အနီရောင်တိမ်တိုက်တောင်စောင်း ၃
Vol. 19 Ch. 184
ပိုင်မျိုးနွယ်စု၏ မိုးကြိုးဝိညာဉ် သွေးဗီဇသည် ဗလာမျက်ရည်မိုးကြိုး ဝိညာဉ်ထံမှ လာ၏။
ဗလာမျက်ရည် မိုးကြိုးဝိညာဉ်ဟူသည် လျှပ်စီးမိုးကြိုးသတ္တဝါ ၃၆ကောင် အနက်မှ တစ်ကောင် ဖြစ်ကြောင်း မူလကမ္ဘာကြီး၏ ဒဏ္ဍာရီလာ ပြောစကားများအရ သိရသည်။ ၎င်းတို့ကို မိုးကြိုး သုံးဆယ့်ခြောက်ဟုလည်း ခေါ်ဆို ကြကုန်၏။
မိုးကြိုးပုံစံ တိုက်ခိုက်ပုံများ အနက်မှ ပြင်းထန်စွာ ဖောက်ထွင်း သွားနိုင်သော စွမ်းရည်ကြောင့် ဗလာမျက်ရည်မိုးကြိုး ဝိညာဉ် သတ္တဝါဆိုးများသည် အထူးပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဗလာမျက်ရည် မိုးကြိုးပေါက်ကွဲခြင်းကို အဆင့်မြင့်မြင့် လေ့ကျင့်ထားပါက တစ်ဖက်လူ၏ ကိုယ်တွင်းသို့ မိုးကြိုးပစ်လွှတ်ပြီး ၎င်း၏ ကိုယ်တွင်းကျမှ ထ၍ ပေါက်ကွဲအောင် စွမ်းဆောင်နိုင်စွမ်း ရှိလာနိုင်သည်။
ထို့ကြောင့် ဗလာမျက်ရည် မိုးကြိုးဝိညာဉ် ဟူသည် ၎င်း၏ အင်အားကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းနေခြင်း မဟုတ်။ လူ့ကိုယ်ခန္ဓာ၏ ထောင့်စွန်းတိုင်းမှ ဥမင် လိုဏ်ခေါင်းသဖွယ် ထွင်းဖောက်၍ ဝင်လာနိုင်သော စွမ်းရည်ကြောင့်သာ ကြောက်စရာ ကောင်းနေခြင်း ဖြစ်သည်။
ပိုင်အုသည် သူ့လက်ထဲရှိ ကျောက်စိမ်း လက်ကောက်ကို တည်ငြိမ်စွာ နှိုးဆွပြီး မိုးကြိုးဓားကို အဆက်မပြတ် ပစ်လွှတ်နေ၏။ မိုးကြိုးဓားနှင့် ဗလာမျက်ရည် မိုးကြိုးပေါက်ကွဲခြင်းတို့ ပေါင်းစပ်ရာမှ ကြောက်မက်ဖွယ်ရာ အသံများ ထွက်ပေါ် နေသည်။ မိုးခြိမ်းသံများသည် အင်အား ပြင်းထန်ပြီး သိပ်သည်းလှပေရာ အသံဗလံ၏ ရိုက်ခတ်မှုကို လူတိုင်း၏ စိတ်ထဲတွင် ခံစားနေရ၏။
ပိုင်အု၏ ဗလာမျက်ရည် မိုးကြိုး ပေါက်ကွဲခြင်းသည် ရန်သူ၏ ကိုယ်တွင်းသို့ မိုးကြိုးပစ်လွှတ် ပေါက်ကွဲစေနိုင်သည့် အခြေအနေသို့ ရောက်ရှိရန် များစွာ လိုသေးသော်လည်း တစ်ဖက်လူ၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ကို ထိခိုက်စေနိုင်သော စွမ်းရည်တော့ ရှိနေ၏။ အချိန်ကြာကြာ တိုက်ခိုက်ခံရပါက တစ်ဖက်လူသည် ရုတ်တရက် မူးဝေလာပြီး အော့ချင် အန်ချင်စိတ်များ ပေါ်လာတတ်သည်။
ပိုင်အုနှင့် တိုက်ခိုက်နေသူမှာကား ညတစ္ဆေ ဖြစ်သည်။ အင်အားချင်း နှိုင်းယှဉ်လျှင် သူတို့နှစ်ယောက်လုံး လိုလိုသည် ချီစွမ်းအား စုဆောင်းခြင်း နယ်ပယ်တွင် ရှိနေကြသည်။ ညတစ္ဆေသည် သွေးဗီဇ မပါသော်လည်း ချီစုဆောင်းခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ အတွေ့အကြုံ ရင့်ကျက်သော ချီစွမ်းအား ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပေပြီ။ ပိုင်အုသည်ကား သွေးဗီဇရှင် ဖြစ်သော်လည်း ချီစွမ်းအား နယ်ပယ်သို့ ဝင်ရောက် နိုင်သည်မှာ သိပ်မကြာသေး။ ထို့ကြောင့် သူတို့နှစ်ယောက်သည် လက်ရည် ညီနေသလို ရှိသည်။ သို့သော် အချိန်ကြာ လာသည်နှင့်အမျှ တော်ဝင်မျိုးနွယ်စုဝင် တစ်ယောက်သည် အလကား မဟုတ်မှန်း သိသာလာ၏။ ညတစ္ဆေကား ပျာယာခတ်စ ပြုနေခဲ့လေပြီ။
ထိုအခိုက်မှာပင် ပိုင်အုက နောက်ထပ် မိုးကြိုးပေါက်ကွဲခြင်းနှင့် တိုက်ခိုက်လိုက်ရာ ညတစ္ဆေမှာ ခုခံလိုက်သော်လည်း နောက်သို့ လွင့်စင်သွား၏။ ပို၍ အရေးကြီးသည်မှာ ထိုရလဒ်ကြောင့် သူမ ပို၍ တုန်လှုပ် ချောက်ချားလာခြင်း ဖြစ်သည်။ ညတစ္ဆေ မနေနိုင်တော့။ စုချန်းကို အကူအညီ တောင်းရတော့သည်။
"စုချန်း ကြည့်ကောင်းလို့ အလှကြည့် နေတာလား ငါ့ကို လာကူဦးလေ"
စုချန်းက ပိုင်အုကို ကြည့်မြဲ ကြည့်နေရင်း ပြောလိုက်သည်။
"သူ့ရဲ့ မိုးကြိုးဓားက ကျူပ်ဟာနဲ့ နည်းနည်း ကွဲနေတယ်ဗျ နည်းနည်း ထပ်ပြီး လေ့လာဖို့ လိုဦးမယ် ခဏလေး တောင့်ခံပေး ထားစမ်းပါဗျာ ကျူပ်တို့ အလျင်လိုစရာမှ မရှိတာ"
ညတစ္ဆေ ဒေါသ ထွက်လာ၏။
"ဒါ ငါ့အစွမ်း အကုန်ပဲဟဲ့"
စုချန်းကား စကားပြောခြင်းဖြင့် အချိန်မဖြုန်း။ သူ့လက်ဖဝါးတွင် မီးလျှံငှက်တစ်ကောင် ချက်ချင်း ပေါ်ပေါက်လာသည်။ သို့သော် မီးလျှံငှက်၏ ဦးတည်ရာမှာကား ပိုင်အု မဟုတ်။ သံမဏိနှင့် အသည်းအသန် တိုက်ခိုက်နေသော ပိုင်ယိဟုန် ထံသို့ ဖြစ်သည်။
ပိုင်ယိဟုန်သည် ငါးယောက်ထဲတွင် အားအနည်းဆုံး ဖြစ်သည်။ သူ့မိသားစုနှင့် နောက်ကြောင်း ရာဇဝင်မှာ အထင်ကြီးစရာ ကောင်းသော်လည်း သူကိုယ်တိုင်မှာကား မိန်းမလိုက်စားသူ တစ်ယောက်သာ ဖြစ်လေရာ လေ့ကျင့်ရေးတွင် စိတ်မဝင်စား။ ထို့ကြောင့် သူ့ခွန်အားမှာလည်း သာမာန်မျှသာ ဖြစ်သည်။ သံမဏိကို အသည်းအသန် တိုက်ခိုက် နေရသည်ကို ကြည့်ရုံနှင့် ၎င်း၏ အရည်အချင်းမှာ သိသာ နေခဲ့လေပြီ။
စုချန်း၏ မီးလျှံငှက်သည် ပိုင်ယိဟုန်ထံသို့ ပျံသန်းသွား၏။ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး ပိုင်ယိဟုန်ခမျာ နောက်သို့ လွင့်စင် သွားသည်။ ပြန်ထမလာနိုင်တော့။ ထိုအခါ စုချန်းက သံမဏိကို အမိန့်ပေး လိုက်သည်။
"ညတစ္ဆေကို သွားကူလိုက်"
စုချန်း၏ အမိန့်ပေးသံကို ကြားသည်နှင့် သံမဏိသည် သူ၏ ကြီးမားသော ကိုယ်ခန္ဓာကို ဒိုင်းသဖွယ် အသုံးပြုပြီး ညတစ္ဆေ၏ရှေ့တွင် ဝင်ရပ်လိုက်သည်။ ပိုင်အု၏ မိုးကြိုးပေါက်ကွဲခြင်းသည် သံမဏိကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ သို့သော် လူ့ဘီလူးကြီးသည် ခေတ္တမျှသာ ငိုင်တွေတွေ ဖြစ်သွားသည်။ ထိခိုက်ဒဏ်ရာတော့မရ။ ထိုအခွင့်အရေးကို ညတစ္ဆေက အမိရယူပြီး ပိုင်အုကို ခံစစ်အနေအထားသို့ ရောက်သည်အထိ တန်ပြန်တိုက်စစ် ဆင်နိုင်လိုက်၏။
မည်သို့ဆိုစေ နှစ်ယောက် တစ်ယောက် ဖြစ်သွား၍ အခြေအနေကို ထိန်းသိမ်း နိုင်လိုက်ပြီဟု ဆိုရမည်။
တိုက်ပွဲ၏ အခြားတစ်ဖက်တွင်ကား မီးခိုး၊ ကြေးနီသမင်၊ အာရွန်နှင့် ချိန်းဖေး တို့သည် လေးယောက် သုံးယောက် အပြင်းအထန် တိုက်ခိုက်နေကြ၏။ သို့တိုင်အောင် သူတို့သည် တစ်ဖက်လူများကို နိုင်နင်းအောင် ထိန်းချူပ်နိုင်စွမ်း ရှိပုံမရ။
အတိအကျပြောရလျှင် ယုအမည်ရှိ လူငယ်ကို သူတို့ ထိန်းမနိုင် ဖြစ်နေခြင်းပင်။ ယုလက်ထဲရှိ ငွေဓားကလေးသည် ကခုန်နေသကဲ့သို့ ထင်ရပြီး ပတ်ဝန်းကျင် တစ်ခုလုံး ဓားရောင်များ ဖွေးဖွေးသမ်းနေ၏။ ဓားရောင်သည် တစ်ခါတလေ ဖျော့တော့သည်ဟု ထင်စရာ ရှိသော်လည်း လူတစ်ဦးချင်းစီ၏ အသည်းနှလုံး အတွင်းဝယ် ချောက်ချားစေသော ခံစားချက်များကို ဖြစ်ပေါ်စေ၏။ ၎င်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်။ အာရွန်နှင့် ချိန်းဖေးတို့သည် ယု၏ ဓားချက်တိုင်းကို မနည်း ခုခံနေရသည်။ ဓားမှထွက်ပေါ်လာသော ချီအားလှိုင်းများ စိမ့်ဝင်လာခြင်းကြောင့် ၎င်းတို့၏ မျက်နှာများပင် ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။
မီးခိုးနှင့် ကြေးနီသမင်တို့၏ အားဖြည့်ပေးမှုသာ မရှိလျှင် ၎င်းတို့ နှစ်ယောက်သည် ယု၏ လက်ချက်ကြောင့် ဒုက္ခများသွားဖွယ်ရာ ရှိနေ၏။ ထိုအခါ သူတို့ဖက်မှ အရေအတွက် သာမက သွေးဆူပွက်ခြင်း နယ်ပယ် ချီစွမ်းအားပညာရှင် နှစ်ယောက်ပင် ပါဝင်နေသော်လည်း အသာစီးယူနိုင်စွမ်း မရှိတော့။ နဂါးကျောင်းတော်မှ ထိပ်တန်း ကျောင်းသားများသည် တစ်ခုခုတော့ တစ်ခုခုဖြစ်ကြောင်း သူတို့အနေနှင့် မဖြစ်မနေ ဝန်ခံရတော့မည့်ပုံပင်။ ကနဦး စိတ်ချောက်ချား နေခဲ့သော လျူဟွားနှင့် ကျန်းကျုံးယွဲ့တို့ပင် စိတ်ဓာတ်ပြန်လည် မြင့်တက် လာခဲ့ပေပြီ။
ထိုအခါ ကျန်းကျုံးယွဲ့က ရယ်မော လိုက်သည်။
"ဘာကို သွေးဆူပွက်ခြင်း နယ်ပယ်လဲကွ ထင်သလောက်လဲ မဟုတ်ပါလား ယုကျင်း ဒီကောင်တွေကို မြန်မြန် ရှင်းပစ် လိုက်ရအောင်"
"မင်း ဦးနှောက်မဲ့ လှချည်လား"
ယုအမည်ရ လူငယ်မှာ ယုကျင်းဖြစ်သည်။ သူက ကျန်းကျုံးယွဲ့ကို ငေါက်လိုက်၏။
"ခုချိန်ထိ စုချန်း ဝင်မတိုက်သေးတာ မင်းမမြင်ဘူးလား မင်းကောင်တွေ သူတို့ရဲ့ အင်အားကို အပြည့်အဝ ထုတ်မသုံးသေးဘူးကွ ဒါကို မင်းက မြန်မြန် ရှင်းပစ်မယ် လုပ်နေသေးတယ်"
ထိုသို့ပြောပြီးနောက် သူက စုချန်းဖက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"ငါတို့ဟာ ထင်သလောက် ရင်ဆိုင်ရ မလွယ်ဘူးဆိုတာ မင်းမြင်ပြီမလား စုချန်း ငါတို့ကို ရှင်းမယ်ဆိုရင် မင်းတို့လည်း တန်ရာတန်ကြေးတော့ ပြန်ပေးရလိမ့်မယ်"
"မင်းကိုသတ်ချင်တယ်လို့ ငါမပြောရသေးပါဘူး"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"မင်းတို့ကို ဖမ်းပြီး နည်းနည်းပါးပါး စမ်းသပ်ရုံ လောက်ပါပဲကွ"
ယုကျင်း အံကြိတ်လိုက်၏။
"ငါး သေရင်သေမယ် ပိုက်ကွန် ပြဲရင်ပြဲမယ် ဒီလိုကိစ္စမျိုးကိုတော့ ယောင်လို့တောင် မစဉ်းစားနဲ့ဟေ့"
စုချန်း ခေါင်းခါလိုက်သည်။
"ပိုက်ကွန်ကတော့ ပြဲစရာ မရှိဘူးကွ မင်းအနေနဲ့ လုပ်နိုင်စွမ်းရှိရင် ဒီကိစ္စကို အစောကြီးကတည်းက လုပ်ခဲ့ပြီးပြီပေါ့ မလုပ်နိုင်လို့သာ ငါနဲ့ ညှိုနှိုင်းဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား"
ယုကျင်း ပါးစပ်ပိတ်သွား၏။ သူတို့သည် အရေအတွက် အားဖြင့် နည်းပါး နေသော်လည်း သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် နှစ်ယောက်နှင့် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင် နှစ်ယောက်တို့၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့လေရာ စွမ်းဆောင်ရည်မှာ သာမာန်ထက်ပင် ကျော်လွန်နေပြီဟု ဆိုနိုင်သည်။ သို့သော် ထွက်ပြေး လွန်မြောက်ရန် သို့မဟုတ် ပြိုင်ဘက်များကို အနိုင်တိုက်ရန်ကား သူတို့ မတတ်နိုင်။ တစ်နည်းအားဖြင့် သူတို့၏ တိုက်ခိုက်မှုသည် ပြိုင်ဘက်များကို နှောင့်နှေး စေရုံမျှသာ။ တိုက်ပွဲ၏ ချိန်ခွင်လျှာကို ပြောင်းလဲ သွားစေနိုင်သော အလှည့်အပြောင်းသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်၏။
ထိုအခိုက်မှာပင် ကြေးနီသမင်က ရယ်မောလိုက်သည်။
"ဒီကလေးတွေကို ဒီလောက်ထိ တိုက်နေရတာ ရှက်စရာ ကောင်းတယ်ဟေ့ ကဲ ကဲ အဆုံးသတ်ချိန် တန်ပြီ"
ပြောပြောဆိုဆို သူက လက်တစ်ဖက်ကို မြောက်လိုက်ရာ မရေမတွက်နိုင်သော နွယ်ပင်များ ပေါ်ပေါက်လာပြီး ယုကျင်းတို့ အုပ်စုဆီသို့ ဦးတည် လှုပ်ရှားလာ၏။ မီးခိုးကလည်း အနည်းငယ်မျှ နောက်ကျခြင်းမရှိ။ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ကိုယ်ပိုင် မီးလျှံငှက် တစ်ကောင်ကို ဖော်ထုတ်လိုက်၏။
မီးခိုး၏ မီးလျှံငှက်သည် စုချန်း၏ ပေါက်ကွဲနေသော မီးလျှံငှက်နှင့်တော့ လားလားမျှ မတူ။ ၎င်းသည် ပို၍ ကြီးမားပြီး ပို၍ သွက်လက် မြန်ဆန်၏။ မျက်လုံးနှင့် နှုတ်သီးများပင် ပါဝင်လေရာ ပို၍ အသိညဏ် ရှိဟန်လည်း ပေါ်နေသည်။ မီးလျှံငှက်သည် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အော်သံ တစ်ချက်ပြုပြီး လျူဟွားဆီသို့ ဦးတည် ပျံသန်း သွားတော့သည်။ နီရဲနေသော တောင်ပံနှစ်ဖက်ကို တဖြတ်ဖြတ် ခတ်လိုက်ရာ လေထဲတွင် မီးတောက်မီးလျှံများ ကခုန်နေသကဲ့သို့ အလွန်လှပသော မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေ၏။ တစ်ချိန်တည်းမှာပင် ၎င်း၏ ကောက်ချိတ်နေသော နှုတ်သီးက လျူဟွား၏ အသားကို ကိုက်ဖြတ်လိုက်လေရာ ပြင်းထန်သော နာကျင်မှုကြောင့် လျူ ဟွားတစ်ယောက် အသံကုန် အော်ဟစ်မိတော့သည်။
၎င်းမှာ မီးခိုး၏ မျက်ရည်မီးလျှံ ကိုက်ဖြတ်ခြင်း ဖြစ်သည်။ သွေးဆူပွက်ခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ဖြစ်သည့် အားလျော်စွာ မီးခိုးသည် မူလစွမ်းအင် ပစ္စည်းကို အားဖြည့်ပေးနိုင်၍ သူ၏ မီးလျှံငှက်သည် စုချန်းထက် ပို၍ ပြင်းထန်၏။ ထိုမျှသာမကသေး ကိုယ်ပိုင် အသိညဏ်နှင့်လည်း တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
ပစ်မှတ်ကို အထပ်ထပ်အခါခါ တိုက်ခိုက်ပြီးနောက် မီးလျှံငှက်သည် မီးမှုန်မီးဖွားများအဖြစ် ပျောက်ကွယ်သွား၏။ ၎င်းကိုကြည့်ရင်း စုချန်း၏ စိတ်ထဲတွင် မနာလို ဖြစ်မိသည်မှာ အမှန်ပင်။ သူသည်လည်း ထိုအဆင့်သို့ရောက်ပါက ထိုသို့ စွမ်းရည်ရှိသည့် မီးလျှံငှက်မျိုးကို ထုတ်ဖော် နိုင်ပေလိမ့်မည်။ သို့သော် လက်ရှိ စွမ်းအင်စုဆောင်းခြင်း အနေအထားအရ ထိုအဆင့်မျိုးသို့ ရောက်ရန်မှာ များစွာ အလှမ်းဝေး နေသေး၏။
မီးခိုးနှင့် ကြေးနီသမင်တို့ နှစ်ယောက်သည် သူတို့၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ယုကျင်းတို့ သုံးယောက်မှာ ကစဉ့်ကလျား ဖြစ်သွားကုန်၏။ ပထမဆုံး လဲကျသွားသူမှာ လျူ ဟွားဖြစ်ပြီး သိပ်မကြာမီ ကျန်းကျုံးယွဲ့ပါ ထပ်မံ လဲကျသွားပြန်၏။ ယုကျင်းမှာကား သုံးယောက်ထဲတွင် အင်အား အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် သူ့ကို ဖမ်းဆီးရန် အတော်ပင် ကြိုးစား အားထုတ်လိုက်ရ၏။ များပြားလှသော နွယ်ပင်များကား ထိုသုံးယောက်ကို တင်းကျပ်စွာ ချည်နှောင် ထားခဲ့လေပြီ။
ထိုအချိန်တွင် ပိုင်အုသည် ညတစ္ဆေနှင့် သံမဏိတို့၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် နောက်ကို တဆုတ်တည်း ဆုတ်ပေး နေရလေသည်။ စုချန်းက ပေါက်ကွဲနေသော မီးလျှံငှက်ကို သုံး၍ တိုက်ပွဲကို အဆုံးသတ် ပေးလိုက်၏။
နောက်ဆုံးတွင် ယုကျင်းတို့ ငါးယောက်သည် စုချန်း၏ အကျဉ်းသား ဘဝသို့ ကျရောက်သွားကြရှာ၏။
ကျန်းကျုံးယွဲ့သည် အကြီးအကျယ် ဒေါသထွက်နေ၏။
"ဟေ့ကောင် စုချန်း မင်းသာ တကယ်အစွမ်းရှိရင် ငါနဲ့ တစ်ယောက်ချင်း ချပါလား ဘာကိစ္စ သူများကို အကူအညီ တောင်းရတာလဲ"
ထိုစကားအတွက် သူပြန်ရလိုက် သည်မှာကား သံမဏိ၏ ပြင်းထန်အား ပါလှသည့် ကန်ချက်ပင် ဖြစ်သည်။ ထိုအခါ လျူ ဟွားက တစခန်း ထလာပြန်၏။
"စုချန်း မင်းဘာလုပ်မိ နေသလဲဆိုတာ သေသေချာချာကော သိရဲ့လား မင်းဟာ ပိုင်မိသားစုနဲ့ ရန်သူတွေ ဖြစ်ခဲ့ပြီးပြီ ခုတစ်ခါ လျူ ၊ ကျန်း၊ ယု မိသားစုတွေနဲ့ ထပ်ပြီး ရန်သူ ဖြစ်ချင်နေတာလား"
စုချန်း ညင်သာစွာ ပြုံးလိုက်သည်။
"ငါ ဂရုမစိုက်ဘူး"
မည်မျှ အံ့သြစရာ ကောင်းလိုက် လေသနည်း။ ရှီကိုင်းဟွမ်၏ တပည့်အဖြစ် စုချန်း ခံယူခဲ့စဉ်က သူရွေးချယ်လိုက်သော လမ်းကြောင်းကြောင့် နောင်တစ်ချိန် တော်ဝင်မျိုးနွယ်စုများ အားလုံးကို အတိုက်အခံ လုပ်ရလိမ့်မည်ဟု ရှီကိုင်းဟွမ် ကိုယ်တိုင် ပြောခဲ့၏။ တစ်နေ့နေ့ တစ်ချိန်ချိန် သူ့သုတေသနများသာ အောင်မြင်ခဲ့ပါက တော်ဝင်မျိုးနွယ်စု များသည် ဂိုဏ်းဖွဲ့၍ စုချန်းကို အတိုက်အခံ လုပ်လာ ကြပေလိမ့်မည်။ ထိုအခြေအနေမျိုးကို ကြိုတင် မျှော်မှန်းထားပြီးသော သူ့လိုလူစားမျိုး အတွက် တော်ဝင်မျိုးနွယ်ဝင် တချို့နဲ့ ရန်သူဖြစ်မည်ကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
ဆန့်ကျင်ဘက်အနေနှင့် ပြောရလျှင် တော်ဝင်မျိုးနွယ်စုဝင်များ၏ တည်ရှိမှုသည် စုချန်း၏ ဆုံးဖြတ်ချက်ကို ပို၍ အားကောင်း စေခဲ့လေသည်။ တစ်နေ့ကျလျှင် သူသည် တော်ဝင်မျိုးနွယ်စု ဝင်များ၏ လွှမ်းမိုးမှုကို ချိုးဖျက်ပြီး လူသားမျိုးနွယ်စု တစ်ခုလုံး၏ လွတ်လပ်ရေးကို ဆောင်ကြဉ်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။
ယုကျင်းကား ဤအခြေအနေမျိုးတွင် မည်သို့ စကားဆိုရမည်မှန်း ကောင်းကောင်း နားလည်သူ ဖြစ်သည်။ သူက စုချန်းကို စိုက်ကြည့််ရင်း ပြောလိုက်၏။
"ပိုင်အုရဲ့ အကူအညီ တောင်းတာကို လက်ခံပြီး မင်းကို ဒုက္ခရောက်စေခဲ့တဲ့ အတွက် ငါတကယ် စိတ်မကောင်းပါဘူး ဒါငါတို့အမှားပါ တကယ်လို့ မင်းသာ ငါတို့ကို လွှတ်ပေးခဲ့ရင် ငါတို့ကြားထဲက ရန်ငြိုးတွေကို ချေဖျက်ပြီး မင်းကို သူငယ်ချင်းအဖြစ် သတ်မှတ်လိုက်မယ် ငါရဲ့ ယုမျိုးနွယ်စုကလည်း မင်းကို အခွင့်အလမ်းတွေ အများကြီး ပေးလိမ့်မယ်"
စုချန်း၏ အဖြေမှာကား …
"ဟေ့ သံမဏိ ဒီကောင်တွေကို ချီပိတ်ဆို့ခြင်း ဆေးမှုန့်တွေ တိုက်ပြီး ကြိုးနဲ့ တုပ်ထားစမ်းကွာ"
"စုချန်း မင်းတကယ်ပဲ ငါတို့ကို ဒီလို ဆက်ဆံမလို့လား"
ပိုင်အုက အော်လိုက်သည်။
"ငါတို့သာ သေသွားရင် မင်းလည်း လွတ်မယ် မထင်နဲ့"
စုချန်း ပြုံးလိုက်သည်။ သူ့အပြုံးမှာ တောက်ပလွန်းနေ၏။
"မင်းတို့ကို ငါမသတ်ပါဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲ ငါ့ရဲ့ စမ်းသပ်မှုမှာ ပူးပေါင်း လုပ်ဆောင်ဖို့ လူတချို့လောက် လိုနေရုံပါ ငါစမ်းသပ်ပြီးသွားရင် မင်းတို့ကို ဘာမှမလုပ်ပဲ ပြန်လွှတ်လိုက်မယ် ဟုတ်ပြီလား ထပ်ပြီး ဆူမနေကြနဲ့တော့ ထပ်ပြီး ဆူနေရင်တော့ ငါ့ကို ရိုင်းလှချည်ရဲ့လို့ မဆိုနဲ့"
ထိုအခါကျမှ သူတို့အားလုံး ပါးစပ်ပိတ်သွား၏။ ယခုအချိန်တွင် သူတို့အတွက် မျှော်လင့်စရာဟူ၍ တစ်ခုသာ ရှိတော့သည်။ ၎င်းမှာ စုချန်း၏ စမ်းသပ်မှုများ မြန်မြန် ပြီးဆုံး သွားစေရန်ပင်။ ထိုအခါကျမှ သူတို့အားလုံး လွတ်မြောက်ခွင့်ရမည် မဟုတ်ပါလား။ သို့သော် သူတို့ကို မည်သည့်အရာများ စောင့်ကြိုနေကြောင်း ထိုစဉ်က သူတို့ မသိခဲ့ကြပေ။
အပြန်လမ်းတွင် ညတစ္ဆေက စိုးရိမ်မကင်းဟန်ဖြင့် စုချန်းကို သတိပေးလိုက်သည်။
"စမ်းသပ်မှုတွေ ပြီးသွားရင် မင်း တကယ်ပဲ သူတို့ကို ပြန်လွှတ်မလို့လား အခွင့်အရေးသာရရင် သူတို့အားလုံး မင်းကို လက်စားချေဖို့ ပြန်လာကြလိမ့်မယ်"
စုချန်းက ပြုံးရင်း အေးဆေးသော လေသံနှင့် ပြန်ပြောလိုက်သည်။
"စမ်းသပ်မှုတွေ ပြီးဆုံးလို့ သူတို့ပါးစပ်ဖျားက ကျုပ်နာမည်ကို ပြောရဲသေးလို့ရှိရင် ကျူပ်သေလည်း သေပါစေဗျာ"