မိမိအင်အားကို ပြန်လည်စစ်ဆေးခြင်း ၁
Vol. 19 Ch. 188
တစ်လဟူသော အချိန်သည် လျင်လျင်မြန်မြန်ပင် ကုန်ဆုံးသွား၏။ ထိုအတော အတွင်းတွင် ဘဏ္ဍာစိုး ငါးယောက်သည် စုချန်းအား အကြိမ်ပေါင်းများစွာ လာရောက် တွေ့ဆုံခဲ့သည်။ ငွေကြေးပမာဏကို လျော့ပေးလို လျော့ပေးငြား၊ သို့တည်းမဟုတ် အချိန် တိုးပေးလို တိုးပေးငြား လာရောက် ပြောဆိုကြခြင်းပင်။
ထိုအခါ စုချန်းက ငွေပမာဏကိုတော့ မလျှော့နိုင်၊ သို့သော် အချိန် တိုးပေးမည် ဖြစ်ကြောင်း ပြောလိုက်၏။ ဤသို့နှင့် သူသည် စမ်းသပ်မှုများအား စိတ်အေးလက်အေး လုပ်ဆောင်နိုင်ပြီ မဟုတ်ပါလား။
ခါတိုင်းကဲ့သို့ပင် ဤယနေ့တွင်လည်း စုချန်းသည် ပိုင်အုကို စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ သွေးဗီဇနှိုးဆွပေးသည့် ဆေးအား သောက်ပြီးသည်နှင့် ပိုင်အု၏ သွေးဗီဇသည် စတင် ဆူပွက်စပြုလာ၏။ ထိုအခါ စုချန်းက ပိုင်အုကိုယ်တွင်းရှိ စွမ်းအင် စီးဆင်းမှုကို ဂရုတစိုက် လေ့လာကာ ထိုလှုပ်ရှားမှုအတိုင်း အတုခိုး လုပ်ဆောင် ကြည့်လိုက်သည်။
ထိုအခိုက်မှာပင် စုချန်းသည် တဆတ်ဆတ် တုန်ယင်လာပြီး ပျားအော်သံကဲ့သို့ တဝီဝီ မြည်သံတစ်ခု သူ့ကိုယ်တွင်းဆီမှ ထွက်ပေါ်လာ၏။ ထူးဆန်းသော မြည်သံနှင့်အတူ အမည်မသိ အရာတစ်ခု နှလုံးသွေးခုန် သကဲ့သို့ တုန်ခါနေသည်။ ထိုအခါ စုချန်းသည် ထူးဆန်းပြီး ဖော်ပြရန် ခက်ခဲသော အထိအတွေ့ တစ်ခုကို ခံစားနေ ရတော့သည်။
အရောင်လဲ့နေသော စုချန်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ပေါ်လာသည်။
မြတ်စွာဘုရား ... နောက်ဆုံးတွင် သူ အောင်မြင် သွားခဲ့ချေပြီတကား ...
မျက်စေ့တမှိတ် အတွင်းတွင် သူသည် ဗလာမျက်ရည် မိုးကြိုးဝိညာဉ် သွေးဗီဇ၏ ကန့်သတ်ချက်ကို ထိုးဖောက်နိုင်ခဲ့လေပြီ။ ၎င်းမှာ မြူခိုးကြားထဲမှ မြွေခြေလှမ်း ကဲ့သို့ပင် နောက်ထပ် သွေးဗီဇ ကန့်သတ်ချက် တစ်ခုကို ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြွေခြေလှမ်းနှင့် မတူသည်မှာကား ဤတစ်ကြိမ်တွင် သူသည် မည်သည့် မူလပစ္စည်း၏ အကူအညီကိုမှ ယူရန် မလိုခဲ့ခြင်းပင်။ မိုးကြိုးဝိညာဉ် သတ္တဝါဆိုးများသည် သဘာဝလွန် သတ္တဝါဆိုးများ ဖြစ်ကြပြီး ပြင်ပ အစားအသောက် များအား မစားကြပေ။ ကိုယ်ပိုင် အလင်းရောင် အဆီအနှစ်ထံမှ စွမ်းရည်အပေါ် မှီခို နေထိုင်ကြသော သတ္တဝါဆိုးများပင်။ ထို့ကြောင့် စုချန်းအနေနှင့် သင့်လျော်သော မူလပစ္စည်းကို ရှာဖွေရန် မဖြစ်နိုင်သော်လည်း ၎င်းမှ လူ့ကိုယ်ခန္ဓာအပေါ် သက်ရောက်ပုံကိုကား မြင်တွေ့ နိုင်ခဲ့လေသည်။ ထို့ကြောင့်ပင် အောင်မြင်စွာ တုပနိုင်ခဲ့ခြင်း ဖြစ်သည်။
ခပ်တိုးတိုး မြည်သံသည် တုပမှု အောင်မြင်ခြင်း၏ အမှတ်အသားပင်။ ထိုအသံသည် မိုးကြိုးဝိညာဉ် မူလစွမ်းရည်များ၏ အခြေခံအုတ်မြစ်ဟု ဆိုနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် ဗလာမျက်ရည်မိုးကြိုးဝိညာဉ်ပေါက်ကွဲခြင်းသည် ထိုအသံပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ယခုအခါ ၎င်းကို ထိန်းချူပ်နိုင်ပြီ ဖြစ်၍ စုချန်း၏ မိုးကြိုးဓားသည် ပို၍ ပြင်းထန် အားကောင်းလာပြီး သွေးဗီဇတစ်ဝက် ပါသူတစ်ယောက်၏ အဆင့်အတန်းသို့ ရောက်သွားခဲ့လေပြီ။
ပိုင်အုသည် တော်ဝင်မျိုးနွယ်စုဝင် ဖြစ်သော်ငြား သူ၏ သွေးဗီဇမှာကား အကန့်အသတ်နှင့်သာ နိုးထလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်ပွဲဝင် စွမ်းရည်မှာလည်း ကန့်သတ်ချက် ရှိ၏။ အတိအကျ ဆိုရလျှင် ပိုင်အု၏ စွမ်းရည်သည် သွေးဗီဇတစ်ဝက်ပါသူ တစ်ယောက်၏ အမြင့်ဆုံး စွမ်းဆောင်ရည် တွင်သာ ရှိနေသည်။ ထို့ကြောင့် စုချန်းသည် မိုးကြိုးဓား မူလစွမ်းရည်ကို ပိုင်အု၏ အနေအထားထိ ထုတ်သုံးနိုင်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုအခါ စုချန်းက လက်တစ်ဖက်ကို မြောက်ပြီး လေထဲသို့ ရိုက်ထုတ် လိုက်သည်။ ပိုင်အု၏ ညာဖက်နားဘေးတွင် မိုးကြိုးသံ မြည်ဟိန်းလာပြီး ပိုင်အုတစ်ယောက် မျက်ဖြူလန်ကာ သတိမေ့ သွားရှာတော့သည်။
"မဆိုးဘူး"
စုချန်း အလွန် ကျေနပ် အားရသွား၏။ မိုးကြိုးဓားသည် ပေါက်ကွဲနေသော မီးလျှံငှက်လောက်တော့ အင်အားအရာတွင် မပြင်းထန်။ သို့သော် သူ့အားသာချက်က မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ပြီး ရန်သူ၏ အသိညဏ်ကို အကျိုးသက်ရောက်စေခြင်း ဖြစ်သည်။ အဆက်မပြတ် ထုတ်သုံးလိုက်သော အခါတွင်ကား သူ့စွမ်းရည်မှာ မီးလျှံငှက်ထက် မနိမ့်ပေ။
ထို့ကြောင့် ကိုယ်ပျောက်ပိုက်ကွန်၊ မီးလျှံငှက်တို့ကိုပါ ထည့်ပေါင်းလိုက်လျှင် စုချန်းတွင် သွေးဗီဇ မူလစွမ်းရည်များကို ယှဉ်နိုင်သည့် မူလစွမ်းရည် သုံးမျိုးအထိ ပိုင်ဆိုင်ထားခဲ့ပြီဟု ဆိုနိုင်သည်။ ထိုအဆင့်အတန်းသည် အဆင့်မြင့် သားရဲသတ္တဝါဆိုးများကို ယှဉ်နိုင်လောက်သည့် စွမ်းရည်မျိုး ဖြစ်သည်။
တစ်စုံတစ်ယောက်၏ သွေးဗီဇနိုးထမှု အခြေအနေ၊ သွေးဗီဇ အရည်အသွေးပေါ် မူတည်ပြီး သွေးဗီဇ မူလစွမ်းရည်ကို ဆုံးဖြတ်၏။ ရှီကိုင်းဟွမ်၏ တပည့်တစ်ယောက် ဖြစ်သည်နှင့်အညီ စုချန်းသည် သွေးဗီဇ ပိုင်ဆိုင်ထားသူများ၏ အင်အားကို ကောင်းကောင်းကြီး ခန့်မှန်း တွက်ချက်နိုင်၏။ ထို့ကြောင့် ပိုင်အု သို့မဟုတ် ဂျီဟန်းယင်ပင်လျှင် ဤကမ္ဘာကြီးတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိရန် များစွာလိုသေးကြောင်း စုချန်း သိသည်။ သူတို့၏ အဆင့်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့လျင်ပင် ဘာမှ အံ့သြစရာ မရှိသေး။ ထို့ကြောင့် စုချန်းသည် ခရီးရှည်ကြီးကို ဆက်လျှောက်ရဦးမည်သာ။
မည်သို့ဆိုစေ မိုးကြိုးဓား၏ အင်အားကိုကြည့်ပြီး စုချန်း ပျော်ရွှင်မိသည်မှာတော့ အမှန်ပင်။
"အင်း ခုနေ အကြိမ်တစ်ရာ ပြန်လည်စစ်ဆေးသူများ ခန်းမကို သွားပြီး စမ်းသပ်လိုက်ရင် ဘယ်လိုနေမလဲ မသိဘူး"
အင်အားတိုးလာသည့် အလျောက် မိမိ၏ အင်အားကို စမ်းသပ်လိုစိတ်များ ပေါ်လာမည်မှာ ဓမ္မတာသာ။ ထို့ကြောင့် စုချန်းက ပြန်လည်စစ်ဆေး သူများခန်းမသို့ သွားရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။
ခန်းမရှေ့စားပွဲပေါ်တွင် ပထမအကြိမ်က ပိန်ပိန်နှင့် ကျောင်းသားပင် ရှိနေ၏။ ၎င်းကလည်း စုချန်းကို မှတ်မိနေဟန် ပေါ်သည်။ စုချန်းကို မြင်သည်နှင့် သူ့ပုံစံမှာ စိတ်အား ထက်သန်ဟန်များ ပေါ်လာသည်။ စုချန်းကား အချိန်မဆွဲ။ ခန်းမအတွင်း ရောက်သည်နှင့် စတုတ္ထမြောက် တံခါးရှေ့တွင် မတ်တတ် ရပ်လိုက်သည်။
လွန်ခဲ့သော တစ်နှစ်အတွင်း စုချန်းသည် သုတေသန လုပ်ငန်းများနှင့်သာ တစ်ချိန်လုံး အချိန်ကုန်နေခဲ့၏။ ထို့ကြောင့် ကိုယ်ခန္ဓာစွမ်းအင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် သူအတော်လေး အားနည်း သွားခဲ့ရသည်။ ယခုအချိန်ထိ သူသည် အဝါရောင်ကြယ် ၅၂လုံးနှင့်အတူ ချီစွမ်းအား စုဆောင်းခြင်း နယ်ပယ် အဆင့်၅ အလွှာတွင်သာ ရှိနေသေးသည်။ သို့သော် အားသာချက်အနေနှင့် သူသည် မူလစွမ်းရည်များကို ပိုမို ထိန်းချူပ်နိုင်သလို ပိုမို ရင်းနှီးလာ၏။
စတုတ္ထမြောက်တံခါးမှ ဝင်လိုက်သည်နှင့် စုချန်းသည် ထုံးစံအတိုင်း ကန္တာရထဲသို့ ရောက်သွားပြန်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေခိုက်မှာပင် အဆင့်နိမ့် သတ္တဝါဆိုး လေးကောင်က စုချန်းအား ဝင်ရောက် တိုက်ခိုက်လာ၏။ ပုံရိပ်ယောင်မှန်း သိသော်လည်း ထိုသတ္တဝါများ၏ ပုံစံက ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ သို့သော် သတ္တဝါများ ဝင်တိုက်မည့် ဟန်ပြင်ကတည်းက စုချန်းကား ဗျူဟာမြောက် နောက်ဆုတ်ခဲ့ပြီးလေပြီ။
ထို့နောက် သူက လက်ထဲရှိဓားကို မြောက်ကာ လေထဲသို့ လေးကြိမ်တိတိ ထိုးလိုက်၏။ ဓားရောင်များ ဝင်းလက်သွားပြီး မိုးခြိမ်းသံများ ညံလာကာ အသံလှိုင်းသည် ရှေ့သို့ ပျံသန်းသွား၏။ ထိပ်ဆုံးမှ ခုန်ဝင်လာသော သတ္တဝါဆိုးကြီးသည် အသံလှိုင်းကြောင့် နောက်ဘက်သို့ လွင့်စင်သွားပြီး နောက်မှ ကျန်သုံးကောင် သည်လည်း နာကျင်စွာ အော်ဟစ် လိုက်ကြသည်။ ဗလာမျက်ရည် မိုးကြိုးပေါက်ကွဲခြင်းသည် ဝိညာဉ်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေရာ သူတို့အနေနှင့် ဆက်လက် ရပ်တည်နိုင်ရန် ခဲယဉ်း၏။ အကြိမ်တစ်ရာ ပြန်လည် စစ်ဆေးသူများ ခန်းမအတွင်းရှိ ပုံရိပ်ယောင်များသည် တကယ်ပင် အစစ်နှင့် တူလှ၏။ ဝိညာဉ် တိုက်ခိုက်မှုများသည်ပင် သူတို့အပေါ် သက်ရောက်နိုင်စွမ်း ရှိချေသည်တကား။
မိုးကြိုးပေါက်ကွဲမှုကြောင့် သတ္တဝါလေးကောင်လုံး အပြင်းအထန် နာကျင်သွားကြဟန် တူသည်။ သို့သော် ၎င်းတို့သည် ကြောက်ရွံ့ဟန်မပြပဲ ပို၍ပင် ဒေါသထွက်လာ ဟန်ရှိ၏။ ခေါင်းကို မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး စုချန်းထံသို့ နောက်တစ်ကြိမ် ခုန်ဝင် လာကြပြန်သည်။ သတ္တဝါဆိုးများ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရသော်လည်း စုချန်းမှာကား တောင်ကြီး တစ်တောင်ကဲ့သို့ မလှုပ်မရှားပဲ ရှိနေ၏။ သတ္တဝါဆိုးများကား တဖြည်းဖြည်း နီးကပ်လာပေပြီ။
ထိုအခိုက်မှာပင် စုချန်းက ပါးစပ်ကိုဖွင့်ကာ အော်ဟစ် လိုက်သည်။ မိုးခြိမ်းသံ ကဲ့သို့သော အော်သံကြောင့် သတ္တဝါဆိုး လေးကောင်စလုံး လေထဲမှပင် ရပ်တန့်ကုန်၏။ ထိုအချိန်တွင် စုချန်းက ဓားကို ဝေ့ယမ်းလိုက်ရာ သင်တုန်းဓားကဲ့သို့ ချွန်မြဟန် တူသည့် အလင်းရောင်တစ်ချက် စူးခနဲ ထွက်ပေါ်လာပြီး သတ္တဝါများ၏ ကိုယ်ခန္ဓာကို ဖြတ်သန်းသွား၏။ အလင်းရောင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သတ္တဝါဆိုးကြီး လေးကောင်သည် ထက်ပိုင်း ပြတ်သွားပြီး လေထဲမှာပင် ပျောက်ကွယ် သွားတော့သည်။
အဆင့်မြှင့်တင်ထားသည့် မိုးကြိုးဓားက သတ္တဝါဆိုးလေးကောင်ကို တစ်ချက်တည်းနှင့် ဇီဝိန်ချွေလိုက်ခြင်းပင်။ အတော်လေး အင်အားပြင်းထန်သည်ဟု ဆိုရမည်။
နောက်ထပ် မည်သည့် သတ္တဝါဆိုးမှ ထွက်ပေါ်လာခြင်း မရှိတော့။ စုချန်းသည်လည်း ခန်းမအတွင်းသို့ ပြန်လည်ရောက်ရှိလာ၏။
အခန်းပြင်သို့ ရောက်သည်နှင့် ဤတစ်ကြိမ်တွင် အမှတ်၅၀တိတိ ရရှိလိုက်ကြောင်း စုချန်း တွေ့ရှိလိုက်သည်။ ထိုအခါ ပြန်လည်စစ်ဆေးသူများ ခန်းမတွင် သက်ဆိုင်ရာ ကျောင်းသား၏ စာသင်နှစ်အလိုက် အမှတ်များ ပေးထားကြောင်း စုချန်း သတိရလာသည်။ ကျောင်းသားတိုင်း လိုလိုသည် ၎င်းတို့၏ စာသင်နှစ်နှင့် ကိုက်ညီသည့် အခန်းများကို ရှင်းလင်းနိုင်ပါက ၂၅မှတ် သို့မဟုတ် အမှတ်၅၀စီ ရရှိနိုင်သည်။ အပိုဆောင်းအမှတ်များ ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ သတ်မှတ်ထားသော အချိန်တွင် သတ်မှတ်ထားသော အခန်းကို စနစ်တကျ ရှင်းလင်း သွားရန်သာ ဖြစ်သည်။
စုချန်းသည် ဒုတိယနှစ် ကျောင်းသားဖြစ်၍ စတုတ္ထအခန်းကို ရှင်းလင်းရာတွင် ရမှတ်၅၀တိတိ ရရှိခဲ့၏။ အကယ်၍ သူ့အနေနှင့် ဤတခန်းတည်းကို နှစ်ကြိမ် ကြိုးစားခဲ့လျှင် အမှတ် ၅၀ မရနိုင်တော့။ ၂၅မှတ်သာ ရရှိပေတော့မည်။ အမှန်တော့ စတုတ္ထအခန်းကို နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲ မတိုင်မီ ရှင်းလင်းရန် စုချန်း စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် အလုပ်များလွန်း၍ ထိုကိစ္စကို မေ့လျော့ နေခဲ့မိသည်။
ထိုအခါ ခေတ္တမျှ စဉ်းစားဟန်ပြုပြီး စုချန်းက ပြောလိုက်သည်။
"ကြည့်ရတာ အဆင့်မကျော်ပဲ အပိုဆောင်းအမှတ် မရတော့ဘူးနဲ့တူတယ် ကျူ ပ် ပဉ္စမအခန်းကို စမ်းကြည့်မယ်"
"မင်းလုပ်နိုင်မှာ သေချာပါတယ်"
ပိန်ရှည်ရှည်ကျောင်းသားက ရယ်မောကာ ပြောလိုက်သည်။
ပဉ္စမအခန်းတွင် အလယ်အလတ် အဆင့် သားရဲသတ္တဝါဆိုးများ ရှိနေ၏။ အလယ်အလတ် အဆင့် သားရဲသတ္တဝါဆိုး တစ်ကောင်သည် ချီစုဆောင်းခြင်း နယ်ပယ် အဆင့်မြင့် အလွှာရှိ ချီစွမ်းအား ပညာရှင် တစ်ယောက်နှင့် ညီမျှ၏။ အကြောင်းမှာ နဂါးကျောင်းတော်၏ အမြင်တွင် တတိယနှစ် ကျောင်းသား တစ်ယောက်သည် ချီစုဆောင်းခြင်း နယ်ပယ် အဆင့်မြင့် အလွှာရှိ ချီစွမ်းအားပညာရှင် အဆင့် ရှိသင့်သည်ဟု ယူဆထားသည် မဟုတ်ပါလား။
စုချန်းသည် ယခင်က အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးများနှင့် ရင်ဆိုင်ဖူး၏။ သို့သော် ထိုအချိန်က သူတစ်ယောက်တည်း မဟုတ်။ ဘေးနားတွင် သံမဏိ ရှိနေခဲ့သလို သူကိုယ်တိုင်လည်း လက်နက် အပြည့်အစုံ ပါသည်။ ယခုတော့ တစ်ယောက်တည်း ရင်ဆိုင် ရပေတော့မည်။ နဂါးကျောင်းတော်တွင် မည်သည့် အထောက်အကူ ပစ္စည်းမှ မသုံးရဟု ကန့်သတ်ထားသည် မဟုတ်ပါလား။ ထို့ကြောင့် စိမ်ခေါ်မှုသည် ယခင်ထက် အဆပေါင်းများစွာ ပို၍ ခက်လာသည်ဟု ဆိုနိုင်၏။
မည်သို့ဆိုစေ စုချန်းသည် ဤတစ်ကြိမ်တွင်လည်း ပဉ္စမအခန်းကို အောင်မြင်စွာ ရှင်းလင်း နိုင်ခဲ့ပြန်သည်။ အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးများကို အနိုင်ယူခဲ့ခြင်းကြောင့် စုချန်း၏ အဆင့်သည် ချီစုဆောင်းခြင်း နယ်ပယ် အဆင့်မြင့်အလွှာသို့တိုင် ရောက်ရှိနေခဲ့ပြီမှန်း သိသာနေခဲ့လေပြီ။
ပဉ္စမအခန်းမှ စုချန်း အမှတ်၁၀၀ ရလိုက်၏။ တတိယနှစ်ရောက်မှ ဤအခန်းကို လာရှင်းလျင် စုချန်းအဖို့ ၂၅မှတ်သာ ရရှိပေလိမ့်မည်။ ပဉ္စမအခန်းကို ရှင်းပြီးသည်နှင့် ဆဌမအခန်းကို ရှင်းနိုင်သူ ဘယ်နှစ်ယောက် ရှိသလဲဟု စုချန်းက မေးလိုက်သည်။ ပိန်ရှည်ရှည် ကျောင်းသားက စာအုပ်ကို လှန်လှော်ကြည့်ရှုရင်း ဖြေလိုက်သည်။
"စုစုပေါင်း ၂၅ယောက် ရှိပါပြီ"
၂၅ယောက်တောင် ရှိပြီ ဆိုပါကလား ...
လူတိုင်းလိုလိုသည် ခန့်မှန်းရခက်အောင် အလျင်အမြန် တိုးတက်နေကြောင်း သိသာ နေခဲ့လေပြီ။ ထိုအခါ စုချန်းက ထပ်မေးလိုက်သည်။
"ဆဋ္ဌမအခန်းထဲမှာ ဘာတွေရှိသလဲ ခင်ဗျား သိလား"
"အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးတွေ ရှိတယ်"
စုချန်းက မိမိ၏ အင်အားနှင့် တိုက်ခိုက်ရေး စွမ်းရည်အပေါ် မူတည်ပြီး ဆဋ္ဌမ အခန်းကို ရှင်းနိုင် မရှင်းနိုင် တွက်ဆကြည့်၏။ ထိုအခါ အလယ်အလတ်အဆင့် သားရဲသတ္တဝါ ဆိုးများကို ဝိညာဉ်မျက်လုံးနှင့် ဝိညာဉ်အမြစ်တွယ်ခြင်း နည်းစနစ်ကို အသုံးပြုကာ ယာယီထိန်းချူပ် ထားခိုက် မီးလျှံငှက်ကို သုံး၍ အဆင့်နိမ့် သတ္တဝါများကို ရှင်းပစ်နိုင်ကြောင်း သူတွေးတော မိလေသည်။ ဤအတိုင်းသာ ဆိုပါက ကျန်ရှိသော အလယ်အလတ်အဆင့် သတ္တဝါဆိုးများကို စိတ်အေးလက်အေးနှင့် ရင်ဆိုင် နိုင်ပေလိမ့်မည်။ အထပ်ထပ်အခါခါ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
"ဆဋ္ဌမအခန်းထဲ ကျူပ်ဝင်မယ်"
ပိန်ရှည်ရှည် ကျောင်းသားက လက်ခုပ် လက်ဝါးတီးကာ ရယ်မောလိုက်၏။
"မင်းလုပ်နိုင်မယ်ဆိုတာ ငါသိပြီးသားပါကွာ"
သို့သော် အခန်းထဲသို့ ရောက်သော အခါတွင်ကား စုချန်း မျက်လုံးပြူး သွားတော့သည်။
အကြောင်းမှာ ပိန်ရှည်ရှည်လူ ညွှန်းလိုက်သည့် အလယ်အလတ်အဆင့် သားရဲ သတ္တဝါဟူသည် ကြမ်းကြုတ် ရက်စက်လှသော သတ်ဖြတ်သူမျိုး စိတ်ဝင်တစ်ဦးကို ရည်ညွှန်း ထားသောကြောင့် ပင်တည်း။