အနီရောင်တိမ်တိုက်တောင်စောင်း ၁
Vol. 19 Ch. 182
စုချန်းက ရယ်သာ ရယ်နေရသည်။ လုပ်ကြံမှုသည် ဤလောက်ထိ မရိုးရှင်းမှန်း သူကောင်းကောင်း သိ၏။
ထိုအခါ သူက ညတစ္ဆေကို ပြောလိုက်သည်။
"ကျူပ်မှာ ခင်ဗျားကို မေးစရာမေးခွန်း တစ်ခုရှိတယ်"
"ဘာမေးမလို့လဲ"
"ခင်ဗျားရဲ့ ဇစ်မြစ်နဲ့ ပတ်သက်လို့ပါ ခင်ဗျားဟာ ပြိုကွဲသွားခဲ့တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီး ဒါမှမဟုတ် အဲဒီလို အဆင့်အတန်းမျိုးတော့ မဟုတ်ဘူးမလား"
စုချန်း၏ မမျှော်လင့်သော မေးခွန်းကြောင့် ညတစ္ဆေ အငိုက်မိသွား၏။
"မင်းနှယ် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေ လာမေးနေတာတုန်း"
"ကျူပ်အတည် မေးနေတာ"
စုချန်းက အလွန်လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။ စုချန်း၏ အမူအရာကြောင့် ညတစ္ဆေ ပျာယာခတ်သွား၏။ ထိုအခါ သူမကလည်း အတည်ပေါက်ပင် ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး ငါဟာ လမင်းစန္ဒာမျိုးစိတ်ရဲ့ အောက်ခြေ လူတန်းစားက လာတာ ငါ့ရဲ့ အဆင့်က အရမ်းနိမ့်တယ် ငါ့လိုလူစားမျိုးက ဘယ်လိုလုပ်ပြီး တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီး ဖြစ်နိုင်ပါ့မလဲ"
အမှန်တော့ ညတစ္ဆေသည် လမင်းစန္ဒာမျိုး စိတ်ကမှန်း စုချန်း သိထားပြီးသားပင်။ လမင်းစန္ဒာမျိုး စိတ်ဝင်များသည် ပုံဖျက်ဖုံးကွယ်ရာတွင် အလွန် ထူးချွန်ကြ၏။ ၎င်းတို့သည် လမင်း၏ အလင်းရောင်အောက်တွင် သွားလာလှုပ်ရှားလေ့ ရှိကြသည်။ ထို့ပြင် ၎င်းတို့ညသ် အမှောင်ထုထဲတွင် ရောနှော ပျောက်ကွယ်နိုင်စွမ်း ရှိကြပြီး သဘာဝတရားမှ မွေးဖွား ပေးလိုက်သည့် လူသတ်သမားများသဖွယ် ဖြစ်လာ ကြလေသည်။
"တော်ဝင်မျိုးရိုးက လာသူမဟုတ်ရင် ခင်ဗျား အတိုက်ခိုက် ခံရနိုင်စရာ အကြောင်းတစ်ခုပဲ ရှိတော့တယ်"
ဤနေရာသို့ အရောက်တွင် စုချန်းက အသံကိုနှိမ့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ရှင်သန်ခြင်း ကျောင်းတော်ပဲဗျ"
စုချန်း၏ ဆိုလိုရင်းကို ညတစ္ဆေ တဖြည်းဖြည်း သဘောပေါက်လာ၏။
"သူတို့ ငါ့ဇစ်မြစ်ကို သိသွားပြီလို့ မင်းက ပြောချင်တာလား"
"ဖြစ်နိုင်ချေရှိတယ် ဒါပေမဲ့ တစ်ဖက်လူအနေနဲ့ ဒါကို သိပ်မသေချာသေးဘူးလို့ ကျူပ်ထင်တယ် တကယ်လို့ ဒီလူသာ ကိုယ့်ကိုယ်ကို ယုံကြည် စိတ်ချမှုရှိရင် သူကိုယ်တိုင်လာပြီး ဘာတိုက်နေစရာ လိုသလဲ ခင်ဗျားရဲ့ အထက်အကြီးအကဲ တွေကို သတင်းပို့လိုက်ရုံပဲလေ အခုလို ကိုယ်တိုင် လာတိုက်တယ် ဆိုတော့ ဒီလူဟာ ယောက်ျားဖြစ်ရင်ဖြစ်မယ် မိန်းမဖြစ်ရင်ဖြစ်မယ် ဘယ်သူပဲဖြစ်ဖြစ် သူဟာ ခင်ဗျားကို သတ်ချင်တာထက် သက်သေပြဖို့ ကြိုးစားနေတာပဲဗျ ဒီတော့ ခင်ဗျား ပြန်ရောက်တာနဲ့ ခင်ဗျားရဲ့ အထက်က လူတွေဆီမှာ အပူကပ်ပေတော့ ဘယ်လို အပူကပ်ရမလဲ ဆိုတော့ ခင်ဗျားကို နေရာသစ် တစ်ခုခုကို ပြောင်းပေးဖို့ အပူကပ်ရမယ်"
"မင်းကျတော့ ဘယ်လိုလုပ်မလဲ"
"ကျူပ်က ရုပ်ဖျက် ထားတာလေဗျာ သူတို့ ဘယ်လိုမှ မှတ်မိစရာ အကြောင်း မရှိဘူး ဒီတော့ ကျူပ်အတွက် ဘာမှပူမနေနဲ့"
"ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် သတိတော့ထား"
နောက်ထပ်ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် စုချန်းသည် စိတ်ချလုံခြုံရသော နေရာသို့ ရောက်သည်အထိ ညတစ္ဆေကို လိုက်ပို့ပေးခဲ့၏။ ပြီးမှ သူက နဂါးကျောင်းတော်သို့ ပြန်ခဲ့လေသည်။ စုချန်းသည် ကျောင်းအတွင်းသို့ အထူးအထွေ ပြသာနာမရှိပဲ အလွယ်တကူ ဝင်နိုင်ခဲ့၏။ စုချန်းအား စောင့်ကြည့် နေသူများသည် သူတို့မျက်စေ့အောက်မှ စုချန်း ထွက်သွားသည်ကို အနည်းငယ်မျှပင် ရိပ်မိခဲ့ကြပုံမရ။
သို့သော် စုချန်းတစ်ယောက် နဂါးကျောင်းတော်အတွင်း ဝင်ရောက်သွားပြီး သိပ်မကြာမီ အမှောင်ရိပ်အတွင်းမှ လူတယောက် တိုးထွက်လာ၏။ ထိုလူမှာ ညတစ္ဆေအား လုပ်ကြံရန် ကြိုးစားသော အနက်ရောင် ဝတ်ဆင်ထားသည့် လူပင် ဖြစ်သည်။ ကျောင်းတော် တံခါးပေါက်အတွင်း ဝင်ရောက် သွားသော စုချန်းကို ကြည့်ရင်း ထိုလူ၏ မျက်လုံးထဲတွင် အံ့သြသင့်သော အရိပ်အယောင်များ ပေါ်လာသည်။
"လက်စသတ်တော့ သူဟာ နဂါးကျောင်းသား တစ်ယောက်ပဲကိုး"
ပြောပြောဆိုဆို ထိုလူက မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ချွတ်လိုက်ရာ တောက်ပသော လမင်းကြီးကဲ့သို့ မျက်နှာ ဘွားခနဲ ပေါ်လာ၏။ လုပ်ကြံသူမှာ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော်နေသော မိန်းမပျို တစ်ဦးဖြစ်သည်။ အနက်ရောင်ဝတ်စုံကို ချွတ်လိုက်ပြီးနောက် သူမသည် စုချန်းနည်းတူ နဂါးကျောင်းတော်သို့ ဦးတည် လျှောက်သွားလိုက်၏။ သိပ်မကြာခင် သူမတစ်ကိုယ်လုံး အမှောင်ထုအတွင်း တိုးဝင် ပျောက်ကွယ် သွားတော့သည်။
***
နောက်တစ်နေ့တွင် စုချန်းသည် ခါတိုင်းကဲ့သို့ပင် ပုံမှန် လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်နေ၏။ နေ့ခင်းတွင် အတန်းတက်သည်။ နေ့လည်ခင်းတွင် စာကြည့်တိုက်သို့ သွား၍ စာအုပ် အနည်းငယ် ဖတ်သည်။ ပြီးလျင် ကျောင်း၏ စားသောက်ဆိုင် တစ်ဆိုင်ဆိုင်တွင် အစားအသောက်များ မှာယူ စားသောက်သည်။ ပြီးသည်နှင့် သူသည် ကျောင်းအပြင်သို့ ဦးတည် လျှောက်လာခဲ့လေသည်။
လမ်းလျှောက်သည် ဆိုရာတွင်လည်း လေညင်းခံထွက်သကဲ့သို့ အေးအေးလူလူ လျှောက်လာခြင်း ဖြစ်သည်။ လမ်းခုလတ်တွင် အသိအကျွမ်း တချို့ကို နှုတ်ဆက်ပြီး စကားပင် ပြောလိုက်သေးသည်။ သူ့အား စောင့်ကြည့် နေသူများအဖို့ မသိချင်ယောင် ဆောင်ထားလျင်ပင် မတွေ့ပဲ မနေနိုင်သော အနေအထား ဖြစ်သည်။ ထိုသူများကလည်း ဤအခွင့်အရေးကို အဘယ်မှာ လက်လွတ်ခံအံ့နည်း။ သူတို့၏ အလုပ်ရှင်များကို အကြောင်းကြားပြီးလေပြီ။
စုချန်းသည် ကျောင်းပြင်ရောက်သည်နှင့် အရှေ့စူးစူးသို့ ဦးတည် လျှောက်လာခဲ့၏။ ကျောင်းတော်၏ အရှေ့ဘက်တွင် ကျဆုံးခြင်း သိမ်းငှက်တောင် ရှိ၏။ တောင်၏ မြေပြင်အနေအထားမှာ အထူးပင် မတ်စောက်လှပြီး ခရီးသွားများအား အမြဲတစေ နှောင့်ယှက် တိုက်ခိုက်တတ်သည့် သားရဲ သတ္တဝါဆိုးကြီးများ အလွန်ထူထပ်သည့် နယ်မြေမျိုးဖြစ်သည်။
လောင်စန်းနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့စဉ်က တာဝန်ရှိသူ များသည် တောင်အနှံ့ ပြည့်နှက်နေသော သားရဲ သတ္တဝါဆိုးများကို အမြစ်ပြတ် ရှင်းလင်းရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် နဂါးကျောင်းတော် တည်ထောင်ပြီးနောက် ကျောင်းတော်၏ အကြီးအကဲသည် ကျောင်းသားများ လေ့ကျင့်ခန်း ဆင်းရန် နေရာတစ်ခု အလိုရှိနေခဲ့၏။ ဤသို့နှင့် ကျဆုံးခြင်း သိမ်းငှက်တောင်သည် ကျောင်းသားများ လေ့ကျင့်ခန်းဆင်းရန် လေ့ကျင့်ရေးကွင်း ဖြစ်လာခဲ့ပြီး သားရဲသတ္တဝါဆိုးများအား အမြစ်ပြတ် ရှင်းလင်းရေး အစီအစဉ်မှာလည်း ပျက်ပြား သွားခဲ့၏။ ထို့ကြောင့် တောင်တစ်ခုလုံးတွင် သားရဲသတ္တဝါဆိုးများနှင့် ပြည့်နှက် နေသည်ကတော့ အမှန်ပင်။ သို့သော် အနှီးသတ္တဝါ ဆိုးများသည် ၎င်းတို့၏ ဆွေမျိုးများနှင့် တွေ့ဆုံခြင်းကို ကန့်သတ်ခြင်း ခံထားရပြီး နယ်မြေ တစ်ခုလုံးသည် လူသားတို့၏ ထိန်းချူပ်မှုအောက်တွင် ရှိနေ၏။
ထိုနေ့မှစ၍ ကျဆုံးခြင်း လင်းယုံတောင်သည် လောင်စန်း တစ်နိုင်ငံလုံးတွင် အထူး ကန့်သတ်ထားသော နေရာဖြစ်လာပြီး နဂါးကျောင်းတော် သားများသာ ထိုနယ်မြေသို့ ဝင်၍ အမဲလိုက်ပိုင်ခွင့်ရှိ၏။ အထူး စည်းမျဉ်းတစ်ခုမှာ ခုနှစ်ယောက်ပိုသော အသင်းတစ်ခုဖွဲ့၍ အမဲလိုက်ပိုင်ခွင့် မရှိသည့်အပြင် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ကို ကျောင်းတော်မှ တာဝန်မယူ။
ချီစွမ်းအင် လမ်းကြောင်း ဟူသည်မှာ အန္တရာယ်များ၏။ မည်သည့်အရာကိုမျှ အလေးအနက် မထားသော ကျောင်းသားများသည်ပင် အလားအလာ ရှိသည့် အန္တရာယ်များနှင့်် ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်။ သို့သော် နဂါးကျောင်းတော်သည် နှစ်အလိုက် သေဆုံးသည့် အရေအတွက်ကို ကန့်သတ်ထား၏။ သေဆုံးသူဦးရေသည် ထိုကန့်သတ်ချက်ကို မကျော်လွန်သရွေ့ ပြသာနာမရှိ။ မည်သို့ဆိုစေ ထိုစည်းမျဉ်းကြောင့် ကျောင်းသား အတော်များများသည် ထိုနေရာသို့ သွား၍ လေ့ကျင့်လေ့ ရှိကြသည်မှာလည်း အမှန်ပင်။
တဖက်တွင်လည်း ကျဆုံးခြင်း လင်းယုန်တောင်သည် ကျောင်းတွင်း ရန်ညိုးဖွဲ့မှုများကို ဖြေရှင်းရန် နေရာတစ်ခု ဖြစ်လာ၏။ မကျေလည်မှုများကို ဤနေရာတွင် လာရောက် ရှင်းလင်းကြသည်။ တိုက်ပွဲတွင် သေဆုံးပါကလည်း ပြသာနာမရှိ။ ထိုသူသည် သားရဲသတ္တဝါဆိုးများ၏ လက်ချက်ဖြင့်် သေဆုံးသွားသည်ဟု လက်ညှိုး ထိုးလိုက်ရုံသာ။
တိမ်တိုက်ကျားသစ်သည် ဤနေရာတွင် ပိုင်အုနှင့် အပေါင်းအပါများ၏ ခြုံခိုတိုက်ခိုက်မှု ခံရခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်မျိုးကား ဤနေရာတွင် မကြာခဏ ဖြစ်ပွားလေ့ရှိ၏။ နဂါးကျောင်းတော် အနေနှင့်လည်း ထိုဖြစ်စဉ်မျိုးကို အမြဲ ထိန်းချူပ်ထားနိုင်ခြင်း မရှိ။ သင်သည် အင်အားနည်းသူ ဖြစ်ပါက ထိုနေရာမျိုးကို ခြေဦးမလှည့်ရန်သာ ရှိသည်။ အကယ်၍ သွားမိပါက ဖြစ်ပေါ်လာသမျှ အကျိုးဆက်များသည် သင့်တာဝန်သာ ဖြစ်သည်။ ကျောင်းတော်အနေနှင့် ကျောင်းပြင်ပတွင် ဖြစ်သော ပြသာနာများကို သူတို့နှင့်မဆိုင်ဟု ယူဆထားသည့် သဘောပင်။ ကိုယ်ကျင့်တရား၊ မူဘောင် ဥပဒေများနှင့် အုပ်ချူပ်သော ဤနေရာမှာပင် အင်အားကြီး သူများသာ လွှမ်းမိုး နေဆဲပေတကား။
စုချန်းသည် ကျဆုံးခြင်း သိမ်းငှက်တောင် အတွင်း ဝင်ရောက်လာပြီး တောနက်ကြီးအတွင်း မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ် သွား၏။ တောသည် ထူထပ်လှပြီး သစ်ရွက်များ အုပ်ဆိုင်း နေလေရာ နေပြောက်ပင်မထိုး။ နေပြောက် မထိုးသည့် အတွက် အလင်းရောင်ကလည်း ကျဲပါးလှ၏။
စုချန်းကား တောအုပ်အတွင်း အေးအေးဆေးဆေးပင် လမ်းလျှောက် နေလေသည်။ အချိန်မည်မျှကြာအောင် လျှောက်နေမိသည်မသိ။ တောင်စောင်း တစ်ခု၏ ရှေ့သို့အရောက် သူက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ တောင်စောင်း၏ အခြေတွင် ကျောက်ပြားကြီး တစ်ချပ်ကို စိုက်ထူထားသည်။ ကျောက်ပြားပေါ်တွင် စာလုံးသုံးလုံးကို ထွင်းထား၏။ ထိုစာလုံးများဟာ "အနီရောင်တိမ်တိုက်တောင်စောင်း" ဟူ၍ ဖြစ်သည်။
ထို့နောက် စုချန်းသည် ကျောက်တုံးကြီး တစ်တုံးပေါ်တွင် သက်တောင့်သက်သာ အနားယူပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေ၏။ သိပ်မကြာမီ သူထံသို့ ဦးတည်၍ လာသော အသံဗလံများကို ကြားလိုက်ရသည်။ အသံမှာ ဆူညံလှပေရာ စုချန်း၏ နှုတ်ခမ်းထောင့်တွင် ရက်စက် ကြမ်းကြုတ်သော အပြုံးတစ်မျိုး ပေါ်ပေါက်လာ၏။ တိမ်တိုက်ကျားသစ် ပြောခဲ့သည့် အတိုင်းပင် သူ့နောက်မှ လိုက်လာ သူများသည် အတွေ့အကြုံ မရှိသော လူသစ်များ ဖြစ်၏။ သူတစ်ပါးနောက်ကို လိုက်သည် ဆိုရာဝယ် ဤမျှ ဆူညံနေ ကတည်းက ၎င်းတို့၏ အရည်အချင်းမှာ သိသာ နေခဲ့လေပြီ။ အတွေ့အကြုံ ရင့်ကျက်သူ တစ်ယောက်သာ ဆိုပါက ကြိုတင်ပြင်ဆင်ပြီး ဤငမိုက်သား တစ်သိုက်ကို ကောင်းကောင်းကြီး ပညာပေး သွားပေလိမ့်မည်။
သိပ်မကြာမီ စုချန်း၏ ရှေ့မှောက်သို့ လူငါးယောက် ရောက်လာ၏။ နှစ်ယောက်မှာ ပိုင်အုနှင့် ပိုင်ယိဟုန်မှန်း မေးခွန်းထုတ်စရာ မလိုတော့။ သူတို့သည် ကျန်ကျောင်းသား သုံးယောက်ကိုပါ စစ်ကူ ခေါ်လာသေး၏။ မိမိမှန်းဆ ထားသည်ထက် လူနည်းနေသော်လည်း စုချန်းကား သတိမပေါ့။
တိမ်တိုက်ကျားသစ်၏ လက်ချက်ကြောင့် လူအင်အား လျော့နည်းသွားခြင်းကို ပိုင်အု တစ်ယောက် အချိန်မီ ဖြည့်ဆည်းနိုင်ပုံမရ။ ဤအတိုင်းဆိုလျင် ၎င်းတို့သည် အလွန်ရူးမိုက်၍ သော်လည်းကောင်း ဖြစ်ပေလိမ့်မည်၊ သို့တည်းမဟုတ် အလွန်ထူးခြား သူများလည်း ဖြစ်နေနိုင်၏။ သို့သော် ၎င်းတို့၏ ပုံပန်း သွင်ပြင်အရ လူမိုက်များဟု စုချန်းက သတ်မှတ် လိုက်သည်။ ထိုသုံးယောက်သည် လူငယ်များသာ ဖြစ်ပြီး မိမိပတ်ဝန်းကျင်တွင် အမြဲလိုလို အရေးပေး ခံရ၍ မာနထောင်လွှား နေဟန်ရှိ၏။ သုံးယောက်လုံး လိုလိုသည် အဆန်းတစ်ကြယ် ပန်းထိုးထားသော အဝတ်အစားများကို ဝတ်ဆင် ထားကြလေသည်။
ခေါင်းဆောင် လုပ်သူသည် ငွေရောင် ဓားတစ်လက်ကို ကိုင်ထား၏။ သူက စုချန်းကို မြင်သည်နှင့် အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။
"ညီလေးပိုင် မင်းသတ်ချင်တဲ့ စုချန်းဆိုတာ ဒီကောင်လား ဘာမှလည်း အထင်ကြီးစရာ မရှိပါလားကွ ဒါနဲ့များ မင်းက ကျုပ်တို့ကို အတူလိုက်ခဲ့ဖို့ လာခေါ်နေသေးတယ်"
ပိုင်အုကလည်း ပြန်လည် ရယ်မောလိုက်သည်။
"ဟုတ်တယ် အစ်ကိုကြီးယု စုချန်းဆိုတာ ဒီကောင်မှဒီကောင် ကျူပ်အနေနဲ့ မျှော်လင့်မထားတဲ့ အခြေအနေ တချို့ကို ကြိုတင် ကာကွယ်နိုင်အောင် ခေါ်လာတာပါဗျာ"
ဘေးနားရှိ လူငယ်က ရယ်မောရင်း ဝင်ရောက် ပြောဆိုလိုက်ပြန်သည်။
"အထင်ကြီးစရာမကောင်းတော့ ပိုမကောင်းဘူးလား ဒီကောင့်ကို မြန်မြန်ရှင်းပြီး ကျူပ်တို့ ကိုယ့်လေ့ကျင့်ခန်း ကိုယ်ပြန်လုပ် နိုင်တာပေါ့"
ပြောပြောဆိုဆို သူက ဓားကို ဆွဲထုတ်ရင်း ကြုံးဝါးလိုက်၏။
"ဟေ့ စုချန်း ဆိုတဲ့ကောင် ဒီနေ့ကတော့ မင်းအတွက် ကံမကောင်းတဲ့နေ့ပဲ မင်းရဲ့အဘိုး နာမည်ကို မှတ်ထားစမ်း ငါ့နာမည် ကျန်းကျုံးယွဲ့လို့ ခေါ်တယ် နဂါးကျောင်းတော်ရဲ့ ဆဋ္ဌမနှစ် ကျောင်းသားပဲ"
စကားဆုံးသည်နှင့် ကျန်းကျုံးယွဲ့က စတင် တိုက်ခိုက် လိုက်သည်။ သူ့လက်ထဲရှိ ဓားသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးထွက်လာ၏။ ဓားနှင့်အတူ ပါဝင်လာသည့် နှိုင်းယှဉ်ရန် ခက်ခဲသော ချီအားလှိုင်းကား စုချန်းဆီသို့ တိုးဝင် လာခဲ့လေပြီတည်း။