးလုံးပြိုင်ပွဲမှာ အဆင့်၅နေရာ ရထားတာနော် လူဘယ်တောင် မင်းကို စောင့်ကြည့်နေမလဲ တွေးကြည့်စမ်း ခုသာ ဝင်မပြိုင်ဘူးဆိုရင် အကုန်လုံးက မင်းကို ငကြောက်လို့ ထင်ကုန်ကြမယ် ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ဒီအဆင့်ရခဲ့တာ ကံတရားကြောင့်လို့ လူတွေ မြင်နေကြတာ မင်းလည်းအသိပဲ ခုဆိုရင် ဒီအမြင်တွေကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရလာပြီ ဒါကို ဘယ်လိုများ ပြောထွက် လိုက်တာလဲကွာ"

စုချန်းက ခေါင်းခါလိုက်၏။

"မဟုတ်သေးဘူး အစ်ကိုကြီးဝမ် ကျုပ်ဆရာပြောတဲ့ စကားဟာ သိပ်မှန်တယ် စိတ်ရှည် သည်းခံမှ လမ်းမှန်မယ်ဗျ ဇွဲမရှိ သည်းခံနိုင်စွမ်းမရှိသူဟာ ဘယ်ကလာ အောင်မြင်မှု ရနိုင်ပါ့မလဲဗျာ ဒီပြိုင်ပွဲမှာ ဝင်မပြိုင်လို့ လူတွေ ကျုပ်ကို လှောင်မယ်ဆိုရင် လှောင်ကြစမ်းပါစေ ဒီလို အသေးအမွှား လှောင်ပြောင်မှုလေး ကိုတောင် သည်းမခံနိုင်ရင် နောင်အနာဂတ်မှာ ကြီးကြီးမားမား ကိစ္စတွေကို ဘယ်ဆောင်ရွက် နိုင်ပါ့မလဲ ဒီပြိုင်ပွဲကို ရှောင်လွှဲလိုက်တဲ့အတွက် ကျုပ်ရဲ့ အခြေအနေက နိမ့်ကျသွားလိမ့်မယ် အစ်ကိုကြီးဝမ် ဒါပေမဲ့ ဒါဟာလည်း အခိုက်အတန့်လောက်ပဲ ဖြစ်လိမ့်မယ်လို့ ကျုပ် ယုံကြည်ထားတယ်"

All Chapters