ပင်လယ်ရေမှော် သစ်သားနန်းဆောင်
Vol. 18 Ch. 180
ဆေးသောက်ပြီးနောက် တိမ်တိုက်ကျားသစ်၏ အခြေအနေသည် များစွာ ကောင်းမွန် လာခဲ့သော်လည်း အင်အားများစွာ ဆုံးရှုံးခဲ့ရခြင်းကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပင် ပြန်လည် အိပ်မောကျ သွားတော့သည်။ ၎င်းအိပ်ပျော်နေစဉ် စုချန်းသည် တစ်စုံတစ်ရာကို လေးလေးနက်နက် ဆင်ခြင် သုံးသပ်လျက် ရှိ၏။
အချိန်အတန်ကြာအောင် စဉ်းစားတွေးခေါ်ပြီးနောက် နောက်ဆုံးတွင် စုချန်းတစ်ယောက် နေရာမှ ထရပ်လိုက်ပြီး အခန်းထောင့်ရှိ သူ့ အလုပ်စားပွဲသို့ လျှောက်သွား လိုက်သည်။ ထို့နောက် သူသည် ဆေးအမယ် တချိူ့ကို တိုးခြင်းလျှော့ခြင်း စတင်ပြုလုပ်တော့သည်။
ထူးခြားသော ဆေးတဖုံကို စုချန်း တီထွင် ဖော်စပ်နေခြင်း ဖြစ်သည်။ အတန်ကြာသော် သူ့လက်ထဲတွင် ဆေးရည်တစ်ပုလင်းစာ ရရှိလာ၏။ ထိုအခါ သူက ဆေးရည်များကို လက်ဖဝါးတွင် နှံ့အောင် လိမ်းကျံပြီး မျက်နှာတစ်ခုလုံးကို ညင်သာစွာ တို့ထိပေးလိုက်၏။ ဆေးရည်ထိသည်နှင့် သူ၏ မျက်နှာတစ်ခုလုံးသည် မည်းနက်လာကြောင်း အံ့သြဖွယ်ရာ တွေ့ရှိရ၏။ တဖန် သူသည် စုတ်တံ တစ်ချောင်းကို လှမ်းယူပြီး မျက်ခုံးမွေးပေါ်တွင် အပေါ်မှအောက်သို့ ရှစ်ဂဏန်းပုံစံ ( တရုတ်စာလုံး ရှစ်၏ ပုံစံမှာ 八 ဖြစ်သည်) ရေးဆွဲလိုက်ပြန်သည်။ နောက်ဆုံးအနေနှင့် သူက နှုတ်ခမ်းမွေး အတုတစ်ခု တပ်ဆင်လိုက်ပြန်၏။ စုချန်း၏ ပုံစံမှာကား မည်သူမှ မမှတ်မိနိုင်အောင် လုံးဝ ပြောင်းလဲ သွားခဲလေပြီ။
မျက်နှာကို အားရကျေနပ်အောင် ရုပ်ဖျက်ပြီးနောက် စုချန်းသည် ကြမ်းတမ်းသော ချည်သားနှင့် ပြုလုပ်ထားသည့် ဝတ်ရုံတထည်ကို ခြုံကာ အခန်းမှ ထွက်ခွာလာခဲ့၏။ ပင်မ ခန်းမဆောင်သို့ ရောက်ရှိသောအခါ မူလစွမ်းအင် အဆောင် လက်ဖွဲ့ပုံစံကြီးမှာ ယခုတိုင် အသက်ဝင်လျက် ရှိကြောင်း စုချန်း တွေ့လိုက်ရသည်။ များပြားလှသော ကြယ်များ၏ အလယ်တွင် ရှီကိုင်းဟွမ်သည် ထိုင်လျက်ရှိနေ၏။ ဖြစ်နိုင်ဖွယ်ရာ ပေါင်းစပ်မှုတို့ကို ရှီကိုင်းဟွမ်က ပုံစံကွက်ကို အသုံးပြုကာ တွက်ချက်နေခြင်း ဖြစ်သည်။ စုချန်း ပေါ်ပေါက်လာသောအခါ လှုပ်ရှားနေသော ကြယ်များအားလုံး ရပ်တန့်သွား၏။
စုချန်း၏ ထူးခြားသောပုံစံကို မြင်လိုက်ရသော်လည်း အဘိုးအိုကား အနည်းငယ်မျှပင် အံ့သြဟန်မရှိ။
"မင်း ရင်ဆိုင်တော့ မလို့လား"
စုချန်းက ခေါင်းညိတ် ပြလိုက်သည်။
"ဟုတ်ပါတယ်ဆရာ ကျွန်တော့်အနေနဲ့ မဖြစ်မနေ ဆောင်ရွက်ရမဲ့ ကိစ္စတချို့ ရှိနေပါသေးတယ်"
"ငါ ဝင်ပါဖို့ လိုသေးလား"
ရှီကိုင်းဟွမ်က မေးလိုက်ခြင်း ဖြစ်သည်။ မူလစွမ်းအင် မျှော်စင်အတွင်းဝယ် ရှီကိုင်းဟွမ် မသိသော အရာဟူ၍ မရှိ။
စုချန်းက ရယ်မောလိုက်၏။
"မလိုပါဘူးဆရာ ကျွန်တော် ရှင်းနိုင်ပါတယ်"
ရှီကိုင်းဟွမ်က စုချန်းကို အလွန်တရာ အဓိပ္ပာယ် ပြည့်ဝသော အကြည့်နှင့် ကြည့်နေ၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကောင်းပြီ ဒီလမ်းကို လျှောက်ဖို့ ရွေးလိုက်ပြီးကတည်းက တချို့နေရာတွေမှာ လက်သည်ချည်း အားကိုးနေလို့ မရဘူး ကိုယ်အားကိုယ်ကိုးဖို့လည်း လိုတယ်ဆိုတာ သဘောပေါက်ထားမှ ဖြစ်မှာပေါ့ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားဦးကွ ကိုယ့်အင်အားနဲ့ မဖြေရှင်းနိုင်တဲ့ အခက်အခဲမျိုး ရင်ဆိုင်ရပြီ ဆိုရင်လည်း ခေါင်းမမာနဲ့ ဘယ်အချိန်မှာ အကူအညီ တောင်းသင့်တယ် ဆိုတာ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်ပေတော့"
"ကောင်းပါပြီဆရာ"
စုချန်းက လေးစားသော အမူအရာနှင့် ဆရာဖြစ်သူကို ပြောလိုက်သည်။
"အဲဒါဆိုရင် ကျွန်တော် သွားပါတော့မယ် ခင်ဗျာ"
ရှီကိုင်းဟွမ်က ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"သွား"
စုချန်း ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ရှီကိုင်းဟွမ်က ကျယ်လောင်သော အသံနှင့် အော်လိုက်၏။
"စုချန်း"
"အမိန့်ရှိပါဆရာ ကျွန်တော် ဒီမှာရှိပါတယ်"
"အာရုံစိုက်ရမယ်ဆိုတဲ့ ငါ့စကားကို မမေ့စေနဲ့"
"တပည့် နားလည်ပါပြီဆရာ"
စုချန်းက တည်ကြည်လေးနက်သော အမူအရာနှင့် ပြန်လည် ပြောဆိုလိုက်၏။
မျှော်စင်မှ ထွက်ခွာလာပြီး စုချန်းသည် ကျောင်းအပြင်သို့ ဦးတည် လျှောက်လာခဲ့၏။ ကောင်းကင် တစ်ခွင်လုံး ကြယ်ပင်မထွက်ပဲ မည်းမည်းမှောင်လျက် ရှိသည်။ နဂါးကျောင်းတော်နှင့် ဆန့်ကျင်ဘက်တွင် ရှိနေကြသော စားသောက်ဆိုင်များတွင် မီးအိမ်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်လျက် ရှိ၏။ နေ့စဉ်နေ့တိုင်းလိုလို ကျောင်းသားများသည် အားလပ်ချိန်များတွင် ထိုဆိုင်များသို့ လာရောက် အပန်းဖြေလေ့ ရှိကြ၏။ ကျောင်းတော်တွင် မရနိုင်သော ဖြေဖျော်မှု အတော်များများကို ထိုဆိုင်များတွင် ရရှိနိုင်ပေသည်။ ပျော်ရွှင်ဖွယ် နေရာများသည် အန္တရာယ်များကို အခါမလပ် ဖိတ်ခေါ် နေလေ့ရှိသည်။ ကျောင်းသားတဦးကို ဒုက္ခပေးလိုသူသည် ထိုဆိုင်ရှိ လူများနှင့် ညှိုနှိုင်း ထားရန်သာ လိုသည်။
ဤတစ်ကြိမ်တွင်တော့ စုချန်းကို မည်သူမျှ မှတ်မိဟန်မတူ။ သူသည် ကျောင်းမှာထွက်ခွာပြီး ရှည်လျားရစ်ခွေမြို့တော်သို့ တည့်တည့်မတ်မတ်ပင် ဦးတည် လျှောက်လာခဲ့၏။ လောင်စန်းနိုင်ငံ၏ မြို့တော်ဖြစ်သော ရှည်လျား ရစ်ခွေမြို့တော်သည် မြောက်ပိုင်းမြို့တော်နှင့် တခြားစီဖြစ်သည်။ မြို့တော်၏ ကြီးမား ကျယ်ဝန်းလှသော နယ်မြေကြီးပေါ်တွင် မြောက်ပိုင်းမြို့တော် ၂၀စာမျှပင် တည်ဆောက်၍ ရနိုင်ကောင်း၏။ မြို့ရိုးများမှာ ပေပေါင်း ၂၀၀ထိအောင် မြင့်မားပြီး မြစ်နက်၏ အောက်ခြေရှိ အနည်ကျ ကျောက်သားများနှင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ မြို့ရိုးနံရံများ ပေါ်တွင် များပြားလှသောမူလစွမ်းအင်ပုံစံများ၊ အဆောင်လက်ဖွဲ့များ ထိုးထွင်းထားပြီး ကြီးမားသည့် မူလစွမ်းအင် ပုံစံကွက်ကြီးသဖွယ် ဖြစ်ပေါ်နေတော့သည်။ ရှည်လျားရစ်ခွေ မြို့တော်ဟူသော အမည်နာမသည် မြွေနဂါးကြီး တစ်ကောင်ပမာ ရစ်ခွေနေသော မြို့ရိုးကြီးကို အမှီပြု၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ မြွေ၏ ဦးခေါင်းနှင့် အမြီးသည် ရက်စက်သူ နှိမ်နှင်းခြင်း တံခါးဟု အမည်ရသည့် မြောက်ဘက်အဓိက ဝင်ပေါက်ကြီးတွင် လာဆုံသည်။ ထိုတံခါးပေါက်မှာ လူသားများက ရက်စက်ကြမ်းကြုတ်သူမျိုးစိတ်များအား အနိုင်ရခဲ့သည့် အထိန်းအမှတ် ဂိတ်တံခါး ဖြစ်သည်။
ရှေးအတီတေ ကာလကတည်းက ကောင်းကင်ဘုံ၏ သားတော်များသည် အဓိက ဝင်ပေါက်များကို စောင့်ကြပ် နေခဲ့ကြသည် ဟူသော ဆိုရိုးစကား အတိုင်းပင်။
ရှည်လျား ရစ်ခွေမြို့တော်သည် နိုင်ငံ၏ မြောက်ဘက်အကျဆုံး မြို့ဖြစ်သည်။ ဤနေရာမှ မြောက်သို့လွန်သော် ရွှေရောင်မြစ်၏ ရေထွက်ပေါက် ရှိလေသည်။ လောင်စန်းနိုင်ငံမှ လူများသည် ထိုနေရာတွင် ခံတပ်ကြီးတစ်ခု တည်ဆောက်ပြီး ရွှေရောင်ခံတပ်ဟု အမည်ပေး လိုက်ကြသည်။ ခံတပ် အလွန်တွင်ကား ဟာဗေးလွင်ပြင် ရှိ၏။ ဟာဗေးလွင်ပြင်၏ အတွင်းပိုင်း နယ်မြေများတွင် ရက်စက် ကြမ်းကြုတ်ပြီး ရိုင်းစိုင်းလှသော ရိုင်းစိုင်းသူ မျိုးစိတ်များ နေထိုက်ကြလေသည်။
ဆိုလိုသည်မှာ ရွှေရောင်ခံတပ်သာ ကျဆုံးသွားပါက ရိုင်းစိုင်းသူမျိုးစိတ်များ၏ အန္တရာယ်ကို ပထမဆုံး ကြုံတွေ့ရမည့် မြို့တော်မှာ ရှည်လျားရစ်ခွေမြို့တော်ပင် ဖြစ်သည်။
စုချန်းသည် မြို့တော်အတွင်း တောင်ဘက်ဂိတ်မှ ဝင်လာခဲ့၏။ မြောက်ပိုင်းဂိတ်နှင့်စာလျင် တောင်ပိုင်းဂိတ်သည် ရိုးစင်း၏။ နံရံများသည်ပင် ခပ်နိမ့်နိမ့် ဖြစ်သည်။ နဂါးကျောင်းတော်မှာ ကျောင်းသားတစ်ဦးဖြစ်၍ စုချန်းသည် မြို့တော်အတွင်း အလွယ်တကူပင် ဝင်ခွင့် ရခဲ့လေသည်။ ညနက် နေသော်လည်း မြို့တော်မှာကား ယခုတိုင် စည်ကားဆဲ။ နေရာတိုင်းတွင်လည်း မူလ ကျောက်တုံးနှင့် ပြုလုပ်ထားသည် သလင်းမီးအိမ်များကို ချိတ်ဆွဲထားကြ၏။ မြောက်ပိုင်း မြို့တော်တွင် အချမ်းသာဆုံး ဆိုင်များသာ ထိုမီးအိမ်များကို သုံးနိုင်သော်လည်း ရှည်လျားရစ်ခွေ မြို့တော်တွင်တော့ ဤကိစ္စမှာ အထူးအဆန်း ဟုတ်ပုံမရ။
စုချန်းသည် မီးထိန်ထိန်လင်းနေသော လမ်းအတိုင်း လျှောက်လှမ်းနေ၏။ သူ့ခြေလှမ်းများမှာ တဖြည်းဖြည်း ပို၍ မြန်ဆန် လာလေသည်။ အတန်ကြာ လမ်းလျှောက်ပြီးနောက် သူသည် ပင်လယ် ရေမှော်သစ်သားနန်းဆောင်ဟု အမည်ရသည့် ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်လိုက်သည်။ ဆိုင်မှာ ယခုတိုင် ဖွင့်လှစ်လျက် ရှိသေးသည်။ သူက ဆိုင်အတွင်းသို့ လှမ်းဝင်လိုက်၏။ အစေခံတစ်ယောက် ချက်ချင်းပင် သူ့အနားသို့ ရောက်လာ၏။
"ကြွပါဆရာ ကြွပါ ကျွန်တော်တို့ဆိုင်မှာ တန်ဖိုးကြီး ဆေးဘက်ဝင်ပစ္စည်း အစုံရှိပါတယ် ဘာများ လိုအပ်ပါသလဲခင်ဗျာ"
စုချန်း တစ်ခွန်းမှ ပြန်မပြော။ ကတ်ပြားတချပ်ကိုသာ ထုတ်ပေးလိုက်သည်။ ကတ်ပြားကို ကြည့်ပြီး အစေခံက "ခနစောင့်ပေးပါ"ဟု ရိုရိုသေသေပြောက အတွင်းခန်းသို့ ဝင်သွားလေသည်။ အတန်ကြာသော် အစေခံ ပြန်ထွက်လာပြီး စုချန်းကို အခန်းတစ်ခု အတွင်းသို့ ခေါ်ဆောင် သွားလေသည်။ အခန်းတွင်း၌ လူတစ်ယောက် ရှိနေ၏။ ထိုသူသည် စုချန်းဝင်လာသည်နှင့် အစေခံကို လက်ဟန်ခြေဟန်ဖြင့် ဒူးထောက်ရန် ပြောဆိုပြီး သူကိုယ်တိုင်လည်း ဒူးထောက်ကာ နှုတ်ဆက် လိုက်သည်။
"ကျွန်တော် လီရှု သခင်လေးကို နှုတ်ခွန်း ဆက်သပါတယ်ခင်ဗျာ"
"မတ်တတ်ရပ်ပါ"
စုချန်းက အမိန့်ပေးလိုက်သည်။
လက်စသတ်တော့ ပင်လယ်ရေမှော် သစ်သားနန်းဆောင်သည် စုချန်း၏ ဆိုင်ပေတကား။ အတိအကျ ပြောရလျင် ကျောင်းဖွင့်ကတည်းက ဤနေရာတွင် ဆိုင်ဖွင့်ရန် လီရှုအား စုချန်းက ခိုင်းစေထားခြင်း ဖြစ်သည်။
ဤဆိုင်ကို ဖွင့်လိုက်ခြင်းအားဖြင့် လီရှု၊ မင်ချူးနှင့် ကျူးဟုန်တို့အတွက် နေရာထိုင်ခင်း အဆင်ပြေ သွားစေ၏။ ယခင်ကဆိုလျင် ကျောင်းပြင်သို့ မထွက်ပဲ သူ့တပည့် သုံးယောက်၏ နေရေးစားရေးကို စီစဉ်ပေးရမည့် ကိစ္စမှာ စုချန်းအတွက် အခက်အခဲကြီး တစ်ရပ် ဖြစ်သည်။ ဒုတိယ အချက်အနေနှင့် ဤဆိုင်မှ ဝင်ငွေတချို့ရရှိနိုင်ခြင်း ဖြစ်ပြီး ပို၍ အရေးကြီးသည်မှာ စုချန်းနှင့် ရှင်သန်ခြင်း ကျောင်းတော်အကြား ဆက်ဆံရေး ကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။ လစဉ်လတိုင်း ဤဆိုင်တွင် ရောင်းချရန် ပစ္စည်းများကို ရှင်သန်ခြင်း ကျောင်းတော်မှ ပို့ပေးလေ့ ရှိသည်။ စုချန်းနှင့် ရှင်သန်ခြင်း ကျောင်းတော်အကြား ဆက်ဆံရေးကိုကား လီရှုတို့ မသိကြ။ သူတို့ စိတ်ထဲတွင် ညတစ္ဆေနှင့် တခြားလူများကို စုချန်း၏ သူငယ်ချင်းဟုသာ ထင်ကြလေသည်။ တတိယအနေနှင့် စုချန်းသည် အခါအားလျော်စွာ အဂ္ဂိရတ်ပညာ လေ့လာရင်း ဆေးဝါးများ ထုတ်လုပ်လေ့ ရှိရာ သူ့အရည်အသွေးကို အကဲဖြတ်နိုင်ရန် ထိုဆေးများကို ဆိုင်မှတဆင့် ရှင်သန်ခြင်း ကျောင်းတော်သို့ ပို့ဆောင်နိုင်၏။ တချိူ့ကိုကား ဆိုင်ပေါ်တွင် တင်ကာ ရောင်းချ နိုင်ပေသေးသည်။
ထူးခြားသည့် အမြင်အာရုံကြောင့် စုချန်းသည် ဆေးဖော်စပ်ရာတွင် ထိုက်သင့်သလောက် အောင်မြင်မှု ရနေခဲ့ပြီဟု ဆိုနိုင်သည်။ သူ့ဆေးတချိူ့သည် အရောင်းသွက်လှပေရာ ငွေကြေးတချို့ မြတ်စွန်း လာခဲ့ပေပြီ။ ထိုအမြတ်သည် ပျော်ရွှင်ခြင်း ချောက်နက်အတွင်း ရှာဖွေခဲ့သော ငွေကြေးလောက် မများသော်လည်း ဆိုးတော့မဆိုး။ လုံခြုံမှုအတွက် စုချန်းက သူနှင့် ဆိုင်အကြား ပတ်သက်မှုကို လျှို့ဝှက်ထားသည်။ ထို့ကြောင့် ဤနေရာသည် သူ၏ ပြင်ပ အဆက်အသွယ်များနှင့် လျှို့ဝှက် တွေ့ဆုံရန်နေရာ ဖြစ်လာတော့သည်။
ခေါင်းရင်းရှိ ထိုင်ခုံတစ်ခုံတွင် ထိုင်ချပြီး စုချန်းက မေးလိုက်သည်။
"ခုတလော ညတစ္ဆေကို တွေ့မိသေးလား"
လီရှုက
"ဟိုတရက်ကပဲ တွေ့လိုက်သေးတယ် သခင်လေး မိန်းကလေး ညတစ္ဆေဟာ သခင်လေးကို မတွေ့ရလို့ဆိုပြီး ညည်းညူနေလေရဲ့ သူက ပြောသွားသေးတယ် သခင်လေးဟာ အချိန်ရှိသမျှ လေ့လာ အားထုတ်နေပြီး အပြင်ကို ထွက်မလာတော့ဘူးတဲ့"
နဂါးကျောင်းတော်ဟူသည် စုအိမ်တော်နှင့် တခြားစီသာ။ ညတစ္ဆေသည် သူမ၏ ဖုံးကွယ်ခြင်း နည်းစနစ်ကို အားကိုးပြီး ကျောင်းတော်အတွင်း ဝင်လာခဲ့ပါက မုချ အသက်ပျောက် သွားပေလိမ့်မည်။ ထို့ကြောင့် ဤနှစ်ပိုင်းအတွင်း သူမ တစ်ကြိမ်မှ ရောက်မလာခဲ့ခြင်း ဖြစ်သည်။ သူမလုပ်နိုင်သည့် အရာဆို၍ လီရှုတို့ထံလာပြီး ညည်းညူ ရုံမျှသာတည်း။ ဤနေရာတွင် စကားစပ်မိ၍ ပြောရလျင် ညတစ္ဆေကို သူ့အဆက်အသွယ် အဖြစ် ထားပါရန် စုချန်းတောင်းဆို ခဲ့သဖြင့် သူမသည်လည်း ရှည်လျား ရစ်ခွေမြို့တော်သို့ ကိုးလိုးကန့်လန့်နှင့် ပါလာခဲ့ရရှာသည်။
လီရှု၏ စကားကို ကြားသောအခါ စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ကျုပ်အခု ဒီကို ရောက်နေပြီမလား ဒီတော့ သူ့ကိုသွားပြီး ပြောလိုက်စမ်းပါ ကျုပ်က တွေ့ချင်တယ်လို့"
"သခင်လေးက သူ့ကို တွေ့ချင်ရုံပဲတော့ မဟုတ်ဘူးမလား"
လီရှုက မေးလိုက်ခြင်း ဖြစ်သည်။ သူသည် စုချန်း၏ စိတ်ကို အတော်လေး နားလည် ထားကြောင်း သိသာနေ၏။
"ကျုပ်မှာ သူနဲ့ ဆွေးနွေးစရာ အလုပ်ကိစ္စတစ်ခု ပါလာတယ်ဗျ"