အိပ်မက်နယ်ပယ်သို့ ဝင်ရောက်ခြင်း ၁
Vol. 19 Ch. 190
စုချန်းသည် အခန်းထဲမှ ထော့နင်းထော့နင်းနှင့် ထွက်လာ၏။ သူသည် အားအင်များ ကုန်ခန်းကာ အသက်ပင် မရှုနိုင်ပဲ ဖြစ်နေရှာသည်။ စုချန်း၏ မောပန်းနွမ်း နယ်လှသော ပုံစံကိုကြည့်ရင်း ပိန်ရှည်ရှည် ကျောင်းသားသည် အလွန် အံ့သြသင့်နေ၏။ ကျောင်းသား အတော်များများ အကြိမ်တစ်ရာ ပြန်လည် စစ်ဆေးသူများ ခန်းမတွင် လာရောက် စမ်းသပ် လေ့ရှိသည်။ သို့သော် အခန်းထဲမှ ဤကဲ့သို့ ကိုယ်တစ်ပိုင်း သေနေသည့် ပုံစံနှင့် ထွက်လာသူဟူ၍ မရှိစဖူး။
ထိုအခန်းကို ရှင်းလင်းရန် သင့်အနေနှင့် ခွန်အားမည်မျှ ထုတ်သုံး ခဲ့ရသနည်း။
စုချန်းက ရယ်မောလိုက်သည်။ သူ့ရယ်သံတွင် ကျေနပ်အားရသော အငွေ့အသက်များ ပါဝင်နေ၏။ မိမိတွင်ရှိသမျှ ခွန်အားများကို ညှစ်ထုတ် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲမှ ရရှိသော အောင်မြင်မှုသာလျှင် တကယ့် ပျော်ရွှင်မှုအစစ်ကို ပေးစွမ်းနိုင်ပေ သည်တကား။ ဤအောင်မြင်မှုမှာလည်း တခြားကြောင့် မဟုတ်။ ဘယ်တော့မှ အရှုံးမပေးခြင်း၏ ရလဒ် ဖြစ်သည်။ မည်သည့် အခြေအနေမျိုးတွင်မဆို၊ မည်သည့် အချိန် မည်သည့်ကိစ္စတွင် မဆို သူအရှုံး မပေးခဲ့ချေ။
ဤတိုက်ပွဲကို ကြည့်လျှင် စုချန်းသည် မည်သို့သော လူစားမျိုး ဖြစ်ကြောင်း မြင်သာ နေခဲ့လေပြီ။
အမှန်တော့ ဤတိုက်ပွဲသည် စုချန်း၏ မျက်စေ့ကို ဖွင့်ပေးလိုက် သလိုရှိပြီး သူ၏ တိုက်ခိုက်နည်းပုံစံနှင့် ပတ်သက်သော အမှားအတော်များများကို ထောက်ပြ ပေးနိုင်ခဲ့၏။
သူသည် ပြိုင်ဘက်နှင့် ပတ်သက်၍ စနစ်တကျ ပြင်ဆင်ထားခြင်း မရှိခဲ့သည့်အပြင် သူ၏ အတွေးအခေါ်မှာလည်း စိတ်ကူးယဉ် ဆန်နေခဲ့၏။ ထိုမျှသာမကသေး သူသည် ယုံကြည်မှု လွန်ကဲနေခဲ့ပြီး မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်ခဲ့။ ဤအချက်များသည် အနာဂတ်တွင် အလေးထား ပြင်ဆင်ရမည့် အချက်များပေတည်း။ နောက်ဆုံးအနေနှင့် ဆိုရလျှင် ဤနေရာ တစ်ခုလုံးသည် အတုအယောင် ဖြစ်နေ၍သာ တော်တော့သည်။ သို့မဟုတ်လျင် တိုက်ပွဲကို နိုင်ခဲ့သည့်တိုင် သူသည် ကိုယ်လက်အင်္ဂါ ချို့တဲ့သည့် ဘဝသို့ ကျရောက် သွားပေလိမ့်မည်။ မည်သို့ဆိုစေ ဆဋ္ဌမအခန်းကို ရှင်းလင်း နိုင်ခဲ့သည့်အတွက် ထောက်ပံကြေးအမှတ် ၁၅၀ထိ ရရှိနိုင်ခဲ့၏။ ယခင် ရမှတ်များနှင့် ပေါင်းလိုက်လျှင် စုချန်း၏ ရမှတ်သည် စုစုပေါင်း ၃၀၀အထိ ရှိလာခဲ့ပေပြီ။
အမှတ်၃၀၀နှင့်ဆိုလျှင် အချိန် အတော်ကြာကြာ ကတည်းက သူပြုလုပ်ချင်သည့် အရာတစ်ခုကို စုချန်း ဆောင်ရွက် နိုင်ပေတော့မည်။ ၎င်းမှာ အိပ်မက်နယ်ပယ်သို့ ဝင်ရောက်ခြင်းပင် ဖြစ်သည်။ ဦးစားပေးအဆင့် ၈မှ အဆင့်၇သို့ ပြောင်းလဲရန် ရမှတ်၂၀၀ ကျသင့်မည် ဖြစ်သည်။ မိမိ၏ ဦးစားပေး အဆင့်ကို တိုးမြှင့်ပြီးနောက် စုချန်း၏ ကတ်ပြားဆီသို့ သတင်းပေးပို့ချက် တစ်ခု ဝင်ရောက်လာကြောင်း တွေ့ရသည်။
"ဦးစားပေးအဆင့် တိုးသူသည် အိပ်မက် နယ်ပယ်အတွင်း ဝင်ရောက်ရန် စာရင်းသွင်းထားကြောင်း တွေ့ရသည်။ တံဆိပ်ခတ်နှိပ်ခြင်းကို နှိုးဆွလိုပါသလား"
စုချန်းက နှိုးဆွရန် လက်ခံလိုက်၏။ ထိုအခိုက်မှာပင် ပူနွေးသော စွမ်းအင်စီးကြောင်း တစ်ခု သူ့ကိုယ်တွင်းသို့ ဖြတ်သန်း စီးဆင်းလာကြောင်း စုချန်း သတိထား မိလိုက်သည်။ ထိုအခါ သူက ထူးခြားသော အမြင်အာရုံကိုသုံး၍ စွမ်းအင်စီးဆင်းမှုကို စစ်ဆေးရန် ကြိုးစား လိုက်သော်လည်း မည်သည့် ထူးခြားမှုမှ ဖြစ်ပေါ်လာခြင်း မရှိပေ။ ပူနွေးသော ခံစားချက်သည် သူ့အသိဉာဏ်ထဲတွင် ထင်ဟပ်နေ၏။ သူ့ဦးနှောက်ကလည်း တစ်ကိုယ်လုံး ပူနွေးနေကြောင်း ပြောပြနေသည်။ သို့သော် မည်သည့် ပြောင်းလဲမှုမှ ဖြစ်ပေါ်လာခြင်း မရှိ။
ထိုစွမ်းအင်များသည် သူ့လက်ဖျံ အပြင်ဘက်တွင် တဖြည်းဖြည်း စုစည်းလာကြောင်း စုချန်း ခံစားနေရ၏။ သိပ်မကြာမီ မီးခိုးရောင် သင်္ကေတ တစ်ခု ပေါ်ပေါက်လာကြောင်း သူတွေ့မြင် လိုက်ရသည်။ သူအတော်လေး အံ့သြသွား၏။ သူ့အနေနှင့် မည်သည့် စွမ်းအင် စီးဆင်းမှုကိုမျှ မမြင်ခဲ့သလို မည်သည့် ထူးခြားသော ပစ္စည်းမျိုးကိုမျှလည်း မတွေ့ရှိခဲ့။ ဤအမှတ်အသားက မည်သည့်နေရာက ပေါ်လာသနည်း။
အကယ်၍ သူ့မျက်လုံးသည် မူလစွမ်းအင်ကို မြင်တွေ့နိုင်သည် ဟူသော အချက်ကိုသာ မထောက်ရှုခဲ့လျှင် သူ့အနေနှင့် ဤအရာ၏ နက်နက်သိမ်မွေ့မှုကို သတိထားမိစရာ အကြောင်းမရှိ။ ၎င်းသည်ပင်လျှင် အိပ်မက်နယ်ပယ်၏ ထူးခြားသော ဝိသေသ လက္ခဏာပေလော။
စုချန်းသည် သူ့လက်ဖျံပေါ်ရှိ သင်္ကေတကို အံ့သြတကြီးနှင့် ကြည့်နေမိ၏။ ၎င်းမှာ ဝိညာဉ်အသေးစားနှင့်ပင် တူနေသေးသည်။ တဖြည်းဖြည်းနှင့် သင်္ကေတသည် ပို၍ ပီပြင်လာ၏။ သိပ်မကြာမီ သူ၏ အသိဉာဏ် အတွင်းသို့ သတင်း အချက်အလက်များ အလိုအလျောက် စီးဝင်လာ၏။ အိပ်မက် နယ်ပယ်အတွင်း မည်သို့ဝင်မည်၊ မည်သို့ ထွက်မည် ဟူသော အသေးစိတ် ညွှန်ကြားချက်များပင်။
လက်ဖျံ အပြင်ဘက်ရှိ သင်္ကေတကို သုံး၍ သူ့အနေနှင့် အိပ်မက် နယ်ပယ်အတွင်း ဝင်ထွက် သွားလာ နိုင်ပေပြီ။ သို့သော် အိပ်မက်နယ်ပယ် အတွင်း ရောက်ရှိနေစဉ် သတိလစ်နေမည် ဖြစ်ရာ လုံခြုံစိတ်ချရသော နေရာ ဖြစ်ရန်တော့လို၏။ ထို့နောက်တွင်တော့ စုချန်းသည် မူလ စွမ်းအင် မျှော်စင်သို့ ပြန်လာခဲ့လေသည်။
အခန်းသို့ ပြန်ရောက်သည်နှင့် စုချန်းသည် အိပ်ယာပေါ်တွင် ကျကျနန လဲလျောင်းပြီး ညွှန်ကြားချက်များ အတိုင်း စတင် ဆောင်ရွက်တော့သည်။ သူသည် စိတ်အာရုံ တစ်ခုလုံးကို လက်ဖျံပေါ်ရှိ သင်္ကေတဆီသို့ ပို့လွှတ်လိုက်၏။ သိပ်မကြာမီ အနှီသင်္ကေတသည် တဖြည်းဖြည်း စတင်လည်ပတ်လာပြီး မြန်သထက် မြန်လာကာ ပြင်းထန်အား ကောင်းသော ဝဲကတော့ တစ်ခုပမာ စုချန်း၏ အသိဉာဏ်ကို ဆွဲငင်ခေါ်ယူ သွားလေ၏။
ထိုအခိုက်အတန့်တွင် စုချန်းသည် လေထဲတွင် လွင့်ပါနေသကဲ့သို့ ခံစားရ၏။ သူသည် ဝဲကတော့နှင့်အတူ လိုက်လံ လှည့်လည်ရင်း တိမ်တိုက်များကြားတွင် ပျံသန်းနေသည့် ငှက်တစ်ကောင် ကဲ့သို့ ခံစားချက်များ တဖွားဖွား ပေါ်ပေါက်နေသည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး ဝဲကတော့ အပြင်ဘက်သို့ လွင့်စင် ကျလာလေရာ စုချန်းက မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ထိုအခါ သူသည် အလွန်တောက်ပသော ကောင်းကင်ပြင်ကြီး၏ အောက်တွင် မတ်တတ် ရပ်လျက်သား ရှိနေကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ ကောင်းကင် တစ်ခွင်လုံး သက်တန့်ရောင် တိမ်တိုက်များနှင့် ပြည့်လျှမ်းနေပြီး အလင်းရောင်များနှင့် အနားသတ် ထား၏။ သူ့အောက်ရှိ မြေပြင်တွင်ကား ရှည်လျားသော မြက်ပင်များနှင့် ဖုံးလွှမ်း နေလေသည်။
အဝေး တစ်နေရာတွင်တော့ ကြီးမားလှသည့် ရဲတိုက်ကြီး။ ရဲတိုက်၏ ထိပ်ဖျားတွင် အဖြူရောင် စက်လုံးသဏ္ဌာန် အရာတစ်ခု ရှိနေသည်။ ၎င်းသည် နှေးကွေးစွာ လှည့်ပတ်လျက်ရှိပြီး အရပ်ရှစ်မျက်နှာသို့ ထူးဆန်းသော စွမ်းအင်များကို ထုတ်လွှတ် ပေးနေ၏။
မြင်မြင်သမျှ အရာအားလုံးမှာ အံ့သြစရာ။ ထိုအခိုက်မှာပင် စုချန်း၏ နားထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။
"ဟေး လူသစ်လေး"
အသံသည် ဘယ်က လာသနည်း။ စုချန်းက ဘေးဘီဝဲယာကို လှည့််ကြည့် လိုက်သည်။ မည်သူမျှမရှိ။ အသံက ထပ်မံ ပေါ်ထွက် လာပြန်သည်။
"မင်း ဘယ်ကို ကြည့်နေတာလဲ ငါ ဒီမှာလေကွာ ဒီမှာ"
အသံထွက် ပေါ်လာသော နေရာသို့ လိုက်သွားကြည့််ရာ လေထဲတွင် နိမ့်လိုက်မြင့်လိုက် ပျံသန်းနေသော အပြာရောင် လိပ်ပြာတစ်ကောင်ကို စုချန်း တွေ့လိုက်ရသည်။ အနီးကပ် ကြည့်လိုက်တော့မှ အနှီအပြာရောင် လိပ်ပြာသည် ကြီးမားသည့် အတောင်နှစ်ဖက်နှင့် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်နေ၏။ သူမ၏ ပုံစံမှာကား အပြာရောင်ဆံပင်တို၊ ချွန်သော နားတစ်စုံ၊ ကြီးမားသော မျက်လုံးများနှင့် သေးငယ်သော ပါးစပ်ကလေးနှင့် ဖြစ်သည်။ သူမ၏ ကိုယ်ပေါ်တွင်ကား အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် အပြာရောင် ကြိုးသိုင်းဖိနပ်ကို စီးထား၏။ သူမ၏ လက်ခလယ်တွင်လည်း လှသောသော ပန်းပွင့်လက်စွပ်ကို ဝတ်ထားသေးသည်။
မည်သို့ဆိုစေ အလွန်လှပသော မိန်းကလေးပေတကား။
စုချန်းက အံကြတကြီးနှင့် မေးလိုက်သည်။
"ငါ့ကို စကားပြောနေတာ မင်းလား"
ဤသက်ရှိ ပုံစံမျိုးကို စုချန်း တစ်ခါမှ မမြင်ခဲ့စဖူး။
"သိပ်မှန်တာပေါ့"
မိန်းကလေးက ကျွဲမြီးတိုသွားသည့် ပုံစံနှင့် ခါးထောက်ကာ ပြောလိုက်သည်။
"ငါက မင်းရဲ့ လမ်းပြပဲ ငါ့နာမည် အိပ်မက်ဝိညာဉ် လုလု ငါ့နောက်က လိုက်ခဲ့ပေတော့"
စကားဆုံးသည်နှင့် သူမက လေထဲတွင် စက်ဝိုင်းပုံ လှည့်ပတ်ပြီး ရဲတိုက်ဆီသို့ ဦးတည် ပျံသန်း သွားတော့သည်။ စုချန်းကလည်း သူမနောက်မှ လိုက်လာခဲ့၏။ ထိုအချိန်တွင် တစ်စုံတရာ မှားယွင်းနေကြောင်း စုချန်း သတိထား မိလိုက်သည်။ အကြောင်းမှာ သူ့ကိုယ်ခန္ဓာသည် လေထဲတွင် ပေါလော ပေါ်နေသောကြောင့်ပင်။ ထိုအခါ စုချန်းက အိပ်မက်ဝိညာဉ် လုလုကို အော်မေး လိုက်သည်။
"ဟေ့ နေပါဦး ငါလမ်းလျှောက်လို့လည်း မရပါလား ဘယ်လိုလုပ်ရမလဲ"
"ဒါဆိုလဲ ပျံသန်းလိုက်ပေါ့"
လုလုက ပြန်ပြောလိုက်သည်။ မည်သို့ ပျံသန်းရမည်ကို မသိကြောင်း စုချန်း ပြန်ပြောလိုစိတ် ပေါ်လာ၏။ သို့သော် သူက ခေတ္တစဉ်းစားပြီး ရှေ့ကို အာရုံစိုက်လိုက်ရာ သူ့တစ်ကိုယ်လုံးသည် ရှေ့ဘက်ဆီသို့ ဖြေးညင်းစွာ ရွေ့လျားနေကြောင်း တွေ့လိုက်ရသည်။ ၎င်းကိုကြည့်ရင်း လုလုက အံ့သြသင့်ဟန်ဖြင့် ပြောလိုက်သည်။
"တော်တယ် မြန်မြန် သင်ယူနိုင်သားပဲ မင်းသိထားဖို့က ဒီနေရာဟာ အိပ်မက်နယ်ပယ် ဒီအထဲမှာ မင်းတွေး လိုက်သမျှ အရာအားလုံးဟာ အစစ်အမှန်တွေ ဖြစ်လာ တတ်တယ်"
ကိုယ်ခန္ဓာကို တည်ငြိမ်အောင် မထိန်းသိမ်း နိုင်သေးစေကာမူ စုချန်းကား ပျံသန်းစ ပြုနေခဲ့လေပြီ။ ထို့နောက် သူသည် လုလုနောက်မှ လိုက်ပါရင်း ရဲတိုက်ဆီသို့ ဦးတည် ပျံသန်းလာခဲ့၏။ အနီးသို့ရောက်မှာ အလွန်ကြီးမားသော ရဲတိုက်ဖြစ်ကြောင်း စုချန်း လက်ခံလိုက်ရသည်။
စိတ်ကူးနိုင်စွမ်း ရှိသည်ထက်ပင် ကြီးမားနေပြီး ထိုရဲတိုက်သည် မြို့တစ်မြို့နှင့်ပင် တူနေသေးသည်။ ကြီးမားသော မျှော်စင်များက နေရာတကာတွင် ပြည့်နှက်လျက်။ လမ်းများသည် သက်တန့်ရောင် လင်းလက် တောက်ပကာ အလွန် လှပကြ၏။ ရှည့်များ၊ ကြွက်များ သည်လည်း ရထားလုံး ဆွဲကာ ကောင်းကင်ပေါ်တွင် ဟိုမှသည်မှ ပျံသန်း နေကြသည်။ လူပုံသဏ္ဌာန် ရုပ်တုများသည် ခရုများသဖွယ် တွဲလွဲခိုကာ လမ်းမများကို အလင်းရောင် ပေးနေကြ၏။
ထူးဆန်းလှသော မြင်ကွင်းက စုချန်းကို အကြီးအကျယ် ရင်သပ်ရှုမော သွားစေ၏။ ထိုအချိန်တွင် လုလုက သူထံသို့ ဦးတည် ပျံသန်းလာပြီး ပြောလိုက်သည်။
"မင်းရောက်နေတဲ့ နေရာဟာ အိပ်မက်သခင် ဖန်တီးထားတဲ့ အိပ်မက် နယ်ပယ်ပဲ သင့်တင့်လျှောက်ပတ်တဲ့ အခွင့်အာဏာရှိ လူတိုင်းကို ချိတ်ဆက် ပေးထားတဲ့ အတွက် ဒါကို အိပ်မက် ပိုက်ကွန်လို့လည်း ခေါ်နိုင်တယ် အိပ်မက် ရဲတိုက်ကိုတော့ အိပ်မက် ပိုက်ကွန်ထဲမှာ ဆုံချက်လို့ ခေါ်တယ် ဒီရဲတိုက်ကတော့ ဆုံချက်အမှတ် ၁၂၄ပဲ ဒီမှာ မင်းရဲ့ အခွင့်အရေးတွေကို နှိုးဆွနိုင်တယ် ဒါပေမဲ့ ဘာမှမလုပ်သေးခင် မင်းဘယ်သူ ဘယ်ဝါ ဆိုတာတော့ အရင်ဖော်ပြ ထားရလိမ့်မယ်"
"ငါ့ကို တိမ်တိုက်လင်းနို့လို့ ခေါ်နိုင်တယ်"
အတိတ်ဆီက နာမည်တစ်ခုကို သတိတရနှင့် စုချန်းက ပြောလိုက်သည်။
"ပြောပါ ငါဘာဆက်လုပ်ရမလဲ"
"ကောင်းပြီ တိမ်တိုက်လင်းနို့ မင်းရဲ့နာမည်ကို စာရင်းသွင်းလိုက်ပြီ နောင်တစ်ချိန် ဒီနေရာကို ဝင်တိုင်းထွက်တိုင်း တိမ်တိုက်လင်းနို့ဟာ မင်းရဲ့ အမှတ်အသားပဲ အိပ်မက် ပိုက်ကွန်ဟာ သတင်းအချက်အလက် သယ်ယူ ပို့ဆောင် ထိန်းသိမ်းတဲ့ စနစ်ကြီးဆိုတာ အစောကြီး ကတည်းက မင်းကို ငါပြောပြခဲ့သင့်တယ် သတင်းတစ်ခုကို ရှာဖွေချင်တာပဲ ဖြစ်ဖြစ် ပေးပို့ချင်တာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြုလုပ်နိုင်တယ် ဒါပေမဲ့ ဘယ်သတင်းကိုပဲ ပေးပို့ပါစေ တန်ရာတန်ကြေး ပေးရလိမ့်မယ် ဒါတင်မကသေးဘူး မင်းမှာ ရောင်းစရာ သတင်းရှိရင်လည်း ဒီမှာ ရောင်းလို့ရတယ် ဘယ်အရောင်းအဝယ် အတွက်မဆို အိပ်မက်သခင်က အခွန် ၅ရာခိုင်နှုန်း ကောက်ခံလိမ့်မယ်"
"ဒီတော့ တန်ရာတန်ကြေးက ဘယ်လိုပေးရမလဲ မူလကျောက်တုံးတော့ မဟုတ်ဘူးမလား"
အပြင်လောကတွင် အသုံးပြုနေသော ပစ္စည်းများ ဤနေရာတွင် အသုံးမဝင်ကြောင်း စုချန်း သိရှိထား၏။
"အသိဉာဏ်စွမ်းအားပဲ သက်ရှိတိုင်းမှာ အသိဉာဏ် စွမ်းအားရှိတယ် ဒါကိုသုံးပြီး မင်းအနေနဲ့ အရောင်းအဝယ်တွေ ပြုလုပ်နိုင်တယ်"
စကားဆုံးသည်နှင့် လုလုက လက်တဖက်ကို ဆန့်ထုတ်လိုက်ရာ တောက်ပပြီး ခပ်ရေးရေးမျှသာ မြင်ရသော ငွေရောင် ရေမှုန်လေးများ စုချန်း၏ ရှေ့တွင် တဖြည်းဖြည်း ပေါ်ပေါက်လာ၏။
"ဒါဟာ အိပ်မက် ပိုက်ကွန်ထဲမှာ လတ်တလော အသုံးပြုနေတဲ့ အိပ်မက်အမှုန်လို့ ခေါ်တယ် မင်းအနေနဲ့ အသိဉာဏ်စွမ်းအားကို ဆန့်ထုတ်ပြီး အိပ်မက်အမှုန်တွေကို ဖန်တီးရမယ် သာမာန် အခြေအနေမှာ ဆိုရင် ချီစုဆောင်းခြင်းနယ်ပယ် ချီပညာရှင် တစ်ယောက်အနေနဲ့ မူလကျောက်တုံး တစ်တုံး ဖန်တီးဖို့ တစ်ရက်ကြာတယ် ဒီမှာတော့ အချိန်ကာလက မှန်းဆဖို့ ခက်တယ် ဘာကြောင့်လဲဆိုတော့ အိပ်မက်အမှုန်ကို ဖန်တီးခြင်းဟာ လူတစ်ယောက်ရဲ့ စွမ်းအင်စုဆောင်းခြင်း အဆင့်အတန်းနဲ့ မဆိုင်လို့ပဲ အလွန်အဆင့်နိမ့်တဲ့ ချီပညာရှင် တစ်ယောက်တောင် စိတ်စွမ်းအင် ကြီးမားနေခဲ့ရင် အိပ်မက်အမှုန်တွေကို ခဏလေးနဲ့ ဖန်တီးနိုင်တယ်"
စုချန်း နားလည်သွားပေပြီ။ အမှန်တော့ အိပ်မက်အမှုန်သည် မူလကျောက်တုံးနှင့် အခြေခံသဘောတရားချင်း အတူတူသာ။ ထိုအရာနှစ်မျိုးလုံးကို ချီစွမ်းအားပညာရှင် တစ်ယောက်အနေနှင့် ကိုယ့်ဖာသာကိုယ် ဖန်တီးနိုင်၏။ အိပ်မက်အမှုန်တွင် အသိဉာဏ်စွမ်းအား ပါဝင်ပြီး မူလကျောက်တုံးတွင် မူလစွမ်းအင်များ ပါဝင်လေသည်။
အိက်မက်သခင်အနေနှင့် အိပ်မက်ပိုက်ကွန် တည်ဆောက်ခြင်း၏ ရည်ရွယ်ချက်မှာ အိပ်မက်အမှုန် သို့မဟုတ် အသိဉာဏ်စွမ်းအားများ စုဆောင်းနိုင်ရန်သာ ဖြစ်ချေသည်တကား။ စုချန်းအနေနှင့် အိပ်မက်ပိုက်ကွန်နှင့် အိပ်မက်ပိုက်ကွန်၏ အကြောင်းကို သိပ်များများစားစား မသိ။ သို့သော် ကြားရသလောက်နှင့်ပင် အိပ်မက်သခင်၏ အသိဉာဏ် စွမ်းအားသည် မှန်းဆရ ခက်လောက်အောင် နက်နဲသည့် အခြေအနေတွင် တည်ရှိနေကြောင်း သဘောပေါက် လာသည်။ အိပ်မက်သခင်သည် လူပေါင်းမြောက်များစွာ ချိတ်ဆက်နိုင်သည့် ကွန်ယက်ကြီး တစ်ခုကို တည်ဆောက်ခြင်းအားဖြင့် ၎င်း၏ အင်အားကို ပြသထားခဲ့လေပြီ။
သို့သော် စုချန်းအနေနှင့် လက်ရှိတွင် ထိုအကြောင်းအရာများကို အာရုံမစိုက် အားသေး။ သူ့အတွက် လတ်တလော အရေးကြီးဆုံးအရာမှာ ဤနေရာကို နားလည် သဘောပေါက်အောင် ကြိုးစားရန်နှင့် ဤနေရာတွင် သူ့အတွက် မည်သည့် အခွင့်အလမ်းများ ရရှိနိုင်မည်ကို စူးစမ်းရှာဖွေရန်သာ ဖြစ်သည်။
ထိုအချိန်တွင် လုလုသည် စုချန်းအား ကျယ်ပြောလှသည့် အခန်းကြီး တစ်ခန်းသို့ ခေါ်သွားပြန်သည်။ အိပ်မက်နယ်ပယ်၏ ထုံးစံအတိုင်း ထိုအခန်းသည်လည်း အရောင်မျိုးစုံနှင့် ဝင်းလက် တောက်ပနေ၏။ အခန်းတွင်း၌ လူတချို့ ရှိနေ၏။ ထိုလူများသည် အခန်းတွင်းတွင် မတ်တတ်ရပ်ပြီး ပိတ်ကားပေါ်ရှိ တစုံတရာကို သဲကြီးမဲကြီး ကြည့်ရှု နေကြလေသည်။ ၎င်းတို့၏ မျက်နှာ များမှာကား ဝေဝါးနေလေရာ မည်သူမည်ဝါမှန်း ခွဲခြားရန်မှာ မဖြစ်နိုင်ပေ။ ဤသည်မှာ အိပ်မက်နယ်ပယ်၏ အနှစ်သာရ တစ်မျိုးပင်။ ကိုယ့်ကိုယ်ကိ ဖော်ထုတ်ခြင်းမရှိပဲ မည်သူမည်ဝါမှန်း အိပ်မက်နယ်ပယ်တွင် ဖော်ထုတ်၍ မရ။
အိပ်မက်ဝိညာဉ်လုလုက ၎င်းကို ညွှန်ပြရင်း ပြောလိုက်သည်။
"ဒီနေရာဟာ အိပ်မက်ရဲတိုက်ရဲ့ သတင်း အချက်အလက် ခန်းမပဲ ဒီနေရာမှာ နေ့စဉ့်နေ့တိုင်း မရေမတွက်နိုင်တဲ့ သတင်းတွေ အပြောင်းအလဲ ပြုလုပ်နေကြတယ် ဒီထဲက တချို့ကတော့ လူတိုင်း သိခွင့်ရှိတဲ့ သတင်းတွေပဲ ဥပမာ ဟိုးထိပ်ဆုံးက သတင်းလို ဟာမျိုးတွေပေါ့"
ထိုအခါ စုချန်းက ပိတ်ကား၏ ထိပ်ပိုင်းကို လှမ်းကြည့်လိုက်ရာ သတင်းတချို့ကို မြင်တွေ့ရ၏။
ငွေတောင်ပံ သိမ်းငှက်အင်ပါယာရဲ့ သဲလွန်စ တချို့ကို တာကာရန်မှာ တွေ့လိုက်ရတယ် ...
အနက်ရောင် ကပ်ဆိုးဟာ နိုးထခြင်းခံတပ် တစ်ခုလုံးကို ပျံ့နှံ့သွားပြီ ...
သတင်း အချက်အလက်တိုင်း လိုလိုသည် ခေါင်းစီးပိုင်းများသာ ဖြစ်ကြပြီး သတင်းတစ်ပုဒ်လုံး မဟုတ်ပေ။ အကယ်၍ ထိုသတင်းကို ဆက်ဖတ်လိုပါက အိပ်မက်အမှုန် တစ်မှုန် ကျသင့် ပေလိမ့်မည်။ ထိုပမာဏကို များပြားသည်ဟု ယူဆပါက သင့်အနေနှင့် တလပြတ် ဝယ်ယူ နိုင်သေးသည်။ အိပ်မက်အမှုန် ၁၀၀နှင့် အများပြည်သူ သိခွင့်ရှိ သတင်း အချက်အလက် တိုင်းကို ၁လလုံးလုံး ကြိုက်သလောက် ဖတ်ရှုခွင့် ရှိလေသည်။
"ဒါတွေကတော့ အများပြည်သူ သိခွင့်ရှိ သတင်းတွေ ဆိုပါတော့ မင်းအနေနဲ့ တိတိကျကျ သိချင်တာများ ရှိရင်တော့ ဘယ်ဖက်အခန်းကို သွားလို့ရတယ် အဲဒီမှာ မင်းကို ကူညီပေးဖို့ သီးခြား အိပ်မက် ဝိညာဉ်ရှိတယ် အဲဒီမှာ မင်းလိုချင်တဲ့ သတင်းကို ပြောလိုက် အိပ်မက်ဝိညာဉ်က ကျသင့်တန်ဖိုးကို ပြောလိမ့်မယ် ဟုတ်ပြီ တကယ်လို့ မင်းလိုချင်တဲ့ သတင်း သူ့ဆီမှာ မရှိဘူးဆိုရင် မင်းအနေနဲ့ အဖြေအတွက် ကြိုက်တဲ့ ဆုလာဘ် တစ်ခုခုကို တောင်းဆိုနိုင်တယ်"
"ဒီတော့ ညာဖက်မှာရှိတဲ့ အခန်းက ဆုလာဘ် တောင်းဆိုတဲ့ အခန်းပေါ့ ဟုတ်လား"
စုချန်းက မေးလိုက်သည်။
"ဉာဏ်ကောင်းတယ်"
အိပ်မက်ဝိညာဉ်က စက်ဝိုင်းပုံ ပျံသန်းရင်း ပြောလိုက်သည်။
"ခုဆိုရင် ငါတို့ ဗဟုသုတခန်းမကို သွားလို့ရပြီ"
စုချန်းကလည်း လုလုနောက်မှာ ထပ်ချပ်မကွာ လိုက်ပါသွား၏။ သူတို့နှစ်ယောက်သည် နောက်ထပ် ကျယ်ဝန်းသော ခန်းမတစ်ခုသို့ ရောက်သွားပြန်သည်။ ထိုအခန်း၏ ပိတ်ကား ထိပ်ပိုင်းတွင်လည်း ပထမအခန်း ကဲ့သို့ပင် ကြေညာချက်တချို့၊ သတင်းတချို့ကို တွေ့ရပြန်သည်။
ပိတ်ကားပေါ်ရှိ မှတ်စုတချို့မှာကား သတ္တုကြာပန်းကုံးအပေါ် ကွဲပြား ခြားနားသည့် မူလစွမ်းအင် အဆောင်လက်ဖွဲ့ ဆယ့်နှစ်မျိုး၏ တူညီသော သက်ရောက်မှုများ၊ အနက်ရောင် ရေနတ်ဆိုးအရိုး အရည်နှင့် အခဲပုံစံ၏ ကွဲပြားသော သက်ရောက်မှုများ၊ လမင်းပိုက်ကွန် မူလစွမ်းအင်ပုံစံ တည်ဆောင်ရန် စတုတ္ထနည်းလမ်း စသည်တို့ ဖြစ်သည်။ သတင်း အချက်အလက် ခန်းမကဲ့သို့ပင် ဤခန်းမတွင်လည်း ဗဟုသတ တစ်ခုချင်းစီ အတွက် သတ်မှတ်တန်ဖိုးများ ရှိ၏။ တစ်ခုတည်းသော ကွဲပြား ခြားနားချက်မှာ ဤခန်းမတွင် တစ်လပြတ် ဝယ်ယူခွင့်မရှိပဲ ဗဟုသုတ တခုစီအတွက် သီးခြား ပေးချေရခြင်းပင် ဖြစ်သည်။ ပေးချေရာတွင်လည်း လေ့လာမည့် ဗဟုသုတ၏ အသုံးဝင်နိုင်စွမ်းကို မူတည်ပြီး ပေးချရသည်။ ဝယ်ယူလိုက်သည့် ဗဟုသုတသည် ပိုမိုအသုံးဝင်လေလေ သတ်မှတ်တန်ဖိုးက ပိုများလာလေလေပင်။
"ဒီနေရာမှာ မူလစွမ်းအင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ ပညာရပ်တွေ အကုန်လုံးကို ရက်ရက်ရောရောကြီးကို ချပေးထားတယ် မင်းအနေနဲ့ လုပ်ဖို့ လိုအပ်တာက သင့်လျော်တဲ့ အခန်းထဲ ဝင်ပြီး မေးဖို့ပဲ အဂ္ဂိရတ်ပညာ မူလစွမ်းအင် စုဆောင်းခြင်း မူလစွမ်းအင်ပုံစံ ရှေးဟောင်း အာကင်နာ နည်းစနစ်နဲ့ တခြား တခြား ပညာရပ်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အတွက် အဖြေအားလုံး ဒီအထဲမှာ ရှိတယ် အိပ်မက်ပိုက်ကွန်ဟာ ကမ္ဘာကြီးရဲ့ ထောင့်တိုင်း ထောင့်တိုင်းက ပါရမီရှင်တွေကို စုစည်းပြီး ဒီနေရာမှာ သတင်းအချက်အလက် ဖလှယ်ပေးနေတယ်"
လုလုက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ရှင်းပြလိုက်၏။
"ရပြီ ငါအနေနဲ့ သိသင့်သိထိုက်တဲ့ တခြားနေရာတွေ ရှိသေးသလား"
စုချန်းက မေးလိုက်သည်။
"ငါ့နောက်လိုက်ခဲ့ တာဝန်ပေး ခန်းမကို သွားမယ်"
လုလုက ဦးဆောင်ခေါ်ယူ သွားပြန်ရာ သူတို့နှစ်ယောက်သည် နောက်ထပ် ကျယ်ဝန်းသော ခန်းမတစ်ခုသို့ ရောက်သွားပြန်၏။ ထူးခြားသည်မှာ ဤခန်းမတွင် တခြားခန်းမ များထက် လူများနေခြင်း ဖြစ်သည်။
"ဒီနေရာဟာ အိပ်မက်ပိုက်ကွန်ရဲ့ အလုပ်အများဆုံး နေရာပဲ ငါတို့ရဲ့ မူလကမ္ဘာကြီးဟာ အလွန် ကျယ်ပြန့်တဲ့ နေရာဖြစ်တဲ့အတွက် တစ်ခါတလေကျရင် ငါတို့လိုချင်တဲ့ ပစ္စည်းတချို့က အလွန်ဝေးကွာတဲ့ နေရာမှာ ရှိနေနိုင်တယ် အိပ်မက်ပိုက်ကွန်က ဒီအဖြစ်မျိုးကို ရှောင်လွဲနိုင်ဖို့ တာဝန်ပေး ခန်းမကို တည်ဆောက်ခဲ့တယ် တကယ်လို့ မင်းလိုချင်တဲ့ ပစ္စည်းတစ်ခုခု အလွန်ဝေးကွာတဲ့ နေရာမှာ ရှိနေရင် ဒီကိုလာပြီး တာဝန်ပေးနိုင်တယ် မင်းလိုချင်တဲ့ ပစ္စည်းကို ဘယ်သူများ ယူပေးနိုင်မလဲပေါ့"
"ဒါကျတော့ ကျောင်းတော်မှာ ထောက်ပံ့ကြေးရမှတ် ရရှိဖို့အတွက် ပြုလုပ်ရတဲ့ တာဝန်နဲ့ တူမနေဘူးလား"
စုချန်းက တီးတိုး ရေရွတ်လိုက်သည်။ နဂါးကျောင်းတော်တွင်လည်း ထောက်ပံ့ကြေး ရမှတ်များ စုဆောင်းနိုင်ရန် ထိုတာဝန်မျိုးကို ဆောင်ရွက်လေ့ရှိကြ၏။
"ဘယ်တူမလဲ နဂါးကျောင်းတော်ရဲ့ တာဝန်ဆိုတာ ကျောင်းတော်ရဲ့ တာဝန်ခံမှု အောက်မှာပဲ လုပ်ရတာ အိပ်မက်ပိုက်ကွန်ရဲ့ တာဝန်တွေကတော့ မူလကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ အတွက် ပိုပြီး ကျယ်ဝန်းတယ် ပိုပြီး များပြားတယ် ဆုလာဘ်တွေလည်း ပိုရနိုင်တယ်"
"အဲဒီလိုပဲ အန္တရာယ်လည်း ပိုများတာပေါ့ ဟုတ်လား"
စုချန်းက ထပ်ဆင့်မေးခွန်း ထုတ်လိုက်သည်။ထို့နောက် သူက ပိတ်ကားပေါ်ရှိ တာဝန်များကို ခပ်သွက်သွက် ဖတ်ရှုလိုက်၏။
သေမင်းချောက်ရှိ တစ္ဆေဆေးပင် သုံပင်ကို ရှာဖွေရန် ...
မကောင်းဆိုးဝါး ယဇ်ပလ္လင်ရှိ ရှေးဟောင်းနတ်ဆိုးကို သတ်ဖြတ်ရန် ... စသည် စသည် ... တာဝန်များမှာ အန္တရာယ်များပြီး အခန့်မသင့်ပါက အသက်ပျောက် သွားနိုင်ကြောင်း စုချန်း သတိထားမိလိုက်၏။ ကုန်စည်ရှာဖွေရန် မေးမြန်းထားသည့် တာဝန်တချို့မှအပ အများစုမှာ သတ်ဖြတ်ရေး တာဝန်များသာတည်း။ ထိုအခါ စုချန်းက မေးမြန်းလိုက်သည်။
"ဘာကြောင့် လုပ်ကြံ သတ်ဖြတ်ရေး တာဝန်တွေက များနေရတာတုန်း"
"ဒါဘာဆန်းသလဲ ဒီလို အလုပ်မျိုးက အလွယ်ဆုံးပဲမလား"
ဟုတ်တော့လည်း ဟုတ်သည်။ တခြားတာဝန်များက ကန့်သတ်ချက်များ၏။ လွဲချော်နိုင်ချေ များ၏။ ဥပမာ ဆေးပင် ရှာဖွေရေး တာဝန်ဆိုလျှင် ရှာဖွေရမည့် နေရာက အလွန် ဝေးနေသည့်သဖြင့် ဆေးပင်ကို ရှာတွေ့သည့်တိုင် လမ်းခရီးတွင် ပျောက်ဆုံး သွားနိုင်သေးသည်။ သို့သော် လုပ်ကြံသတ်ဖြတ်ရေး တာဝန်ကတော့ တစ်မျိုးတစ်ဘာသာပင်။ ပစ်မှတ် သေဆုံးသွားသည်နှင့် သေဆုံးပြီး ပုံရိပ်ကို မူလစွမ်းအင် ပုံစံပြားတွင် ထည့်သွင်းပြီး အိပ်မက် ပိုက်ကွန်သို့ ဆက်သွယ် သတင်းပို့နိုင်သည်။ အိပ်မက်သခင်မှ အဆိုပါ သတင်းပို့ချက် မှန်မမှန် စီစစ်ပြီးသည်နှင့် တာဝန်ထမ်းဆောင်သူက ဆုငွေ ထုတ်ယူနိုင်ပြီ။ ဆုငွေကို အိပ်မက်အမှုန်ဖြင့် ထုတ်ယူနိုင်ပြီး အိပ်မက် အမှုန်ကို မလိုချင်က တစ်နေရာရာတွင် မူလ ကျောက်တုံးများနှင့် လှဲလှယ် နိုင်သေးသည်။ အိပ်မက် သခင်အနေနှင့် ကမ္ဘာကြီး၏ နေရာအတော်များများတွင် ငွေကြေး လှဲလှယ်ရန် နေရာများ ဖွဲ့စည်းထား၏။ နဂါးကျောင်းတော်သည် ထိုကဲ့သို့သော နေရာများထဲမှ တစ်ခုပင်။
ထိုအတွက်ကြောင့်ပင် တာဝန်ပေးခန်းမတွင် လုပ်ကြံသတ်ဖြတ်ရေး တာဝန်များနှင့်သာ ပြည့်နှက်နေခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော လုပ်ကြံသတ်ဖြတ်မှုများအား ဤနေရာတွင် လက်ခံဆောင်ရွက် ပေးလျက် ရှိ၏။
ဤနေရာတွင် သတိပြုရန် တစ်ခုမှာ ခန်းမကြီး ဘေးနံရံတွင် များပြားလှသော လုပ်ကြံသတ်ဖြတ်သူများကို စာရင်းပြုစုထားခြင်း ဖြစ်သည်။ ထောင်ပေါင်း များစွာသော လူသတ်သမားများ၏ ဘေးတွင် ၎င်းတို့၏ သတ်မှတ် တန်ကြေးများကိုပါ ဖော်ပြထား၏။