← Chapters

တိမ်တိုက်ကျားသစ်

Vol. 18 Ch. 179

တိမ်တိုက်ကျားသစ်

Vol. 18 Ch. 179

သတိပြန်ရလာသည်နှင့် တိမ်တိုက်ကျားသစ်သည် နေရာမှ လွှားခနဲခုန်ထပြီး အခန်း၏ ထောင့်တထောင့်သို့ ခုန်ထွက် သွားလိုက်သည်။ ထို့နောက် သူက ပတ်ပတ်လည်တွင် မူလစွမ်းရည် တစ်မျိုးကို သုံးကာ အရိပ်များဖြင့် ကာကွယ် ထားလိုက်၏။ ပြီးမှ သူက ပတ်ဝန်းကျင်ကို လေ့လာစူးစမ်း လိုက်လေသည်။

စုချန်း၏ အမြင်အာရုံထဲတွင် အရာအားလုံးသည် မှုန်ဝါးနေ၏။ သူမြင်တွေ့ လိုက်ရသည်မှာ လူနာသည် အိပ်ရာပေါ်မှ ရုတ်တရက်ခုန်ထပြီး မိမိကိုယ်မိမိ ကာကွယ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ရုတ်တရက်မို့ စုချန်း အံ့သြသွား၏။ ပြီးမှ သူက အားရပါးရ ရယ်မောပြီး ပြောလိုက်သည်။

"မင်း နိုးလာပြီလား သက်တောင့်သက်သာ နေပါကွ ဒီမှာ မင်းကို ဒုက္ခပေးမဲ့လူ ဘယ်သူမှ မရှိပါဘူး"

ထိုအခါကျမှ လူငယ်က စုချန်းကို မြင်တွေ့ပြီး စိတ်သက်သာ ရသွားဟန်ဖြင့် ငြိမ်သက် သွား၏။ တင်းထားသော စိတ်ကို လျော့ချလိုက်မှ ကိုယ်တွင်းမှ ဝေဒနာသည် ပြန်ပေါ်လာဟန်ရှိပြီး သူသည် နာကျင်မှုကို အံကြိတ် တင်းခံလိုက်ရ၏။ ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။

"မင်းရဲ့ တကိုယ်လုံးမှာ ဒဏ်ရာပေါင်း ၃၂နေရာထိ ရှိနေတယ် ဒီအထဲကမှ သုံးနေရာက သေလောက်တဲ့ အခြေအနေမျိုးပဲ ငါ့အနေနဲ့ မင်းဒဏ်ရာတွေကို ကုသပေးဖို့ အချိန်အများကြီး ယူထားရတာ ခုတော့ မင်းရဲ့ လက်လွတ်စပယ်လှုပ်ရှားမှုကြောင့် ဒဏ်ရာတွေ ပြန်ပွင့်ကုန်ပြီ"

တိမ်တိုက်ကျားသစ်က သူ့ကိုယ်သူ ငုံ့ကြည့်လိုက်၏။ စုချန်း စကားအတိုင်း သူ့တစ်ကိုယ်လုံး ပတ်တီးများဖြင့် အထပ်ထပ်အခါခါ စည်းနှောင်ထားကြောင်း တွေ့ရှိလိုက်ရသည်။ ပတ်တီးများ ကြားထဲမှလည်း သွေးများ စီးကျနေ၏။ စုချန်း၏ စကားအတိုင်း ဒဏ်ရာ တချို့ ပြန်လည် ပွင့်ထွက်သွားပုံရ၏။

"ကျေးဇူးတင်ပါတယ်ကွာ"

တိမ်တိုက်ကျားသစ်က အက်ကွဲနေသော အသံနှင့် ပြောလိုက်သည်။ သူ့အသံသည် လေတိုးသံနှင့်ပင် တူနေ၏။ အကြောင်းမှာ သူ့လည်မျိူ သည်လည်း ဒဏ်ရာ ရနေသောကြောင့်ပင်။

"မင်းအနေနဲ့ ငါ့ကို ကျေးဇူးတင်နေစရာမလိုပါဘူး ငါ ပင်ပင်ပန်းပန်း ကုသထားသမျှ အလကား မဖြစ်စေချင်ရင် အိပ်ရာပေါ် ပြန်နေပေးရင်ကို ရပါပြီ"

တိမ်တိုက်ကျားသစ်က စုချန်း၏ စကားအတိုင်း အိပ်ရာပေါ်တွင် ပြန်လှဲချလိုက်၏။ ထိုအခါ စုချန်းက သူ အသင့်ပြင်ဆင်ထားသော ဆေးရည်ကို တိမ်တိုက်ကျားသစ်အား ကမ်းပေးလိုက်သည်။

"ရော့ ဒီဆေးကို သောက်လိုက် အမှန်ဆို ဒီဆေးကို မင်း အိပ်ရာက နိုးလာကတည်းက သောက်ရမှာ သောက်ပြီးတာနဲ့ စုပ်ယူခြင်း နည်းစနစ်ကို သုံးပြီး ဆေးရဲ့စွမ်းအင်တွေကို စုပ်ယူ တစ်ကိုယ်လုံးကို ဖြန့်ပေး သတိတော့ထားနော် အရမ်းပူလိမ့်မယ်"

တိမ်တိုက် ကျားသစ်က ဆေးရည်ကို လျင်မြန်စွာ သောက်ချ လိုက်သည်။ ဆေးဝင် သွားသည်နှင့် တစ်ပြိုင်နက် ကိုယ်တွင်းမှ အပူလှိုင်းတစ်ခု တိုးထွက်လာပြီး ကိုယ်ခန္ဓာ အနှံ့အပြားသို ပျံ့နှံ့သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပူပြင်းလှသော ဝေဒနာကြောင့် သူ့ခမျာ အသံထွက်၍ ညည်းညူ မိတော့သည်။

"စုပ်ယူခြင်းနည်းစနစ်ကိုသုံးပြီး ဆေးစွမ်းအင်ကို စုပ်ယူပေးစမ်း"

စုချန်းက ဘေးမှနေ၍ သတိပေးလိုက်သည်။ ဆေးစွမ်းအင်များကို စုပ်ယူခြင်း နည်းလမ်းသုံးပြီး စုပ်ယူလိုက်မှ အပူဒဏ်သည် တဖြည်းဖြည်း လျော့ပါးစပြုလာ၏။ ကနဦး ပြင်းထန်လှသော အပူဒဏ်ကြောင့် တိမ်တိုက်ကျားသစ်၏ စိတ်ထဲတွင် သတ်သေချင်စိတ်များပင် ပေါက်လာမိ၏။ သို့သော် သူသည် ထူးထူးခြားခြား ခံနိုင်ရည်ရှိသူ ဖြစ်လေရာ အံကို တင်းတင်းကြိတ်ရင်း စုချန်း ညွှန်ကြားချက် အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက် နေတော့သည်။

အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းပြီးချိန်လောက်ဝယ် တိမ်တိုက် ကျားသစ်သည် သက်ပြင်း တစ်ချက်ကို ရှည်လျားစွာ ချလိုက်သည်။ တုန်ယင်နေသော သူ့ကိုယ်ခန္ဓာသည်လည်း တဖြည်းဖြည်း တည်ငြိမ်လာ၏။ ဆေးစွမ်းအင် အကုန်လုံးကို တိမ်တိုက်ကျားသစ် စုပ်ယူပြီးသွားမှန်း စုချန်းက ချက်ချင်း သဘောပေါက် လိုက်သည်။

"မင်းအခု ဘယ်လို ခံစားရသလဲ"

စုချန်းက မေးလိုက်သည်။

"အင်း အတွင်းဒဏ်ရာတွေကတော့ သက်သာသွားတယ် ဒါပေမဲ့ အပြင်ဒဏ်ရာတွေကတော့ ဘာမှ မထူးသေးဘူး ဆိုးနေတုန်းပဲ"

တိမ်တိုက်ကျားသစ်က သူ့ကိုယ်သူ စစ်ဆေးရင်း ပြောလိုက်၏။

"ကောင်းတယ် ကောင်းတယ်"

စုချန်းက ခေါင်းတဆတ်ဆတ် ညိတ်ရင်း အားရကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။ တိမ်တိုက် ကျားသစ်၏ အတွင်းဒဏ်ရာများမှာ ပြင်းထန်လှ၏။ ယခုလို အချိန်တိုအတွင်း သက်သာလာသည် ကပင် အံ့သြစရာ ကောင်းလှပြီ။ ထိုအခါ သူက ရှင်းပြလိုက်သည်။

"ဒါဘာမှမဆန်းဘူးကွ အဖြူရောင် ကျောက်တုံးဆေးရည်ရဲ့ သဘော သဘာဝကိုယ်က ကိုယ်တွင်း ဒဏ်ရာတွေကိုသာ ကုသပေးနိုင်တာပဲ"

"အဖြူရောင် ကျောက်တုံးဆေးရည် ဟုတ်လား"

တိမ်တိုက်ကျားသစ်က စိတ်ဝင်တစားနှင့် မေးလိုက်သည်။

"ဒီလိုအစွမ်းထက်တဲ့ ဆေးဝါးမျိုးကို ဟိုးအရင်က ဘာကြောင့် မကြားဖူးရတာလဲ"

စုချန်း ပြုံးလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ဒီလိုဆေးမျိုးက ဘယ်နေရာမှာမှ မရှိလို့ပေါ့ကွ"

အတန်ကြာအောင် တိတ်ဆိတ်နေပြီး စုချန်း စကားဆက်ပြန်သည်။

"ဒီဆေးရည်က ငါ ဖော်စပ်ထားတာလေကွာ"

"မင်း ဖော်စပ်ထားတာ ဟုတ်လား"

တိမ်တိုက်ကျားသစ်က မျက်လုံးကြီးပြူးကာ မေးလိုက်သည်။

"အတိအကျ ပြောရရင်တော့ ကျန်တစ်ယောက်က ဒီဆေးရဲ့ တစ်ဝက်ကို ဖော်စပ်ခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ ငါကပဲ ပြီးပြည့်စုံစေခဲ့တာလို့ ပြောရမှာပေါ့"

အဖြူရောင် ကျောက်တုံးဆေးရည်၏ မူရင်းဖန်တီးသူမှာ ဆရာကြီးဖန်း ဖြစ်သည်။ ဆရာကြီးဖန်း သေဆုံးပြီးနောက် စုချန်းသည် ၎င်း၏ စာရွက်စာတမ်းများကို သိမ်းဆည်း ယူငင်ခဲ့လေရာ ထိုအထဲတွင် ဤဆေးဖော်စပ်နည်းလည်း ပါဝင်လာ၏။ သို့သော် ထိုဆေး၏ မူလအမည်မှာ အဖြူရောင်ကျောက်တုံး မဟုတ်သလို အတွင်းဒဏ်ရာများကို ကုသပေးနိုင်ခြင်းလည်း မရှိပေ။ ၎င်းသည် တစ်စုံတစ်ယောက်၏ မူလစွမ်းရည်ကို ရုတ်တရက် နှိုးဆွပေးသော ဆေးတစ်မျိုးသာ ဖြစ်သည်။ ၎င်းကို အသုံးပြုလိုက်ခြင်းဖြင့် မူလစွမ်းအင်များ ယာယီ တိုးပွားလာပြီး မူလစွမ်းရည်များကို အားနှင့်မာန်နှင့် ထုတ်ဖော်နိုင်မည် ဖြစ်သည်။ သို့သော် ဤဆေးသည် မအောင်မြင်သော ရလဒ်တစ်ခုသာ ဖြစ်လာခဲ့၏။ ဆရာကြီးဖန်းသည် ဗရမ်းဗတာ တိုးပွားလာသော မူလစွမ်းအင်များကို ထိန်းချုပ်ရန် နည်းလမ်းရှာမတွေ့ခဲ့။ ထို့ကြောင့် သူသည် ဤဆေးကို ဆက်လက် ဖော်စပ်ခြင်း မပြုတော့ပဲ လက်လျော့လိုက်၏။

ဆေးဝါးဖော်စပ်နည်း စာရွက်ကို ရရှိပြီးနောက် သူ၏ မူလစွမ်းအင် အပေါ် နားလည်နိုင်စွမ်းသည် ဆရာကြီးဖန်းထက် မြင့်မားကြောင်း စုချန်း သဘောပေါက်လာ၏။ ထိုအခါ သူက ဤဆေးကို ဖော်စပ်နိုင်ရန် စတင်ကြိုးစားတော့သည်။ သို့တိုင်အောင် ဆရာကြီးဖန်း၏ မှတ်စုတွင် ပါဝင်ပစ္စည်းများကိုသာ ရေးသားထားပြီး ဖော်စပ်ပုံ ဖော်စပ်နည်းကို ရေးသားထားခြင်း မရှိလေရာ စုချန်းတစ်ယောက် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သေး၏။ အတန်ကြာသော် ဤဆေး၏ ဘေးထွက်ဆိုးကျိုး တစ်ခုသည် အတွင်းဒဏ်ရာများကို ပျောက်ကင်းစေကြောင်း စုချန်း အမှတ်မထင် သိရှိလာ၏။ နောက်ဆုံးတွင် သူက ထိုရှုထောင့်ကို ပို၍ အာရုံစိုက်လာပြီး မူလစွမ်းအင် တိုးပွားစေသည့် ဆေးဝါးကို မဖော်စပ်နိုင်ခဲ့သည့်တိုင် အတွင်းဒဏ်ရာများကို ပျောက်ကင်းစေသည့် ဆေးတစ်မျိုးကို ဖန်တီးနိုင်ခဲ့တော့သည်။

ထိုအချိန်တွင် စုချန်း စဉ်းစားမိသည်မှာ အဖြူရောင် ကျောက်တုံးဆေးရည်ကို သူ ဖန်တီးမိခြင်းသည် ကြက်ကန်းဆန်အိုး တိုးသည့် သဘောသာ ဖြစ်ကြောင်းပင်။ ထိုအနေအထားမှ တစ်ဆင့် သူ သဘောပေါက်လာသည်မှာ အချိန်များစွာ အကုန်ခံပြီး ဆောင်ရွက်နေသော သုတေသန တစ်ခုတွင် လိုချင်သော ရလဒ်များ ထွက်မလာသည့်တိုင် အားမလျော့ပဲ ကြိုးစား ဆောင်ရွက်ပါက အချိန်တန်တော့ နားပိန်ကန် တတ်ကြောင်းပင်တည်း။

ထို့ကြောင့် အဖြူရောင် ကျောက်တုံး ဆေးရည်သည် စုချန်း၏ သုတေသနမှ ကြက်ကန်းဆန်အိုး တိုးသည့် အောင်မြင်မှုဟု သတ်မှတ်နိုင်သည်။

နောက်ဆုံးတွင် တိမ်တိုက်ကျားသစ်က ပြောလိုက်သည်။

"ဒီတော့ မင်းရဲ့ အန္တိမပန်းတိုင်က အဂ္ဂိရတ် ပညာရှင်တစ်ယောက် ဖြစ်လာဖို့ပဲပေါ့ ကိုယ်ခန္ဓာ စွမ်းအင်စုဆောင်းခြင်း ပညာစဉ်တွေဟာ မင်းရဲ့ လမ်းခရီးမှာ ခဏတစ်ဖြုတ် ဖြတ်သန်းသွားတဲ့ အရာတွေပေါ့လေ"

စုချန်းက တိမ်တိုက်ကျားသစ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"မဟုတ်ဘူး ငါရဲ့ ပန်းတိုင်က အင်အားကြီးမားတဲ့မူလ ချီစွမ်းအား ပညာရှင်တစ်ယောက် ဖြစ်လာဖို့ပဲ အဂ္ဂိရတ်ပညာကမှ ခရီးသွားဟန်လွဲ ဝင်ရောက်လေ့လာတဲ့ ပညာ"

ယခုမှ ဒုတိယနှစ်ကျောင်းသားသာ ရှိသေးသည့် စုချန်းသည် တန်ဖိုးကြီး ဆေးတစ်ဖုံကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေပြီ။ သို့သော် ထိုပညာရပ်အပေါ် သူ၏ သဘောထားက ခရီးသွားဟန်လွဲ ဆိုပါကလား။ တိမ်တိုက်ကျားသစ်သည် အံ့သြသင့်လွန်း၍ ပြောစရာစကားပင် မရှိတော့။ ထိုအခိုက်မှာပင် တစုံတစ်ခုကို သတိရလာပြီး တိမ်တိုက်ကျားသစ်က မေးလိုက်သည်။

"ငါ ဘယ်လို ဒဏ်ရာရလာသလဲ မင်း လုံးဝမမေးသေးဘူး ကြည့်ရတာ မင်း သိပြီးသား ထင်တယ် ဟုတ်ရဲ့လား"

"မင်းတကိုယ်လုံးမှာ ဒဏ်ရာ ၃၂ချက်ရှိတယ် အဲဒီထဲက ခုနစ်ချက်ဟာ မိုးကြိုးပုံစံ တိုက်ခိုက်မှုတွေ ကြောင့်မှန်း မြင်သာနေတယ် အဲဒီ တိုက်ခိုက်မှုတွေဟာ မင်းရဲအရေပြားကို ဖောက်ထွင်းပြီး ကိုယ်တွင်း အင်္ဂါတွေကို လာထိတာ တွေ့ရတယ် မိုးကြိုးပုံစံ တိုက်ခိုက်မှုကို အသုံးပြုတဲ့လူတွေ အများကြီးရှိတယ် ဒါပေမဲ့ အရေပြားကို ဖောက်ထွင်းအောင် တိုက်ခိုက်နိုင်တဲ့ လူကတော့ သိပ်မရှိဘူး ဒါကြောင့် ဒီဒဏ်ရာတွေဟာ မိုးကြိုးဝိညာဉ်ပိုင်အုရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ဟုတ်ရဲ့လား"

တိမ်တိုက်ကျားသစ် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

"အဲဒီတော့ ဘယ်သူဆိုတာ မင်း သိပြီးသားပေါ့လေ"

ထို့နောက် သူက အသံတိုးတိုးနှင့် စကားဆက်သည်။

"လူ၆ယောက် ငါ့ကို ဝိုင်းတိုက်ကြတယ် ဒီကောင်ဟာ ပိုင်အုသာဆိုရင် အဲဒီကောင်ကို ငါသတ်မယ်"

"၆ယောက် ၁ယောက်ပေမဲ့ မင်း ထွက်ပြေး လာနိုင်လိမ့်မယ်လို့ ငါယုံတယ်"

တိမ်တိုက်ကျားသစ်က ခေါင်းခါယမ်းလိုက်သည်။

"ငါ ဘာလို့ပြေးရမှာလဲ မပြေးဘူး"

စုချန်း မျက်လုံးပြူးသွား၏။

"ဒီတော့ မင်းက ၆ယောက် ၁ယောက် ခံချခဲ့တာပေါ့ ဟုတ်လား"

တိမ်တိုက်ကျားသစ်က လေးနက်သော လေသံနှင့် ပြောလိုက်သည်။

"ဒီကောင်တွေ အမှားကြီး လုပ်မိသွားတယ်ကွ တောနက်ထဲမှာ ငါ့ကို ရန်မပြုသင့်ဘူးလေ"

"ဟေ့ ၆ယောက် ၁ယောက် ချတာတောင် သူတို့ထဲက တချို့ကို ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်လို့ မင်း မပြောပါဘူးနော်"

စုချန်းက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

"၂ယောက်သေတယ် ၁ယောက်ကတော့ ဒဏ်ရာအကြီးအကျယ် ရသွားတယ်ကွ"

".........."

စုချန်း ဘာမှ မပြောနိုင်တော့။

***

အတန်ကြာ စကားပြောဆိုပြီးနောက် တိမ်တိုက်ကျားသစ်၏ ဒဏ်ရာသည် မိုးကြိုးဓား လက်ချက်ကြောင့် ဖြစ်ကြောင်း စုချန်း အတည်ပြုနိုင်ခဲ့သည်။

တောင်သုံးလုံး ပြိုင်ပွဲပြီး သိပ်မကြာမီပင် ပိုင်ဖန်းသည် မိုးကြိုးဝိညာဉ် ပိုင်မျိုးနွယ်စုမှ ဖြစ်ကြောင်း စုချန်း သိရှိလာခဲ့၏။ ထပ်ဖြည့်ပြောရလျင် ပိုင်အုသည် ပိုင်ဖန်း၏ ညီတော်ပင် ဖြစ်လေတော့သတည်း။

ပိုင်မျိုးနွယ်ဝင်များ ဖြစ်ကြသော်လည်း ပိုင်ဖန်းနှင့်ပိုင်အုမှာ အဆင့်ချင်း မတူကြပေ။ ပိုင်ဖန်းသည် အကြီးဖြစ်သော်လည်း အဆင့်အတန်းချင်း ယှဉ်လျင် ပိုင်အုထက် နိမ့်၏။ အကြောင်းမှာ ပိုင်ဖန်းသည် ပိုင်ကျင်ထိုက် ငယ်စဉ်နုစဉ် ပွေရှုပ်ခဲ့စဉ်က ရလာခဲ့သော သားဖြစ်ပြီး သူ့မိခင်မှာ သွေးဗီဇမပါသူဖြစ်၍ သူ၏ သွေးဗီဇ အဆင့်အတန်းမှာ သူ့ညီထက် များစွာ နိမ့်ပါးနေတော့သည်။ စုချန်းက ပိုင်ဖန်းကို အနီရောင် တောင်ကြောတွင် သတ်ဖြတ်ခဲ့သည့် အချိန်ထိ ၎င်း၏ သွေးဗီဇမှာ နိုးထ မလာသေးချေ။ ပိုင်ကျင်ထိုက် ကိုယ်တိုင်မှာလည်း ပိုင်ဖန်းကို မည်သည့်အခါမျှ မိသားစုဝင် အဖြစ် သဘောမထားခဲ့။ သူငယ်ချင်း တစ်ယောက်ထံတွင် ထားရင်း အဝေးမှသာ စောင့်ရှောက် ခဲ့လေသည်။ ထို့ကြောင့် ပိုင်ဖန်းသည် တော်ဝင်မျိုးနွယ်စုတစု၏ မျိုးဆက် ဖြစ်သော်လည်း မည်သည့် အခါကမျှ ဂရုစိုက်မခံခဲ့ရဟု ဆိုနိုင်သည်။

ပိုင်ဖန်းသည် သွေးဗီဇအားပျော့သူ ဖြစ်ပြီး ပိုင်ကျင်ထိုက်နှင့် အဆက်အဆံ ကျဲပါးလှပေရာ ၎င်း၏ သေဆုံးမှုကို ပိုင်ကျင်ထိုက် အနေနှင့် အရေးတယူ လုပ်စရာတော့ သိပ်မရှိလှ။ ဤသို့ဆိုလျင် စုချန်းနှင့် တိမ်တိုက် ကျားသစ်ကို သတ်ဖြတ်ရန် ၎င်းတို့အနေနှင့် အဘယ်ကြောင့် ကြံစည် လာသနည်း။ တခြားကြောင့်မဟုတ်။ မိုးကြိုးဓားမူလစွမ်းရည် ပေါက်ကြားမှုကြောင့်ပင် ဖြစ်သည်။

မိုးကြိုးဓားနှင့် ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများသည် အတူတူ ဖြစ်သည်။ ၎င်းတို့သည် သွေးဗီဇ မူလစွမ်းရည်များ ဖြစ်ကြပြီး အနှိုင်းအဆမရှိ တိုးတက်လာစေရန် အခွင့်အလမ်း များစွာ ရှိနေ၏။ သို့သော် မူလစွမ်းရည်ထက် ပို၍ အရေးကြီးသည်မှာ သွေးဗီဇသာ ဖြစ်သည်။ သို့သော် ပိုင်ကျင်ထိုက် ကိုယ်တိုင်ကား ထိုသို့ မယူဆ။ သူ့စိတ်ထဲတွင် သွေးဗီဇ စွမ်းရည်ဟူသည် အပြင်သို့ ပေါက်ကြားခြင်းငှာ မသင့်ဟု လှေနံဓားထစ် ယူဆထား၏။

ပိုင်မျိုးနွယ်စု၏ လျှို့ဝှက်နည်း စနစ်တရပ်ကို သင်ကြားသူ မည်သူမဆို သေကို သေရမည်။ ဤသည်မှာ ပိုင်ကျင်ထိုက်၏ သစ္စာပေတည်း။

ကြားရသည်မှာ ရယ်စရာတော့ ကောင်း၏။

စုချန်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ လူသားများ၏ ရှည်လျားသော ကျင့်စဉ် လမ်းကြောင်းကို ချူံ့ပစ်နိုင်ပြီး သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားနိုင်မည့် နည်းလမ်းသစ်ကို ရှာဖွေရန် ဖြစ်သည်။ သို့သော် ရှေးရိုးစွဲ တော်ဝင်မျိုးနွယ်စုများသည် ၎င်းတို့၏ သာမန် မူလစွမ်းရည် တစ်မျိုးတလေကိုပင် ဝေငှရန် ဆန္ဒမရှိချေတကား။

All Chapters