← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 19 Ch. 181

လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 19 Ch. 181

"နောက်ဆုံးတော့ ငါ့ကို လာတွေ့ရကောင်းမှန်း မင်းသတိရ လာပြီပေါ့လေ"

ညတစ္ဆေသည် စုချန်းထံမှ သတင်းစကားရသည်နှင့် ပင်လယ်ရေမှော်သစ်သား နန်းဆောင်သို့ လျင်မြန်စွာ ရောက်ရှိလာ၏။ သူမသည် စုချန်းကို မမှတ်မိသည့် ဟန်ပန်ဖြင့် မျက်လုံးရွဲကြီးများနှင့် အတန်ကြာအောင် စိုက်ကြည့်လျက်ရှိသည်။

ညတစ္ဆေသည် စုချန်း၏ ရှေ့မှောက်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေရန် မလိုတော့ဟု ယူဆထား၍ ပေလောမသိ။ မျက်နှာပေါ်တွင် မည်သည့်ဖုံးကွယ်မှုမှ ပြုလုပ်ထားခြင်း မရှိတော့။

သေချာကြည့်တော့မှ သူမ၏မျက်နှာသည် နူးညံ့သိမ်မွေ့၏။ ချောမော၏။ နုနယ်၏။ လိမ္မာပါးနပ်ဟန် ရှိ၏။ ဆွဲဆောင်မှုရှိ၏။ သို့သော် သွေးအားနည်း နေဟန်ဖြင့် အနည်းငယ် ဖြူလျော်လျော်တော့ နိုင်လေသည်။ သူမ၏ မျက်လုံးများမှာကား ကြီးမားဝိုင်းစက်၏။ မေ့စေ့မှာ ချွန်၏။ နှာခေါင်းမှာ အနည်းငယ် စောင်းနေသလို ထင်ရပြီး ဘဲဥပုံမျက်နှာနှင့် ဖြစ်သည်။ တစ်နည်းအားဖြင့် သူမမျက်နှာသည် ဤယနေ့ခေတ်တွင် ခေတ်နောက်ကျနေသော မျက်နှာဟု ဆိုသော်ရသည်။ သို့သော် စုချန်း စိတ်ထဲတွင်ကား သူမကို ကြည့်ရင်း နှစ်လိုဖွယ်ရာ ရှိသည်ဟု ခံစားလိုက်ရ၏။

ထူးဆန်းသည်မှာ ညတစ္ဆေ မျက်နှာဖုံး မရှိတော့သည်ကို ကြည့်ရင်း စုချန်း၏ စိတ်ထဲတွင်လည်း သူမအပေါ် ဖုံးကွယ်လိုစိတ် မရှိတော့ခြင်းပေတည်း။

စုချန်းသည် ထိုင်ခုံပေါ်တွင် ထိုင်ရင်း ဒေါသထွက် နေသော်လည်း အလှမပျက်သည့် ညတစ္ဆေ၏ မျက်နှာကိုကြည့်ရင်း ပြုံးစိစိနှင့် ပြောလိုက်သည်။

"ဘယ်လို ပြောလိုက်တာလဲဗျ ခင်ဗျား ပြောတဲ့ပုံစံက ကျူပ်ကပဲ ခင်ဗျားအပေါ်မှာ အကြွေးတွေ အများကြီး တင်နေသလိုလိုနဲ့"

"ငါတို့အပေါ်မှာ အကြွေးမတင်ဘူးလို့ တကယ်ပဲ ထင်နေတာလား ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး ဒီဆိုင်အတွက် ငါတို့ ထောက်ပံ့ပေးခဲ့တဲ့ ပစ္စည်းတွေကို မင်းမမေ့နဲ့လေ"

ညတစ္ဆေက ခါးထောက်ကာ ဟန်မူပိုပိုနှင့် ပြောလိုက်သည်။

"အဲဒီပစ္စည်းတွေက အကြွေးမှ မဟုတ်တာဗျ ဆုလာဘ် တွေပဲဟာ"

စုချန်းက ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီမတိုင်ခင်က အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာအောင် အမြန်ဆုံး ကြိုးစားပါ့မယ်လို့ မင်းသဘောတူ ထားတယ်လေ ငါတို့ဆီပို့လိုက်တဲ့ ဆေးတွေကိုကြည့်ရင် မင်းရဲ့ တိုးတက်မှုဟာ ထင်သလောက် မမြန်သေးဘူးပဲ"

"ဒါကတော့ ခင်ဗျား သက်သက်မဲ့ လျှောက်ပြောနေတာပဲဗျ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ကျွန်တော်ဟာ အပေါ့စား ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ ဆေးတချို့နဲ့ ကြံ့ခိုင်ခြင်း ဆေးတွေကို ဖော်စပ် ဖန်တီးနိုင်ခဲ့တယ် ဒါတကယ်ပဲ နှေးနေလို့လား"

မဆုတ်မနစ် ကြိုးစား အားထုတ်ခဲ့ခြင်းကြောင့် စုချန်းသည် ကြံ့ခိုင်ခြင်း ဆေးရည်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေပြီ။ ထို့ကြောင့် သူသည် တရားဝင် အကဲဖြတ် စစ်ဆေးခြင်း မပြုလုပ် ရသေးသော်လည်း တရားဝင် အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာခဲ့ပြီဟု ဆိုနိုင်သည်။ ထိုတိုးတက်မှုနှုန်းထားမှာ အတော်လေး မြန်ဆန်သည်ဟု ဆိုနိုင်သည်။

သို့သော် ညတစ္ဆေက ငြင်းဆန် လိုက်သည်။

"အရင် ပြသဖူးတဲ့ မင်းရဲ့ပါရမီနဲ့စာရင် ဒီတိုးတက်မှုက နှေးနေသေးတာပဲကွ"

ညတစ္ဆေ၏ စကားမှာ မမှား။ စုချန်းသည် ကြံ့ခိုင်ခြင်းဆေးရည်ကို ဖော်စပ်နိုင်ရန် နှစ်ဝက် အချိန်ယူခဲ့ရသည်။ ထိုအနေအထားမှာ သာမာန်လူ တစ်ယောက် အတွက်ဆိုလျှင် သင့်တင့် လျောက်ပတ်သော နှုန်းထား ဖြစ်သည်။ သို့သော် ရှင်သန်ခြင်း ကျောင်းတော်၏ အမြင်တွင် စုချန်းသည် အဂ္ဂိရတ်ပညာတွင် ပါရမီပါသူဟု ယူဆထားလေရာ ထိုတိုးတက်မှု နှုန်းထားသည် စုချန်းအတွက် နှေးကွေး နေသည်မှာ အမှန်ပင်။ ထို့ကြောင့် ဤတစ်နှစ်အတွင်း စုချန်း၏ စိတ်အာရုံသည် အဂ္ဂိရတ် ပညာရပ်အပေါ်တွင် မရှိပဲ အခြား ပညာရပ်များအပေါ် အာရုံစိုက်နေကြောင်း အဓိပ္ပာယ်ထွက်နေ၏။

၎င်းတို့၏ ထင်မြင်ယူဆချက်မှာ အချက်အလက် အားဖြင့်တော့ မမှား။ စုချန်းသည် အချိန်တိုင်းလိုလိုတွင် ကိုင်းဟွမ်၏ ကောင်းကင်ဘုံ နည်းစနစ်ကိုသာ လေ့လာနေခဲ့လေရာ အဂ္ဂိရတ်ပညာ လေ့လာသည့်အချိန်ကို ထက်ဝက်မျှ လျှော့ချပစ်ခဲ့၏။ ရှင်သန်ခြင်း ကျောင်းတော်သည် ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ထားသဖြင့် စုချန်းကို တွန်းအားပေးနိုင်ရန် ညတစ္ဆေအား စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဆေးများနှင့် ၎င်းတို့၏ ပါဝင်ပစ္စည်းများကို အသုံးများ၊ အသုံးနည်း၊ ရှားပါး၊ ဒဏ္ဍာရီနှင့် နတ်ဘုရားအဆင့်ဟူ၍ အဆင့်များ ခွဲထားကြ၏။ ထို့ကြောင့်် အဂ္ဂိရတ် ပညာရှင်များကိုလည်း ၎င်းတို့ အသုံးပြုကိုင်တွယ်နိုင်သည့် ဆေးအမယ်များကို လိုက်၍ လက်သင်၊ အရည်အချင်းမှီ၊ ခွဲခြားသိမြင်သူ၊ ပညာရှင်နှင့် ဒဏ္ဍာရီအဆင့်ဟူ၍ သတ်မှတ် ထားလေသည်။ အဆင့်တစ်ခုတည်းရှိ ပညာရှင်များတွင်လည်း ကွဲပြားခြားနားသော စွမ်းရည်များ ရှိကြကုန်၏။

ဝိညာဉ်တည်ငြိမ်ခြင်း ဆေးသည် ရှားပါးအဆင့် ဆေးဖြစ်၍ သာမာန် အခြေအနေဆိုလျှင် ပညာရှင်အဆင့် အဂ္ဂိရတ်ပညာရှင်များသာ ဖော်စပ်နိုင်လေ့ရှိသည်။ သို့သော် အထူးတလည် အာရုံစိုက်ပါက ကျွမ်းကျင် စွမ်းရည်ရှိသည့် အရည်အချုင်းမှီ အဂ္ဂိရတ် ပညာရှင်သည်လည်း ဤဆေးကို ဖော်စပ်နိုင်ဖွယ်ရာ ရှိလေသည်။ သို့သော် အလောင်းကောင် ဝိညာဉ်ပန်းများသည်ကား ဒဏ္ဍာရီအဆင့်် ပါဝင်ပစ္စည်း ဖြစ်သည်။ ထိုပါဝင်ပစ္စည်းမျိုးကို သုံး၍ ရှားပါးအဆင့် ဆေးလောက်ကို ဖော်စပ်ခြင်းသည် ပါဝင်ပစ္စည်းကို အလဟသ ဖြုန်းတီးလိုက်သည့် သဘောကို ဆောင်နေ၏။ ထို့ကြောင့် ဆရာကြီးဖန်းက ဤစိတ်ကူးကို ဆန့်ကျင်ခြင်း ဖြစ်သည်။

စုချန်းသည် တစ်နှစ်ဟူသော အချိန်ကာလအတွင်း တရားဝင် အဂ္ဂိရတ်ပညာရှင် တစ်ယောက်အဆင့်ကို တက်လှမ်း နိုင်ခဲ့သည်။ သို့သော် ရှင်သန်ခြင်း ကျောင်းတော်မှ အသည်းအသန် အလိုရှိနေသည့် ဝိညာဉ်တည်ငြိမ်ခြင်းဆေး ဖော်စပ်နိုင်မည့် ကျွမ်းကျင်စွမ်းရည် အရည်အချင်းမှီ အဂ္ဂိရတ်ပညာရှင် ဖြစ်လာရန် အဆင့် တစ်ဆင့်ကျော်အထိ ကွာဟနေသေးသည်။ အဆင့် တစ်ဆင့်ကျော်ဟူသော ကွာဟချက်ကို နှစ်နှစ်အတွင်း စုချန်း မည်သို့မျှ မရောက်နိုင်။ သူ့အနေနှင့် သင်ယူလေ့လာမှုများ အဆက်မပြတ် လုပ်ဆောင်ရန် လိုအပ်နေ၏။ သို့သော် အချိန် လုံလောက်စွာ မရပဲ အဘယ်မှာ သင်ယူလေ့ကျင့် နိုင်ပါမည်နည်း။ ဤသည်မှာ ရှင်သန်ခြင်း ကျောင်းတော်၏ စိတ်ပူနေသော ပြသာနာဖြစ်သည်။

ထိုအခါ စုချန်းက သူ့ရှေ့ရှိ လက်ဖက်ရည်ကို တစ်ငုံခန့်သောက်ရင်း အေးဆေး တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

"ဟုတ်တယ်ဗျ ပြသာနာလေး နည်းနည်း ဖြစ်သွားတယ် ဒီပြသာနာက ကျူပ်ရဲ့ သုတေသန အချိန်တွေကို လာနှောင့်ယှက်နေတယ် ကျူပ် ဒီကိုလာရတဲ့ အဓိက အကြောင်းကလည်း အဲဒါပဲ ဒီပြသာနာကိုသာ ရှင်းပြီးသွားရင် ကျူပ်အနေနဲ့ အဂ္ဂိရတ်ပညာကို လေ့လာဖို့ ပိုပြီး အချိန်ရ လာလိမ့်မယ်"

ထိုအခါ ညတစ္ဆေက …

"ငါထင်တယ် ဒါပေမဲ့ ကိစ္စတွေက တခြားစီပဲနော် ငါတို့အနေနဲ့ ဘယ်လောက်ပဲ ဆန္ဒစောစော မင်းကိစ္စတွေကို အလကားတော့ လုပ်ပေးမှာ မဟုတ်ဘူး"

"ဟမ် ခင်ဗျား ဘယ်အချိန်ကစပြီး ညဏ်ကောင်း လာတာတုန်း"

စုချန်းက အံ့သြသင့် ဟန်ဆောင်ရင်း ပြောလိုက်သည်။

"ငါက အစကတည်းက ညဏ်ကောင်း ပြီးသားပဲဟာ"

ညတစ္ဆေက မေးစေ့ကိုပွတ်ရင်း ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။ သို့သော် သူမ နောက်ပြောလိုက်သော စကားက အခြေအနေမှန်ကို ဖွင့်ဟပြီးသား ဖြစ်နေ၏။

"ဆရာကြီးစန်းက ငါ့ကို ပြောတယ် မင်းငါ့ကို လာရှာတာနဲ့ ပြသာနာတချို့ ပါလာ လိမ့်မယ်တဲ့ ဒီပြသာနာတွေကို ငါတို့ရှင်းပေးဖို့ အကူအညီ တောင်းလာလိမ့်မယ်တဲ့ သူဒီလို ကြိုပြောပြထားတာ သိပ်ကျေးဇူးတင်စရာ ကောင်းတာပဲ"

စုချန်းကား ဘာပြောရမှန်း မသိတော့။ သို့သော် ညတစ္ဆေသည် စကားအများကြီး ပြောမိသွားမှန်း သဘောပေါက်ဟန်ဖြင့် ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။ ထို့နောက် သူမက မေးလိုက်၏။

"ဒီတော့ ငါတို့ မင်းကို ဘယ်လို ဘယ်လို ကူညီရမလဲပြော ကိစ္စက သိပ်မကြီးဘူး ဆိုရင်တော့ ငါတို့ ကူညီပေးမယ်"

ညတစ္ဆေ၏ လေသံမှာ အမှန်တကယ် စိတ်ဝင်စားသော လေသံဖြစ်၍ စုချန်း စိတ်သက်သာ ရသွား၏။ ထိုအခါ သူက ရယ်မောရင်း ပြောလိုက်သည်။

"ကိစ္စက သိပ်ကြီးကြီးမားမား မဟုတ်ပါဘူးဗျာ ကျူပ်ကို နှောင့်ယှက်နေတဲ့ လူတချို့ရှိလို့ပါ"

"သူတို့ရဲ့ အင်အားကကော"

"ကျုပ်နဲ့ အတူတူလောက်ပါပဲ ချီစုဆောင်းခြင်းနယ်ပယ် အဆင့်နိမ့် အလွှာထဲမှာပေါ့"

"ဒီလောက်လေးကိုတောင် မင်းက ကိုယ့်ဟာကိုယ် မရှင်းနိုင်ဘူးလား"

"မလွယ်ဘူးဗျ သူတို့က လူများတယ် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဒီကောင်တွေ ကျူပ်သူငယ်ချင်း တစ်ယောက်ကို ၆ယောက် ၁ယောက် ဝိုင်းတိုက်ကြတယ် ကံကြီးပေလို့ပေါ့ ကျူပ် သူငယ်ချင်းက ထွက်ပြေး လာနိုင်ခဲ့တယ် ဖြစ်စဉ်မှာ သူတို့ထဲက နှစ်ယောက်သေပြီး တစ်ယောက် အကြီးအကျယ် ဒဏ်ရာ ရသွားတယ် ဒါကို သင်ခန်းစာယူပြီး ဒီကောင်တွေ ပိုပြီး အင်အား ကြီးမားတဲ့ လူတွေကို အကူအညီ တောင်းလာလိမ့်မယ်လို့ ကျူပ် ယူဆထားတယ် ဒီကောင်တွေ လက်ထဲမှာ ကျူပ် သားကောင် မဖြစ်ချင်ဘူးဗျ ဒီတော့ ဒီကောင်တွေကို သင်ခန်းစာ ပေးမှရတော့မယ်"

"မင်းကိုကူညီဖို့ ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့် အလွှာမှာရှိတဲ့ လူနှစ်ယောက် ငါရှာပေးမယ်"

"ဒီလောက်နဲ့ မရသေးဘူး"

စုချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"ကျူပ်တို့အနေနဲ့ အနည်းဆုံး ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့်အလွှာ ပညာရှင် သုံးယောက်နဲ့ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် နှစ်ယောက်တော့ လိုမယ်"

ညတစ္ဆေ အံ့သြသွား၏။

"မင်းကိုကြည့်ရတာ သူတို့ကို အထင်ကြီးနေပုံပဲ"

"သူတို့အားလုံးဟာ တော်ဝင်မျိုးနွယ်စုဝင်တွေ ဖြစ်နေတဲ့အပြင် နဂါးကျောင်းတော်ရဲ့ အထက်တန်းလွှာတွေဗျ ရှင်သန်ခြင်း ကျောင်းတော်တောင်မှ သူတို့ရဲ့ ထိပ်သီး ပညာရှင်တွေဟာ နဂါးကျောင်းတော်နဲ့ မယှဉ်နိုင်ဘူးလို့ ယူဆရင် သာမာန် ချီစွမ်းအား ပညာရှင်တွေက ဒီကောင်တွေကို ဘယ်ယှဉ်နိုင်ပါ့မလဲ ဒါကြောင့် သူတို့ကို အနိုင်ရဖို့ အကောင်းဆုံး နည်းလမ်းက ကျူပ်တို့ဘက်မှာ အဆင့်ချင်း ကွာဟာတဲ့လူတွေ များများ ခေါ်ထားဖို့ပဲ"

ညတစ္ဆေ စကားတစ်ခွန်းမှ မပြောတော့။ နဂါးကျောင်းတော်သည် တစ်နိုင်ငံလုံးမှ အကောင်းဆုံး ပညာရှင်များကို စုစည်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောင်းတော်၏ ပထမနှစ် ကျောင်းသားများကိုပင် လျှော့တွက်၍မရ။

ထိုအခါ ညတစ္ဆေက သူမလက်တွင် ဝတ်ဆင်ထားသည့် ဆက်သွယ်ရေး လက်ကောက်အနီးသို့ တိုးကပ်ကာ သတင်းပို့လိုက်၏။ ထို့နောက် တစ်ဖက်မှ အမိန့်အား စုချန်းကို ပြန်လည် ပြောပြလိုက်သည်။

"တစ်ဖက်လူတွေရဲ့ အခြေခံတန်ဖိုး အပေါ်မူတည်ပြီး ဆယ်ဆပေးရမယ် အလောင်းပေါ်မှာရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို သတ်တဲ့သူကသာ ပိုင်ဆိုင်စေရမယ်"

ဤတစ်ကြိမ် ရှင်သန်ခြင်း ကျောင်းတော်မှ တောင်းဆိုသည့် တန်ဖိုးသည် ယခင် အရိပ်တပ်ဖွဲ့ ပြသာနာထက် ပို၍ များနေ၏။ သို့သော် မျှတသော အဖိုးသားနားဟု စုချန်းက ယူဆလိုက်သည်။

စုချန်းက ခေါင်းညိတ်လိုက်သည်။

"သဘောတူတယ် ဒါပေမဲ့ ကျူပ်အနေနဲ့ သူတို့ကို အရှင်ဖမ်းချင်တယ်"

ညတစ္ဆေက ခပ်တိုးတိုး သတင်းပို့ပြန်သည်။ ထို့နောက် စုချန်းကို ပြန်ပြောပြန်၏။

"ဒါဆိုရင် ၁၅ဆ ပေးရမယ်"

လူတစ်ယောက်ကို အရှင်ဖမ်းခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ ခက်၏။ ထို့ကြောင့် ဈေးနှုန်းကလည်း ပို၍ များလာသည်မှာ သဘာဝကျသည်။ စုချန်းကလည်း မဆိုင်းမတွပင် သဘောတူ လိုက်သည်။ ရည်မှန်းချက် အောင်မြင်ပြီးနောက် သူ့အတွက် ငွေကြေးမှာ အရေးမပါတော့။

အပေးအယူကိစ္စ ပြီးဆုံးပြီးနောက် စုချန်းနှင့် ညတစ္ဆေသည် အတန်ကြာအောင် စကားပြောဆိုကြ၏။ နောက်ဆုံးတွင် ညတစ္ဆေတစ်ယောက် နှုတ်ဆက်ရင်း ပြန်ရန်ပြင်ဆင်၏။ ထိုအခါ စုချန်းက မေးလိုက်သည်။

"ကောင်းပြီလေ ဒါနဲ့ ခင်ဗျားက ဘယ်မှာနေတာတုန်း"

"တောင်ပိုင်းနယ်မြေ ဆင်ခြေဖုံး ရပ်ကွက်မှာ"

"ဒါဆိုရင် ကျူပ်ပြန်မဲ့လမ်းနဲ့ သင့်နေတယ်ဗျ ကျူပ်တို့ အတူ သွားကြတာပေါ့"

"ကောင်းပြီလေ"

ညတစ္ဆေက ပြုံးရင်း ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် စကားတပြောပြော ရယ်ကာ မောကာနှင့် မြို့၏ ဆင်ခြေဖုံးဆီသို့ ဦးတည် လျှောက်လာ ခဲ့ကြလေသည်။ မြို့ပြင်ရှိ လမ်းဆုံလမ်းခွ တစ်နေရာသို့ ရောက်သောအခါ စုချန်းက ပြောလိုက်သည်။

"ကျူပ်တို့ ဒီနေရာကပဲ လမ်းခွဲကြတာပေါ့ နောက်မှတွေ့မယ်"

"နောက်မှတွေ့ကြမယ်"

ညတစ္ဆေကို နှုတ်ဆက်ပြီးသည်နှင့် စုချန်းသည် နဂါးကျောင်းတော်သို့ ဦးတည် လျှောက်လာခဲ့သည်။ သို့သော် ကြာကြာ မလျှောက်လိုက်ရ။ သူ့နားထဲတွင် သတ္တုချင်း ထိခတ်သံတချို့ကို သဲ့သဲ့မျှ ကြားလိုက်ရသည်။ အသံမှာ သိပ်မကျယ်လှ။ သို့သော် သုံးနှစ်တိုင်တိုင် မျက်ကန်းဘဝနှင့် အကြားအာရုံကိုသာ အမှီသဟဲလုပ်ကာ နေထိုင်ခဲ့သူ တစ်ယောက်အတွက် ထိုအသံသည် လိုအပ်သည်ထက်ပင် ကျယ်နေသေး၏။ အသံသည် ညတစ္ဆေ ဦးတည်နေသည့် လမ်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အခြေအနေ မကောင်းတော့မှန်း စုချန်း သဘောပေါက်လိုက်ပြီ။ ထိုအခါ သူက မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အမြင့်ဆုံး အနေအထားထိ ထုတ်သုံးကာ အသံလာရာဆီသို့ တစ်ဟုန်ထိုး ပြေးထွက် လိုက်တော့သည်။

စုချန်း ထိုနေရာသို့ ရောက်သွားချိန်ဝယ် အနက်ရောင် ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးအုပ်ထားသော လူတစ်ယောက်၏ လက်ဝါးရိုက်ချက်ကြောင့် ညတစ္ဆေ အဝေးသို့ လွင့်ထွက်သွားကြောင်း မြင်တွေ့လိုက်ရသည်။ ညတစ္ဆေသည် လေထဲသို့ ဒလိန့်ကောက်ကွေးနှင့် လွင့်ထွက်သွားရင်း ပါးစပ်မှ သွေးများ အန်ထုတ် လိုက်သည်။ ထိုအခိုက်မှာပင် အနက်ရောင် ဝတ်ဆင်ထားသူသည် ညတစ္ဆေနောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာပြီး သူ့လက်ထဲရှိ ဓားတိုလေးနှင့် လှမ်းထိုးလိုက်၏။ ဓားချက်သည် မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ် လှသည်။

ရွှီခနဲ မြည်သံနှင့်အတူ သစ်ရွက်တချို့ အနက်ရောင် ဝတ်ဆင်ထားသူ၏ ကျောပြင်ဆီသို့ ပျံ့လွင့်လာ၏။ စုချန်းက ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများကို သုံးပြီး ထိုလူ၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်ခြင်း ဖြစ်သည်။ ထိုအခါ အနက်ရောင် ဝတ်ဆင်ထားသူက ဓား၏ လားရာကို ချက်ချင်း ပြောင်းလဲပြီး သစ်ရွက်များအားလုံးကို ဓားသုံးချက်ဖြင့် ရှင်းထုတ်လိုက်သည်။ သူ၏ တိုက်ခိုက်မှုမှာ မြန်ဆန် တိကျလှ၏။

ထိုအချိန်မှာပင် ကြီးမားလှသော မီးလျှံငှက်ကြီးတစ်ကောင် ထိုလူဆီသို့ ပျံသန်းလာ၏။ စုချန်းသည် ညတစ္ဆေ၏ အသက်ကို ကာကွယ်နိုင်ရန် ပေါက်ကွဲအား အပြင်းထန်ဆုံး မီးလျှံငှက်ကို ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။ မီးလျှံငှက် ထိုလူကို ဝါးမြိုအံ့ဆဲဆဲမှာပင် ထိုလူ၏ ကိုယ်ခန္ဓာသည် ရိပ်ခနဲ လှုပ်ရှားသွား၏။ ထို့နောက် ထူးဆန်းသော အလင်းရောင်တချို့ ထွက်ပေါ်လာပြီး ၎င်း၏ ကိုယ်ကာယသည် ထိုအလင်းရောင်ထဲတွင် ရောနှော ပျံ့နှံ့နေသကဲ့သို့ ထင်ရသည်။ ၎င်း၏ ကိုယ်ခန္ဓာ တစ်ခုလုံးသည် အလွန် နူးညံ့သိမ်မွေ့ နေဟန်ရှိ၏။ မီးလျှံငှက်သည် ထိုအလင်းရောင် ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

ထူးဆန်းသော မြင်ကွင်းကြောင့် စုချန်း အံ့သြသွား၏။ မည်သို့ဆိုစေ စုချန်း၏ ဝင်ရောက် နှောင့်ယှက်မှုကြောင့် ညတစ္ဆေတစ်ယောက် အသက်ဘေးမှ သီသီလေး လွတ်မြောက် သွားသည်ဟု ဆိုနိုင်သည်။ မြေကြီးပေါ်ရောက်သည်နှင့် သူမသည် လျင်မြန်စွာ နောက်ဆုတ်လာပြီး စုချန်း၏ ဘေးတွင် လာရပ်သည်။ ယခုဆိုလျင် သူတို့နှစ်ယောက်သည် အနက်ရောင် ဝတ်ဆင်ထားသူနှင့် မျက်နှာချင်းဆိုင်လျက် ရှိနေခဲ့ပေပြီ။

မိမိ၏ ကြီးမားသော အခွင့်အရေး ဆုံးရှုံးသွားပြီမှန်း ထိုလူ ကောင်းကောင်း သဘော ပေါက်ဟန်တူသည်။ စုချန်းကို စိုက်ကြည့်နေသော ထိုလူ၏ မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင်များ ယှက်သန်းနေ၏။ ထို့နောက် ထိုလူသည် နေရာမှ ဝုန်းခနဲ ခုန်ထွက်ကာ ပျောက်ကွယ် သွား၏။ ထိုလူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လှပြီး စုချန်းထက် မနိမ့်ပေ။ ထိုလူ ပျောက်ကွယ်သွားမှ စုချန်းက စိတ်သက်သာ ရသွားပြီး သက်ပြင်းချလိုက်သည်။ ထိုအခါကျမှ သူက ညတစ္ဆေဘက် လှည့်ကြည့်ပြီး ပြောလိုက်၏။

"ဒါက ဘယ်လိုဖြစ်ရတာလဲဗျ"

ညတစ္ဆေက ဝေခွဲမရဟန်ဖြင့် ပြောလိုက်သည်။

"မင်းနဲ့လမ်းခွဲပြီး သိပ်မကြာခင်မှာပဲ ဒီလူက ဝုန်းခနဲဆို ငါ့ကို ဝင်တိုက်တော့တာပဲ"

"ခင်ဗျား ခုထိ မသိသေးဘူး ထင်တယ်"

စုချန်းက အားရပါးရ ရယ်မောလိုက်သည်။ ညတစ္ဆေကား စုချန်း မည်သည့်အတွက် ရယ်မောနေမှန်း ယခုတိုင် နားမလည်နိုင်သေး။

"မင်းက ဘာကိစ္စ အဲလောက်ထိ ရယ်နေတာတုန်း"

စုချန်းက ရှင်းပြလိုက်၏။

"ဘာဖြစ်ရမှာတုန်း လူသတ်သမားတစ်ယောက် လုပ်နေပြီးတော့ ဒီတစ်ကြိမ် ခင်ဗျားဟာ လူသတ်သမားရဲ့ ပစ်မှတ် ဖြစ်နေမှန်းတောင် သဘောမပေါက်သေးဘူးလား အတော်လေး စိတ်ဝင်စားစရာ တိုးတက်မှုပဲဗျို့"

ညတစ္ဆေ၏ မျက်နှာတခုလုံး မဲမဲမှောင် သွားတော့သည်။

All Chapters