လူသားနှင့်စမ်းသပ်ခြင်း
Vol. 19 Ch. 186
ထိုနေ့မှစ၍ တိမ်တိုက် ကျားသစ်သည် မူလစွမ်းအင်မျှော်စင်တွင် စတင် နေထိုင်ခဲ့လေသည်။
ရှီကိုင်းဟွမ်သည် အမှန်တကယ် သဘောကောင်းသူ၊ ရက်ရောသူမှန်း ထိုအခါကျမှ မြင်သာလာ၏။ လူသားတို့၏ အန္တိမ ရည်မှန်းချက် နောက်ကို လိုက်ခဲ့ ကတည်းက စွမ်းအင်လမ်းကြောင်းနှင့် ပတ်သက်၍ တစ်ကိုယ်ကောင်း မဆန်သင့်မှန်း ရှီကိုင်းဟွမ် တစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် တိမ်တိုက်ကျားသစ်ကို တပည့်အဖြစ် လက်ခံခြင်း မရှိသော်ငြား စုချန်းနှင့်အတူ မူလစွမ်းအင် မျှော်စင်တွင် လာရောက် နေထိုင်သည်ကို လည်းကောင်း၊ မူလစွမ်းရည်များ သင်ယူသည်ကို လည်းကောင်း အနည်းငယ်မျှပင် ကန့်ကွက်ခြင်း မပြု။
တိမ်တိုက်ကျားသစ်သည် ရှီကိုင်းဟွမ်၏ တပည့်မဟုတ်။ ထို့ကြောင့် တိမ်တိုက်ကျားသစ် အနေနှင့် မူလစွမ်းအင် အဆောင်လက်ဖွဲ့ အလင်းရောင် ပုံစံကိုလည်းကောင်း၊ အဆောင်လက်ဖွဲများ ပေါင်းစပ်ခြင်းကို သော်လည်းကောင်း သင်ယူခွင့် မရပေ။ သို့သော် အခြားတစ်ဖက်တွင်ကား တိမ်တိုက် ကျားသစ်အနေနှင့် မည်သည့် လက်ရှိခေတ်သုံး မူလစွမ်းရည်ကိုမဆို သင်ယူရန် ခွင့်ပြုခံထားရ၏။ ဤသည်မှာ လူတစ်ယောက်ကို ဟင်းစားပေးခြင်းနှင့် ကွန်ချက်ပြခြင်း အကြားမှ ခြားနားချက်ပင် ဖြစ်သည်။ စုချန်းသည် ရှီကိုင်းဟွမ်၏ အမွေခံ တပည့်ဖြစ်သည်။ ထို့ကြောင့် ကွန်ချက်ကို သိခွင့်ရှိ၏။ တိမ်တိုက် ကျားသစ်မှာကား ဧည့်သည်သာ ဖြစ်သည်။ ထို့ကြောင့် ဟင်းစားကို ကြိုက်သလောက် ယူခွင့််ရှိ၏။ သို့သော် ကွန်ချက်ကိုကား သိခွင့်မရှိ။
ဤသည်မှာ ရှီကိုင်းဟွမ်၏ စိတ်နေ စိတ်ထားဖြစ်သည်။ တခြားနည်းပြ ဆရာများ၏ အမြင်တွင်ကား ဤဖြစ်ရပ်ကို မြင်းမရောက်ခင် လှည်းဆင်သည်ဟု မှတ်ချက်ပြု ပေးလိမ့်မည်။ သင်သည် မိမိ၏ တပည့်ရင်းကို မည်သည့် မူလစွမ်းရည်ကိုမှ မသင်ကြားပေးပဲ မဆိုင်သူ တစ်ယောက်ကို မူလစွမ်းရည်များ လွတ်လွတ်လပ်လပ် သင်ယူခွင့်ပြုထားသည်မှာ သဘာဝမကျဟု လူတိုင်းက ယူဆလိမ့်မည်သာ။
မည်သို့ဆိုစေ ဤနေရာတွင်ကား ဆရာတပည့် နှစ်ယောက်၏ အတွေးအခေါ်မှာ တစ်ထပ်တည်း ကျနေ၏။ ကောင်းကင်ဘုံကို လွှမ်းခြုံနိုင်သော အသည်းနှလုံးမျိုး မရှိပါက သင့််အနေနှင့် အဘယ်မှာ လူသားမျိုးနွယ်ကြီး တစ်ခုလုံးကို ရှေ့ဆောင်ရှေ့ရွက် ပြုနိုင်ပါမည်နည်း။
တိမ်တိုက်ကျားသစ် အဖို့မှာကား ရတနာသိုက် တစ်ခုကို ဖင်ခုထိုင်မိခြင်းနှင့်သာ တူလေတော့သည်။ စုချန်းမှာ သူ့အဖို့ ဝမ်းသာလှ၏။ စုချန်းအတွက် ရုပ်ဝတ္တု ပစ္စည်းများမှာ အရေးမကြီး။ အချိန်မရွေး ပြန်လည် အစားထိုး၍ရ၏။ သူ့အတွက် အရေးကြီးသည်မှာ အစားထိုးရန် ခက်ခဲသော ဗဟုသုတများသာ ဖြစ်သည်။
ဤသို့ဆိုလျင် ထိုဗဟုသုတများသည် ဘယ်က လာသနည်း။ အခြေခံအားဖြင့် ထိုဗဟုသုတများသည် မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် လေ့ကျင့်ခန်းများမှ လာသည်ဟုပင် ဆိုရလိမ့်မည်။
စစ်မှန်သော သွေးဗီဇပိုင်ရှင် တော်ဝင်မျိုးနွယ်စုဝင် ငါးဦးသည် စုချန်းအတွက် အလွန်အဖိုး ထိုက်တန်သော စမ်းသပ်ခံများ ဖြစ်သည်။ ထိုငါးဦးကို ဖမ်းခေါ်လာပြီး ကတည်းက စုချန်းသည် ၎င်းတို့၏ အမြင့်ဆုံးတန်ဖိုးကို မည်သို့ထုတ်ယူ အသုံးချရမည်ကို အချိန်ပြည့် တွေးတော နေခဲ့၏။ သူ၏ ပထမဦးဆုံး ရည်ရွယ်ချက်မှာ ကိုင်းဟွမ်၏ ကောင်းကင်ဘုံနည်းစနစ်နှင့် ပတ်သက်၍ လတ်တလော သူစဉ်းစားထားသော သီအိုရီများကို မှန်မမှန် စမ်းသပ်ရန်သာ ဖြစ်သည်။
ရှီကိုင်းဟွမ်သည် မူလစွမ်းအင် အဆောင် လက်ဖွဲ့များနှင့် ထိုအဆောင် လက်ဖွဲ့များက လူသား ကိုယ်ခန္ဓာအပေါ် သက်ရောက်ပုံကို အလွန် နားလည်၏။ သို့သော် သူ၏ နားလည်မှုလည်း အကန့်အသတ်နှင့်သာ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ရှီကိုင်းဟွမ်၏ လက်ရှိ အဆင့်အတန်းက အလင်းတုန်ခါခြင်း နယ်ပယ်တွင် ရှိသည်။ သို့သော် လတ်တလော သူရှာဖွေနေသည့် အရာက ချီစုဆောင်းခြင်း နယ်ပယ်တွင် ရှိနေသော သွေးဗီဇမပါသူ ချီစွမ်းအား ပညာရှင်တစ်ဦး အနေနှင့် မည်သည့် သွေးဗီဇ၏ အကူအညီမှမပါပဲ သွေးဆူပွက်ခြင်း နယ်ပယ်ကို ဝင်ရောက်နိုင်မည့် နည်းလမ်း ဖြစ်သည်။
သူ့အနေနှင့် ချီစုဆောင်းခြင်းနယ်ပယ်သို့ ပြန်ရောက်နိုင်စရာ အကြောင်း မရှိတော့လေရာ သူလုပ်နေသော သုတေသနကို သူကိုဟ်တိုင် အသုံးပြုနိုင်ရန် ခဲယဉ်းနေ၏။ ထို့ကြောင့် ရှီကိုင်းဟွမ် အနေနှင့် စုချန်းကဲ့သို့ မူလစွမ်းအင်ကို မြင်နိုင်သော မျက်လုံးမျိုးမရှိပဲ အားနည်းချက် မရှိသော အဆောင်လက်ဖွဲ့ ပေါင်းစပ်မှုမျိုးကို တွက်ချက်နိုင်ရန် ခဲယဉ်း၏။
ယခုတော့ ပိုင်အုတို့ ငါးယောက်ကို ဖမ်းခေါ်လာခြင်းသည် စုချန်း အတွက်သာမက ရှီကိုင်းဟွမ် အတွက်ပါ များစွာ အကျိုးရှိသွား၏။ ထူးခြားသော အမြင်အာရုံကို အသုံးပြု၍ ထိုငါးဦး၏ မူလစွမ်းအင် စီးဆင်းပုံကို ကျကျနန လေ့လာနိုင်ခဲ့လေရာ စုချန်း၏ တွက်ချက်မှုသည် များစွာ တိုးတက် လာခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ဤနေရာတွင် စုချန်း၏ အဓိက ရည်ရွယ်ချက်မှာ ပိုင်အုတ် ငါးဦး၏ သွေးဗီဇကို အသေးစိတ် လေ့လာပြီး အသုံးချနိုင်ခြင်း ရှိမရှိ ခွဲခြမ်းစိတ်ဖြာရန်ပင်။ တစ်ချိန်က လင်ယဲ့မွှား၏ သွေးဗီဇစီးဆင်းမှုကို လေ့လာကာ မူလပစ္စည်း ထုတ်ယူနိုင်ခဲ့သည် ဖြစ်စဉ်နှင့် တူညီ၏။
ကိုင်းဟွမ်၏ ကောင်းကင်ဘုံနည်းစနစ်မှာ သွေးဗီဇ အကူအညီမယူပဲ စွမ်းအင်စုဆောင်းခြင်း နယ်ပယ် ကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန် ဖြစ်သည်။ သို့သော် ချီစွမ်းအားပညာရှင် တစ်ယောက်အနေနှင့် နယ်ပယ် ကန့်သတ်ချက်ကို ကျော်လွှားရုံနှင့် လုံလောက်သည် မဟုတ်။ သင့်တော်သော မူလစွမ်းရည် အစုအဝေးတစ်ခုကို ပိုင်ဆိုင်ထားရန်လည်း လိုသေး၏။ ထို့ကြောင့် ကိုင်းဟွမ်၏ ကောင်းကင်ဘုံသည် ပင်စည်နှင့်တူပြီး သွေးဗီဇ မပါသော မူလစွမ်းရည် များမှာကား အခက်အလက် အရွက်များနှင့် တူသည်။ ပင်စည်မရှိပဲ အခက်အလက် အရွက်ဟူသည် မရှင်သန်နိုင်။
ထိုအခါ စုချန်းသည် ထိုအခွင့်အရေးကို အမိအရ ရယူကာ အဂ္ဂိရတ်ပညာနှင့် ပတ်သက်သည့် စမ်းသပ်ချက်များကို အဆက်မပြတ် ပြုလုပ်၏။ ဆေးဝါးအမျိုးမျိုးကို ဖော်စပ်ကြည့်၏။ ဤနည်းအားဖြင့် သူသည် ဆေးပညာကို အဆင့်တိုးမြှင့်နိုင်ခဲ့၏။ နောက်ဆုံးတွင် သူသည် ဘိုးဘေးဘီဘင် သွေးဗီဇ ဆေးတချို့ကိုပါ ဖော်စပ်နိုင်သည်အထိ တိုးတက် လာခဲ့လေသသည်။
အကယ်၍ ရှီကိုင်းဟွမ်သာ စုချန်း၏ စိတ်ကူးစိတ်သန်းကို သိလျှင် အကြီးအကျယ် ဆဲဆို ပေလိမ့်မည်။ အကယ်၍ သူသည် သွေးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်ရန် ကြိုးစားလျှင် ထိုကိစ္စကိုသာ အာရုံစိုက်သင့်၏။ အဘယ်ကြောင့် မဆီမဆိုင် ဘိုးဘေးဘီဘင် သွေးဗီဇဆေးများကို ဖော်ထုတ်ရန် ကြိုးစား နေရသနည်း။ ဤသည်မှာ ကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်သော လုပ်ရပ်မျိုးပင် မဟုတ်တုံလော။ သို့သော် စုချန်းကား ထိုသို့ မတွေး။
သွေးဗီဇ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဓိက အနှစ်သာရမှာ မူလစွမ်းအင်ကို အသုံးပြုနိုင်သည့် ကွဲပြားခြားနားသော နည်းလမ်းအမျိုးမျိုးကို ရှာဖွေ တွေ့ရှိနိုင်ရန်သာ။
လူသားတိုင်း လွယ်လင့်တကူ လေ့ကျင့်နိုင်မည့် သွေးဗီဇ မပါသော နည်းလမ်းတစ်မျိုးကို စုချန်း ရှာဖွေနေခြင်း ဖြစ်သည်။ အကယ်၍ ထိုရည်ရွယ်ချက်သာ အောင်မြင်သွားလျှင် လူသားမျိုးနွယ်များ အတွက် ကြီးမားသော အခြေခံအုတ်မြစ် ဖြစ်လာပေလိမ့်မည်။ လူသား များသည်လည်း သားရဲသတ္တဝါဆိုးများ၏ အန္တရာယ်ကို ပိုမိုတွန်းလှန် နိုင်သည့် အင်အားများ ရှိလာ ပေလိမ့်မည်။ ထို့ကြောင့် သူ့ရည်ရွယ်ချက်သည် သွေးဗီဇ ကန့်သတ်ချက်ကို ကျော်လွှားရန် ဟူသည်ထက် ပို၍ ကြီးကျယ်၏။ ပို၍ မြင့်မြတ်၏။
အရာရာတိုင်းသည် အကြောင်းပြချက် တစ်ခုကြောင့် တည်ရှိနေခြင်း ဖြစ်သည်။ အကယ်၍ တချို့အရင်းအမြစ်များကို အသုံးပြုနိုင်ပါက ၎င်းတို့ကို အဘယ်ကြောင့် အလွယ်တကူ အဆုံးရှုံးခံမည်နည်း။
စုချန်းသည် အထက်ပါအတိုင်း စဉ်းစားပြီး သူ၏ အစမ်းသပ်ခံ သတ္တဝါ ငါးကောင်ကို သီးခြားစီ ခွဲထားလိုက်၏။ ထို့နောက် စမ်းသပ်မှုများကို စတင် လုပ်ဆောင်တော့သည်။
နေ့စဉ်နေ့တိုင်း သူသည် တစ်ဦးချင်းစီမှ သွေးပုလင်းငယ် သုံးပုလင်းစီ ထုတ်ယူကာ ပါဝင် ပစ္စည်းအမျိုးမျိုး ရောနှောပေါင်းစပ်ပြီး ဓာတ်ပြုမှုများကို လေ့လာ၏။ အမှန်တော့ သူသည် ကွဲပြားခြားနားသော သွေးဗီဇအမျိုးမျိုး၏ မူလပစ္စည်းများကို ရှာဖွေဖော်ထုတ် နေခြင်းသာ ဖြစ်သည်။ သူ့အတွက် သွေးမလုံလောက်မည့် ပြသာနာမှာ အစမ်းသပ်ခံများကြောင့် စိတ်ပူနေစရာ မလိုတော့။ ထို့နောက် သူသည် ကိုင်းဟွမ်၏ ကောင်းကင်ဘုံ မူလစွမ်းအင် စီးဆင်းမှုအတွက် လိုအပ်သည် မူလအဆောင် လက်ဖွဲ့များကို ပြုလုပ်ဖန်တီးပြီး အစမ်းသပ်ခံများ၏ ကိုယ်ခန္ဓာ အတွင်းသို့ ထိုးသွားကြည့်၏။ ပြီးနောက် အစမ်းသပ်ခံများကို မူလစွမ်းအင် လည်ပတ်စေရန် အမိန့်ပေးပြီး ပြောင်းလဲမှုများကို ဆက်လက် လေ့လာ၏။
သူသည် သီအိုရီနှင့် လက်တွေ့ကို ပေါင်းစပ်နိုင်ရန် ကြိုးစားနေခြင်းပင်။ မူလအဆောင် လက်ဖွဲ့ အလင်းရောင်ပုံစံမှာ သီအိုရီ ဖြစ်သည်။ လက်တွေ့ စမ်းသပ်ချက်များနှင့် ပေါင်းစပ်လိုက်မှ ပြီးပြည့်စုံပြီဟု သတ်မှတ်နိုင်၏။ နောက်ဆုံးတွင်တော့ သူသည် ဘိုးဘေးဘီဘင် သွေးဗီဇ ဆေးဝါးကို သရုပ်ခွဲနိုင်စပြုလာ၏။ အောရစ်၏ သွေးဗီဇဆေးသည် ဘေးထွက်ဆိုးကျိုး များလှပြီး မအောင်မြင် ခဲ့သော်လည်း သူ၏ ယေဘုယျ စဉ်းစား တွေးခေါ်ပုံမှာကား မှန်ကန်ခဲ့၏။ ဤသို့နှင့် တစ်စုံတစ်ယောက်၏ သွေးဗီဇကို မူလဖြစ်တည်ရာ ရှေးကာလ အနေအထားသို့ ပြောင်းလဲလိုသည့် အောရစ်၏ စိတ်ကူးစိတ်သန်း အောင်မြင်ရန် မျှော်လင့်ချက် ရောင်ခြည် သန်းစပြုလာပြီဟု ဆိုနိုင်သည်။
ဤသို့နှင့် စုချန်း၏ အစမ်းသပ်ခံ ငါးဦးမှာကား သွေးဗီဇဆေးဝါးများကို အဆက်မပြတ် မှီဝဲနေရရှာသည်။ စုချန်းသည် ၎င်းတို့၏ မူလစွမ်းအင်ကို မကြာခန နှိုးဆွပြီး စွမ်းအင် စီးဆင်းပုံနှင့် ပြောင်းလဲမှုများကို လေ့လာနေတတ်၏။ ထိုငါးဦး အခြေအနေမကောင်းပါက စုချန်းက ပြန်လည် ဆေးကုသပေးလေ့ရှိ၏။ ထို့ကြောင့် လင်ယဲ့မွှားကဲ့သို့ ဖြစ်စဉ်မျိုး ထပ်ဖြစ်လာမည်ကို စုချန်းအနေနှင့် စိတ်ပူနေစရာမလို။
စုချန်းသည် နေစဉ်နေ့တိုင်း ဘိုးဘေးဘီဘင် သွေးဗီဇဆေးကို တီထွင်ဖန်တီး နေသကဲ့သို့ တစ်ဖက်တွင်လည်း သွေးဗီဇအဆိပ်များကို လေ့လာနေခဲ့၏။ တော်ဝင်မျိုးနွယ်စုများသည် သူ၏ အကြီးမားဆုံး ရန်သူဖြစ်သည်ကို သူ့အနေနှင့် မေ့လျော့စရာ အကြောင်းမရှိ။ သွေးဗီဆဆေးနှင့် သွေးဗီဇ အဆိပ်များသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်လေရာ ထိုနှစ်မျိုးကို ပြိုင်တူလေ့လာ သည်ထက် ကောင်းမွန်သော အရာမရှိ။
တစ်ခါတစ်ရံတွင် စုချန်းသည် ဝိညာဉ်မျက်လုံးနှင့် ဝိညာဉ်အမြစ်တွယ်ခြင်း နည်းစနစ်တို့ကို သူ့အစမ်းသပ်ခံများအပေါ် အသုံးပြုကာ စိတ်ကိုပြုစားနိုင်သည့် ဆေးတချို့ကို သောက်သုံးစေ၏။
ထိုသို့ပြုလုပ်ရန် သူ့တွင် အကြောင်းပြချက် များစွာရှိ၏။ ပထမ အကြောင်းပြချက်မှာ ဝိညာဉ်ပုံစံ မူလစွမ်းရည်တချို့ တည်ဆောက်ရန် လိုအပ်သည့် အခြေခံအုတ်မြစ်ကို ဖန်တီးရာတွင် ၎င်းတို့၏ စိတ်ဝိညာဉ်များက မည်သို့ တုံ့ပြန်သနည်း ဟူသည့် အချက်ကို ခွဲခြမ်းစိတ်ဖြာလို၍ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဆေးဝါးဖော်စပ်ခြင်းကို ဆက်လက် လေ့လာနိုင်သည် မဟုတ်ပါလား။ ဒုတိယအချက်မှာ အစမ်းသပ်ခံများကို ထိန်းချူပ်ရ လွယ်ကူစေရန် ၎င်းတို့၏ အသိစိတ်ကို ဝေဝါးနေစေလို၍ ဖြစ်သည်။ ထိုအတွက် သူက ညှို့ငင် လိပ်ပြာနည်းစနစ်ကို ချင်းလင်အာထံမှ သင်ယူခဲ့၏။ အဖိုးအခ အနေနှင့်ကား ချင်းလင်အာကို စုချန်းက ကောင်းကင်မြစ် စားသောက်ဆိုင်တွင် အစားအသောက်များနှင့် တည်ခင်း ဧည့်ခံလိုက်ရ၏။ ပါးစောင်များပင် ဖောင်းလာအောင် အစားအစာများကို မဆန့်မပြဲ စားသောက်နေသော သူမကိုကြည့်ရင်း စုချန်း၏ စိတ်ထဲတွင် နာကျင်စွာ ခံစားနေ ရလေသည်။
အစမ်းသပ်ခံများ၏ စိတ်ဝိညာဉ်ကို စမ်းသပ်နေခိုက် စုချန်းသည် ဝိညာဉ် ပြန်လည်နိုးထခြင်း ဆေးတချို့ကို ဖော်စပ်နိုင်ခဲ့၏။ ၎င်းသည် ဝိညာဉ်တည်ငြိမ်ခြင်း ဆေးကို ဖော်စပ်နိုင်ရင် အခြေခံ အုတ်မြစ်သဖွယ် ဖြစ်လာတော့သည်။ မည်သို့ဆိုစေ အစောပိုင်း ကာလတွင် စုချန်း တစ်ယောက် ရှုံးနိမ့်မှုများ ဆက်တိုက် ကြုံတွေ့ခဲ့ရသည်မှာ အမှန်ပင်။ ဤသို့နှင့် စုချန်းသည် ကျောင်းသင်ခန်းစာ တစ်ဖက်၊ သုတေသန တစ်ဖက်နှင့် အလွန်အလုပ်ရှုပ် နေခဲ့လေရာ ရူးမသွားသည်ကပင် တော်သေးသည်ဟု ဆိုရမည်။
တစ်ဖက်တွင်လည်း ပိုင်အုတို့ ငါးဦးမှာ နေ့စဉ်နေ့တိုင်း ညင်းပန်းနှိပ်စက် ခံနေရလေရာ ကြီးစွာသော ဒုက္ခဆင်းရဲနှင့် ကြုံတွေ့နေရရှာ၏။ နောက်ဆုံးတွင် ရှီကိုင်းဟွမ်ကပင် မနေနိုင်ပဲ မေးယူရသည်။
"ဒီလောက်ထိအောင် ဆက်လုပ်နေဖို့ လိုလို့လားကွ"
စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ဆရာ့ရဲ့ စိုးရိမ်ပူပန်မှုကို ကျွန်တော် သဘောပေါက် ပါတယ်ခင်ဗျာ ဒါပေမဲ့ စိတ်မပူပါနဲ့ဆရာ ဒီကိစ္စကြောင့် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို လမ်းမလွဲစေရပါဘူး တချို့အရာတွေက လုပ်ဖို့ လိုကို လိုအပ်ပါတယ်ဗျာ"
"အေးပေါ့လေ မင်းလည်း နားလည်သင့်သလောက် နားလည်နေပြီပဲ"
ရှီကိုင်းဟွမ် စိတ်ပူခြင်းမှာ ပိုင်အုတို့အတွက် မဟုတ်။ ဤကမ္ဘာကြီးသည် အင်အား ကြီးမားသူသာ လွှမ်းမိုးနိုင်သော ကမ္ဘကြီး ဖြစ်သည်။ ထို့ကြောင့် ပိုင်အုတို့ သေခြင်းရှင်ခြင်းမှာ သူတို့၏ ကံကြမ္မာသာ။ ရှီကိုင်းဟွမ် စိတ်ပူနေသည်က စုချန်းအတွက် ဖြစ်သည်။ အသစ် အသစ်သော စူးစမ်း ရှာဖွေမှုများ၏ နောက်ကိုလိုက်ရင်း မိမိ၏ ရည်မှန်းချက် အစစ်အမှန်ကို မေ့လျော့ သွားမည်ကို ရှီကိုင်းဟွမ် စိတ်ပူနေခြင်းပင်။ သို့သော် စုချန်း၏ စကားကို ကြားလိုက်ရပြီးနောက် သူစိတ်ချ သွား၏။ သူ့တပည့်သည် သူ့ကိုယ်သူ ဘာလုပ်နေမှန်း ကောင်းကောင်း သဘောပေါက်ထားသည် မဟုတ်ပါလား။
ရှီကိုင်းဟွမ်၏ သဘောတူညီချက်ကို ရပြီးနောက် စုချန်းသည် စမ်းသပ်မှုများ အဆက်မပြတ် ပြုလုပ်တော့သည်။ အစမ်းသပ်ခံများ ပျက်စီးသွားမည်ကို သူ့အနေနှင့် လုံးဝ စိတ်ပူခြင်းမရှိ။
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် စမ်းသပ်မှုများ ဆက်လက် ပြုလုပ်နေ၏။ သူသည် အထူးပြုလုပ် ဖော်စပ်ထားသော ဆေးတခွက်ကို ကျန်းကျုံးယွဲ့အား တိုက်ရင်း ပြောလိုက်သည်။
"ဒါ ငါအသစ် ဖော်စပ်ထားတဲ့ အဖြူရောင်သွားလို့ ခေါ်တဲ့ဆေးပဲ ဒါသောက် လိုက်ရင်တော့ မင်းရဲ့လက္ခဏာတွေ သက်သာ သွားဖို့သင့်တယ် အော် အဖြူရောင် သွားဆိုတာ လူအစ်မ ဟုတ်ဘူးနော် (တရုတ်ဘာသာတွင် ထိုစာလုံးနှစ်လုံးသည် အသံထွက်တူညီ၏ ... ပုံ စာရေးသူ) လူအဖြစ်သွားတော့လည်း ဘာအရေးလဲ ငါပျောက်အောင် ကုပေးမှာပေါ့ မဟုတ်ဘူးလား"
ကျန်းကျုံးယွဲ့ကား စကားတစ်လုံးမှ မပြောနိုင်ပဲ အအကြီးပမာ စုချန်းကို စိုက်ကြည့်နေရှာ၏။ လွန်ခဲ့သော ရက်တချို့က စုချန်းသည် ဝိညာဉ်အမြစ်တွယ်ခြင်း နည်းစနစ်ကို အသုံးပြုကာ ကျန်းကျုံးယွဲ့ကို နှလုံးရပ်ဆေး တိုက်ကျွေးခဲ့၏။ ကျန်းကျုံးယွဲ့ သတိမေ့သွားခဲ့သည်။ စုချန်း၏ ပြုစုပေးမှုကြောင့် သတိရလာသော်လည်း ဘေးထွက်ဆိုးကျိုး တချို့ကြောင့် သူ့ပါးစပ်သည် ရွဲ့စောင်းကာ သွားရည်များ တတောက်တောက် ကျနေပြီး တကိုယ်လုံး မလှုပ်ရှားနိုင်တော့။ ကံကာင်းသည်မှာ ရောဂါလက္ခဏာက သိပ်မပြင်းထန်လှခြင်း ဖြစ်သည်။
အဖြူရောင်သွားဆေးကို တိုက်ကျွေး နေစဉ်မှာပင် အပြင်ဘက်မှ သူ့အားတွေ့ဆုံရန် လာသည့် လူတချို့၏ အသံကို စုချန်း ကြားလိုက်ရသည်။
ပိုင်မျိုးနွယ်၊ ယုမျိုးနွယ်နှင့် အခြားလူတချို့ ရောက်ရှိလာခြင်း ဖြစ်သည်။