← Chapters

မိမိအင်အားကို ပြန်လည်စစ်ဆေးခြင်း ၂

Vol. 19 Ch. 189

မိမိအင်အားကို ပြန်လည်စစ်ဆေးခြင်း ၂

Vol. 19 Ch. 189

စုချန်း၏ရှေ့တွင် ဝုန်းခနဲ ပေါ်ပေါက်လာသော သတ်ဖြတ်သူမျိုး စိတ်ဝင်သည် အရပ် ၂မီတာခန့် ရှည်ပြီး သန်မာထွားကျိုင်းလှသော ဧရာမ လူ့ဘီလူးကြီး ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းသည် လူပုံသဏ္ဌာန်ရှိသော ဝက်ကြီးတစ်ကောင် ကဲ့သို့ပင်။ ၎င်း၏ ကိုယ်ခန္ဓာပေါ်တွင် သားရဲသတ္တဝါဆိုး အရေခွံကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင်လည်း အမာရွတ်များ ပြည့်နေ၏။ အဝတ်မပါသော ကိုယ်ခန္ဓာ အပေါ်ပိုင်းသည် ကြွက်သား အမြောင်းမြောင်းနှင့် တောင့်တင်း သန်မာလှသည်။ ၎င်း၏ ပါးစပ်မှ ချွန်ထွက်သော သွားစွယ်ကြီးနှစ်ချောင်းမှာ အပြင်သို့တိုင် တိုးထွက်နေ၏။

၎င်း၏ ကျောပေါ်တွင် ကြီးမားလှသည့် စစ်သုံး ပုဆိန်ကြီးတစ်လက်ကို လွယ်ထား၏။ ပုဆိန်မှာလည်း ခုတ်ရာထစ်ရာ ဗလပွနှင့်။ သို့သော် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်မျိုးကား ယခုတိုင် ပေါ်ထွက်နေဆဲပင်။

၎င်း၏ ခြေရင်းတွင်ကား အမဲရောင်ကျားသစ် တစ်ကောင် ဝပ်စင်းလျက် ရှိသည်။ ပိန်ရှည်ရှည်လူ ရည်ညွှန်းလိုက်သည့် အဆင့်နိမ့် သတ္တဝါဆိုး ဟူသည်မှာ ထိုကျားသစ်ပင် ဖြစ်ပေလိမ့်မည်။ ကျားသစ်သည် အိမ်မွေးကြောင် တစ်ကောင်သဖွယ် ကျုံးနွံစွာနှင့် စုချန်းကို စိုက်ကြည့်လျက် ရှိ၏။

မြင်ကွင်းကိုကြည့်ပြီး စုချန်း ကျိန်ဆဲမိတော့သည်။

သေစမ်း …

သတ်ဖြတ်သူမျိုး စိတ်ဝင်များဟူသည် အလွန်စရိုက်ကြမ်းပြီး ရက်စက် ကြမ်းကြုတ်သူများ ဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော ခွန်အားမျိုးကို ပိုင်ဆိုင်ထားကြပြီး သားရဲ သတ္တဝါဆိုး များကဲ့သို့ ကြောက်မက်ဖွယ် ကိုယ်ခန္ဓာမျိုးရှိကြ၏။ များသောအားဖြင့် သတ်ဖြတ်သူမျိုး စိတ်များသည် အရပ်ရှည်သည်။ ကိုယ်ခန္ဓာကြီးသည်။ ရှည်လျား ချွန်ထက်သော သွားများ ကိုယ်စီ ရှိကြသည်။ ကိုယ်ခန္ဓာကြီးမားသလောက် ဒေါသလည်း အလွန်ကြီးကြ၏။

ဒဏ္ဍာရီများအရ အနှီမျိုးစိတ်ဝင်များသည် လူသားတို့နှင့် သတ္တဝါဆိုးတို့ ပေါင်းစပ်ရာမှ ပေါ်ထွန်းလာသည်ဟု ဆိုသော်လည်း တကဲ့ လက်တွေ့တွင်ကား ကွာခြားလှသည်။

သတ်ဖြတ်သူမျိုး စိတ်ဟူသည် တခြားမည်သည့်မျိုး စိတ်နှင့်မှ ပတ်သက်ခြင်း မရှိပဲ သီးခြား နေထိုင်ကြသူများ ဖြစ်ပြီး ကိုယ်ပိုင် သမိုင်းကြောင်း ရှိကြသူများ ဖြစ်သည်။ ၎င်းတို့သည် လူသား များကဲ့သို့ပင် ခြေနှစ်ချောင်း လက်နှစ်ချောင်းပါပြီး မတ်တတ် လျှောက်ကြ၏။ သို့သော် ထိုပုံသဏ္ဌာန်မှာ ဆင့်ကဲဖြစ်စဉ်တွင် သိပ်ပြီး ထူးခြားလှသည့် ကိစ္စမဟုတ်။ အကြောင်းမှာ တခြားမျိုး စိတ်များ ဖြစ်ကြသည့် အာကင်နာ၊ လူပျံတော် စသည့် မျိုးစိတ် များသည်လည်း ခြေနှစ်ချောင်း လက်နှစ်ချောင်းနှင့် မတ်တတ် လျှောက်ကြသည့် မျိုးစိတ်များ ဖြစ်နေသောကြောင့်ပင်။

သို့သော် ၎င်းတို့၏ ကိုယ်ခန္ဓာ အတွင်းပိုင်း တည်ဆောက်ပုံမှာကား လူသားများနှင့် ကွဲပြား ခြားနားလှသည်။ နှလုံး တစုံပါသောကြောင့် တစ်ခုပျက်စီး သွားလျှင်ပင် နောက်တစ်ခုနှင့် အသက်ရှင်နိုင်၏။ တစ်ဖန် အသက်မှာလည်း ပြင်းလှသည်။ ဦးနှောက်ပျက်စီး သွားလျှင်ပင် သတ်ဖြတ်သူမျိုး စိတ်ဝင် တစ်ယောက်သည် ဒဏ်ရာ မပြင်းထန်ပါက ပြန်ကောင်းလာနိုင်၏။

ဤသို့ အသက်ပြင်း လှသောကြောင့် သတ်ဖြတ်သူများသည် တခြားမျိုးစိတ်များနှင့် များစွာ ကွဲပြားခြားနားနေခြင်း ဖြစ်သည်။ ၎င်းတို့၏ ကြောက်စရာ ခွန်အားနှင့် အရိုင်းဆန်ပုံကိုပါ ထည့်သွင်း တွက်ချက် လိုက်သောအခါ သတ်ဖြတ်သူများကို တိုက်ခိုက်ရေး အတွက် တည်ဆောက် ထားသည်ဟုဆိုလျှင် အံ့သြစရာ မဟုတ်တော့။

ထို့ပြင် သတ်ဖြတ်သူများသည် အင်အားကြီးမားသူကို ကိုးကွယ်ပြီး အင်အားနည်းသူကို အနိုင်ကျင့်သော နိယာမကို ယုံယုံကြည်ကြည် လက်ခံကျင့်သုံး ကြသူများ ဖြစ်သည်။ တစ်ချိန်က သူတို့သည် နတ်ဆိုးသတ္တဝါများ၏ ကျေးကျွန်များအဖြစ် နေထိုင်ခဲ့ကြပြီး ၎င်းတို့၏ အစားအစာ များကို စောင့်ကြည့် ပေးခဲ့ကြသည်။ ပျက်စီးခြင်း ခေတ်မတိုင်မီအထိ ၎င်းတို့သည် နတ်ဆိုး သတ္တဝါများ၏ သစ္စာရှိ အိမ်စောင့် ခွေးများသာတည်း။ တစ်ခါတရံတွင် ဝမ်တောက်ရှန်းက သတ်ဖြတ် သူများကို သတ္တဝါဆိုးကြီးများ၏ လက်ပါးစေ၊ သိုးထိန်းခွေးဟု ဆိုတတ်သည်။ ၎င်းသည် ရာနှုန်းပြည့်တော့ မမှန်ပေ။

မည်သို့ဆိုစေ အထက်ပါ အကြောင်းများကြောင့် တခြားဉာဏ်ရည်မြင့် မျိုးစိတ်များက သတ်ဖြတ်သူများကို မကြိုက်ကြပေ။ သားရဲသတ္တဝါဆိုးကြီးများသည် သူတိုအတွက် ရန်သူဟုဆိုလျှင် သတ်ဖြတ်သူ များသည်လည်း ထူးမခြားနားသာ။

တခြားဉာဏ်ရည်မြင့် မျိုးစိတ်များအကြောင်း ပြောစတမ်းဆိုလျင် မျိုးစိတ်တိုင်းတွင် ကောင်းကွက်ကိုယ်စီ ရှိကြောင်း လူတိုင်းက လက်ခံထားကြ၏။ သို့သော် သတ်ဖြတ်သူ မျိုးစိတ်များနှင့် ပတ်သက်လျှင်ကား မည်သူမဆို မနှစ်မြို့စရာ အဖြစ်သာ ရှုမြင် ကြလေသည်။

လက်ရှိတွင် စုချန်းအနေနှင့် ထိုအကြောင်းအရာများအား စိတ်မဝင်စားလှ။ လတ်တလော သူ့အတွက် အရေးကြီးဆုံး အရာမှာ ဇွဲနပဲကြီးသော၊ ကျားကုတ် ကျားခဲနိုင်သော သတ်ဖြတ် သူများ၏ စိတ်ဓာတ် ဖြစ်သည်။ သတ်ဖြတ် သူများသည် ကြမ်းတမ်းသည်၊ အရိုင်းဆန်သည် ဆိုသော်ငြား စုချန်းကား ထိုကိစ္စကို မကြောက်။ သူအဓိက စိတ်ပူနေသည်မှာ သတ်ဖြတ် သူများ၏ ကျားကုတ်ကျားခဲ နိုင်လှသော စိတ်ဓာတ် ဖြစ်သည်။

အနှီ ပြင်းထန်လှသော စိတ်ဓာတ်ကြောင့် ၎င်းတို့သည် နာကျင်မှုဒဏ်ကို တခြားလူများထက် ပို၍ ခံနိုင်ရည်ရှိ၏။ သေလောက်အောင် နာကျင်နေစေကာမူ ဆက်လက် တိုက်ပွဲဝင်နိုင်စွမ်း ရှိကြ၏။ ပို၍ ဆိုးသည်မှာ စိတ်ဓာတ် မာကျောခြင်းကြောင့် အဆင့်နိမ့် ဝိညာဉ်တိုက်ခိုက်မှုမျိုးက ၎င်းတို့ အပေါ်တွင် သက်ရောက်မှု နည်းပါးခြင်းပင်တည်း။ ကံမကောင်း အကြောင်းမလှစွာပင် စုချန်း၏ ဝိညာဉ်မျက်လုံးနှင့် ဝိညာဉ်အမြစ်တွယ်ခြင်း နည်းစနစ်မှာ သိပ်ပြီး မြင့်မားလှသည့် စွမ်းရည်မျိုးမဟုတ်။ ထို့ကြောင့် ထိုစွမ်းရည်များ၏ အသုံးဝင်မှုသည်လည်း များစွာ လျော့နည်း သွားပေတော့မည်။

ထိုအခါ စုချန်း၏ စိတ်ထဲတွင် ဝိညာဉ်မျက်လုံး မူလစွမ်းရည်ကို ဝယ်ယူခဲ့စဉ်က အဖြစ်အပျက် တစ်ခုကို မြင်ယောင် လာတော့သည်။ ညတစ္ဆေထံမှ ဝယ်ယူခဲ့သော ဝိညာဉ်မျက်လုံး၏ လက်ရေးမူ ထိပ်ပိုင်းတွင် စာတစ်ကြောင်း ရေးသားထား၏။ ၎င်းမှာ "ဝိညာဉ်မျက်လုံးကို သတ်ဖြတ်သူ မျိုးစိတ်ဝင် တစ်ဦးအပေါ် အသုံးပြုပါက ၎င်း၏ သက်ရောက်မှုမှာ ၁၀ရာခိုင်နှုန်းသာ ရှိပေလိမ့်မည်" ဟူ၏။ ၁၀ရာခိုင်နှုန်းသာ အသုံးဝင်မည်ဟူသော အဓိပ္ပာယ်မှာ အသုံးမဝင်သည်နှင့် အတူတူသာ။

သူနှင့် တိုက်ခိုက်ရမည့် သူသည် သတ်ဖြတ်သူ မျိုးစိတ်ဝင် တစ်ဦးမှန်း မြင်တွေ့လိုက် ကတည်းက သူ၏ တိုက်ခိုက်ရေး စီမံချက် ရစရာမရှိအောင် ပျက်စီးသွားပြီမှန်း စုချန်း သဘောပေါက် လိုက်ပေပြီ။ ယခုအချိန်တွင် သူသည် ပို၍အင်အား ကောင်းသော သတ္တဝါဆိုးကို ခေတ္တ ထိန်းချူပ်ပြီး အင်အားနည်းသော သတ္တဝါဆိုးကို တစ်ချက်တည်းနှင့်် ရှင်းထုတ်ရန် မဖြစ်နိုင်တော့။ သို့သော် မတတ်နိုင်။ ကျားမြီးဆွဲမိမှတော့ တိုက်ရတော့မည်သာ။

ထိုအခါ စုချန်းသည် ဝိညာဉ်မျက်လုံးကို လျင်မြန်စွာ ဖော်ထုတ်ပြီး အနက်ရောင် ကျားသစ်ကို တိုက်ခိုက်လိုက်၏။ ဝိညာဉ်မျက်လုံးကြောင့် ကျားသစ်သည် နေရာမှာပင် ကျောက်ရုပ်ကြီးပမာ ငြိမ်သက်သွား၏။ ထိုအခိုက်မှာပင် သတ်ဖြတ်သူ မျိုးစိတ်ဝင်သည် ကျောပေါ်ရှိ ပုဆိန်ကြီးကို ဆွဲဖြုတ်ပြီး စုချန်းကို လွှဲခုတ် လိုက်တော့သည်။ ထိုအခါကျမှ အမှားကြီးတစ်ခု လုပ်မိပြီမှန်း စုချန်း သဘောပေါက် လိုက်၏။ သူသည် မထင်မှတ်ပဲ အနက်ရောင် ကျားသစ်ကို ဝိညာဉ်မျက်လုံးနှင့် တိုက်ခိုက်မိလေရာ သတ်ဖြတ်သူ မျိုးစိတ်ဝင်က သူ့အား ပုဆိန်နှင့် တိုက်ခိုက် လာခဲ့လေပြီ။ ရှောင်တိမ်းရန် အချိန်မရတော့၍ စုချန်းက မိုးကြိုးဓားနှင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။

ဘုန်း …

ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်ထွက်လာပြီး ပုဆိန်ချက်ကြောင့် စုချန်းတစ်ယောက် နောက်သို့ လွင့်စင်သွား၏။

စုချန်း ရင်ဆိုင်နေရသော သတ်ဖြတ်သူသည် အလွန်ရှေးကျသော မျိုးစိတ်ဝင် တစ်ယောက် ဖြစ်ပုံရသည်။ မူလစွမ်းအင်ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးစွဲနိုင်သော အချိန်ကာလမှ လာသူဖြစ်၍ ၎င်း၏ မူလစွမ်းအင်မှာ အလွန် နိမ့်ကျနေ၏။ ၎င်း၏ မူလစွမ်းအင်သည် သံမဏိကဲ့သို့ တောင်ရိုးကမ်းပါးဝင် တစ်ဦး၏ အဆင့်အတန်းတွင်သာ ရှိနေကြောင်း တွေ့ရသည်။ သို့သော် သန်မာကြီးထွား လှသော ကိုယ်ကာယနှင့် ပြင်းထန်လှသည့် အပြင်အားကြောင့် ပုဆိန်ချက် တိုင်းသည် မုန်တိုင်း တိုက်ခတ် နေသကဲ့သို့ ရှိသည်။ ၎င်း၏ ပုဆိန်တချက် ဝှေ့ယမ်းလိုက်တိုင်း ရိုင်းစိုင်း လှသည့် အရှိန်အဝါ တစ်မျိုးပေါ်ပေါက် လာသည်။ စုချန်း၏ မိုးကြိုးဓားသည် ၎င်း၏ ကိုယ်ခန္ဓာကို ထိမှန်သွားသော်လည်း ပြင်ပ ဒဏ်ရာလောက်ကိုသာ ဖြစ်ပေါ်စေခဲ့၏။

ဝူး …

သတ်ဖြတ်သူ မျိုးစိတ်ဝင်သည် ကမ္ဘာကြီး တုန်ခါသွားစေ လောက်သည့် အသံမျိုးနှင့် အော်ဟစ်လိုက်ရာ ၎င်း၏ ပတ်ပတ်လည်တွင် လေတိုးသံများ တဟူးဟူး မြည်လာ၏။ ထို့နောက် ၎င်းသည် ပုဆိန်ကိုဝင့်ကာ စုချန်းဆီသို့ နောက်တစ်ကြိမ် ခုန်ဝင် လာပြန်သည်။

ပုဆိန်ကြီးသည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် စုချန်းထံသို့ တိုးဝင်လာ၏။ ဤတစ်ကြိမ်တွင်တော့ စုချန်းက မြူခိုးကြားထဲမှ မြွေခြေလှမ်းကို ထုတ်သုံး လိုက်သည်။ သူ့ကိုယ်ခန္ဓာသည် လေထဲသို့ စွေ့ခနဲ ခုန်တက်သွားပြီး လေပေါ်မှာပင် ခြေလှမ်းပေါင်း များစွာ ရွေ့လျားသွားကာ တဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်း ပေးလိုက်၏။

ထိုအခိုက်မှာပင် အနက်ရောင်ကျားသစ်က တစ်စခန်း ထလာပြန်၏။ သတ္တဝါဆိုးသည် လှုပ်လှုပ်ရွရွနှင့် စုချန်းကို ခုန်အုပ်ရန် ကြံစည်လာခြင်း ဖြစ်သည်။ ထိုအခါ စုချန်းက ဝိညာဉ် အမြစ်တွယ်ခြင်း နည်းစနစ်ကို သုံးကာ ကျားသစ်ကို နေရာမှာပင် ထိန်းချူပ် ထားလိုက်၏။ သို့သော် မမျှော်လင့်သော အဖြစ်အပျက် တစ်ခု ပေါ်လာ၏။ ၎င်းမှာ ထိန်းချူပ်နိုင်ခြင်း မရှိခင်မှာပင် ကျားသစ်၏ ပါးစပ်အတွင်းမှ သေးသွယ် ချွန်ထက်သော မိုးပြာရောင် လေစီးကြောင်း တစ်ခု တိုးထွက်လာပြီး စုချန်း ရင်ဝသို့ တိုးဝင်လာခြင်း ဖြစ်သည်။

သေစမ်း … ဖုံးကွယ်ခြင်း အစွယ်ကွေးကျားပါကလား …

စုချန်း အတော်လေး ဒေါသ ထွက်သွား၏။

ဖုံးကွယ်ခြင်း အစွယ်ကွေးကျား ဟူသည် အဝေးမှသာ တိုက်ခိုက်တတ်သည့် သတ္တဝါမျိုး ဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်လျှင်ပင် အနှီကျားသစ်သည် သူ့အနီးသို့ တိုးကပ် လာလိမ့်မည် မဟုတ်။ ထို့ကြောင့် ခုန်အုပ်ရန် ဟန်ပြင်ခြင်းမှာ ဟန်ဆောင် လှည့်ဖျားခြင်း ပေတကား။ လက်စသတ်တော့ သတ်ဖြတ်သူ မျိုးစိတ်ဝင်နှင့် အစွယ်ကွေး ကျားသစ်သည် အနီးကပ် တိုက်ခိုက်ခြင်းနှင့် အဝေးမှ တိုက်ခိုက်ခြင်း ပုံစံနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုအကြောင်းကို ကြိုတင်မသိရှိ၍ စုချန်းအနေနှင့် တိုက်ခိုက်နိုင်သည့် အခွင့်အရေး နှစ်ရပ်ကို ဆုံးရှုံး သွားခဲ့လေပြီ။

ကြိုတင် တွေးတောထားသည့် တိုက်ခိုက်ရေး စီမံချက် ပျက်စီးသွား၍ ဖြစ်လာသည့် အကျိုးဆက်မှာကား မနည်းလှ။ စုချန်းအနေနှင့် လက်ဦးမှု ရယူနိုင်သည့်် အခွင့်အရေးနှစ်ရပ် ဆုံးရှုံး သွားရသည့်အပြင် ယခုအချိန်တွင် သတ်ဖြတ်သူ၏ ကြောက်မက်ဖွယ်ရာ ပုဆိန်ချက်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် နေရလေပြီ။ ပုဆိန်သည် စုချန်း၏ ရင်ဝဆီသို့ ပြေးဝင်လာ၏။

စုချန်းအနေနှင့် ဘာမှမလုပ်ပဲ ခေါင်းငုံ့ ခံနေသည်တော့ မဟုတ်။ အကာအကွယ်ကို နှိုးဆွကာ သူ့တစ်ကိုယ်လုံးကို ကာရံ ထားလိုက်၏။ သို့သော် ပြင်းထန်လှသော ပုဆိန်ချက်ကြောင့် အကာအကွယ် တစ်ခုလုံးသည် ရစရာမရှိအောင် ကျိုးပဲ့သွားပြီး ပုဆိန်သည် သူ့ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက် လာတော့သည်။ သက်တန့်ရောင်သဖွယ် တောက်ပသော အလင်းရောင်တန်းများ ထွက်ပေါ်လာ၏။ အကြိမ်တစ်ရာ ပြန်လည် စစ်ဆေးသူများ ခန်းမ၏ အကဲဖြတ်စနစ်မှ ထွက်ပေါ်လာသော အလင်းရောင်များ ဖြစ်သည်။ ရလဒ်မှာ ရှင်းလင်းလှသည်။ စုချန်းတစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပြီဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။

စုချန်း၏ တစ်ကိုယ်လုံး အေးခဲသွားပြီး မမြင်ရသော စွမ်းအင်လှိုင်း တစ်ခုက သူ့လှုပ်ရှားမှုကို ကန့်သတ် လာသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။ စစ်ဆေးသူများ ခန်းမက စုချန်း ဒဏ်ရာ ရရှိသွားသည့် အနေအထားမျိုးကို ဖန်တီး ပေးလိုက်ခြင်းပင်။

ပုဆိန်ချက်ကား နောက်တစ်ကြိမ် ပြန်ဝင်လာပြန်ပြီ။ စုချန်းက အတတ်နိုင်ဆုံး ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ဒဏ်ရာကြောင့် သူ၏ လှုပ်ရှားမှုမှာ အနည်းငယ် နှေးကွေး နေသယောင် ရှိသည်။ ထိုအခါ ပုဆိန်ချက်ကို လွတ်လွတ်ကင်းကင်း ရှောင်နိုင် လိုက်သော်လည်း ကျားသစ်၏ ပါးစပ်မှ ထွက်ပေါ်လာသော အပြာရောင် အလင်းတန်းက သူ့ပေါင်ကို ထိမှန် သွားပြန်သည်။ သူ့ပေါင် တစ်ချောင်းလုံး လေးလံလာသကဲ့ ခံစားလိုက်ရပြီး စုချန်း မလှုပ်ရှားနိုင်တော့။

သို့သော် စုချန်းကား အနည်းငယ်မျှပင် လက်လျှော့ခြင်းမရှိ။ မြေကြီးပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် ဘေးဘက်ကို လှိမ့်ထွက် လိုက်သည်။ ထိုအချိန်မှာပင် ကြီးမား လေးလံသော ခြေထောက်ကြီး နှစ်ချောင်းက သူ့ထံသို့ ပြေးဝင်လာကြောင်း စုချန်း တွေ့လိုက်ရ၏။ ကြီးမားလှသော ပုဆိန်ကြီးသည် တဝီဝီ အသံပြုလျက် စုချန်း၏ လည်မြိုဆီသို့ ကျဆင်း လာခဲ့လေပြီ။ ပုဆိန်နှင့် လည်မြို ထိခါနီး အချိန်မှာပင် စုချန်း၏ ကိုယ်ခန္ဓာသည် ရိပ်ခနဲ လှုပ်ရှားသွားပြီး လေထုထဲတွင် တိုးဝင် ပျောက်ကွယ်သွား၏။

အဖြူရောင်မျှော်စင် ပို့ဆောင်ခြင်း နည်းစနစ်ပေတည်း။

လွန်ခဲ့သော နှစ်နှစ်ကထက် အနှီ ရှေးဟောင်း အာကင်နာနည်းစနစ်ကို စုချန်း အလွန် ကျွမ်းကျင် နေခဲ့လေပြီ။ ဤနည်းစနစ်သည် ဤတစ်ပွဲတွင် ကြီးမားသော ဝှက်ဖဲ ဖြစ်လာလိမ့်မည်ဟု စုချန်းက ယူဆထား၏။ သတ်ဖြတ်သူ မျိုးစိတ်ဝင်၏ နောက်ကျောသို့ ရောက်ရှိသွားသည်နှင့် သူက လက်နှစ်ဖက်ကို မြှောက်လိုက်ရာ အင်အား ပြင်းထန်သော စွမ်းအင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာတော့သည်။ တစ်ဆက်တည်းမှာပင် မရေမတွက်နိုင်သော စွမ်းအင် အလင်းမြားများ ပေါ်ပေါက်လာပြီး အစွယ်ကွေး ကျားသစ်ဆီသို့ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နှင့် ပျံ့လွင့်သွား၏။

နောက်ထပ် ရှေးဟောင်း အာကင်နာနည်း စနစ်တစ်မျိုးဖြစ်သော မူလစွမ်းအင် အလင်းမြား ပေတည်း။

ရှေးဟောင်းအာကင်နာ နည်းစနစ်များသည် တကယ်ပင် အင်အား ပြင်းထန်လှ၏။ အဖြူရောင် အလင်းမြားများသည် ကောင်းကင် တစ်ခုလုံး ပြည့်လျှမ်းမတတ် ပေါ်ပေါက်လာပြီး အစွယ်ကွေး ကျားသစ်ကို တည့်တည့်မတ်မတ်ပင် ထိမှန်ကုန်ကြ၏။ ကျားသစ်သည် စက္ကန့်ပိုင်း အတွင်း အလင်းစမှုန်များအဖြစ် ပြန့်ကျဲ ပျောက်ကွယ် သွားတော့သည်။

ထိုအခိုက်မှာပင် သတ်ဖြတ်သူ မျိုးစိတ်ဝင်သည် ပုဆိန်ကို ဝှေ့ယမ်းကာ စုချန်းထံသို့ ပြေးဝင် လာပြန်သည်။ ထိုအချိန်တွင် စုချန်း၏ အနေအထားမှာ ၎င်းကို ကျောခိုင်းလျက်သား ဖြစ်နေ၏။ သူ့အနေနှင့် နောက်လှည့်ရန် အချိန်မရတော့။ ထိုအခါ သူက အားကုန်သုံးကာ ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက် လိုက်တော့သည်။

စုချန်းသည် ဒဏ်ရာကြောင့် ဖြစ်ပေါ်နေသည့် သက်ရောက်မှုကို အန်တုကာ သေခါနီး လူတစ်ယောက်၏ နောက်ဆုံး အားထုတ်မျိုးနှင့် ရှေ့ကို ပြေးထွက်လိုက်ခြင်း ဖြစ်သည်။ သတ်ဖြတ်သူ၏ ပုဆိန်မှ ထွက်ပေါ်လာသော အားလှိုင်းများကြောင့် သူ့နောက်စေ့တွင် ကြီးမားသော ဖိအားကို စုချန်း ခံစားလိုက်ရ၏။ ပုံရိပ်ယောင်ပင် ဖြစ်သော်ငြား ဖိအားမှာ တကယ့်အစစ်ဟု ထင်ရလေသည်။

သို့သော် စုချန်းကား အရှုံးမပေးနိုင်။ အရှုံးပေးခြင်းသည် သေသည်နှင့် အတူတူသာ။ အကြောင်းမှာ တကယ့် စစ်မြေပြင်၌သာ ဤတစ်ကွက် ထိမှန်သွားပါက စုချန်း သေချာပေါက် သေဆုံးသွားမည် ဖြစ်သောကြောင့်ပင်။

အသက်လုတိုက်ပွဲများ ဆင်နွဲနေသကဲ့သို့ သူ့အနေနှင့် ရှိသမျှ အင်အားကို ထုတ်သုံး ရပေလိမ့်မည်။ပုံရိပ်ယောင်နှင့် တိုက်ခိုက် နေရသည်ဟူသော အတွေးနှင့် လျော့ပေးလိုက်၍ မရ။

ထိုအခိုက်အတန့်တွင် စုချန်းသည် စိတ်ကို တည်ငြိမ်စေရန် မနည်း ထိန်းသိမ်း နေရလေသည်။ တစ်ဖက်တွင်လည်း တွေဝေ ငေးငိုင်နေရန် အချိန်မရ။ မြန်နိုင်သမျှ မြန်အောင် လှုပ်ရှားနေရ၏။ သံပုဆိန်ကလည်း ခေါင်းပေါ်သို့ ဝဲလာပြီ။ ထိုအခါ သူက နောက်ကို ချာခနဲ လှည့်ပြီး ပုဆိန်ခုတ်ချက်ကို လက်ဖြင့် ခံပေးလိုက်၏။ သူ့ကိုယ်ခန္ဓာသည် နောက်ဖက်သို့ လွင့်စင်သွား၏။ ပုံရိပ်ယောင် ဖော်ပြချက် မှတ်တမ်းတွင်လည်း စုချန်း လက်တစ်ဖက် ပြတ်သွားပြီဖြစ်ကြောင်း ဖော်ပြထားလေသည်။

တိုက်ပွဲမှာ အစစ်အမှန် မဟုတ်သော်လည်း ပြင်းထန်သော နာကျင်မှုကို စုချန်း ခံစားနေရ၏။ တစ်ဖက်တွင်လည်း သတ်ဖြတ်သူ၏ ပုဆိန်ခုတ်ချက်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သည့် ဘဝသို့ ရောက်သွားသော်လည်း စုချန်း၏ ခုခံမှုက အလဟသတော့ မဖြစ်ခဲ့ချေ။ အကြောင်းမှာ လက်ဖြင့် ခံပေးလိုက်ခြင်းကြောင့် ပုဆိန်၏ အရှိန်မှာ ရပ်တန့်သွား၏။ ပို၍ အရေးကြီးသည်မှာ လက်မြှောက် လိုက်သည့် အချိန်တွင် သူသည် ကိုယ်ပျောက် ပိုက်ကွန်တစ်ခုကို ဖန်တီးနိုင်ခဲ့သောကြောင့်ပင်။

ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာသော သတ်ဖြတ်သူ မျိုးစိတ်ဝင်သည် ကိုယ်ပျောက် ပိုက်ကွန်နှင့် ဝင်တိုးမိပြီး တစ်စုံတရာ စုတ်ပြဲသွားသည့် အသံမျိုး ထွက်ပေါ်လာ၏။ သတ်ဖြတ်သူ၏ ကိုယ်ခန္ဓာပေါ်တွင်လည်း ပြတ်ရှဒဏ်ရာများ ဖြစ်ပေါ်လာသည်။ ပုံရိပ်ယောင်စနစ်က သတ်ဖြတ်သူကြီး ဒဏ်ရာ ရရှိသွား၍ ၎င်း၏ လှုပ်ရှားမှုမှာ နှေးကွေးသွားပြီ ဖြစ်ကြောင်း ဖော်ပြ ပေးနေ၏။ ခြေလှမ်း နှေးသွားခြင်းကြောင့် သတ်ဖြတ်သူ၏ ပုဆိန်သည် စုချန်းနှင့် ပွတ်ကာသီကာ လွဲချော် သွားတော့သည်။

အန္တရာယ်ကြီးမားသော ဤတစ်ကွက်ကိုတော့ စုချန်း အောင်မြင်စွာ ရှောင်တိမ်း နိုင်ခဲ့လေပြီ။

ထိုအခိုက်မှာပင် စုချန်းသည် မာန်သွင်းသံပြုကာ လေထဲသို့ ခုန်တက်လိုက်၏။ ထို့နောက် သူ၏ တစ်ဖက်တည်း ကျန်သောလက်နှင့် မီးလျှံငှက် တစ်ကောင်ကို ဖန်တီးကာ သတ်ဖြတ်သူကို တိုက်ခိုက်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်ပေါက်လာပြီး ဧရာမ လူ့ဘီလူးကြီးသည် နောက်ဖက်သို့ လွင့်စင်သွား၏။ စုချန်းက တိုက်ခိုက်မှုကို ရပ်တန့်ခြင်း မပြုသေး။ သူသည် လေထဲကို ခြေထောက်နှင့် ကန်ကျောက်လိုက်ရာ အလင်းရောင်တန်းများ ထွက်ပေါ်လာပြီး သူ့ရန်သူထံသို့ ပြေးဝင်သွား၏။

ခြေထောက်ကို ဓားအဖြစ် အသုံးပြုလိုက်ခြင်းပင်။

သင်းတုန်းဓားပမာ ချွန်မြနေသော မိုးကြိုးဓားသည် သတ်ဖြတ်သူ မျိုးစိတ်ဝင်ကို ကျကျနနပင် ထိမှန်သွားရာ ပြင်းထန်သော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် ၎င်းသည် မြေကြီးပေါ်သို့ ပုံလျက်သား ပြုတ်ကျသွားပြီး ငြိမ်သက်သွား၏။ ထိုအခါကျမှ စုချန်းတစ်ယောက် စိတ်သက်သာ ရသွားပြီး သက်ပြင်းချ နိုင်တော့သည်။ သူ့ကိုယ်သူ့လည်း ဟန်ချက် ပြန်ငြိမ်အောင် ထိန်းသိမ်း လိုက်နိုင်၏။ ထိုအခိုက်မှာပင် သတ်ဖြတ်သူ မျိုးစိတ်ဝင်သူ ဝုန်းခနဲ ခုန်ထလာပြီး ပုဆိန်ကို မြောက်ကာ စုချန်းကို ခုတ်ပိုင်း လိုက်တော့သည်။

ထိုအဖြစ်မျိုးကို စုချန်း မျှော်လင့်မထား။ သူ့အနေနှင့် ရှောင်တိမ်း နေရန်လည်း အချိန်မရတော့။ ထိုအခါ စုချန်းက ပုဆိန်ခုတ်ချက်ကို အကောင်းကျန်သော ဘယ်ဖက်လက်ဖြင့် ခံဆောင် ပေးလိုက်၏။

ဖြောင်းခနဲ မြည်သံနှင့်အတူ သတ်ဖြတ်သူ၏ ပုဆိန်သည် စုချန်း၏ ဘယ်ဖက်လက်ကို ကျကျနနပင် ခုတ်မိသွားပြီး အလင်းပွင့်မှုန်များ ဖြစ်ပေါ်လာ၏။ သူ့ဘယ်ဖက်လက်မှာ လုံးဝ လှုပ်ရှား၍ မရတော့ပေ။ ပုံရိပ်ယောင် အကဲဖြတ်စနစ်ကလည်း သူ့ဘယ်ဖက်လက် ပြတ်တောက်သွားပြီ ဖြစ်ကြောင်း ပြသနေ၏။

သတ်ဖြတ်သူ မျိုးစိတ်ဝင်သည်ကား နောက်တစ်ကြိမ် ပြေးဝင် လာပြန်ချေပြီ။ ပေါက်ကွဲနေသော မီးလျှံငှက်နှင့် မိုးကြိုးဓား တိုက်ခိုက်မှုများကို အထပ်ထပ်အခါခါ ခံစားထား ရသည့်တိုင် အသက်ရှင် နေသေးသည်ကို ကြည့်လျှင် ၎င်း၏ ခံနိုင်ရည်ကို မှန်းဆနိုင်၏။ စုချန်းကား ဆက်လက် တိုက်ပွဲဝင်ရန်ကိုပင် မဝံ့မရဲ ဖြစ်လာတော့သည်။ သူ့လက်နှစ်ချောင်း စလုံးလည်း ပြတ်တောက် သွားခဲ့ပြီ ဖြစ်လေရာ မူလစွမ်းရည်များကို ထုတ်သုံး၍ မရတော့။ မည်သို့ ဆက်၍ တိုက်ခိုက်မည်နည်း။

သူ့အနေနှင့် အရှုံးပေးသင့်ပြီလော မပြောတတ်။ သူ့မျက်လုံးထောင့် တွင်လည်း တစ်ဟုန်ထိုး ပြေးဝင်လာသော သတ်ဖြတ်သူ မျိုးနွယ်ဝင်ကို မြင်တွေ့နေရ၏။

သူက တီးတိုး ရေရွတ်လိုက်၏။

"ငါ့ကိုယ်ခန္ဓာဟာ အရင်တုန်းက ဒီထက်မက ဆိုးတဲ့ ဝေဒနာ တွေကိုတောင် ခံနိုင်ရည် ရှိခဲ့သေးတာပဲ"

ထို့နောက် သူသည် ကျယ်လောင်စွာ မာန်သွင်းသံ ပြုလိုက်ပြီး ဦးခေါင်းကို နှိမ့်ကာ သတ်ဖြတ်သူ မျိုးနွယ်ဝင်ထံသို့ ဝါလုံးထိုး ခုန်ဝင် လိုက်တော့သည်။

ကိုယ်ခန္ဓာ နှစ်ခုသည် လေထဲတွင် ဝုန်းခနဲ ဝင်တိုက်မိ၏။ သတ်ဖြတ်သူ မျိုးနွယ်ဝင်၏ လက်ချောင်း များကလည်း စုချန်း လည်မျိုကို တင်းကျပ်စွာ ဖမ်းချူပ်လာ၏။ ပုံရိပ်ယောင်ပင် ဖြစ်သော်ငြား ၎င်း၏ အင်အားမှာ အစစ်ဟုပင် ထင်ရလေသည်။ စုချန်းကား သတိမေ့တော့ မည်ကဲ့သို့ ခံစားနေရ၏။ သို့သော် သူသည် အံကို တင်းတင်းကြိတ်ကာ သတ်ဖြတ်သူ၏ လည်မျိုကို ခြေထောက်နှင့်ညှပ်ပြီး လိမ်ချိုးနိုင်ရန် အသည်းအသန် ကြိုးစားတော့သည်။

သူတို့နှစ်ဦးသည် မြေကြီးပေါ်တွင် အရူးများပမာ လူးလိမ့်ကာ တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နိုင်ရန် ကြိုးစားနေကြ၏။ စုချန်းသည် ရန်သူကို နဖူးနှင့်တိုက်၏။ ခြေထောက်နှစ်ချောင်းကို သုံးကာ ရန်သူ့လည်မျိုကို လိမ်ချိုးနိုင်ရန် ကြိုးစား၏။ လက်နှစ်ချောင်း ပြတ်တောက် သွားသည့်တိုင် စုချန်းသည် အနည်းငယ်မျှ လက်လျှော့ခြင်း မရှိပဲ ရနိုင်သမျှသော နည်းလမ်းမျိုးစုံကို အသုံးပြုကာ တစ်ဖက်ရန်သူကို သတ်ဖြတ်နိုင်ရန် ကြိုးစားနေလေသည်။

တဖြည်းဖြည်းနှင့် သူ့ခြေထောက် နှစ်ချောင်းသည် အားအင် ကုန်ခန်းလာကြောင်း စုချန်း သိရှိနေသည်။ ထို့နောက် သူသည် တစ်ကိုယ်လုံး ပျော့ခွေကာ မြေကြီးပေါ်သို့ ပက်လက်လန် လဲကျသွားတော့သည်။ သူ့တွင် ဆက်လက် တိုက်ခိုက်ရန် အားအနည်းငယ်မျှပင် မရှိတော့။

သွားပြီ။ သူရှုံးသွားပြီ။

စုချန်း ကြိတ်၍ သက်ပြင်းချလိုက်၏။ အနိုင်ရရှိရန် အသည်းအသန် ကြိုးစားခဲ့သော်လည်း သူမစွမ်းဆောင်နိုင်ခဲ့။ ဤတစ်ပွဲတွင်တော့ မရှုမလှ အလဲထိုး ခံလိုက်ရခြင်း ပေတည်း။

အထက်ပါအတိုင်း စဉ်းစားပြီး စိတ်ဓာတ်ကျနေခိုက် သတ်ဖြတ်သူ မျိုးနွယ်ဝင်ကြီး၏ ကိုယ်ခန္ဓာသည် မသိမသာ ယိမ်းယိုင်လာကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။ ထို့နောက် ရှေ့နောက် ယိမ်းထိုးနေသော ၎င်း၏ ဦးခေါင်းသည် ရုတ်တရက် ရပ်တန့်သွားပြီး ၎င်းသည် မြေကြီးပေါ်သို့ ဝုန်းခနဲ နောက်ပြန် လဲကျသွားတော့သည်။ ထို့နောက် ၎င်း၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်းနှင့် အဖြူရောင် အလင်းမှုန်များ အဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လုံးဝ ပျေက်ကွယ်သွား၏။

လက်စသတ်တော့ သတ်ဖြတ်သူ မျိုးစိတ်ဝင်ကြီးသည် စုချန်း၏ လက်ချက်နှင့် အသက်ပျောက်သွားခြင်း ပေတကား။

တစ်ဆက်တည်းမှာပင် စုချန်း၏ နားအတွင်းသို့ အတက်အကျ အနိမ့်အမြင့် မရှိသော အသံတစ်သံ တိုးဝင်လာ၏။

"အခန်းကို အောင်မြင်စွာ ရှင်းလင်း ပြီးပါပြီ"

All Chapters