ငြိမ်သက်စွာနေထိုင်ခြင်း
Vol. 18 Ch. 178
စုချန်းတစ်ယောက် နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲတွင် ဝင်မပြိုင်တော့ ဟူသော သတင်းက သိပ်မကြာမီ တောမီးသဖွယ် ပျံ့နှံ့သွား၏။ ထိုသတင်းကို ကြားသောအခါ ပိုင်ယိဟုန်၊ ပိုင်အုနှင့် တခြားလူ အတော်များများသည် အထူးပင် စိတ်ပျက်ကုန်ကြ၏။
တောင်သုံးလုံးပြိုင်ပွဲတွင် စုချန်းကို မရှုမလှ ရှုံးနိမ့်ခဲသော ဓားနတ်ဆိုးက စုချန်းတစ်ယောက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြောက်ရွံ့နေသည်ဟု လူသိရှင်ကြား ထုတ်ဖော် ပြောဆို လိုက်သည်။ သို့မဟုတ်လျင် သူသည် ယခင်ရှုံးကြွေးကို ပြန်ဆပ်နိုင်မည်ဟု အာဘောင် အာရင်းသန်သန်နှင့် ပြောဆိုနေ၏။ တစ်ဖန် ဓားနတ်ဆိုးနည်းတူ စုချန်းကို ရှုံးနိမ့်ခဲ့သော ခန်းအာလီကလည်း စုချန်းကို ပညာပေးလိုသည့် သူဆန္ဒကို အတိအလင်းပင် ထုတ်ဖော်ပြသခဲ့၏။
သို့သော်ငြားလည်း ဝမ်တောက်ရှန်းနှင့် ချင်းလင်အာတို့က အထက်ပါ သွားပုတ်လေလွင့် ပြောစကားတို့ကို လုံးဝလက်မခံပဲ ပယ်ချလိုက်ကြ၏။ တောင်သုံးလုံး ပြိုင်ပွဲ ပြီးကတည်းက ချင်းလင်အာနှင့် စုချန်းတို့ ဆက်ဆံရေးမှာ ပို၍ပင် ကောင်းမွန် လာသေး၏။ သူတို့ သုံးယောက် အကြားဝယ် အပြန်အလှန် ဆက်သွယ်မှုကိုယ်စီ ရှိကြလေသည်။ ယခုသတင်းကို ကြားသောအခါ ချင်းလင်အာက စုချန်းကို လာရှာ၍ အကြောင်းစုံ မေးမြန်း၏။ စုချန်း၏ အကြောင်းပြချက်ကို ကြားလိုက် ရသောအခါ ချင်းလင်အာခမျာ ဘာမှ မပြောနိုင်တော့။ သက်ပြင်းချရင်း ပါးစပ်ပိတ် ထားလိုက် ရတော့သည်။
ဖန်းဟွာနှင့် အပေါင်းအပါများမှာကား စုချန်း၏ နိုင်ကွက်ကြောင့် ပါးစပ်မဟရဲကြရှာ။ အံကြိတ်ကာ စုချန်းအတွက် ဘဏ္ဍာတော် ဆက်နေရကြရှာသည်။
ထိုအထဲတွင်မှ ဂျီဟန်းယင်၏ နည်းလမ်းက အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးဟု ဆိုနိုင်သည်။ စုချန်း၏ သတင်းကို ကြားသည်နှင့် သူမသည် ချက်ချင်းပင် သူ့ဆီသို့ ပြေးလာ၏။ ထို့နောက် နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲတွင် ဝင်မပြိုင်လျင် သူတို့နှစ်ယောက် လျှို့ဝှက် လက်ရည်စမ်းကြမည်ဟု အတင်း ပြောဆိုတော့သည်။ စုချန်း မည်သို့မှ မတတ်နိုင်။ နောက်ဆုံးတွင် ဂျီဟန်းယင်၏ ဆန္ဒကို လိုက်လျော လိုက်ရတော့သည်။
ထိုတပွဲတွင် စုချန်း အပြတ်အသတ် ရှုံးနိမ့်သွား၏။ အမှန်တော့ ထိုသို့ ရှုံးနိမ့်သည်မှာလည်း အံ့သြစရာတော့ မရှိ။ ဂျီဟန်းယင်၏ အင်အားသည် တောင်သုံးလုံး ပြိုင်ပွဲကထက် များစွာ မြင့်မားလာသည်။ သူမကို ကြည့်ရသည်မှာ တနှစ်ပတ်လုံး အသည်းအသန် လေ့ကျင့်နေပုံ ပေါက်၏။ စုချန်း၏ အခြေအနေမှာတော့ ဂျီဟန်းယင်နှင့် ပြောင်းပြန်ပင်။ ပထမ သုံးလလုံးလုံး သူသည် မူလစွမ်းရည် အသစ် ဖော်ထုတ်ခြင်းနှင့်ပင် အချိန်ကုန်နေခဲ့သည်။ ကျန်အချိန်များတွင်လည်း သူသည် သုတေသန ပြုလုပ်ခြင်း၊ လေ့လာသင်ယူခြင်းနှင့်သာ အလုပ်ရှုပ်နေခဲ့လေရာ သူ့အဖို့ ဂျီဟန်းယင်ကို အဘယ်မှာ နိုင်ပါအံ့နည်း။
မျက်မှောက်ခေတ် မူလစွမ်းရည်များသည် အတွေ့အကြုံနှင့် လေ့ကျင့်မှုအပေါ် မူတည်နေသည် ဟူသော စကားမှာ အပြောသက်သက် မဟုတ်ပေ။ သို့သော် စုချန်းကား အနည်းငယ်မျှပင် စိတ်ဓာတ်မကျ။
ရှီကိုင်းဟွမ် ပြောဖူးသည့် စကားတခွန်း ရှိ၏။ သင်သည် မအောင်မြင်လျင် အမှိုက် သက်သက်သာ။ အောင်မြင်ပါကလည်း ဂုဏ်သတင်းဟူသည် နောက်က လိုက်လာ ပေလိမ့်မည်။ ထိုအခါ စုချန်းသည် အခြားလူများက သူ့အား မည်သို့ ထင်မြင်ယူဆမည်ကို ဂရုမစိုက်တော့ပဲ သုတေသန လုပ်ငန်းများတွင်သာ အာရုံကို အပြည့်အဝ မြှုပ်နှံ ထားတော့သည်။ ထိုလုပ်ငန်းများအား ရှီကိုင်းဟွမ် သဘောမတူလျင်လည်း ကိစ္စမရှိ။ သူ့အနေနှင့် သင်တန်းပြီးက ဆက်လက် လေ့လာနိုင်သည် မဟုတ်ပါလား။
ဘရုခ်ပုံသေနည်းကို သုံးပြီး မူလစွမ်းအင် အထွက်နှုန်းအပေါ် သက်ရောက်နေသည့် ပြောင်းလဲမှုများကို တွက်ချက် နိုင်ခဲ့ပါက ရှီကိုင်းဟွမ်၏ နည်းစနစ်ကို အောင်မြင်အောင် အဆုံးသတ် နိုင်ဖွယ်ရာ ရှိနေ၏။ သို့သော် ပါဝင်နေသော အစိတ်အပိုင်းများမှာ အလွန်ပင် ရှုပ်ထွေး လွန်းနေ၏။ ဤူသို့ မရှုပ်ထွေးလျင်လည်း ရှီကိုင်းဟွမ်အဖို့ ဤမျှ ခေါင်းရှုပ်နေမည် မဟုတ်။
မူလစွမ်းအင်ပုံစံကို ထားဦး၊ အဆောင်လက်ဖွဲ့ သက်သက်ပင်လျင် အလွန်ရှုပ်ထွေး နေခဲ့ပေပြီ။ ထိုနှစ်မျိုး ပေါင်းစပ်လိုက်သော အခါတွင်ကား ပြောဖွယ်ရာပင် မရှိတော့။ ဖြစ်နိုင်ချေ ပြောင်းလဲမှုများမှာ ကောင်းကင်ပေါ်မှ ကြယ်ထက်ပင် များနေသေးသည်။ ထိုအခါ စုချန်းတစ်ယောက် တွက်ပြီးရင်း တွက်နေရတော့သည်။ သူ့ဦးခေါင်း တစ်ခုလုံးမှာလည်း ပွင့်ထွက်တော့ မတတ် ရှိနေ၏။
သို့သော် စုချန်း အလွန် ပျော်နေခဲ့လေသည်။
သူသည် ဆင်းရဲဒုက္ခများကို သည်းခံရင်း အဖြေကို ရှာတွေ့သည်အထိ ဆက်လက် တွက်ချက် နေခဲ့၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ နည်းစနစ်၏ မူလစွမ်းအင် စီးဆင်းပုံကို ပို၍ နားလည် လာခဲ့ခေသည်။
***
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲ ကျင်းပမည့်နေ့ကား ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာခဲ့ချေပြီ။ ထိုပြိုင်ပွဲသည် တဦးချင်းစီ၏ အဆင့်အတန်းကို ပြန်လည် နေရာ ချထားရန် ရည်ရွယ်သော ပြိုင်ပွဲဖြစ်သည်။ ကျောင်းသားများသည် ကျောင်းဝင် အဆင့်အတန်းပေါ် မူတည်၍ ကျောင်းတော်၏ အထူးအခွင့်အရေးများအား ကိုယ်စီ ပိုင်ဆိုင်ခွင့် ရှိခဲ့ကြ၏။ ဤယနေ့ ပြိုင်ပွဲကတော့ ထိုအဆင့်အတန်းများ အားလုံးကို ကမောက်ကမ ဖြစ်စေတော့မည် ဖြစ်သည်။ အားနည်းသူများအားလုံး ဖယ်ထုတ်ခြင်းခံရပြီး ထိပ်ဆုံး အယောက် ၂၀၀သာလျင် နဂါးအသွင် ပြောင်းခြင်း စာရင်းတွင် အသွင်း ခံရပေလိမ့်မည်။
ထို့ကြောင့် ပြိုင်ပွဲဝင်မည့် ကျောင်းသားမှာ များပြားလှပြီး ပြိုင်ပွဲကာလကလည်း ၁၀ရက်အထိ ကြာမြင့် ပေလိမ့်မည်။ နဂါးကျောင်းတော်ရှိ ကျောင်းသားများအဖို့ ဤကာလသည် အလုပ်အရှုပ်ဆုံး ကာလဟုသာ ဆိုရပေတော့မည်တည်း။
စင်မြင့်ပေါ်ရှိ ကျောင်းသားတိုင်း လိုလိုသည် ၎င်းတို့၏ ပြိုင်ဖက်များကို အနိုင်ရရှိရန် ကြိုးစား နေကြ၏။ စင်အောက်ရှိ ကျောင်းသားများမှာကား စင်မြင့်ပေါ်ရှိ တိုက်ပွဲကို ကြည့်ရင်း တီးတိုးပြောဆို သုံးသပ် နေကြလေသည်။ လူတိုင်းလိုလိုသည် စိတ်ဓာတ် မြင့်မား တက်ကြွလျက် ရှိကြကုန်၏။ ခွန်အား၊ စိတ်ဓာတ်နှင့် ငွေကြေးအခြေအနေပေါ် မူတည်ပြီး လောင်းကြေး ထပ်နေသူများပင် ရှိကြ ပေသည်။
သို့သော် ဖြစ်ပျက်နေသမျှ အရာအားလုံးသည် စုချန်းနှင့် သက်ဆိုင်ခြင်းမရှိ။ သူသည် စာသင်ခန်းမများနှင့် မူလစွမ်းအင် မျှော်စင် အကြားဝယ် တိတ်ဆိတ်စွာ သွားလာ လှုပ်ရှားလျက် ရှိလေသည်။ သူသည် ကြည်လင် ကောင်းကင် အဆောင်တွင် နေထိုင်ခြင်း မရှိတော့ပဲ မူလစွမ်းအင် မျှော်စင်သို့ အပြီးတိုင် ပြောင်းလာခဲ့၏။ သူ့တွင် ရှိသမျှ အချိန်အားလုံးမှာလည်း သင်ယူလေ့လာခြင်း၊ သုတေသန ပြုလုပ်ခြင်း စသည့် လုပ်ငန်းများနှင့်သာ ကုန်ဆုံးသွားခဲ့၏။ ပြင်ပကမ္ဘာမှ ကသောင်းကနင်း ဖြစ်ရပ်များသည် သူ့အပေါ် သက်ရောက်ခြင်း မရှိတော့။
အကဲဖြတ်ပြိုင်ပွဲပြီးဆုံးပြီး လေးရက် မပြည့်မီမှာပင် စုချန်းသည် ပြိုင်ပွဲရလဒ် တချို့ကို ကြားသိလာရ၏။
ဂျီဟန်းယင်သည် အလွန်အင်အားကြီးမားသူ ဖြစ်လေရာ ခါတိုင်းကဲ့သို့ပင် နဂါးအသွင် ပြောင်းခြင်း စာရင်းတွင် အဆင့်လေးနေရာကို ရယူနိုင်ခဲ့၏။ သို့သော် သူမသည် ထိုရလဒ်အတွက် အထူးပင် စိတ်မချမ်းသာ ဖြစ်နေသည် ဟူ၏။ အမြဲတစေ နံပါတ် ၁နေရာတွင် နေခဲ့သူသည် သူများနောက်သို့ တစ်ခါတလေ ရောက်သွားသော အခါ စိတ်မချမ်းမသာ ဖြစ်ရသည်မှာ သိပ်တော့မဆန်း။
သို့သော် ၎င်းမှာ အဖြစ်မှန်ပင်။ နဂါးကျောင်းတော်ဟူသည် တစ်နိုင်ငံလုံးမှ ဆရာ့ဆရာများကို စုစည်းထားခြင်း ဖြစ်ပြီး ကျောင်းသားတိုင်းလိုသည် သူတို့မြို့တွင် ပါရမီရှင်များဟု သတ်မှတ်ခြင်း ခံရသူများ ဖြစ်ကြ၏။ ထိုလူစားမျိုးများကို အတူတကွ စုစည်း ထားလိုက်သောအခါ လူတိုင်းသည် မိမိ၏ အင်အားနှင့် ထိုက်တန်သည့် အဆင့်အတန်းကိုသာ ပိုင်ဆိုင်ရပေလိမ့်မည်။
ဂျီဟန်းယင်ထက်စာလျင် ချင်းလင်အာက ပို၍ အဖြစ်ဆိုးသွား၏။ သူမ၏ သွေးဗီဇမှာ စင်မြင့်ပေါ်ရှိ တိုက်ပွဲများအတွက် မသင့်လျော်လှ။ နဂါးကျောင်းတော်သည် စင်မြင့်တိုက်ပွဲများတွင် တခြားလူ တစ်ယောက်ကို ထိန်းချူ ပ်ရန် ခွင့်မပြုလေရာ ချင်းလင်အာ အတော်လေး ဒုက္ခရောက်သွား ရှာသည်။ သို့သော် ဤကာလတွင် သူမ၏ ကိုယ်ခန္ဓာစွမ်းအင် အတော်လေး မြင့်တက်လာ၍သာ တော်တော့သည်။ နောက်ဆုံးတွင်တော့ သူမသည် နဂါးအသွင်ပြောင်းခြင်းစာရင်း အယောက် ၂၀၀အတွင်း ပွတ်ကာသီကာနှင့် ဝင်နိုင်ခဲ့ရှာသည်။ ထိုအတွက် ချင်းလင်အာ အကြီးအကျယ် စိတ်ထိခိုက် သွားပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည် ဟူ၏။
ဝမ်တောက်ရှန်း၏ အခြေအနေမှာလည်း မဆိုးလှ။သူသည် နဂိုကတည်းက ညံ့လှသူ မဟုတ်လေရာ ပြိုင်ပွဲတွင် အဆင့် ၉၈ရခဲ့လေသည်။ လီချိန်းယွင်နှင့် ပိုင်လိတို့မှာလည်း မညံ့လှပဲ အယောက်၂၀၀အတွင်း ဝင်နိုင်ခဲ့၏။ ပိုင်လိက အဆင့် ၁၄၈ရပြီး လီချိန်းယွင်က ၁၄၉ ရလေရာ သူတို့ အင်အားမှာ သိပ်မကွာခြားလှဟု ဆိုနိုင်သည်။ စုချန်းကို ပညာပေးမည်ဟု အာပေါင် အာရင်း သန်သန်နှင့် ပြောဆိုနေကြသော ဓားနတ်ဆိုးနှင့် ခန်းအာလီတို့မှာလည်း ထိပ်ဆုံး ၂၀၀အတွင်း မဝင်နိုင်ခဲ့။ ဓားနတ်ဆိုးသည် ညတိုက်ပွဲများကိုသာ ကျွမ်းကျင်သူ ဖြစ်လေရာ ချင်းလင်အာကဲ့သို့ပင် သူသည်လည်း စင်မြင့်တိုက်ပွဲတွင် အစွမ်းမပြနိုင်ခဲ့ရှာ။ ခန်းအာလီသည်ကား အနှစ်မရှိသောတောမှ ကြက်ဆူပင်သာသာ လူစားမျိုးဖြစ်သည်။ ယခုတော့ သူသည် ရေတွင်းထဲမှ ဖားသူငယ်သာ ဖြစ်ကြောင်း သဘောပေါက် သွားလေပြီရ။ သူသည် နဂါး အသွင်ပြောင်းခြင်း စာရင်းပင် မဝင်ခဲ့လေရာ စုချန်းကို အနိုင်ရဖို့ဟူသည်မှာ ဟာသတစ်ပုဒ်ထက် မပိုပေ။
လင်ကျင်းချွင်းသည်လည်း အယောက်၂၀၀အတွင်း မဝင်နိုင်ခဲ့ပေ။ လင်မျိုးနွယ်များသည် နဂါး ကျောင်းတော်အတွင်း ဝင်ရောက် နိုင်ခဲ့သော်လည်း ကြမ်းတမ်း ခက်ထန်သော ဤပတ်ဝန်းကျင် မျိုးတွင် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရန်မှာတော့ အလှမ်းဝေး နေသေး၏။
စုချန်းအတွက်မူကား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းပင် မပြုခဲ့လေရာ မည်သည့် အကျိုးကျေးဇူးမှ မရရှိခဲ့။ ထို့နောက် သူသည် ဒုတိယအဆင့် မျိုးဆက်သစ် ကျောင်းသားဟူသော အဆင့်အတန်းကို လက်လွတ် ဆုံးရှုံးခဲ့ရလေသည်။ ကံကောင်းထောက်မစွာပင် ရှီကိုင်းဟွမ်၏ အကူအညီဖြင့် ယခင် ရရှိထားသည့် အထူးအခွင့်အရေးတချိူ့ကိုတော့ ဆက်လက် ရရှိနေသေး၏။
လူပေါင်း မြောက်များစွာသည် စုချန်းကိုကြည့်ရင်း လှောင်ပြောင် ရယ်မောကြကုန်၏။ သူ့အပေါ် အထင်တကြီးနှင့် စောင့်ကြည့်နေသော ဆီးနှင်းများအဖွဲ့သည်ပင် သူ့ကို စည်းရုံးမည့်ကိစ္စကို သိပ်စိတ်မပါလှတော့။ သူသည် သွေးဗီဇမပါသူများ၏ စံပြပုဂ္ဂိုလ် မဟုတ်တော့ပဲ ခနတာ နာမည်ကြီးခဲ့သည့် သာမန်ကျောင်းသားတစ်ယောက်ဟုသာ လူအများက ယူဆ လိုက်ကြလေသည်။
နဂါးကျောင်းတော်၏ ပထမစာသင်နှစ်ကား ကုန်ဆုံးသွားလေပြီ။ ကျောင်းသားများလည်း အတော်အသင့် အတွေ့ကြုံကိုယ်စီနှင့် ဖြစ်လာကြလေပြီ။ သူတို့ တစ်ဦးချင်းစီ အကြား ကွာဟချက်မှာလည်း တဖြည်းဖြည်း အစပျိုးနေခဲ့လေပြီ။ နဂါးအသွင်ပြောင်းခြင်း စာရင်းတွင် ပါဝင် လာသူများကို သီးခြား အဆင့်အတန်း တစ်ခုအဖြစ် သတ်မှတ်ပြီး သတ်မှတ်ချက် အဆင့်အတန်း အမျိုးမျိုးသည် အင်အား ကွာဟချက်များကို ညွှန်းဆိုနေ၏။ ထိုအဆင့် သတ်မှတ်ချက်များသည် အပေါ်ယံ အားဖြင့်အရေးမပါဟု ထင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျောင်းသားတို့၏ အသည်းနှလုံးတွင် အမှတ်သညာ တစ်ခုသဖွယ် ဖြစ်လာပြီး ပါးစပ်က ထုတ်ပြောနေစရာ မလိုသည့် လူတန်းစား ကွာဟချက်ကို ဖြစ်ပေါ်လာစေလိမ့်မည်။
သို့သော် ထိုကိစ္စများအားလုံးသည် စုချန်းနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ရှိသည်။ သူသည့် သူ့စိတ်အာရုံ တစ်ခုလုံးကို မူလစွမ်းအင်အား လေ့လာရာတွင်သာ မြှုပ်နှံထား၏။
ဤယနေ့တွင်လည်း ခါတိုင်းကဲ့သို့ပင် စုချန်းသည် သင်ခန်းစာများ သင်ယူပြီးနောက် မူလစွမ်းအင် မျှော်စင်သို့ ပြန်လာခဲ့၏။ ထိုအခိုက်မှာပင် တံခါးဝတွင် လဲကျ သတိမေ့နေသော လူတစ်ယောက်ကို စုချန်း တွေ့ရှိလိုက်ရသည်။ ထိုလူကို အနီးကပ် မြင်တွေ့ပြီးနောက် သူ အံ့သြသွား၏။
"ဘယ်သူများလဲလို့ မင်းကိုး"