ညှို့ငင်ခြင်း
Vol. 19 Ch. 187
စုချန်းသည် ခန်းမ၏ အဓိကနေရာတွင် ထိုင်နေ၏။ သူ့အောက်တွင် အစေခံအဝတ် ဝတ်ထားသော လူငါးဦး ရှိနေသည်။
စုချန်း၏ ရှေ့တည့်တည့်ရှိလူသည် အစိမ်းပုပ်ရောင် ဘဏ္ဍာစိုးဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်တွင်းအလွန်နက်သော အဖိုးအိုတဦး ဖြစ်သည်။ သူ့နာမည်မှာ ယုဝမ်းဖြစ်ပြီး ယုအိမ်တော်၏ ဘဏ္ဍာစိုးချူ ပ်ဖြစ်၏။ ကျန်လေးဦးမှာလည်း ချန်း၊ပိုင်၊ကျန်း၊လျူ အိမ်တော်များမှာ ဘဏ္ဍာစိုးချူ ပ်များ အသီးသီး ဖြစ်ကြကုန်၏။
ထိုငါးဦး ဤနေ့တွင် စုချန်း၏ ရှေ့မှောက်သို့ ရောက်လာရခြင်းမှာ ၎င်းတို့၏ သခင်လေးများကြောင့် ဖြစ်သည်။
ပိုင်အုက စုချန်းကို ဒုက္ခပေးရန် ကြိုးစားနေခြင်းမှာ လျှိူ့ ဝှက်ချက် မဟုတ်တော့။ အနည်းဆုံးတော့ သူတို့ ငါးယောက်လုံး ထိုအကြောင်းကို သိထားကြ၏။ ထိုအခါ ပိုင်အုနှင့် အပေါင်းအပါများ ရုတ်တရက် ပျောက်ဆုံးသွားသောကိစ္စတွင် စုချန်း ပါဝင်ပတ်သည်နေလိမ့်မည်ဟု ယူဆကာ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
ထိုအခါ ပိုင်အိမ်တော်၏ ဘဏ္ဍာစိုးချူ ပ်က အသံတိုးတိုးနှင့် စကားစသည်။
"ကဲ စုချန်း အသုံးမဝင်တဲ့ စကားတွေနဲ့ ငါတို့အချိန်တွေကို မဖြုန်းစမ်းနဲ့ ငါတို့ ဘာကြောင့် ဒီနေရာကို ရောက်လာသလဲ မင်း ကောင်းကောင်းသိတယ် ဒီတော့ သူတို့ကို မြန်မြန်လေး ထုတ်ပေးစမ်း မဟုတ်ရင်တော့ မင်းအတွက် နောက်နောင် အလားအလာမကောင်းဘူး"
စုချန်းကို ဤသို့ ခြိမ်းခြောက်၍ အဘယ်မှာ ရအံ့နည်း။ သူသည် လဖက်ရည်အိုးထဲတွင် ပေါလောပေါ်နေသော လဖက်ရွက်တချိူ့ ကို ငေးကြည်းရင်း အေးဆေးသော လေသံနှင့် ပြောလိုက်သည်။
"မင်းက အသုံးမဝင်တဲ့စကားတွေနဲ့ အချိန်မဖြုန်းဖို့ စပြောတယ် ဒါပေမဲ့ တကယ်တမ်း အချိန်ဖြုန်းနေတာက မင်းပဲ ဖြစ်နေပါလား စဉ်းစားကြည့်စမ်း ငါသာ မင်းတို့ သခင်လေးတွေကို ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ လူစားမျိူးဆိညရင် ဒီစကားလေးနဲ့ ခြိမ်းခြောက်လို့ရပါ့မလား"
လူတိုင်းလိုလိုသည် ဘာပြောရမှန်းမသိပဲ ဖြစ်သွားကြ၏။ စုချန်းသည် တော်ဝင်မျိူးနွယ်စု ငါးစုမှ သခင်လေးငါးဦးကို ပြန်ပေးဆွဲခဲ့သည်။ ဖြစ်ပေါ်လာမည့် မည်သည့်အကျိူးဆက်ကိုမှ သူ မကြောက်။ ထို့ကြောင့် သူ့ကို မည်သို့မှ ခြိမ်းခြောက်၍မရ။
တဖက်တွင်လည်း တော်ဝင်မျိူးနွယ်စုများဟူသည် မိမိကိုယ်မိမိ အလွန် မြင့်မြတ်သည်ဟု ယူဆကြသူများ ဖြစ်လေရာ သူတို့၏ အစေခံများ၌ပင် ထိုသဘောထားမျိူး ရှိကြ၏။ ထို့ကြောင့် စုချန်း၏ ပြတ်သားသော တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ သူတို့အားလုံး အငိုက်မိကုန်ကြခြင်း ဖြစ်သည်။ ထိုအခါ ချန်းအိမ်တော် ဘဏ္ဍာစိုးချူ ပ်က တင်းမာနေသော အခြေအနေကို ပျော့ပြောင်းသွားစေရန် လေပြေဝင်ထိုးလိုက်၏။
"ဘဏ္ဍာစိုးချူ ပ်ကြီးပိုင်က စကားပြောလောသွားလို့ပါကွယ် သူဆိုလိုတဲ့ အဓိပ္ပါယ်က တို့တွေကြားထဲမှာ ရှိတဲ့ ရန်ညိုးကို ချေဖျက်လိုက်ရင် ပိုကောင်းမယ်လို့ ပြောချင်တာပါ ဒါကြောင့် သခင်လေးစုအနေနဲ့ သူ့ကို ဗွေမယူစေချင်ဘူး ကျူ ပ်တို့မျိူးနွယ်ရဲ့ သခင်လေးတွေဟာ သခင်လေးစုကို ဘယ်လို အနှောင့်အယှက် ပေးခဲ့သလဲဆိုတာ ကျူ ပ်တို့မသိဘူး ဒါပေမဲ့ သခင်လေးစုအနေနဲ့လည်း ခုချိန်မှာ ထိုက်သင့်သလောက် ဆုံးမပြီးပြီဖြစ်လို့ သူတို့ကို ပြန်လွှတ်ပေးလိုက်ရင် ရက်ရောမှုကို ပြသရာရောက်တာပေါ့"
စုချန်းက ခပ်ထေ့ထေ့လေး ရယ်မောလိုက်သည်။
"မင်း အပိုတွေ ပြောလို့ပြီးပြီလား"
ဘဏ္ဍာစိုးချန်း၏ လေသံသည် ပို၍ ပျော့ပြောင်းသော်လည်း အဓိပ္ပါယ်မှာ အတူတူသာ။ ငါတို့လူ ငါတို့ပြန်ပေးဟု ဆိုလိုနေခြင်း ဖြစ်သည်။ ထို့ကြောင့်၎င်းတို့၏ စကားမှာ စိတ်ရင်းမှန်နှင့် ပြောနေခြင်းမဟုတ်မှန်း စုချန်း ကောင်းကောင်းကြီး သဘောပေါက်၏။
အကြမ်းကိုင်၍လည်းမရ၊ အပျော့ဆွဲ၍လည်းမပါသော စုချန်းကြောင့် ဘဏ္ဍာစိုးငါးဦးက တယောက်ကိုတယောက် အပြန်အလှန် ကြည့်မိကြ၏။ နောက်ဆုံးတွင် ချန်းဘဏ္ဍာစိုးချုပ်က စကားစလာ၏။
"တကယ်လို့ ကျုပ်တို့ရဲ့ သခင်လေးကိုသာ လွှတ်ပေးမယ်ဆိုရင် ချန်းအိမ်တော်က ကျေးဇူးတင်တဲ့အနေနဲ့ သခင်လေးစုကို မူလကျောက်တုံး တထောင်ပေးပါမယ်"
စုချန်း၏ တင်းမာနေသော မျက်နှာသည် အနည်းငယ် ပျော့ပြောင်းသွား၏။
"နောက်ဆုံးတော့ တယောက်ယောက်က အကျိူးသင့် အကြောင်းသင့် ပြောလာပြီပဲ ဒါပေမဲ့ မင်းတို့ရဲ့ သခင်လေးဟာ တကယ် အဲဒီလောက်ပဲ တန်သလားဗျ"
စုချန်းက ချန်းအိမ်တော်ကို တိုရေရှားရေ နိုင်လှသည်ဟု ရွဲ့လိုက်ခြင်းပင်။ ဘဏ္ဍာစိုးငါးဦး၏ စိတ်ထဲတွင် ဒေါသထွက်လာ၏။ သို့သော် သူတို့အားလုံးသည် ခေါင်းငုံ့ကာ ဒေါသကို ကြိတ်မှိတ်မျိူ ချနေရရှာသည်။ လျူ ဘဏ္ဍာစိုးချူ ပ်က မေးလိုက်ပြန်သည်။
"ဒီတော့ သခင်လေးစုက ဘယ်လောက် လိုချင်တာလဲ"
စုချန်းက လျူ ဘဏ္ဍာစိုးချူ ပ်ကို ဖြတ်ခနဲ လှမ်းကြည့်ပြီး စကားစသည်။
"တခြားကိစ္စတွေ မပြောခင် မင်းတို့ကို ငါ့အနေနဲ့ ရှင်းအောင်ပြောထားမယ် ငါဟာ မင်းတို့သခင်လေးတွေ ပြန်ပေးလည်းမဆွဲဘူး ဖမ်းလည်းမထားဘူး ဒီလိုလုပ်ရပ်မျိူးကို ငွေမျက်နှာကြောင့် ငါ မလုပ်ဘူး ဒါပေမဲ့ ငါဟာ နဂါးကျောင်းတော်ရဲ့ ကျေုာင်းသားတဦး ဖြစ်နေတဲ့အတွက် ကျောင်းသားတွေအကြား ဖော်ရွေမှု၊ ချစ်ခင်မှုတွေ ရှိဖို့လိုတယ်ဆိုတာ လက်ခံထားတယ် အတန်းဖော်တွေ ပျောက်ဆုံးနေမှတော့ ငါကလည်း လိုက်ရှာပေးရတော့မှာပေါ့ ငါ့မှာာလည်း တာဝန်ရှိနေတာကိုး ဟုတ်တယ်မလား"
ဘဏ္ဍာစိုးငါးဦး၏ စိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲလိုက်ကြသည်။ စုချန်းဟူသည့် သဘောက်မသားကား မကောင်းတာ လုပ်စားသည့်တိုင် မိမိ၏ ကိုယ်ကျင့်တရား ကောင်းလှပါသည်ဟု သစ္စဆိုပြနေသူပေတကား။
သို့သော် အံ့သြစရာတော့ မဟုတ်ပေ။ ဤကမ္ဘာကြီးမှာပင် စည်းမျဉ်း၊ ဥပဒေများတော့ သူ့နေရာနှင့်သူ ရှိနေသေး၏။တချိူ့ အရာများသည် စကားထဲတွင် ထည့်ပြော၍ မကောင်းပေ။ ထို့ကြောင့် ပိုင်အုတို့ငါးယောက် သူ့လက်ထဲတွင်ရှိကြောင်း "ကူရှာပေးမယ်"ဟူသော စကားနှင် ဖော်ပြပြီးပြီဖြစ်၍ စုချန်းအနေနှင့် ထပ်မံ ဝန်ခံနေရန် မလိုတော့။ ထိုအခါ သူက စကားဆက်ပြန်၏။
"ဒုတိယအချက်အနေနဲ့ လူပျောက်ရှာတယ်ဆိုတာ အင်မတန် အလုပ်များတဲ့ ကိစ္စ ငွေတွေအများကြီးကုန်မယ် နောက်ပြီး ပျောက်သွားတဲ့ လူတွေကလည်း နှယ်နှယ်ရရ မဟုတ်ဘူး ချီစုဆောင်းခြင်းနယ်ပယ် ထိပ်တန်းအလွှာက လူတွေ ဒီလိုလူစားမျိူးတွေက်ို ထိရဲတို့ရဲတဲ့လူဟာ ဘာကိုမျှော်ကိုးသလဲဆိုတာ စဉ်းစားထားဖို့လိုတယ် ဒီတော့ သူတို့ကို ရှာဖွေဖို့ဆိုတာ ငွေကုန်လူပန်းမယ့်အပြင် တခြားအကူအညီတွေလည်း လိုကောင်းလိုလိမ့်မယ် ငါ့ထင်တာတော့ လူတယောက်ကို မူလကျောက်တုံး ငါးသောင်လောက်မှ အဆင်ပြေလိမ့်မယ်"
"ဘာကွ မင်း ဘာပြောလိုက်တာ..."
ဘဏ္ဍာစိုးငါးဦး၏ ပါးစပ်မှ အာမေဋိတ်သံများ သံပြိုင်ထွက်လာ၏။
မူလကျောက်တုံး ၅၀၀၀၀ဆိုပါကလား...
နေ့ခင်းကြောင်တောင် ဓားပြတိုက်ခြင်းပေတကား...
ချန်းဘဏ္ဍာစိုးကြီးက အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"သခင်လေးစုဟာ တော်ဝင်မျိူးနွယ်စု ငါးစုနဲ့ ရန်သူဖြစ်ရမှာကို တကယ်ပဲ မကြောက်ဘူးထင်တယ်"
"ဘဏ္ဍာစိုးကြီးချန်း...ခင်ဗျားဟာ အမှားကြီး လုပ်မိနေပြီပဲ"
စုချန်းက ပြောလိုက်သည်။ သူ့ပုံစံမှာ အလွန်အမင်း အံ့သြသင့်နေဟန်ပေါ်၏။
"မင်းတို့ရဲ့ သခင်လေးတွေကို ပြန်ပေးဆွဲထားတာ ငါမဟုတ်ဘူးကွ ဒီငွေတွေကိုလည်း ငါက မင်းတို့သခင်လေးငါးယောက်ကို ရှာဖွေတဲ့နေရာမှာ သုံးမှာ ဒီလိုမှမဟုတ်ပဲ ငါ့ကိုပဲ မင်းတို့ သံသယဝင်နေရင် ငါ့ဆရာရဲ့ မူလစွမ်းအင်မျှော်စင်ထဲ ဝင်ပြီး ရှာကြည့်ကြပါလား"
ငါးဦးသား တယောက်မျက်နှာကိုတယောက် ကြည့်မိကြပြန်သည်။ ရှီကိုင်းဟွမ်၏ မျှော်စင်ကို ရှာဖွေရန် လူအင်အားမည်မျှ လိုမည်နည်း။ ၎င်းမှာ ကောက်ရိုးပုံထဲ အပ်ရှာဖွေသည်နှင့်ပင် တူညီနေ၏။ အတင်းအကျပ် ဖိအားပေး၍ မရသောအခါ ဘဏ္ဍာစိုးငါးဦးသည် စုချန်းနှင့် ညှိုနှိုင်းဆွေးနွေးရတော့သည်။
မည်သို့ဆိုစေ စုချန်းကား မူလကျောက်တုံး ၅၀၀၀၀မှ တပြားသားပင် လျှော့မပေးလို။ လူငါးဦးအတွက် ထိုပမာလောက် သုံးရမည်ဟူသော စကားမှာ စုချန်း ညာနေခြင်းမဟုတ်။ သူသည် ပိုင်အုတို့ ငါးဦးကို စမ်းသပ်မှုအများအပြား ပြုလုပ်ခဲ့ပြီးသလို လက်ရှိတွင်လည်း စမ်းသပ်မှုများစွာ လုပ်ရန် ကျန်နေသေး၍ ငွေကုန်ကြေးကျ များလှသည် မဟုတ်ပါလား။
မြောက်ပိုင်းမြို့တော်တွင် နေထိုင်ခဲ့စဉ်က မူလကျေုာက်တုံး ၄၀၀၀၀၀အထိ စုချန်း စုဆောင်းနိုင်ခဲ့၏။ သို့သော် စုမျိူးနွယ်ကို ပေးခဲ့သည့်် မူလကျောက်တုံး အပါအဝင် ကုန်လွန်ခဲ့သော ရက်များအတွင်း မူလကျောက်တုံး ၁၀၀၀၀အထိ သူ သုံးခဲ့ပြီးပြီ။ ထို့ကြောင့် သူ့လက်ထဲတွင် မူလကျောက်တုံး ၃၀၀၀၀၀သာ ကျန်တော့၏။
ထို မူလကျောက်တုံး ၃၀၀၀၀၀အနက် တဝက်ခန့်မှာလည်း စမ်းသပ်မှုကုန်ကျစရိတ်ကြောင့် တဝက်သာ ကျန်ရှိတော့သည်။ ရှင်သန်ခြင်းကျောင်းတော်၏ ထောက်ပံ့မှုကြောင့်သာ စုချန်း၏ လက်ထဲတွင် မူလကျောက်တုံး ဤပမာဏအထိ ကျန်နေသေးခြင်း ဖြစ်သည်။ သို့မဟုတ်လျင် သူ၏ စုဆောင်းငွေအားလုံးမှာ တက်တက်စင်အောင် ကုန်သွားဖွယ်ရာ ရှိသည်။
ထို့ကြောင့် စုချန်းက ငွေရှာရန် အကြံထုတ်နေခြင်း ဖြစ်သည်။ ဖန်းဟွာနှင့် ပိုင်အုအပါအဝင် တခြားလူအားလုံးသည် စုချန်း၏ ငွေရှာရေးစီမံကိန်းတွင် သားကောင်းများသာ ဖြစ်ကြ၏။
ရှီကိုင်းဟွမ်သည် ဤမျှ များပြားသော စမ်းသပ်မှုများကို အဘယ်ကြောင့် မလုပ်ခဲ့သနည်း။ အဖြေမှာ ကျင့်ဝတ်ကြောင့်၊ ထူးခြားသော အမြင်အာရုံ မရှိ၍သောကြောင့်၊ လက်ရှိခေတ်သုံးမူလစွမ်းရည်များကို တန်ဖိုးထားသောကြောင့် မဟုတ်။ ငွေမရှိ၍သာ ဖြစ်သည်။ ထို့ပြင် သူသည် အလင်းတုန်ခါခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တယောက်ဖြစ်ပြီး သူ့ခေါင်းထဲတွင် သူ့ သုတေသနသာရှိ၏။ ငွေရှာနိုင်စွမ်းမရှိ။ အကယ်၍ ငွေရှာနိုင်စွမ်းရှိလျင်ပင် နေ့စဉ်နေ့တိုင်း ငွေကြေးစုဆောင်းနေရခြင်းသည် ခွေးတကောင်သဖွယ် သနားစရာကောင်းသည်ဟု သူက ယူဆထား၏။
ဤသည်မှာ အာရုံစိုက်ရမည်ဟူသော အချက်ကို လေးလေးနက်နက် ယုံကြည်ထားသော သူ့စိတ်ကူးစိတ်သန်းအပေါ်တွင်လည်း မူတည်နေ၏။ ငွေရှာခြင်းသည် အာရုံစိုက်သူတဦး၏ အလေ့အထ မဟုတ်။ ထို့ကြောင့် စုချန်းသည် ရှီကိုင်းဟွမ် လိုချင်သည့် တပည့်မျိူးမဟုတ်ဟု ဆိုနိုင်သည်။ စုချန်းကား အခွင့်အရေး ရလျုင် ရသလို ငွေရှာတတ်သူတဦးပင်။
အဖြေမှာကား ရှင်းနေခဲ့လေပြီ။ လူပြန်လိုချင်ချင် ငွေပေးရမည်။
မျိူးနွယ်စုငါးစုအနေနှင့် ငွေရှာခြင်းနှင့် အလုပ်ရှုပ်နေချိန်တွင် စုချန်း အချိန်ဖြုန်းနေမည်မဟုတ်။ လက်ကျန်စမ်းသပ်မှုများအား ဆက်လက် လုပ်ဆောင်နေမည်သာ။ ဘဏ္ဍာစိုးကြီးများအဖို့ ရွေးစရာလမ်းမရှိတော့။ ထိုအခါ သူတို့ငါးဦးသည် ငွေးကြေးရနိုင်မည့် နည်းလမ်းတချိူ့ ရှာဖွေရန် မိမိတို့၏ အိမ်တော်အသီးသီးဆီသို့ အသော့ကလေး ပြန်သွားကြကုန်၏။
မူလကျောက်တုံး ၅၀၀၀၀ဟူသော ပမာဏမှာ မနည်းသော်လည်း တော်ဝင်မျိူးနွယ်စုတစုကို ပျက်စီးသွားစေနိုင်သည့် ပမာဏမျိူးတော့မဟုတ်။ သို့သော် ကျေးကျွန်တယောက်အတွက်မူကား ထိုပမာဏမှာ ဝန်ထုပ်ဝန်ပိုးတခုပင်။ သို့သော် ထိုထက်ပို၍ အရေးကြီးသည်မှာ ဖြစ်ပျက်ပုံအကြောင်းချင်းရာကို ဘဏ္ဍစိုးများအနေနှင့် သူ့အရှင်သခင်များထံ ပွင့်ပွင့်လင်းလင်း သတင်းမပို့ရဲခြင်းပင်။ သတင်းပို့လိုက်ပါကလည်း အရှင်သခင်များ၏ ဒေါသကြောင့် သူတို့ အသက်ပျေုာက်သွားနိုင်၏။ ထိုအခါ သူတို့အနေနှင့် လုပ်စရာ တခုသာရှိတော့သည်။ ငွေရအောင်စုပြီး ဖမ်းဆီးခံထားရသူများကို ပြန်ရွေးပြီးခါမှ အရှင်သခင်များကို အကြောင်းစုံ ပြောပြရန်ပင်။
မထွက်ခွာမီ ဘဏ္ဍာစိုးချူ ပ်ယုက ပြောလိုက်သည်။
"ကျူ ပ်တို့ ငွေရအောင် စုပြီး ပြန်လာခဲ့မယ် ဒီကြားထဲ ကျူပ်တို့သခင်လေးတွေ ဘာမှ ဖြစ်မသွားဖို့ မျှော်လင့်တယ်"
စုချန်းက အေးဆေးသောလေသံနှင့် ပြောလိုက်သည်။
"ကောင်းကင်ဘုံက ဖြောင့်မတ်တဲ့သူတွေကို ဆုချတတ်တယ် ကျုပ်ရဲ့ အတန်းဖော်သူငယ်ချင်းငါးယောက်ဟာ တနေရာရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိနေလိမ့်မယ်လို့ ကျူ ပ်ယုံကြည်တယ် သူတို့ရဲ့ ကျင့်စဉ်လမ်းကြောင်းကိုလည်း သိပ်ပြီး ဆိုးဆိုးရွားရွား ထိခိုက်စရာ မရှိဘူးထင်တာပဲ"
စုချန်း၏ စကားကို ကြားလိုက်မှ ဘဏ္ဍာစိုးငါးဦးလည်း အတော်စိတ်သက်သာသွား၏။ စုချန်းအနေနှင့် ငွေကိုသာ အဓိကလိုချင်သည်ဟု သူတို့ယုံကြည်ထား၏။ ဤအတိုင်းဆိုလျင် သူတို့၏ သခင်လေးများ ဘေးကင်းဖို့ သေချာပေပြီ။ သို့မှာသာ သူတို့လည်း စိတ်အေးလက်အေးနှင့် ငွေရှာနိုင်မည် မဟုတ်ပါလား။
သူတို့အားလုံး ထွက်ခွာသွားသည်နှင့် စုချန်းက စမ်းသပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်။ စမ်းသပ်ကုတင်ပေါ်တွင် ကျန်းကျူံးယွဲ့တယောက် အစင်းသား လဲလျောင်းလျက် ရှိသည်။ စုချန်းကိုကြည့်နေသည့် သူ့မျက်လုံးထဲတွင် ကြောက်လန့်သည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ ယခုတိုင် ပါးစပ်ရွဲ့နေသောကြောင့် သူ့ခမျာ စကားမပြောနိုင်။ပါးစပ်မှ အမြှုပ်များသာ တစီစီ ထွက်လျက်ရှိသည်။
ကျန်းကျူံးယွဲ့ကိုကြည့်ရင်း စုချန်းက ငြင်သာစွာ ပြုံးလိုက်သည်။
"ဂုဏ်ယူပါတယ် မင်းရဲ့ မျိူးနွယ်ဝင်တွေ မင်းကို လာရှာတယ် ခု သူတို့ ငွေသွားစုတယ် သိပ်မကြာခင် မင်း အိမ်ပြန်နိုင်တော့မယ်"
စုချန်း၏ စကားကြောင့် ကျန်းကျူံးယွဲ့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အငွေ့အသက်များ ပေါ်ပေါက်လာ၏။
"ဝိုး တယ်ဟုတ်ပါလား ခုချိန်ထိ စိတ်ဘယ်လိုလှုပ်ရှားရမယ်ဆိုတာ မှတ်မိနေတုန်းပဲကိုး ကြည့်ရတာ မင်းရဲ့အသိစိန်ကို ငါကောင်းကောင်း မထိန်းချူ ပ်နိုင်သေးဘူးနဲ့ တူတယ် မင်းသိတဲ့အတိုင်း အဖြစ်အပျက်တခုလုံးဟာ အိပ်မက်ပဲကွ မင်းဟာ ဆေးဝါးတွေရဲ့ဒဏ်ကြောင့် ထင်ယောင်ထင်မှား ဖြစ်နေတာ ခုမြင်နေရကြားနေရတာတွေဟာ အစစ်မဟုတ်ဘူး ခုချိန်ထိ မင်းဟာ ငါ့ရဲ့ ထိန်းချူ ပ်မှုအောက်မှာပဲ ရှိနေသေးတယ် မင်းရဲ့ ဆွေမျိူးတွေဆိုတာလည်း အစစ်မဟုတ်ဘူး မင်းရဲ့အသိညဏ်ကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ နတ်ဆိုးတွေပဲ ဒါကြောင့် မင်းအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် သန်မာမှရမယ် ငါပြောတာ နားလည်ရဲ့လား"
စုချန်းသည် ကျန်းကျူံးယွဲ့အား ဆေးရည်တမျိူးကို တိုက်ကျွေးရင်း ငြင်သာသော လေသံနှင့် စကားဆက်ပြန်သည်။
"ငါပြောတာ မြဲမြဲမှတ်ထား မင်း မြင်နေရကြားနေရတာတွေ အကုန်လုံးဟာ အိပ်မက်ပဲ ဒါပေမဲ့ မင်းရဲ့ မှတ်ညဏ်ထဲက စုချန်းကတော့ အိပ်မက်မဟုတ်ဘူး သူဟာ မင်းရဲ့ ကံကြမ္မာပဲ သူ့ကို ဆန့်ကျင်တာဟာ ကံကြမ္မာကို ဆန့်ကျင်တာနဲ့ အတူတူပဲ ဒါကြောင့် သူ့ကိုဆန့်ကျင်ဖို့ မင်းကို လာရောက်သွေးဆောင်သမျှ လူတွေအကုန်လုံးဟာ နတ်ဆိုးတွေပဲ ကြားရဲ့လား နတ်ဆိုးတွေ...နတ်ဆိုးတွေ"
"နတ်ဆိုးတွေ....နတ်ဆိုးတွေ..."
ကျန်းကျူံးယွဲ့၏ သွားကြားထဲမှ အသံထွက်ပေါ်လာသည်။ ဆေးရည် ဝင်သွားသည်နှင့် သူ့မျက်လုံးများမှာ ဝိုင်းဝိုင်းလည်နေ၏။
"ဟုတ်တယ် နတ်ဆိုးတွေ နတ်ဆိုးတွေ..."
စုချန်းက ငြင်သာသော လေသံနှင့် ပြောလိုက်သည်။ သူမျက်လုံးများမှာ အလွန် စူးရှတောက်ပနေ၏။