← Chapters

အနီရောင်တိမ်တိုက်တောင်စောင်း ၂

Vol. 19 Ch. 183

အနီရောင်တိမ်တိုက်တောင်စောင်း ၂

Vol. 19 Ch. 183

ဓားအလင်းရောင်သည် အဖြူ ရောင်မြင်းသိုးကြီးတစ်ကောင်သဖွယ် ပြေးဝင်လာရာ မြေပြင်တွင် အက်ကွဲကြောင်းကြီး ထင်ကျန်ခဲ့၏။ ဓားကိုင်ဆောင်သူသည် လူငယ်တစ်ယောက် ဖြစ်သော်လည်း ဓား၏ အရှိန်အဟုန်နှင့် အင်အားမှာကား အံ့သြစရာ ကောင်းလောက်အောင် ပြင်းထန်နေ၏။ စုချန်းသည် ယခုမှ ပထမနှစ် ကျောင်းသားသာ ဖြစ်လေရာ ဆဋ္ဌမနှစ် ကျောင်းသား တစ်ယောက်ကို အဘယ်မှာ ယှဉ်နိုင်အံ့နည်း။

ဆဋ္ဌမနှစ် ကျောင်းသားဟူသည် ကိုယ်ပိုင် နည်းပြဆရာနှင့် နှစ်ပေါင်းများစွာ သင်ယူ လေ့ကျင့်ထားပြီး ဖြစ်သည်။ ထို့ပြင် ၎င်းသည် ကျဆုံးခြင်း သိမ်းငှက်တောင်သို့ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခန်း ဆင်းခဲ့ပြီးဖြစ်လေရာ တိုက်ပွဲ အတွေ့အကြုံမှာလည်း မနည်းလှတော့။

ဓားချက်ကြောင့် ပတ်ဝန်းကျင် လေထုတစ်ခုလုံး ဗြောင်းဆန်သွား၏။ ဤမျှ ကြောက်မက်ဖွယ်ရာ ဓားချက်နှင့် မျက်နှာချင်းဆိုင် တွေ့ရသည့်တိုင် စုချန်း၏ ပုံစံမှာကား အပြုံးပင်မပျက် ငြိမ်လျက်သား ရှိနေ၏။ ထိုအခိုက်မှာပင် စုချန်း၏ နောက်ကျောတွင် လူရိပ်တစ်ရိပ် ဘွားခနဲ ပေါ်ပေါက်လာ၏။ ထိုလူမှာ အခြားသူ မဟုတ်။ စုချန်း၏ တပည့်ကျော် သံမဏိပေတည်း။

သံမဏိသည် ရွှေရောင်ဝတ်စုံကို ပြည့်စုံစွာ ဝတ်ဆင်ထား၏။ ဓားချက် ဝင်လာသည်နှင့် သူက ရှေ့ကိုတစ်လှမ်း တိုးလိုက်ရာ သူ့ကိုယ်ခန္ဓာသည် စုချန်း၏ ရှေ့သို့ ရောက်သွား တော့သည်။ သူ၏ လှုပ်ရှားမှုကြောင့် စုချန်း၏ ရှေ့တွင် အလွန်ထူထဲသော အုတ်နံရံကြီးတစ်ချပ် ပေါ်ပေါက် လာသကဲ့သို့ရှိ၏။ သူ့လှုပ်ရှားမှုမှာ ဤမျှနှင့် ရပ်မသွားသေး။ သူသည် စုချန်း၏ ရှေ့တွင် ဝင်ရပ်ပြီးသည်နှင့် ဘယ်ဖက်လက်ကို မြှောက်လိုက်ရာ မာကျော ကျစ်လျစ်သော ဒိုင်းတလက် ဘွားခနဲ ပေါ်ပေါက် လာပြန်သည်။

သံမဏိတောင်ရိုး ဒိုင်းပေတည်း။

ရွှီခနဲမြည်သံနှင့်အတူ ကျန်းကျုံးယွဲ့၏ ဓားအလင်းရောင်သည် ဒိုင်းကာကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ ကျောက်ဆောင်ကြီး များကိုပင် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားစေသည့် ဓားချက်သည် တောင်ရိုးဒိုင်းကိုတော့ မီးပွင့်မီးဖွားများ ထွက်စေရုံမျှသာ တတ်နိုင်ခဲ့၏။ ဒိုင်းကာမှာကား ပွန်းပဲ့ခြင်းပင် အလျဉ်းမရှိ။ ဓားချက်ကို ခုခံပြီးသည်နှင့် သံမဏိသည် ကျန်းကျုံးယွဲ့ဆီသို့ လှည့်ကာ ကြောက်မက်ဖွယ်ရာ အသံနှင့် အော်ဟစ်လိုက်၏။ အော်သံသည် ကြီးမားလှသည့် ခေါင်းလောင်းကြီးမှ ထွက်ပေါ်လာသည့် အသံနှယ် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ် သွားစေသည်။

တချိန်တည်းမှာပင် သံမဏိသည် ဘယ်ဖက်လက်တွင် တောင်ရိုးဒိုင်းကို ကိုင်ဆောင်ထားပြီး ညာဖက်လက်က အနက်ရောင်မျဉ်းကြောင်းဓားကို ဆွဲထုတ်ကာ ကျန်းကျုံးယွဲ့ဆီသို့ တစ်ဟုန်ထိုး ခုန်ဝင် လိုက်တော့သည်။ သံမဏိ ဖနောင့်တစ်ချက် ဆောင့်လိုက်တိုင်း မြေကြီးတစ်ခုလုံး တုန်ခါသွား၏။ ပြေးဝင်လာသူကား တစ်ယောက်တည်း။ သို့သော် စစ်တပ်ကြီးတစ်ခုလုံး ချီတက် လာသည်နှင့်ပင် တူနေသေး၏။

သံမဏိသည် တစ်ဟုန်ထိုး ပြေးဝင်လာပြီး ကျန်းကျုံးယွဲ့ကို ဓားဖြင့် လှမ်းခုတ်လိုက်၏။ တဖက်လူ၏ ဓားချက် ဝင်လာသည်ကို မြင်သော်လည်း ကျန်းကျုံးယွဲ့ကား ထိတ်လန့်ဟန် မရှိသည့်အပြင် ရယ်သွမ်း သွေးလိုက်သေး၏။

"ဟဲ ဟဲ မင်းကိုကြည့်ရတာ သေပန်း ပွင့်ချင်နေပြီနဲ့ တူတယ်"

စကားအဆုံးဝယ် ကျန်းကျုံးယွဲ့၏ လက်ထဲမှ ဓားသည် နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော အလင်းရောင်များ ထွက်ပေါ်လာ၏။ မျက်စေ့ တမှိတ်အတွင်းတွင် သူ့လက်ထဲမှ ဓားသည် ၁၃ကြိမ်တိတိ လှုပ်ရှားခဲ့ ပြီးလေပြီ။ ဓားမှ ထွက်ပေါ်လာသော ချီအာလှိုင်းများသည် ယက်ကန်းသဖွယ် လူးလားခတ်နေပြီး မိုးကြိုးပစ်ချ လိုက်သည့်ပမာ သံမဏိ ကိုယ်ခန္ဓာကို ပြင်းထန်စွာ ထိမှန်သွား၏။

တောက်ပသော အလင်းရောင်တန်းများသည် မိုးသီး မိုးပေါက်များပမာ စုပြုံပြုတ်ကျ လာသကဲ့သို့ ထင်ရသည်။ သံမဏိသည် ကျယ်လောင်စွာ အော်ဟစ်ပြီး ကျရောက်လာသော ဓားချက်တိုင်းကို သံမဏိတောင်ရိုးဒိုင်းနှင့် ခံပေးနေ၏။ တကယ့် သံမဏိပေတည်း။ ကျန်းကျုံးယွဲ့၏ ဓားချက် ၁၃ချက်လုံးသည် အဟောသိကံ ဖြစ်သွားခဲ့ရလေပြီ။ မိမိ၏ ကြိုးစား အားထုတ်မှု အလကား ဖြစ်သွား၍ ယောင်န ဖြစ်နေသော ရန်သူ၏ အခြေအနေကို အခွင့်ကောင်းယူပြီး သံမဏိက ဓားဖြင့် လှမ်းထိုးလိုက်သည်။

ကျန်းကျုံးယွဲ့နှင့် မတူသည်မှာကား သံမဏိသည် ဓားဖျားမှ ချီစွမ်းအင်ကို ထုတ်လွှတ်နိုင်ခြင်းမရှိလေရာ သူ့တိုက်ခိုက်မှုသည် ရိုးစင်း၏။ ရှင်းလင်း၏။ မည်သည့် မာယာမျှမပါ။ သို့သော် ထိုရိုးစင်းသော ဓားချက်ကိုပင် ကျန်းကျူံ းယွဲ့၏ စိတ်ထဲတွင် သည်းထိတ်ရင်ဖို ခံစားနေရ ရှာသည်။

ကျန်းကျုံးယွဲ့၏ နှလုံးသားထံတွင် သတိပေး ခေါင်းလောင်းသံများ ဆူညံသွား၏။ ထိုအခါ သူက လက်ထဲရှိဓားကို မြှောက်ကာ သံမဏိ၏ ဓားချက်ကို ခုခံပေးလိုက်ပြီး နောက်ကို လျင်မြန်စွာ ခုန်ဆုတ် လိုက်သည်။

သတ္တုချင်းထိခတ်သံ ကျယ်လောင်စွာ ပေါ်ထွက်လာပြီး ကျန်းကျုံးယွဲ့၏ ဓားသည် ဘေးသို့ ယိုင်သွားတော့သည်။ သို့သော် အချိန်မီ နောက်ဆုတ် လိုက်နိုင်သောကြောင့် သံမဏိ၏ ဓားချက်ကို မကာကွယ်နိုင်သည့်တိုင် ကျန်းကျုံးယွဲ့ တစ်ယောက် သီသီလေး ကံကောင်းသွားသည်။

တစ်ဖက်လူ၏ ရိုးစင်းသော တိုက်ခိုက်မှုကြောင့် မိမိ နောက်ဆုတ် ပေးလိုက်ရသောအခါ ကျန်းကျုံးယွဲ့ တစ်ယောက် ရန်သူကို အထင်မသေးရဲတော့။

"မင်းမဆိုးဘူးပဲ ဘိုးဘိုးကြီးနဲ့ နည်းနည်းပါးပါး ကစား ကြည့်ကြတာပေါ့"

သံမဏိ ဒေါပွသွား၏။ သူက ပထမပုံအတိုင်း ရှေ့သို့တိုးကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် စုချန်းက ဝင်ရောက် ဟန့်တားလိုက်သည်။

"သံမဏိ ရပ်လိုက်တော့ သူက မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

သံမဏိသည် ခွန်အားကို အသုံးပြုကာ အင်တိုက်အားတိုက် တိုက်ခိုက်တတ်သည့် ဆင်ကန်းတောတိုး လူစားမျိုးဖြစ်သည်။ ရန်သူ မည်သူမည်ဝါ၊ မည်မျှ အင်အားရှိသည်၊ သူဂရုမစိုက်။ တစ်သမတ်တည်း ရှေ့သို့တိုးကာ တိုက်ခိုက်မည့် လူစားမျိုးပင်။ သို့သော် သူ၏ တိုက်ခိုက်မှုကြောင့် တစ်ဖက်လူ နောက်ဆုတ်သွားတိုင်း အနိုင်ရပြီဟုကား မဆိုလို။ အကြောင်းမှာ သူသည် ပထမနှစ် ကျောင်းသား ဖြစ်သော သူ့သခင် စုချန်းကိုပင် မနိုင်လေရာ ဆဋ္ဌမနှစ် ကျောင်းသား ကျန်းကျုံးယွဲ့ကို အဘယ်မှာ နိုင်အံ့နည်း။ ဤတကွက်တွင် ကျန်းကျုံးယွဲ့ နောက်ဆုတ် သွားရခြင်းမှာ အင်အားကို အပြည့်အဝ မထုတ်သုံး ရသေး၍သာ ဖြစ်သည်။

အနည်းဆုံးတော့ ဤတစ်ကြိမ်တွင် ကျန်းကျုံးယွဲ့ တစ်ယောက် ပို၍ သတိထား လာတော့မည်မှာ သေချာနေသည်။ ဤအခြေအနေတွင် သံမဏိကို ဆက်လက် တိုက်ခိုက်ရန် စုချန်း အဘယ်မှာ ခွင့်ပြုနိုင်မည်နည်း။

စုချန်း၏ ဟန့်တားသံကို ကြားလိုက်သောအခါ ကျန်းကျုံးယွဲ့က ရက်စက်ကြမ်းကြုတ်သော အသံနှင့် ရယ်မော လိုက်သည်။

"မင်းပြေးလို့ လွတ်မှာတဲ့လား"

ကျန်းကျုံးယွဲ့၏ တိုက်ခိုက်မှုကား ထပ်မံပေါ်ထွက် လာခဲ့ပြန်ချေပြီ။ သူ့လက်ထဲရှိ ဓားသည် အလင်းရောင်များ ထပ်မံပေါ်ထွက် လာကာ သံမဏိထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာ၏။ တစ်ဆက်တည်းမှာပင် သူက ဘယ်ဖက် လက်ဝါးကို မြောက်ကာ သံမဏိကို ရိုက်ချလိုက်ပြီး ပါးစပ်မှလည်း ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။

ဆောင်းဦးမိုးဖွဲဓားနဲ့ အမှောင်ယံ လူသတ်လက်ဝါး … ၎င်းကို ကြည့်ရင်း စုချန်း ခေါင်းခါယမ်း လိုက်၏။

"မင်းရဲ့ပြိုင်ဘက်က သူမဟုတ်ဘူးကွ"

စုချန်း၏ စကားအဆုံးမှာပင် တောအုပ်အတွင်းမှ အလင်းရောင် တစ်ခုသည် တစ်ဟုန်ထိုး ပျံသန်းလာပြီး ကျန်းကျုံးယွဲ့၏ ဓားကို ထိမှန်သွား၏။ သတ္တုချင်း ထိခတ်သံ ကျယ်လောင်စွာ ပေါ်ထွက်လာပြီး စုချန်း၏ ရှေ့မှောက်တွင် လူတစ်ယောက် ဘွားခနဲ ပေါ်ပေါက်လာလေသည်။ ထိုလူမှာ တခြားလူမဟုတ်။ အာရွန်ပင် ဖြစ်လေတော့ သတည်း။

ယုဟု အမည်ရသော လူငယ်သည် တိုက်ပွဲအတွင်း နောက်ထပ် လူတစ်ယောက် ဝင်လာသည်နှင့် ချက်ချင်းပင် အမူအရာ ပြောင်းလဲသွား၏။

"တစ်ခုခုတော့ မှားနေပြီဟေ့"

စကားဆုံးသည်နှင့် သူသည် ဓားကို ဆွဲထုတ်ကာ ရှေ့တည့်တည့်ကို လှမ်းထိုးလိုက်၏။ ဓားမှထွက်ပေါ်လာသော အလင်းရောင်သည် ဆံခြည်မျှင်ပမာ သေးငယ်လှသော်လည်း အင်အားမှာကား ကြောက်စရာ ကောင်းလှ၏။ ထိုအချိန်မှာပင် ပတ်ဝန်းကျင် လေထုအတွင်းမှာ မြူခိုး အစုအဝေး တစ်ခု ဖြစ်ပေါ်လာပြီး ဓားအလင်းရောင်ကို ဝါးမြိုလိုက်သကဲ့သို့ ထင်ရသည်။ မြူခိုးများ ကင်းစင်သွားသည်နှင့် လူလေးယောက် ဟိုမှသည်မှ ပေါ်ပေါက် လာလေသည်။

"မကောင်းတော့ဘူးဟေ့"

နောက်ထပ် လူငယ်တစ်ယောက်က အော်ဟစ် လိုက်သည်။

"ဒီကောင်က ငါတို့ကို ခြုံခိုတိုက်ခိုက်ဖို့ ကြိုတင် စီစဉ်ထားတာကွ ငါတို့တော့ ထောင်ချောက် အဆင်ခံရပြီ"

"လျူ ဟွား ကျုံး ယွဲ့ လစ်မယ်ဟေ့"

ယုက သူ့လူများကို အော်ဟစ် သတိပေးလိုက်ပြီး ထိုနေရာမှ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ သူ့ရန်သူသည် ကြိုတင် ပြင်ဆင်ထားသူ ဖြစ်လေရာ နောက်ရောက်လာသည့် သူများမှာ အစွမ်းသေးမည် မဟုတ်။ ယုအနေနှင့် ကိုယ့်အင်အားကို ကိုယ်ယုံကြည်သည့်တိုင် ဤအခြေအနေ တွင်တော့ မတိုက်ခိုက်လို။ သို့သော် သူကသာ ထွက်ပြေးရန် ကြိုးစား လိုက်သည်။ ရန်သူများက သူတို့ကို အလွယ်တကူ လွှတ်ပေးမည့်ဟန် မပေါ်။

နောက်ရောက်လာသော လူလေးယောက်ထဲမှ တစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။

"ရောက်လာပြီးမှတော့ ဘာကြောင့် မြန်မြန်သွားချင် နေရတာတုန်းကွ ကိုယ့်နေရာမှာ ကိုယ်ရပ်နေတာ အကောင်းဆုံး ဖြစ်လိမ့်မယ်ဟေ့"

စကားဆုံးသည်နှင့် သူ့ကိုယ်ခန္ဓာသည် မီးတောက် လောင်နေသော လေစီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယုထံသို့ လျင်မြန်စွာ တိုးဝင်သွား၏။ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန် လှပေရာ စက္ကန့်ပိုင်းအတွင်း သူတို့နှစ်ဦး နီးကပ် သွားတော့သည်။ အနီးသို့ ရောက်သည်နှင့် ထိုလူက ယု၏လည်မြိုကို ဖမ်းဆုပ်လိုက်သည်။

မီးခိုးပေတကား။

ယုကား ရှောင်တိမ်းရန် အချိန်မရတော့။ ထိုအခါ သူက ဓားကို လှန်ပြီး ထောင်ပေးလိုက်ရာ အလင်းစက်မှုန် တချို့က မီးခိုး၏ လက်ဝါးဆီသို့ ပြေးဝင် သွားလေသည်။ သာမာန် အလင်းစက်မှုန် တချို့ဟု ထင်ရသော်လည်း မီးခိုးကား သူ့တိုက်ခိုက်မှုကို ရုတ်သိမ်း ပေးလိုက်ရ၏။ မီးခိုး စိတ်တိုသွား၏။ ထိုအခါ သူက ယုထံသို့ မီးလုံးငါးလုံး ပစ်လွှတ် လိုက်တော့သည်။

တကြိမ်တည်းနှင့် မီးလုံးငါးလုံးကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

"ဟာ သွေးဆူပွက်ခြင်း နယ်ပယ်ပါလား"

ယုက ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်ပြီး မီးလုံးများကို အူသည်း လှိုက်သည်းနှင့် ရှောင်တိမ်း ပေးလိုက်ရသည်။

"သူ့လိုလူမျိုး ငါ့တို့ထဲမှာ တစ်ယောက်တည်းပါတာ မဟုတ်ဘူးကွ"

အိုမင်းရင့်ရော်သော အသံတစ်သံ ထွက်ပေါ်လာ၏။

ကြေးနီသမင်ပေတည်း။

သူစကားပြောနေစဉ်မှာပင် ဘေးတစ်ဖက် တစ်ချက်စီ၌ အပင်နှစ်ပင် ပေါ်ပေါက်လာ၏။ သာမာန် အပင်မျိုးတော့ မဟုတ်။ ထောင်ပေါင်းများစွာသော အမြစ်များနှင့် ဖြစ်သည်။ ထိုအမြစ်များသည် ရေဘဝဲ လက်တံများသဖွယ် ယုကို ဖမ်းချူပ်ရန် ကြိုးစားနေ၏။ ယုအလွန် ထိတ်လန့်သွား၏။ သူက လေထဲသို့ ခုန်ထွက်ပြီး ရှောင်တိမ်း လိုက်သည်။ သို့သော် ကြေးနီသမင်၏ သစ်မြစ်များကား လက်လျော့ဟန်မတူ။ ယုနောက်မှ ထပ်ချပ်မကွာ လိုက်ပါ လာကြကုန်၏။ ထိုအခါ ယုသည် လေထဲမှာပင် ကျွမ်းပစ်ကာ ဦးတည်ရာကို ပြောင်းလဲပြီး အခြားတစ်ဖက်သို့ ခုန်ဆင်း လိုက်သည်။ သို့သော် ထိုလမ်းတွင်လည်း လူတစ်ဦး ပိတ်ရပ်နေကြောင်း သူတွေ့ရှိ လိုက်ရသည်။ ထိုလူက ရိုးသားပွင့်လင်းစွာ ပြုံးပြီး ပြောလိုက်သည်။

"တောင်းပန်ပါတယ်ဗျာ ဒီလမ်းကို ပိတ်ထားပါတယ်"

ချိန်းဖေး ပေတည်း။

စတုတ္ထလူရိပ်ကား ပိုင်အု၏ ရှေ့တွင် မတ်တတ်ရပ်နေ၏။

ညတစ္ဆေပင် ဖြစ်သည်။

အရိပ်တပ်ဖွဲ့ကို ပြုတ်ပြုတ်ပြုန်းအောင် ချေမှုန်း ခဲ့သူများကား နောက်တစ်ကြိမ် ပြန်လည် ပေါင်းစည်းမိလေပြီ။

အခြေအနေ မဟန်တော့မှန်း ယုသိလိုက်ပေပြီ။ ထိုအခါ သူက ပြောလိုက်သည်။

"စုချန်း မင်းနဲ့ငါ့ အကြားမှာ ဘာရန်ညိုးမှ မရှိဘူး ငါတို့အားလုံးကို မင်းတကယ်ပဲ ရှင်းပစ်တော့မှာလား"

စုချန်းက အေးဆေးသော လေသံနှင့် ပြောလိုက်သည်။

"တကယ် ရှင်းပစ်ဖို့ လုပ်နေတာက မင်းလူတွေနဲ့ တူတယ်ကွ"

"ငါ့ကို လွှတ်ပေးရင်း နောက်နောင် မင်းနဲ့ ပိုင်မျိုးနွယ်အကြား ဘာပဲဖြစ်ဖြစ် ဝင်မရှုပ်တော့ဘူးလို့ ကတိပေးတယ်"

စုချန်းက ပြုံးလိုက်သည်။ သူ့အပြုံးမှာ ရိုးရှင်းလှ၏။

"မင်းကို အခု ရှင်းလိုက်တာ ငါ့အတွက် ပိုလွယ်မယ် ထင်တာပဲ"

ယုတစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်လာ၏။ သို့သော် သူက ဟန်ကိုယ့်ဖို့ ဆိုသလို ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ဟိန်းဟောက် လိုက်သည်။

"မင်းဘက်မှာ သွေးဆူပွက်ခြင်း နယ်ပယ်က လူနှစ်ယောက် ရှိနေတာနဲ့ပဲ အနိုင်ရပြီ ထင်နေသလား တော်ဝင်မျိုးနွယ်ဝင် တွေကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ မရဘူးဟေ့ ... ငွေတောင်ပံသိမ်းငှက် လာစမ်း"

ထိုသို့ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ယု၏ နောက်တွင် အလွန်ကြီးမားသော ငွေရောင် သိမ်းငှက်တစ်ကောင် ပေါ်လာ၏။ သူ့ကိုယ်ခန္ဓာမှလည်း နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူ နေသော အလင်းရောင်များ ပေါ်ထွက် နေလေသည်။

"စိတ်လှည့်စားခြင်း နတ်ဆိုးဝံပုလွေ လာစမ်း"

"ကိုယ်ပျောက် နဂါး လာစမ်း"

လျူ ဟွားနှင့် ကျန်းကျုံးယွဲ့ တို့ကလည်း သက်ဆိုင်ရာ သွေးဗီဇများကို အသီးသီး နိုးဆွလိုက်ကြရာ သူတို့၏ ကိုယ်ခန္ဓာမှ အင်အား ပြင်းထန်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။

"မီးလျှံတောင်ပံ သိမ်းငှက်"

"စိတ်လှည့်စားခြင်း နတ်ဆိုးလက်သီး"

"လေမုန်တိုင်း တစ်ထောင်"

အဆက်မပြတ် ကြုံးဝါးသံများနှင့်အတူ အနီရောင် တိမ်တိုက်တောင်စောင်း တစ်ခုလုံး မီးခိုးလှိုင်းများနှင့် ဖုံးလွှမ်းလာ၏။ အနှီမီးခိုးငွေ့များသည် စုချန်းတို့ဘက်မှ မီးခိုး၏ မီးတောက်မီးလျှံများနှင့် ကြေးနီသမင်၏ အသက်ဝင်နေသော အမြစ်များကို ခုခံ တွန်းလှန်နေကြ၏။ ရင်သပ်ရှုမောစရာ ကောင်းလှသော မြင်ကွင်းပေတကား။

ပိုင်ယိဟုန်နှင့် ပိုင်အုတို့ပင် ၎င်းတို့ မျိုးနွယ်စု၏ သွေးဗီဇ စွမ်းရည်များကို စတင်ထုတ်ဖော် နေခဲ့လေပြီ။ မိုးကြိုးဝိညာဉ်သွေးဗီဇကို နှိုးဆွလိုက်သည်နှင့် တစ်ပြိုင်နက် မိုးကြိုးသံ တစ်ညံညံနှင့် တောအုပ်အတွင်း မုန်တိုင်း တိုက်နေသကဲ့သို့ ထင်မှတ်ရသည်။

လူတိုင်းလိုလိုသည် ၎င်းတို့၏ အစွမ်းအထက်ဆုံး အရည်အသွေးများကို ဖော်ထုတ်နေကြ၏။ တော်ဝင်မျိုးနွယ်စုဝင် ငါးဦး၏ ပြင်းထန် ပေါက်ကွဲသော သွေးဗီဇနှင့် ရင်ဆိုင်ရသောအခါ မီးခိုးနှင့် ကြေးနီသမင် ကဲ့သို့သော သွေးဆူပွက်ခြင်း နယ်ပယ်ရှိ ချီစွမ်းအား ပညာရှင်များပင် သတိမထားပဲ မနေရဲတော့။

ထိုအချိန်တွင် စုချန်းသည် မည်သည့် ခံစားချက်မှ မရှိသော မျက်လုံးအစုံနှင့် မိုးကြိုးဓားကို ထပ်ခါထပ်ခါ ထုတ်ဖော်နေသော ပိုင်အုကို စိုက်ကြည့်နေ၏။ ထူးခြားသော အမြင်အာရုံကြောင့် အဝတ်အစားနှင့် အရေပြားများကို ဖောက်ထွင်းပြီး ပိုင်အု၏ ကိုယ်တွင်းရှိ မူလစွမ်းအင် စီးဆင်းပုံကို စုချန်း ကောင်းကောင်း မြင်တွေ့နေ ရလေသည်။

All Chapters