သူငယ်ချင်း
Vol. 19 Ch. 185
တစ်ရက်မျှ အနားယူပြီးနောက် တိမ်တိုက် ကျားသစ်တစ်ယောက် အတော်လေး သက်သာလာ၏။ ၎င်းမှာ စုချန်း၏ ဆေးစွမ်းကြောင့်သာ ဖြစ်သည်။ သို့မဟုတ်လျှင် မည်သည့်နည်းနှင့်မှ ဤသို့ မြန်မြန်ဆန်ဆန် သက်သာလာစရာ အကြောင်းမရှိ။
စုချန်းအပေါ် နောက်ထပ် ကျေးဇူးအကြွေးတစ်ခု တင်သွားပြန်ပြီဟု တိမ်တိုက်ကျားသစ်၏ စိတ်ထဲတွင် ခံစားနေရလေသည်။
ပထမတစ်ကြိမ်တွင် စုချန်းသည် သူ့အား မိုးကြိုးဓား မူလစွမ်းရည်ကို သင်ကြားပေးခဲ့၏။ မိုးကြိုးဓားကြောင့်ပင် ပိုင်အုနှင့် တခြားလူများက သူ့ကို သတ်ဖြတ်ရန် ကြိုးစားကြ၏။ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ တိမ်တိုက်ကျားသစ်၏ စိတ်ထဲတွင် စုချန်းကို အပြစ်မမြင်သလို သူ့အပေါ် စုချန်းက အကြွေးတင် နေသည်ဟုလည်း မယူဆ။
သူသည် လမ်းပေါ်တွင် မွေးဖွားကြီးပြင်း လာသူဖြစ်သည်။ အမှိုက်ပုံထဲမှ မတော်တဆ ကောက်ရခဲ့သော စုပ်ယူခြင်းနည်းလမ်းကို လေ့ကျင့်မိ၍သာ ချီစွမ်းအင် လမ်းကြောင်းပေါ်တွင် စတင် လျှောက်လှမ်းမိခြင်းပင်။ သို့မဟုတ်လျင် သူသည် ယခုအချိန်ထိ သာမာန်လူ တစ်ယောက်၏ ဘဝမှာပင် ရှိနေပေဦးမည်။
သူ့တွင် ငွေမရှိသလို ကျောထောက် နောက်ခံလည်းမရှိ။ ထို့ကြောင့် သူ့တွင် ရှိသမျှ အရင်းအမြစ်များကို အသုံးပြုခဲ့သည့်တိုင် မူလစွမ်းရည် တစ်မျိုးသာ ဝယ်ယူနိုင်ခဲ့၏။ လူဆိုသည်က အလွန်လောဘ ကြီးမားသည့် သတ္တဝါများ ဖြစ်ကြသည်။ အလွန် နိမ့်ကျသော မူလစွမ်းရည် များကိုပင် ကောင်းကင်တမျှ မြင့်မားသည့် ဈေးနှုန်းမျိုးဖြင့် ရောင်းချင်ကြ၏။ ဒါမျိုးတိမ်တိုက် ကျားသစ် လက်မခံနိုင်။ ထိုအခါ သူက သူ့အပေါ် လူလည်ကျရန် ကြိုးစားသူများ အားလုံးကို သတ်ပစ်လိုက်၏။
နောက်တော့ တိမ်တိုက်ကျားသစ် သဘောပေါက် လာသည်မှာ လောကကြီးတွင် မည်သည့်အရာမျှ အလကား မရမှန်းပင်။ တကယ်လည်း ဟုတ်သည်။ မည်သူ့မည်သူမျှ သူ့ကို မူလစွမ်းရည်တစ်မျိုး အလကား မပေးဖူး။ သို့သော် ထိုအမြင်သည် စုချန်းနှင့် အတွေ့တွင် ပြောင်းလဲသွားခဲ့၏။ စုချန်းသည် သူ့အား ထိပ်တန်းကျလှသော မူလစွမ်းရည်တစ်မျိုးကို အခကြေးငွေမယူပဲ ရက်ရက်ရောရော ပေးခဲ့၏။
ဤလူစားမျိုးကို ကျေးဇူးမတင်လျှင် တိမ်တိုက်ကျားသစ်အဖို့ မည်သူ့ကို ကျေးဇူးတင် ရမည်နည်း။ စုချန်း သင်ပေးသည့် မူလစွမ်းရည်ကြောင့် ဤတစ်ပွဲသည် သူသေလုမြောပါး ခံလိုက်ရ၏။ ထိုအခါ တိမ်တိုက်ကျားသစ်၏ မျက်လုံးထဲတွင် အနှီမူလစွမ်းရည်ကြောင့် တောင်သုံးလုံး ပြိုင်ပွဲတွင် ပြိုင်ဘက် ငါးယောက်ကို ဆက်တိုက် အနိုင်ယူနိုင်ခဲ့ပုံကို မြင်ယောင်လာသည်။ စုချန်းကသာ ထိုမူလစွမ်းရည်ကို သင်ကြားမပေးခဲ့လျှင် သူသည် ထိုစဉ်ကတည်းက အလောင်းကောင် ဘဝသို့ ရောက်ကောင်း ရောက်နေပေလိမ့်မည်။
ထပ်ပြောရလျှင် စုချန်းသည် အနှုတ်လက္ခဏာဆောင်သော ရည်ရွယ်ချက်မျိုးကို တစ်ကြိမ်တစ်ခါမျှ မပြခဲ့စဖူး။
ထိုအတွက်ကြောင့်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားသည်နှင့် တစ်ပြိုင်နက် တိမ်တိုက်ကျားသစ် တစ်ယောက် စုချန်းဆီသို့ ပြေးလာမိခြင်း ဖြစ်သည်။ ထိုသို့ ပြေးလာမိသည် ဆိုရာတွင်လည်း စုချန်းထံတွင် ဆေးကုသမှု ခံယူလို၍ မဟုတ်။ စုချန်း အဂ္ဂိရတ်ပညာကို လေ့လာနေမှန်းလည်း သူမသိ။ မိုးကြိုးဓား မူလစွမ်းရည်ကြောင့် သူအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရမှန်း စုချန်းကို သတိပေးလို၍သာ ဖြစ်သည်။
မမျှော်လင့်ပဲ စုချန်းက သူ့ကို နောက်တစ်ကြိမ် ထပ်မံ ကူညီခဲ့ပြန်၏။ ထိုအခါ တိမ်တိုက်ကျားသစ်၏ စိတ်ထဲတွင် စုချန်းအပေါ် သူ့အနေနှင့် နှစ်ကြိမ်တိုင်တိုင် ကျေးဇူးကြွေး တင်နေခဲ့ပြီဟု မှတ်ယူလိုက်သည်။
တိမ်တိုက်ကျားသစ်သည် လူမှုဆက်ဆံရေး ကောင်းမွန်သူ မဟုတ်သလို စိတ်ခံစားချက်များကို တစ်ပါးသူသိအောင် ဖော်ပြတတ်သူမဟုတ်။ ထို့ကြောင့် သူသည် စုချန်းကို အလွန် ကျေးဇူးတင် နေသော်လည်း ထိုသို့ ကျေးဇူးတင်နေကြောင်း စုချန်းသိအောင် ဖော်မပြတတ်ချေ။
ကျေးဇူးတင်စရာ ကောင်းသည်မှာ ဘာပြောရမှန်း သူမသိသော်လည်း ဘာလုပ်ရမှန်း သူကောင်းကောင်း သိနေခြင်း ဖြစ်သည်။ တစ်နေ့တာမျှ စဉ်းစားပြီးနောက် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား ချထားနှင့်ခဲ့လေပြီ။
ထိုအခိုက်မှာပင် အပြင်ဘက်မှ ဆူဆူညံညံ အသံတချို့ကို သူကြားလိုက် ရသည်။
စုချန်းပင် ဖြစ်၏။
တိမ်တိုက်ကျားသစ်က တံခါးကို ဖွင့်လိုက်ရာ ရှီကိုင်းဟွမ်နှင့် စုချန်းတို့ စကားပြော နေကြောင်း မြင်တွေ့ လိုက်ရသည်။ တံခါးဖွင့်သံကို ကြားသည်နှင့် စုချန်းက တိမ်တိုက်ကျားသစ်ကို လှမ်းကြည့်ရင်း နှုတ်ဆက် လိုက်သည်။
"မင်းကြည့်ရတာ အတော်လေး နေကောင်း လာပုံရတယ်"
တိမ်တိုက်ကျားသစ်က ရှေ့သို့ ခြေလှမ်းကျဲကျဲနှင့် လျှောက်လာရင်း ပြောလိုက်သည်။
"ဟုတ်တယ် ငါနေကောင်း သွားပြီ ဒါကြောင့် ဒီက ထွက်သွားတော့မယ်"
စုချန်း အံ့သြသွား၏။
"ဒဏ်ရာအများစု ကောင်းသွားပြီ ဆိုတာကတော့ ဟုတ်တယ် ဒါပေမဲ့ တချို့လည်း ကျန်ကောင်း ကျန်နေနိုင်တယ် ဒီမှာ ရက်နည်းနည်း ဆက်နေလိုက်ရင် ကောင်းမယ် ဒါမှ ငါ ကြည့်ပေးလို့ ရမှာပေါ့"
"မနေနိုင်ဘူး ငါ့မှာ အရေးတကြီး လုပ်စရာ ရှိနေတယ်"
တိမ်တိုက် ကျားသစ်က ခေါင်းခါရင်း ပြောလိုက်သည်။
"ဘာလုပ်စရာ ရှိလို့တုန်း"
"မင်းကိုဆက်ပြီး အနှောင့်အယှက် မပေးနိုင်အောင် ပိုင်အုကို သွားသတ်မလို့"
တိမ်တိုက်ကျားသစ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ပိုင်အု ဟုတ်လား"
စုချန်း ကြက်သေ သေသွား၏။ ထိုအခါ တိမ်တိုက်ကျားသစ်က ခေါင်းကို ခပ်ကြမ်းကြမ်း ညိတ်ရင်း ပြောလိုက်သည်။
"မင်းက ငါ့ကို နှစ်ကြိမ် ကူညီခဲ့တယ် ဒါကြောင့် ပိုင်အုကို သတ်ပြီး မင်းကို ပြန်ကူညီပေးမလို့"
တိမ်တိုက်ကျားသစ်၏ ဆိုလိုရင်းကို နားလည်နိုင်ရန် စုချန်း အတော်လေး အချိန်ယူလိုက်ရ၏။ ပြီးမှ သူက ဘေးဘက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ဟော ဟိုနားမှာ တံခါးပေါက် သေးသေးလေး ရှိတယ် အဲဒီတံခါးကို ဖွင့်ပြီး အထဲမှာ ဘာရှိလဲ ကြည့်လိုက်"
စုချန်း ဘာပြောနေမှန်း တိမ်တိုက်ကျားသစ် နားမလည်။ သို့သော် သူက စုချန်း ပြောသည့်အတိုင်း တံခါးကိုဖွင့်ကာ အထဲကို စိုက်ကြည့်လိုက်သည်။ အခန်းတွင်း၌ လူငါးဦး ဖရိုဖရဲ လဲကျလျက် ရှိသည်။ ထိုအထဲမှ တစ်ဦးမှာ ပိုင်အုဖြစ်နေ၏။ တိမ်တိုက်ကျားသစ် ပါးစပ် အဟောင်းသား ဖြစ်သွားလေပြီ။
သူက ချာခနဲလှည့်ပြီ စုချန်းကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းဒီကောင်တွေ အားလုံးကို ဘယ်လို ဖမ်းလာတာတုန်း"
"ဘယ်လို ဖမ်းလာရမှာတုန်း အိတ်တစ်ခုထဲထည့်ပြီး ဖမ်းလာတာပေါ့ကွ ခက်တော့ အတော်ခက်သား ဒါပေမဲ့ ငါမလုပ်နိုင်စရာ အကြောင်းမှ မရှိတာကွာ ဟုတ်တယ်မလား"
***
တိမ်တိုက်ကျားသစ် ရှက်သွား၏။
"ဟား ဟား ဟား ငါက မင်းကို စနေတာပါ အဖြစ်က ဒီလိုဟေ့ ဒီလို ... အကူအညီပေးနိုင်မဲ့ လူတချို့ကိုခေါ်ပြီး ကျဆုံးခြင်း သိမ်းငှက်တောင်မှာ ငါ ထောင်ချောက်ဆင် ထားတာကွ မင်းကောင်တွေ ငါ့ထောင်ချောက်ထဲ တည့်တည့်ကြီးကို ခုန်ဝင်လာတာပဲဟေ့ ဒီကောင်တွေကို ဆုံးမပြီး ငါ့ကို ကျေးဇူးဆပ်မဲ့ မင်းအကြံ ပျက်စီးသွားလို့ ငါစိတ်မကောင်းပါဘူးကွာ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့ အဲဒီကိစ္စ ငါကိုယ်တိုင် သိပ်အရေး မစိုက်လှပါဘူး မင်းသာ ငါ့ကို သူငယ်ချင်းအဖြစ် လက်ခံရင် ငါသိပ်ပျော်မိမှာပဲကွ"
စကားဆုံးသည်နှင့် စုချန်းက သူ့တစ်ဖက်ကို တိမ်တိုက်ကျားသစ်ဆီသို့ ကမ်းပေးလိုက်သည်။
သူငယ်ချင်းဆိုပါလား ...
တိမ်တိုက်ကျားသစ်တစ်ယောက် စုချန်းကို အံ့သြတကြီးနှင့် စိုက်ကြည့်နေမိ၏။ အနှီစကားလုံးသည် သူ့အတွက် ရင်းနှီးသော်လည်း ကိုယ်တိုင်မကြုံဖူးသည့် စကားလုံးမျိုး။
နောက်ဆုံးတွင် သူကလည်း လက်ကို ပြန်ကမ်းပေးလိုက်ရာ လက်နှစ်ဖက်သည် လမ်းခုလတ်တွင် ဆုံစည်းမိကြကုန်၏။ သို့သော် တိမ်တိုက်ကျားသစ်၏ လက်သည် စုချန်း၏ လက်ကို ပြန်လည် ဆုပ်ကိုင်ရမည့်အစား လေထဲတွင် တိုးလိုးတွဲလောင်း ဖြစ်နေ၏။ ၎င်းကိုမြင်သောအခါ စုချန်းက တိမ်တိုက်ကျားသစ်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"မင်းကိုကြည့်ရတာ သူငယ်ချင်းဖွဲ့တဲ့ ကိစ္စမျိုးနဲ့ သိပ်အကျွမ်းတဝင် မရှိဘူး ထင်တယ်"
တိမ်တိုက်ကျားသစ်က ပြန်ပြောလိုက်သည်။
"ခါးသီးတဲ့ လမ်းတွေပေါ်မှာ သူငယ်ချင်းဖွဲ့တယ်ဆိုတာ အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်ပဲလေကွာ"
"ခါးသီးတဲ့ လမ်းတွေ ဟုတ်လား"
"ငါဟာ ရေဆိုးမြောင်းတွေနဲ့ ပြည့်တန်ဆာတွေပဲ ပြည့်နှက်နေတဲ့ လမ်းပေါ်မှာ ကြီးပြင်းလာတာကွ ဘေးနားမှာ ဘာမှမရှိဘူး သေခြင်းတရားပဲ ရှိတယ်ဆိုတဲ့ နေရာမျိုးပေါ့"
"ကျေးဇူးတင်စရာ ကောင်းတာက ခုချိန်မှာ မင်းတစ်ယောက်တည်း မဟုတ်တော့တာပဲကွ"
စုချန်းက ပြုံးရင်း ပြောလိုက်သည်။ ဘာပြောပြော နဂါးကျောင်းသား ဘဝသည် လမ်းပေါ်တွင် လေလွင့်နေသည့် ဘဝထက်တော့ အများကြီး သာသေးသည် မဟုတ်ပါလား။
"ငါကတော့ အဲဒီလမ်းပေါ်တွေအပေါ် နောက်တစ်ကြိမ် ပြန်ရောက် နိုင်ပါစေလို့ ဆန္ဒပြုနေမိတာကွ"
မမျှော်လင့်ပဲ တိမ်တိုက်ကျားသစ်က အထက်ပါအတိုင်း ပြန်ပြောလိုက်သောအခါ စုချန်း အံ့သြသွား၏။ သို့သော် တိမ်တိုက်ကျားသစ်က ရှင်းပြလိုက်၍ နောက်ဆုံးတွင် စုချန်း နားလည် သွားတော့သည်။
တိမ်တိုက်ကျားသစ်သည် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသမှ လာသူ ဖြစ်သည်။ ဤကျောင်းတော်သို့ ဝင်ရောက်နိုင်ရန် သူ့အနေနှင့် ကိုယ့်ခွန်အားကိုသာ အားကိုးခဲ့ရ၏။ သို့တိုင်အောင် သူ့ခမျာ လူအများ၏ အထင်ကြီး လေးစားမှုကို မရသည့်အပြင် လျစ်လျှူပြုမှု၊ ရွံရှာမုန်းတီးမှု တို့ကိုသာ ရရှိခဲ့သည်။ ပို၍ ဆိုးသည်မှာ သူက လူ့သဘော သဘာဝကို နားမလည်။ သူငယ်ချင်း ဖွဲ့ရာတွင် မကောင်း။ ထို့ကြောင့် နဂါးကျောင်းတော်တွင် တိမ်တိုက်ကျားသစ်သည် အထီးကျန် နေသည့် ဝံပုလွေ တစ်ကောင်သာ ဖြစ်နေတော့သည်။
သူသည် မည်သူ့ကိုမျှ ရိုသေလေးစားခြင်းမရှိ၊ စကားပြောဆိုခြင်း မရှိသည့်အပြင် လူတိုင်းကို သံသယနှင့် ဆက်ဆံတတ်၏။ ထို့ကြောင့် တော်ဝင်မျိုးနွယ်စုဝင် များသာမက သွေးဗီဇ မပါသူများကပါ သူ့ကို မနှစ်သက်ကြ။ ထို့ကြောင့် သူသည် မည်သည့် အုပ်စုနှင့်မှ မနီးစပ်ပဲ ရှိနေ ခဲ့လေသည်။ တစ်နှစ်တာ ကာလအတွင်း သူငယ်ချင်း တစ်ယောက်ပင် မရခဲ့သည်ကို ကြည့်လျှင် ဤအချက်ကို မြင်သာနေ၏။
ထပ်ပြောရလျှင် သူသည် စာမဖတ်လေရာ သင်ခန်းစာများကို နားလည်နိုင်စွမ်း မရှိ။ သူ့အား အထူးတလည် ရှင်းပြပေးမည့် သူလည်း မရှိ။ နောက်ဆုံးတွင် တိမ်တိုက် ကျားသစ်သည် စာသင်ခန်းများကို ကျောခိုင်းပြီး ကျဆုံးခြင်း သိမ်းငှက်တောင်တွင် နေ့တဓူဝ အမဲလိုက်ခြင်းနှင့်သာ အချိန်ဖြုန်း နေတော့သည်။
ကျဆုံးခြင်း သိမ်းငှက်တောင်တွင် တိမ်တိုက်ကျားသစ်လောက် အချိန်ဖြုန်းသော လူစားမျိုး နဂါး ကျောင်းတော်တွင်မရှိ။ သူသည် နေ့ရောညပါ သားရဲသတ္တဝါဆိုး များကို အမဲလိုက်နေခြင်း ဖြစ်သည်။ သူ့တစ်ကိုယ်လုံးတွင် အမြဲတမ်းလိုလို သွေးများ ပေကျံ နေတတ်၏။ ထိုအဖြစ်သည် တခြားလူများနှင့် သူ့ကို ပို၍ဝေးကွာ စေခဲ့လေသည်။ တခြားလူများ၏ အမြင်တွင် တိမ်တိုက် ကျားသစ်တစ်ယောက် ဤမျှ သတ်လိုဖြတ်လိုစိတ် များနေလျင် နဂါးကျောင်းတော်သို့ ဝင်မည့်အစား စစ်တပ် အတွင်းသို့ ဝင်သင့်သည်ဟု ယူဆနေကြလေသည်။ မည်သို့ဆိုစေ တခြား ကျောင်းသားများ၏ ခွဲခြားဆက်ဆံသော စကားများသည် သူ့ကို ဝမ်းနည်း စေခဲ့သည်မှာတော့ အမှန်ပင်။
တိမ်တိုက်ကျားသစ်၏ အခြေအနေကို နားလည် သဘောပေါက် လာသော စုချန်းက မေးလိုက်သည်။
"သင်ခန်းစာတွေကို နားမလည်ဘူး ဆိုရင် မူလစွမ်းရည်တွေကို မင်းဘယ်လို လေ့ကျင့်နေခဲ့တာတုန်း"
"ငါ့ဖာသာငါ ဖော်ထုတ်ထားတာ စာအုပ်တွေထဲမှာ ပုံတွေပါတယ် စာလုံးတချို့ကို ငါနားလည်တယ် အကုန်လုံးတော့ ငါမဖတ်တတ်ဘူး"
"ဘာပဲဖြစ်ဖြစ် အောင်မြင်အောင်တော့ မင်းလေ့ကျင့်နိုင်တုန်းပဲ"
စုချန်းကား ပြောစရာ စကားမရှိတော့။ တန်ကျင်းသည် ရှေးဟောင်း အာကင်နာ စာလိပ်ကို ဘာသာပြန်ရာတွင် အမှားအယွင်း မရှိအောင် အလွန်ဂရုစိုက်ခဲ့၏။ စာလုံး တစ်လုံးချင်းစီကို အထပ်ထပ်အခါခါ စီစစ်ခဲ့၏။ သို့သော် တိမ်တိုက်ကျားသစ်ကား ထိုစွမ်းရည်များကို ဆင်ကန်းတောတိုး လေ့ကျင့် ခဲ့လေသည်။ အရေးကြီးသည်မှာ သူသည် ထိုစွမ်းရည်များကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလွန်ဆန်းကြယ်သော ဖြစ်ရပ်များသည် လောကတွင် အမှန်တကယ် ရှိနေ၏။
"မင်းကိုငါ ဂုဏ်ပြုပါတယ်ကွာ"
စုချန်းက ခါးသီးစွာ ရယ်မော လိုက်သည်။
"မင်းအနေနဲ့ ဒီလို ရူးရူးမိုက်မိုက် လုပ်ခဲ့တာတောင် အသက်ရှင်ပြီး ငါ့ရှေ့မှာ ရပ်နေ နိုင်သေးတာပဲ"
တိမ်တိုက်ကျားသစ်၏ ခေါင်းမာလှသော မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်မျိုး ပေါ်ပေါက်လာ၏။ ထိုအခိုက်မှာပင် စုချန်း၏ ခေါင်းထဲတွင် စိတ်ကူးတခု ပေါ်ပေါက် လာသည်။ ထိုအခါ သူက မေးလိုက်သည်။
"လာမဲ့ သင်ခန်းစာတွေမှာ မင်းကို ငါကူညီ ပေးရမလား"
"မင်းက ကူညီမယ် ဟုတ်လား"
"ဟုတ်တယ် ငါမင်းကို ကူညီမယ် နောက်ဆို တစ်ခုခု နားမလည်တာရှိရင် ငါ့ဆီလာခဲ့ ငါမင်းကို ရှင်းပြပေးမယ်"
"ဒါဆိုရင် မင်းကိုငါ နောက်ထပ် အကြွေးတင် ပြန်ပြီပေါ့"
စုချန်းက ရယ်မော လိုက်သည်။
"သူငယ်ချင်း တွေကြားထဲမှာ အကြွေးတွေ အလျော်အစားတွေ တွက်နေစရာ မလိုပါဘူးကွာ"
"ဒါဆိုရင် မင်းဆိုလိုတာက သူငယ်ချင်းဆိုတာ အယူပဲရှိမယ် ပေးစရာ မလိုဘူးလို့ ဆိုလိုတာလား"
"ဟေ့ ဟေ့ အဲလိုတော့လည်း မဟုတ်ဘူးလေကွာ အရာရာတိုင်းကို တသမတ်တည်း တွက်လို့ ဘယ်ရပါ့မလဲ ငါဆိုလိုတာက ..."
"ငါသိပြီးသားပါကွ"
တိမ်တိုက်ကျားသစ်က စကားဖြတ် ပြောလိုက်၏။
"လမ်းပေါ်မှာ ကြီးပြင်းလာတယ် ဆိုပေမဲ့ ငါက လူရိုင်းမှ မဟုတ်တာ ... ဟဲ ဟဲ ငါက မင်းကို သက်သက်မဲ့ စနေတာ"
ထို့နောက် သူက ပြုံးကာ စုချန်းကို ကြည့်လိုက်သည်။ သူ့အပြုံးမှာ ရိုးသား ပွင့်လင်းလှ၏။