အိပ်မက်နယ်ပယ်သို့ဝင်ရောက်ခြင်း
Vol. 20 Ch. 191
သတင်း၊ ဗဟုသုတနှင့် တာဝန် စသည့် အခန်းကြီးသုံးခန်းအပြင် အိပ်မက်နယ်ပယ် ရဲတိုက်တွင် တခြား ဝန်ဆောင်မှုတချို့လည်း ရှိနေသေး၏။
၎င်းမှာ သီအိုရီပိုင်းဆိုင်ရာ တိုက်ပွဲများတွင် ဝင်ရောက်နိုင်ရန် မူလချီစွမ်းအားပညာရှင်များ အတွက် ပြိုင်ပွဲခန်းမတစ်ခုလည်း တည်ရှိနေခြင်း ဖြစ်သည်။ ထိုမျှသာမကသေး ချီစွမ်းအားပညာရှင်များ အနေနှင့် အမျိုးမျိုးသော ဖျော်ဖြေမှုများ၊ ပျော်ပွဲရှင်ပွဲများကိုလည်း ရှာဖွေနိုင်သေး၏။ ထိုနေရာများတွင် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျက်ရှိလေသည်။ ဝန်ဆောင်မှု မှန်သမျှသည် ပုံရိပ်ယောင်သာ ဖြစ်သည်။ သို့သော် စစ်မှန်သော ခံစားချက်ကိုကား ပေးစွမ်းနိုင်၏။ ချီစွမ်းအားပညာရှင် အတော်များများသည် မိမိတို့၏ တစ်နေ့တာ လေ့ကျင်ချိန်များကို အဆုံးရှုံးခံပြီး ဤနေရာများတွင် လာရောက် အချိန်ဖြုန်းလေ့ရှိကြ၏။ သို့သော် ဤနေရာတွင် အမှန်တော့ ဘာမှမရှိချေ။
အိပ်မက်ပိုက်ကွန် အတွင်းဝယ် ချီစွမ်းအားပညာရှင်များ အတွက် အခကြေးငွေ ပေးစရာမလိုသော ဝမ်မြောက် ပျော်ရွှင်ဖွယ် အရင်းအမြစ် များစွာရှိနေ၏။ စုချန်းက ထိုအထဲမှတချို့ကို ကိုယ်တိုင်ကိုယ်ကျပင် ဝင်ရောက် စမ်းသပ်ကြည့်လေသည်။ သူက ရှေးဟောင်း အခန်းတစ်ခုထဲ ဝင်ထိုင်လိုက်ရာ ဒဏ္ဍာရီထဲမှ နတ်သမီးတစ်ပါးသည် သီချင်းဆိုကာ ကပြဖျော်ဖြေနေကြောင်း တွေ့လိုက်ရ၏။ ပျော်ရွှင်ဖွယ် အရင်းအမြစ် အများစုမှာ ပြင်ပကမ္ဘာတွင် မရနိုင်သော အရာများ ဖြစ်ကြသည်။
သေချာပေါက် ပြောနိုင်သည်မှာ အိပ်မက်ပိုက်ကွန် အတွင်း ရှိသမျှ အရာများ အားလုံးသည် ပြင်ပကမ္ဘာကြီးဝယ် တွေ့ရန်ခဲယဉ်းပြီး စိတ်ကူးနှင့် မှန်းဆနိုင်ဖွယ်ရာ မရှိသည့် အရာများချည်းသား ဖြစ်နေကြောင်းပင်။ ထိုအမြင်အကြား အာရုံများသည် စစ်မှန်သည်ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ အမှန်တော့ အရေးမကြီး။ အဘယ်ကြောင့်ဆိုသော် အိပ်မက်ပိုက်ကွန်သည် အတိုင်းအဆမရှိ ဖွံ့ဖြိုးတိုးတက် နေသောကြောင့်ပင်။ ထိုနည်းတူစွာ ဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲများ သည်လည်း အိပ်မက်ပိုက်ကွန် အတွင်း လူသုံးအများဆုံး အရာများအဖြစ် ဗိုလ်စွဲနေဆဲ။ သတင်းအချက်အလက်နှင့် ဗဟုသုတမှာ ၎င်းတို့နှင့်စာလျှင် ဒုတိယနေရာတွင်သာ ရှိသည်။
အိပ်မက်ပိုက်ကွန်သည် ပုံရိပ်ယောင်ကွန်ရက်တစ်ခုသာ ဖြစ်သော်လည်း အရာ အတော်များများကို ပြုလုပ်နိုင်၏။ စုချန်း၏ စိတ်ထဲတွင် မိုးကုပ်စက်ဝိုင်းသည် တဖြည်းဖြည်း ကျယ်ပြောလာသကဲ့သို့ ခံစားနေရလေသည်။ ထိုအခါ သူက လုလုကို မေးလိုက်၏။
"ဒီနေရာမှာ ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းရေးကို လေ့ကျင့်မယ်ဆိုရင် ဖြစ်နိုင်ချေ ရှိသလား"
"ဒီနေရာဟာ အိပ်မက်ပိုက်ကွန်သာ ဖြစ်တဲ့အတွက် သတင်းအချက်အလက်က လွဲရင် တခြားအရာတွေကို တကယ်ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဒါကြောင့် မင်း လေ့ကျင့်သမျှဟာလည်း မင်းကိုယ်ခန္ဓာကို ဘာသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ဘူး"
လုလုက ရှင်းပြလိုက်၏။ ထိုအခါ စုချန်းက ခေတ္တစဉ်းစားရင်း မေးလိုက်ပြန်သည်။
"တကယ်လို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု မလိုအပ်တဲ့ မူလစွမ်းရည်မျိုး ဆိုရင်ကော ဥပမာ ရှေးဟောင်း အာကင်နာနည်းစနစ်လို ဟာမျိုးတွေပေါ့"
အိပ်မက်ဝိညာဉ်လုလုက တခိုးခိုး တခစ်ခစ်နှင့်် ရယ်မောလိုက်သည်။
"တယ်တော်တဲ့ ဧည့်သည်ပါလား လူအနည်းစုကပဲ အိပ်မက်ပိုက်ကွန်ရဲ့ ဖုံးကွယ်ထားတဲ့ တန်ဖိုးကို ရှာတွေ့နိုင်တယ် မင်းပြောတာ မှန်တယ် ဒီနေရာဟာ ရှေးဟောင်းအာကင်နာနည်းစနစ်တွေ လေ့ကျင့်ဖို့ သိပ်ကောင်းတဲ့ နေရာပဲ ရှေးဟောင်း အာကင်နာနည်းစနစ် လေ့လာတဲ့ ချီစွမ်းအား ပညာရှင်တွေဟာ ဒီနေရာမှာလာပြီး လေ့ကျင့်လေ့ ရှိကြတယ် ဒါပေမဲ့ ..."
လုလုက စကားကို ရပ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် နောက်တောက်တောက် ပြောင်တောင်တောင် အမူအရာများ ပေါ်ပေါက်လာ၏။
"ဒါပေမဲ့ ဘာဖြစ်သလဲ"
လုလု၏ ပါးစပ်မှ ထပ်ထွက်လာမည့် စကားလုံးသည် ထောင်ချောက်မှန်း သိသော်လည်း စုချန်းက တမင်ပင် မေးလိုက်သည်။
"မင်းအနေနဲ့ ရှေးဟောင်း အာကင်နာ နည်းစနစ်တွေကို လေ့ကျင့်မယ်ဆိုရင် မူလစွမ်းအင် မလုံလောက်တဲ့အတွက် ကန့်သတ်ခြင်း ခံရလိမ့်မယ်"
စုချန်း အံ့သြသွား၏။
"ဒါ အိပ်မက်နယ်ပယ် မဟုတ်ဘူးလား တစ်စုံတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းထဲ ဘယ်လိုအရာတွေက ဝင်ရောက်လာနိုင်တာတုန်း မူလစွမ်းအင် မလုံလောက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"
အကယ်၍ မူလစွမ်းအင် မလုံလောက်မှုသာ ရှိပါက အိပ်မက်ပိုက်ကွန် အတွင်း မူလစွမ်းရည်များ လေ့ကျင့်၍ မရဟု ဆိုလိုခြင်း ဖြစ်သည်။ လုလုက အသေးစိတ် ရှင်းပြလိုက်၏။
"ကမ္ဘာတစ်ခုကို ဖန်တီးတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံပြီး တည်ဆောက်ရတယ် တိကျခိုင်မာတဲ့ စည်းမျဉ်း စည်းကမ်းတွေကမှ ကမ္ဘာကြီးရဲ့ ဆက်လက် ဖြစ်တည်မှုကို အာမခံချက်ပေးနိုင်တာ ဒီတော့ အနှိုင်းမဲ့ လွတ်လပ်နေတဲ့ ကမ္ဘာဆိုတာ ဘယ်နေရာမှ မရှိဘူးလို့ မင်းအရင်ဆုံး နားလည်ထားရမယ် အိပ်မက်ပိုက်ကွန်လို နေရာမျိုးမှာတော့ ကန့်သတ်ချက်တွေ စည်းမျဉ်းဥပဒေတွေ တိတိကျကျကြီးကို ရှိနေတယ် ဒီနေရာမှာ ပြိုင်ပွဲတွေ ရှိနေတဲ့အတွက် မူလစွမ်းအင်ကိုသာ အကန့်အသတ်မရှိ ထားပေးလိုက်ရင် ဒီပြိုင်ပွဲတွေရဲ့ တရားမျှတမှုကလည်း မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မယ် ဒါကြောင့် အိပ်မက်သခင်က အိပ်မက်ပိုက်ကွန်ကို တည်ဆောက်တဲ့ နေရာမှာ ချီစွမ်းအားပညာရှင်တွေရဲ့ မူလစွမ်းအင်ကို အပြင်လောကနဲ့ အနီးစပ်ဆုံးတူအောင် ကန့်သတ်ပေးခဲ့တယ် တကယ်လို့ ချီစွမ်းအားပညာရှင် တစ်ယောက်ဟာ ပြိုင်ပွဲဝင်နေတယ် ဆိုပါစို့ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ပြိုင်ပွဲပြီးဆုံးလို့ နောက်တစ်ပွဲ ဆက်ပြိုင်ချင်တယ် ဆိုရင် ကုန်ဆုံးသွားတဲ့ မူလစွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ တောင်းခံလို့ရတယ် ဒါဆိုရင် ပြိုင်ပွဲခန်းမက ကုန်ဆုံးသွားတဲ့ မူလစွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးလိမ့်မယ် ဒါပေမဲ့ ကျသင့်ငွေတော့ ပေးချေရမှာပေါ့ အဲဒီလိုပဲ ဒဏ်ရာရသွားပြီ ဆိုရင်လည်း ဒဏ်ရာ အမြန်ကျက်အောင် တောင်းဆိုလို့ရတယ် ဒဏ်ရာ အတိမ်အနက်အပေါ် မူတည်ပြီး ပြိုင်ပွဲခန်းမက ကျသင့်ငွေ တောင်းခံလိမ့်မယ်"
"ဒီတော့ မူလစွမ်းအင်တွေကို အမြတ်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်ဆို့ထားတယ်လို့ မင်းက ပြောချင်နေတာလား"
စုချန်းက နားလည် သဘောပေါက်ဟန်ဖြင့် မေးလိုက်သည်။ လုလုက ပါးစပ်ကိုပိတ်ရင်း တခစ်ခစ်နှင့် ရယ်မောလိုက်သည်။
"ဒီလောက်လည်း ဟောဟောဒိုင်းဒိုင်းကြီး မပြောလိုက်ပါနဲ့လေ အဲဒီခန်းမတွေကို အလွယ်တကူ ဝင်ရောက်လေ့လာလို့ ရနေသားပဲ ဒါပေမဲ့ ကိုယ်တိုင် ဝင်ပြိုင်မယ် လေ့ကျင့်မယ် ဆိုရင်တော့ အခကြေးငွေ ကောက်ခံမှပေါ့ ဒီလိုမှမဟုတ်ရင် အိပ်မက်ပိုက်ကွန်ကြီးက ရေရှည်မှာ ဘယ်ရပ်တည်နိုင်ပါ့မလဲ ငါတို့ အိပ်မက်ဝိညာဉ်တွေ ကလည်း ဘယ်ရှိနိုင်ပါဦးမလဲ"
စုချန်းအဖို့ကား အပြစ်တင်စရာ မရှိတော့။
"ဒီတော့ ပြန်လည် ဖြည့်တင်းခက ဘယ်လောက်ရှိသလဲဗျ"
"အိပ်မက်အမှုန် တမှုန်ဟာ အဆင့်နိမ့် မူလကျောက်တုံး ၁၀တုံးစာနဲ့ညီမျှတဲ့ မူလစွမ်းအင်ပမာဏကို ပြန်လည် ဖြည့်တင်းပေးနိုင်တယ် ဘယ့်နှယ်လဲ ဈေးတန်ရဲ့မလား"
အမှန်တကယ်လည်း ဈေးတန်လှ၏။ သို့သော် ကန့်သတ်ချက်သာ မရှိလျှင် မည်သူမှ မူလစွမ်းအင် ပြန်လည်ဖြည့်တင်းရန် လိုအပ်တော့မည် မဟုတ်။ မည်သို့ဆိုစေ စုချန်းအတွက်တော့ အိပ်မက်ပိုက်ကွန်သည် ရှေးဟောင်းအာကင်နာ နည်းစနစ်များ လေ့ကျင့်ရန် အကောင်းဆုံးနေရာ တစ်ခုဟု ယူဆ ရတော့မည်ကဲ့သို့ ရှိသည်။ သို့သော် ထိုကိစ္စကို လုပ်ဆောင်ရန် သူ့အနေနှင့် ပထမဆုံး အိပ်မက်အမှုန် တချို့ကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။
"ဒီမယ် ဧည့်သည် မင်းဟာ နဂါးကျောင်းတော်ကနေ မှတ်ပုံတင်ထားတာပါ ဒါကြောင့် အိပ်မက်အမှုန်တွေ ဝယ်ယူဖို့ ဒါမှမဟုတ် ဖန်တီးဖို့ အချိန် မဖြုန်းချင်ဘူးဆိုရင် ကျောင်းတော် အတွင်းမှာပဲ မူလကျောက်တုံးတွေနဲ့ အိပ်မက်အမှုန်ကို တိုက်ရိုက် လဲလှယ်လို့ရတယ်"
"မလိုပါဘူး ငါက ကိုယ့်ဟာကိုယ် ဖန်တီး ကြည့်ချင်သေးတယ်"
"ဘယ်ခန်းမကို အရင်ဆုံး သွားချင်သလဲ"
"ဗဟုသုတ ခန်းမကို သွားမယ်"
"ဗဟုသုတ ခန်းမ ဟုတ်လား"
လုလုက ဘာမှဆက်မပြောဘဲ နှုတ်ခမ်းကို ကိုက်လိုက်သည်။ အိပ်မက်ပိုက်ကွန်၏ ဗဟုသုတခန်းမဟူသည် ထိပ်တန်းနည်းပညာများ၊ ဗဟုသုတများကို သိုလှောင် သိမ်းဆည်းထားသည့် နေရာဖြစ်သည်။ ပြင်ပကမ္ဘာရှိ စာအုပ်အတော်များများတွင် မတွေ့ရှိနိုင်သည့် ဗဟုသုတများဟုပင် ဆိုနိုင်၏။ တစ်နည်းအားဖြင့် ဗဟုသုတ ခန်းမအတွင်းရှိ အသိပညာ အတတ်ပညာ ဗဟုသုတများ အားလုံးသည် ကိုယ်ပိုင် ဝိသေသလက္ခဏာများ ရှိကြပြီး ပြင်ပကမ္ဘာသို့ ရောက်လာနိုင်ရန် အလွန် ခဲယဉ်းလှ၏။
တဖက်တွင် စဉ်းစားရန် ရှိသည်မှာကား ဗဟုသုတတိုင်းသည် တန်ဖိုးရှိသည်မဟုတ်။ ဥပမာ ရွှေရောင်ပုစွန်လုံးကို ချက်ပြုတ်ပြီး မြေသြဇာအဖြစ် အသုံးပြုခြင်း၏ စတုတ္ထနည်းလမ်းသည် ဗဟုသုတတော့ ဗဟုသုတပင်။ သို့သော် ဝယ်ယူရန်မှာကား ထိုက်တန်ခြင်းမရှိလှ။ တစ်ဖန် ဈေးအချိုဆုံးသော ဗဟုသတ၊ နည်းပညာ တစ်ခုသည်ပင် ချီစုဆောင်းခြင်း နယ်ပယ်ရှိ ချီစွမ်းအားပညာရှင် တစ်ယောက်အဖို့ နားလည်ရန် ခက်လှသည်။ ထို့ကြောင့် အိပ်မက်ပိုက်ကွန် အတွင်းသို့ စတင်ဝင်ရောက်ခါစ လူအများစုသည် ၎င်းတို့၏ အိပ်မက်အမှုန်များကို သတင်းခန်းမတွင်သာ သုံးဖြုန်းလေ့ရှိကြသည်။ ထိုနေရာတွင် ဈေးနှုန်းကလည်း ချိုလှသည် မဟုတ်ပါလား။
တချို့တလေမှာကား နောက်ဆုံး အပန်းဖြေခြင်းအနေနှင့် တာဝန်ပေးခြင်းခန်းမသို့ သွားရောက် အချိန်ဖြုန်းကြ၏။ ကံကောင်းထောက်မလျှင် သူတို့အနေနှင့် လွယ်ကူသည့် လုပ်ကြံသတ်ဖြတ်ခြင်း တာဝန်တချို့ကို တွေ့ရှိနိုင်သည် မဟုတ်ပါလား။
သို့သော် စုချန်း၏ လမ်းပြ လုလုကား ယဉ်ကျေးလှသည်။ စုချန်း၏ စကားကို တစ်ခွန်းတလေမျှပင် ငြင်းဆန်ခြင်းမပြုဘဲ တိတ်တဆိတ်ပင် သတင်းအချက်အလက် ခန်းမသို့ နောက်တစ်ကြိမ် ခေါ်ဆောင်သွားပြန်သည်။
ထိုအခါ စုချန်းက ခန်းမ၏ အနီးရှိ ဆုကြေးစာရင်းကို ဝင်ရောက် ကြည့်ရှုလိုက်သည်။ အမျိုးမျိုး အထွေအထွေသော မေးခွန်းတို့ကို ထိုနေရာတွင် ချိတ်ဆွဲထား၏။ မေးခွန်းအများစုမှာ ထူးခြားပြီး ဆန်းကြယ်လှကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။
တချို့မေးခွန်းများမှာ နတ်ဆိုးသတ္တဝါများ၊ တချို့မှာ ကိုယ်ခန္ဓာ စွမ်းအင်စုဆောင်းခြင်း၊ တချို့မှာ မူလစွမ်းအင်ပုံစံ သို့မဟုတ် အဂ္ဂိရတ်ပညာ စသည်တို့ကို မေးမြန်းထား၏။ တချို့ဆိုလျှင် ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် နေရာဒေသတို့ အကြောင်းကိုပင် မေးမြန်းထားကြောင်း စုချန်း တွေ့လိုက်ရသည်။ အမှန်တကယ် များပြားလှသည့် မေးခွန်းများပေတည်း။ ထိုမေးခွန်းများ၏ အဖြေကို သိရှိသူ မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်ခွင့်ရှိ၏။ အဖြေမှန်ပါက သတ်မှတ်တန်ဖိုးကို ရရှိပေလိမ့်မည်။
စုချန်းသည် မေးခွန်းများကို လျင်မြန်စွာ ဖတ်ရှုပြီး ထိုထဲမှ တစ်ခုကို ရွေးချယ်လိုက်သည်။
"အလင်းဆင့်ကဲဖြစ်စဉ် အဆောင်လက်ဖွဲ့ အတွက် အစားထိုးနေရာတွေက ဘယ်နေရာတွေ ဖြစ်သလဲ နေရာလေးနေရာကို သိထားပြီးပြီး ထပ်ဖြည့် နေရာတစ်နေရာစီ အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ အိပ်မက်အမှုန် ၂၀စီ ချီးမြှင့်မယ်"
စုချန်းက ထိုမေးခွန်းကို ကြည့်ပြီး အိပ်မက်ဝိညာဉ် လုလုကို မေးခွန်းထုတ်လိုက်၏။
"ဒီမေးခွန်းကို ဖြေချင်ရင် ငါ့အနေနဲ့ ဘာလုပ်ရမလဲ"
"မေးခွန်း နံပါတ်ကို မှတ်ထားပြီး ညာဘက်အခန်းထဲကို သွားဖြေရမယ် ပြီးရင် အဖြေမှန်မမှန် စောင့်ရလိမ့်မယ် မင်းက အဖြေကို တကယ်ကော သိလို့လား ရမ်းဖြေလို့ အဖြေမှားရင် အပြစ်ပေးခံရလိမ့်မယ်"
လုလုက စိတ်ပူဟန်ဖြင့် ပြောလိုက်သည်။
"နှစ်နေရာတော့ သိတယ်ဗျ"
စုချန်းက ပြောပြီး အခန်းတွင်းသို့ လှမ်းဝင်လိုက်သည်။ လုလုကား ကြောင်အမ်းအမ်း ဖြစ်နေ၏။
သူက နှစ်နေရာတောင် သိတယ် ဆိုပါကလား...
အဖြေနှစ်ခုအတွက် အိပ်မက်အမှုန် ၃၈မှုန်တိတိ စုချန်း ရရှိလိုက်၏။ ထိုအထဲမှ ၂မှုန်မှာ အခွန်အဖြစ် အနုတ်ခံလိုက်ရသည်။ သို့သော် စုချန်းကား မရပ်တန့်သေး။ မေးခွန်းများကို ဆက်လက် ရှာဖွေနေ၏။ မေးခွန်းရှာလိုက် ဝင်ဖြေလိုက်နှင့် နောက်ဆုံးတွင် အိပ်မက်အမှုန် ၂၀၀တိတိ စုချန်း ရရှိလိုက်၏။
သူ အတော်လေး အားရ ကျေနပ်သွားသည်။
"မဆိုးဘူးပဲ ဒီမှာ ငွေရှာရတာ ဒီလောက်လိမ့်မယ်လို့ ထင်မထားဘူး"
ပုံစံတမျိုးတည်းနှင့် ဤမျှ ငွေရှာနိုင်ခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ အိပ်မက်အမှုန် ၂၀၀ဆိုသည်မှာ သိပ်မများလှ။ သို့သော် ဤနေရာသည် ပုံရိပ်ယောင်နေရာ ဖြစ်သည်။ ငွေဖြုန်းရမည့်နေရာ သိပ်မများလှ။ ထို့ကြောင့် အိပ်မက်အမှုန် ၂၀၀သည် ရှေးဟောင်းအာကင်နာ နည်းစနစ်များကို လေ့ကျင့်ရန် အဆင့်နိမ့် မူလကျောက်တုံး ၂၀၀၀ ရရှိလိုက်သည့်နှယ် စုချန်းအတွက် အတော်လေး လုံလောက်သွားခဲ့ပေပြီ။
လုလု အံ့သြသင့်နေ၏။ သို့သော် ဘာမှတော့မပြော။ ဤနေရာတွင် ငွေရှာရသည်မှာ သိပ်မခက်လှ။ သို့သော် ၎င်းသည် လူအပေါ်တွင်လည်း မူတည်နေသေး၏။