← Chapters

အိပ်မက်ဆိုး

Vol. 20 Ch. 192

အိပ်မက်ဆိုး

Vol. 20 Ch. 192

မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ စုချန်း၏ အမြင်အာရုံ အတွင်းသို့ အလင်းရောင်များ တိုးဝင်လာ၏။ မိုးသောက်ခဲ့ချေပြီ။

အလွန်လှပသည့် အိပ်မက်များနှင့် ညတစ်ညပေတည်း။

အိပ်မက်နယ်ပယ် အတွင်း စုချန်း ရှာလိုသို့ အဖြေကို မတွေ့နိုင်ခဲ့။ သူလျှောက်သည့်လမ်းကို လျှောက်လှမ်းနေသူ လူနည်းစုသာ ရှိလေရာ စုချန်းအနေနှင့် မေးခွန်းများ၏ အဖြေကို သိရှိရန် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရပေလိမ့်မည်။

ဗဟုသုတခန်းမမှ လက်ချည်းသက်သက် ပြန်ထွက်လာပြီးနောက် စုချန်းသည် အိပ်မက်နယ်ပယ် အတွင်း လေ့ကျင့်မှုတချို့တော့ ပြုလုပ်ခဲ့သေး၏။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က သူလျစ်လျူရှု ထားခဲ့သည့်် နည်းစနစ်တချို့ဖြစ်သော မူလစွမ်းအင် အလင်းမြားနှင့် အဖြူရောင်မျှော်စင် ပို့ဆောင်ခြင်းတို့ကို ဖြစ်သည်။ ထိုနည်းစနစ်နှစ်မျိုးကို သူတတ်ကျွမ်းပြီး ဖြစ်သော်လည်း အချိန်မရသောကြောင့် ကျွမ်းကျင်လာအောင် မလေ့ကျင့်နိုင်ခဲ့။

အကယ်၍ အဖြူရောင်မျှော်စင် ပို့ဆောင်ခြင်းကိုသာ ကျွမ်းကျင်အောင် လေ့ကျင့်ထားလျှင် ဆဋ္ဌမမြောက် အခန်းတွင်း၌ သူ ဤမျှလောက်ထိ ဒုက္ခရောက်မည် မဟုတ်။ စုချန်းသည် ကြုံတွေ့ခဲ့သမျှ အဖြစ်အပျက်တို့အား ဘယ်သောအခါမှ လက်လွတ်စပယ် ထားတတ်သူမဟုတ်။ ထိုအဖြစ်အပျက်များသည် သူ့အတွက် အလွန်အရေးကြီးသည့် သင်ခန်းစာမျိုးကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။

တစ်ညလုံး လေ့ကျင့်ပြီးနောက် စုချန်း၏ ရှေးဟောင်းအာကင်နာ နည်းစနစ်များသည် ခုန်ပျံကျော်လွှား တိုးတက်လာ၏။ အိပ်မက်နယ်ပယ်သည် ရှေးဟောင်းအာကင်နာ နည်းစနစ်များ လေ့ကျင့်ရန် အလွန်ကောင်းသည့် နေရာတစ်ခု ဖြစ်နေရုံသာမက စမ်းသပ်မှု၊ တွက်ချက်မှုများ ဆောင်ရွက်ရန် အလွန်သင့်လျော်သည့် နေရာတစ်ခု ဖြစ်နေမှန်း ထိုအခါကျမှ စုချန်း သဘောပေါက်လာ၏။ အချိန်ကုန် သက်သာပြီး အကျိုးဖြစ်ထွန်းသည့် နည်းလမ်းတစ်ရပ် ပေတကား။

ထိုနေ့မှစ၍ စုချန်းသည် နေ့အချိန်တွင် ကျောင်းတက်၏။ လက်ရှိခေတ်သုံး မူလစွမ်းရည်များကို လေ့လာ၏။ ညရောက်လျှင် အိပ်မက်နယ်ပယ်သို့ ဝင်ပြီး ရှေးဟောင်းအာကင်နာ နည်းစနစ်များကို လေ့လာလေသည်။

နောက်ထပ် လဝက်မျှသော အချိန်သည် ဖင်လှည့်ခေါင်းလှည့်နှင့် ကုန်ဆုံးသွားပြန်သည်။ ဘဏ္ဍာစိုး ငါးယောက်ကလည်း တောင်းခံထားသော ငွေများအား စုဆောင်းမိပြီ ဖြစ်ကြောင်း အကြောင်းပြန်လာ၏။ ၂၅၀၀၀၀မျှသော မူလကျောက်တုံးများကို ရရှိလိုက်ခြင်းကြောင့် စုချန်း ဝမ်းသာသွားသည်။ ယခုဆိုလျင် သူ့အနေနှင့် လိုအပ်နေသော ပစ္စည်းအမြောက်အမြားကို ဝယ်ယူနိုင်ပေပြီ။ စမ်းသပ်မှုများအား လက်လျှော့ အရှုံးမပေးလိုသော ဆန္ဒသည် စုချန်း၏ စိတ်သဏ္ဌာန်တွင် အမြဲတစေ ကိန်းအောင်းလျက် ရှိနေသည်တကား။

မည်သို့ဆိုစေ အစမ်းသပ်ခံမျာအား စုချန်း အတော်အတန် စမ်းသပ်ခဲ့ပြီးလေပြီ။ သူတို့ကို လက်လွတ် ဆုံးရှုံးသွား၍လည်း ပြဿနာမရှိတော့။ တစ်ဖက်တွင်လည်း လူသားစမ်းသပ်မှုတွင် အလွန်အမင်း နစ်မြုပ်သွားမည်ကို ရှီကိုင်းဟွမ်က အထူးပင် စိတ်ပူနေ၏။ ထိုသို့ နစ်မြုပ်ခြင်း မရှိကြောင်း ဆရာဖြစ်သူကို စုချန်း သက်သေပြရ ပေလိမ့်မည်။ ထိုအခါ မိမိ၏ ချစ်လှစွာသော အစမ်းသပ်ခံများနှင့် လမ်းခွဲရန် အချိန်တန်ပြီဟု စုချန်း ဆုံးဖြတ်လိုက်သည်။

လဲလှယ်ခြင်းကို ကျဆုံးခြင်း သိမ်းငှက်တောင်ခြေ တောအုပ် တစ်နေရာတွင် ပြုလုပ်မည် ဖြစ်သည်။ စုချန်းအနေနှင့် အစမ်းသပ်ခံများကို ကျောင်းတော်ပြင်ပတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်လေရာ လှဲလှယ်ခြင်းကိုလည်း မျှော်စင်တွင် ပြုလုပ်ရန် အကြောင်းမရှိ။

ဘဏ္ဍာစိုး ငါးယောက်သည် သတ်မှတ်ထားသော နေရာသို့ အချိန်အတော်လေး နောက်ကျပြီးမှ ရောက်လာ၏။ သူတို့ ရောက်လာချိန်တွင် ပိုင်အုတို့ ငါးယောက်သည် ကြီးမားသော ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ခြေပစ်လက်ပစ်နှင့် ထိုင်နေကြလေသည်။ မိမိတို့ ရောက်လာသည်ကို တွေ့သည်နှင့် သခင်လေးများက ဝမ်းသာသွားမည် သို့မဟုတ် အရောက်နောက်ကျ၍ ဆဲဆို ကျိန်းမောင်းမည်ဟု ဘဏ္ဍာစိုးများက ယူဆထားကြသည်။ သို့သော် ပိုင်အူတို့ငါးယောက်ကား သူတို့ရောက်လာသည်ကို လှည့််၍ပင်မကြည့်။

"သခင်လေး"

ဘဏ္ဍာစိုး ငါးယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မိမိတို့နှင့် သက်ဆိုင်ရာ သခင်လေး အသီးသီးကို အပြေးအလွှား ဆွဲလွဲလှုပ်ယမ်းကြ၏။

"သခင်လေး ဘာဖြစ်နေတာလဲ သခင်လေး"

ယုဘဏ္ဍာစိုးကြီးက သူ့သခင်လေးကို လှုပ်ယမ်းရင်း စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ သို့သော် ယုကျင်း မှိုတွေငေးမောကာ ထိုင်မြဲတိုင်း ထိုင်လျက်ရှိသည်။ ကျန်လေးယောက်မှာလည်း ထိုအတိုင်းသာတည်း။ ထိုအခါ ဘဏ္ဍာစိုးယုက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

"စုချန်း မင်း ခုချက်ချင်း ထွက်လာစမ်း ငါ့သခင်လေးကို မင်း ဘာလုပ်လိုက်တာလဲ"

"သိပ်လည်း စိတ်မလှုပ်ရှားကြပါနဲ မမျှော်လင့်တဲ့ အဖြစ်တွေနဲ့ ကြုံလိုက်ရလို့ အသိစိတ် ခဏပျောက်သွားတဲ့ သဘောပါ သူတို့ကို အချိန်နည်းနည်း ပေးလိုက် နဂိုအတိုင်း ပြန်ဖြစ်လာလိမ့်မယ်"

စုချန်းက သူတို့ရှေ့သို့ ထွက်ပေါ်လာ၏။ လက်ထဲတွင်လည်း ဆွဲသီးတစ်ခုကို ကိုင်လျက်။ ဘဏ္ဍာစိုးငါးယောက်က စုချန်းကို ဒေါသတကြီးနှင့် လှမ်းကြည့်လိုက်သည်။ ဘဏ္ဍာစိုးပိုင်က တင်းမာသော လေသံနှင့် ပြောလိုက်၏။

"စုချန်း ငါတို့သခင်လေးတွေကို မင်းဘာလုပ်ထားတယ် ဆိုတာ ငါတို့ပဲ ဆုံးဖြတ်မယ် တစ်နေ့နေ့မှာ ဒီအတွက် မင်း အကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်"

"ဒါက မင်းတို့ရဲ့ ညှိုနှိုင်းတဲ့ ပုံစံလား"

စုချန်းက ဂရုမစိုက်သည့် ဟန်ပန်နှင့် ပြောလိုက်သည်။

"ကျွန်တွေကလည်း သူ့သခင်တွေအတိုင်းပဲ တယ်လည်း မာနထောင်ကြသကိုး"

"ဒီတော့ ဘာဖြစ်သလဲကွ မင်းက သခင်လေးတွေကို ငါတို့ရဲ့ မျက်စေ့ရှေ့ကနေ ပြန်ခေါ်သွားဖို့ ကြိုးစားနေတာလား"

အမှန်တော့ တော်ဝင်မျိုးနွယ်စုဝင်များ ပီပီ ဘဏ္ဍာစိုး ငါးယောက်သည်လည်း သိပ်ညံ့လှသည်တော့ မဟုတ်။ သူတို့ တစ်ဦးချင်းစီသည် သွေးဗီဇနိုးထပြီး ချီစွမ်းအား စုဆောင်းခြင်းနယ်ပယ် အဆင့်ရှိသူများ ဖြစ်သည်။ သူတို့သည် စုချန်းနှင့် တစ်ယောက်ချင်းစီ တိုက်ခိုက်နိုင်စွမ်း ရှိသူများဖြစိသည်။ ငါးယောက်ပေါင်း လိုက်လျှင်ကား သူတို့ သခင်လေးများ ဝင်မကူသည့်တိုင် စုချန်းကို မနိုင်စရာ အကြောင်းမရှိ။ ထို့ပြင် သူတို့ နောက်ကျရသည့် အကြောင်းမှာလည်း ပတ်ဝန်းကျင်တွင် ထောင်ချောက်များ ရှိမရှိ ကြိုတင် လေ့လာ နေရခြင်းကြောင့်သာ ဖြစ်သည်။

စုချန်းကို ကြည့်နေရင်း သူတို့၏ စိတ်ထဲတွင် ဤသကောင့်သားကို နုပ်နုပ်စဉ်းလိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေကြ၏။ ထိုအခါ သူတို့သည် တစ်ယောက်ကိုယ် တစ်ယောက် ကြည့်ကာ မသိမသာ အချက်ပြလိုက်ကြသည်။ ထိုအချိန်တွင် စုချန်းက စကားစလာ၏။

"မင်းတို့က ငါ့ကို လူကြမ်းဖြစ်အောင် လုပ်နေကြတာကိုး ငါ့ရဲ့ အတန်းဖော်တွေကို ငါက ဒုက္ခပေးပါ့မလား ခုနက ငါပြောပြီးပြီပဲ သူတို့ဟာ လမ်းခရီးမှာ ဒုက္ခရောက်ခဲ့တဲ့ အတွက် နည်းနည်းပါးပါး စိတ်နဲ့ကိုယ် မကပ်ဘဲ ဖြစ်နေကြတာ အချိန်နည်းနည်း ပေးလိုက်ရင် ပြန်ကောင်း လာကြလိမ့်မယ် ငါ့ကို မယုံဘူးဆိုရင်လည်း မင်းတို့ဘာသာ မင်းတို့ စစ်ဆေးကြည့်..."

စုချန်းက စကားဆုံးသည်နှင့် သူ့လက်ထဲရှိ ဆွဲသီးကို မြှောက်ပြလိုက်၏။ လူတိုင်း၏ အကြည့်က ဆွဲသီးထံသို့ ရောက်သွား၏။ ဆွဲသီးသည် ထောင့်ခြောက်ဘက်ပါ ကြယ်ပွင့်သဏ္ဌာန်ရှိပြီး ရှေ့တိုးနောက်ငင် လှုပ်ယမ်းလျက်ရှိသည်။ ဆွဲသီး လှုပ်ခါသွားတိုင်း သူတို့၏ စိတ်အာရုံသည် မျောလွင့်သွားသကဲ့သို့ ဘဏ္ဍာစိုးငါးယောက် ခံစားနေရ၏။

ဘဏ္ဍာစိုး ငါးယောက်တွင် ဘဏ္ဍာစိုးယု၏ စွမ်းအားမှာ အမြင့်ဆုံးဖြစ်သည်။ ၎င်းသည် ချီစုဆောင်းခြင်း နယ်ပယ် အဆင့်မြင့်အလွှာတွင် ရှိပြီး သွေးဆူပွက်ခြင်း နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ထို့ကြောင့် သူ၏ စိတ်စွမ်းအင်လည်း တခြားလူများထက် ပို၍ မြင့်မား၏။

အခြေအနေ မဟန်မှာသဘောပေါက်ပြီး သူက အော်ဟစ် သတိပေးလိုက်သည်။

"တစ်ခုခုတော့ မှားနေပြီဟေ့ ဆွဲသီးဟာ ပုံမှန်မဟုတ်ဘူး မကြည့်ကြနဲ့"

ထိုအခိုက်မှာပင် သူတို့၏ နောက်ကျောမှ စူးရှသော နာကျင်မှုကို ဘဏ္ဍာစိုးကြီးများ ခံစားလိုက်ရပြီး သွေးများ ပွက်ခနဲ ယိုစီးကြလာ၏။ နောက်ကို လှည့်ကြည့်လိုက်ရာ ပိုင်အု၊ ယုကျင်း၊ ပိုင်ယိဟုန်နှင့် ကျန်နှစ်ယောက်သည် ဓားကိုယ်စီကိုင်လျက် သူတို့ကို မုန်းတီးစွာ စိုက်ကြည့်နေကြောင်း ဘဏ္ဍာစိုးကြီးများ မြင်တွေ့လိုက်ရ၏။ သခင်လေးများက သူတို့ကို တိုက်ခိုက်လာမည်ဟု ဘဏ္ဍာစိုးများ လုံးဝထင်မလား။ မျက်လုံးကိုတစ်လှည့်၊ ဓားမြှောင်ကို တစ်လှည့် စိုက်ကြည့်ပြီးမှ တစ်စုံတစ်ရာကို သူတို့ သဘောပေါက်သွား၏။ လက်စသတ်တော့ သခင်လေးများ ထိန်းချုပ်ခံနေရခြင်း ပေတကား။ ဆွဲသီး၏ ပစ်မှတ်အစစ်အမှန်မှာ သူတို့မဟုတ်။ သခင်လေးများသာ ဖြစ်ကြကုန်၏။

ဘဏ္ဍာစိုးငါးယောက် ဒေါသတကြီးနှင့် ပြိုင်တူ ဆဲဆိုလိုက်သည်။

"ခွေးမသားစုချန်း မင်းဟာ အတော် ရွံစရာကောင်းတဲ့ အကောင်ပဲ"

စုချန်းက အေးစက်သော လေသံနှင့် ပြန်ပြောလိုက်သည်။

"မင်းတို့ဟာ ကိုယ့်ကံကြမ္မာဆိုးကို ကိုယ်တိုင် လက်ယပ် ခေါ်လိုက်ကြတာပဲ"

ဘဏ္ဍာစိုး ငါးယောက်ကသာ သူ့ကို သတ်ဖြတ်ရန် မကြံစည်လျှင် စုချန်းအနေနှင့် ဤနည်းဗျူဟာကို အသုံးပြုရန်မလို။ သို့သော် သူတို့က သူ့ကို သတ်ရန် ကြံစည်လာသည့်် အခါတွင်တော့ စုချန်းအနေနှင့် ငြိမ်ခံနေ၍ မရတော့။

ထို့နောက် စုချန်းက ဆွဲသီးကို ညင်သာစွာ လှုပ်ယမ်းပြီး အမိန့်ပေးလိုက်၏။

"မင်းတို့ရဲ့ နှလုံးသားထဲက အိပ်မက်ဆိုးတွေကို ဖွင့်ထုတ်လိုက်ကြစမ်း"

စုချန်း အသုံးပြုနေသော နည်းလမ်းမှာ ချင်းလင်အာ၏ ညှို့ငင်လိပ်ပြာ နည်းစနစ်ဖြစ်သည်။ ယခု သူအသုံးပြုလိုက်သည့် အဆင့်အတန်းမှာ ချင်းလင်အာ၏ သွေးဗီဇနီးနီးခန့်ပင် စွမ်းရည်ထက်မြက်၏။ ထိုနည်းစနစ်ကို အသုံးပြုနိုင်ရန် သူ့အနေနဲ့ ပစ်မှတ်များကို ဦးစွာပထမ ထိန်းချုပ်ထားရန် လိုအပ်ပြီး တစ်သမတ်တည်း လွှမ်းမိုးထားနိုင်ရမည် ဖြစ်သည်။ ထို့ပြင် ပစ်မှတ်များကို ထိန်းချုပ်ထားရန် သူ့အနေနှင့် အထူးပစ္စည်း တစ်မျိုးလည်း လိုအပ်ပေသည်။

တိုက်ပွဲကြီးများတွင် အသုံးပြုရန် မသင့်လျော်သော်လည်း လက်ရှိအခြေအနေ အတွက်တော့ ထိုနည်းလမ်းသည် လုံလောက်နေ၏။ ဆွဲသီးကို လှုပ်ခါလိုက်သည်နှင့် ပိုင်အုတို့ လူသိုက်သည် ဘဏ္ဍာစိုးကြီး ငါးယောက်ကို တစ်ဟုန်ထိုး ဝင်ရောက် တိုက်ခိုက်ကြတော့သည်။ မိမိတို့ မျိုးနွယ်စု၏ သခင်လေးများဖြစ်၍ ဘဏ္ဍာစိုးများမှာ ပြန်လည် မတိုက်ခိုက်ရဲပဲ တစ်ရှောင်တည်း ရှောင်နေရတော့သည်။ ဤကြားထဲ တစ်ယောက်က စုချန်းကို အော်ဟစ်ကြိမ်းမောင်း လိုက်သေးသည်။

"ဟေ့ကောင် စုချန်း ငါတို့ကို သတ်မယ်ဆိုရင် ငါတို့ မျိုးနွယ်စုက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

စုချန်း ပြုံးလိုက်သည်။ သူ့အပြုံးမှာ ရက်စက် ကြမ်းကြုတ်လှ၏။

"မင်းတို့မှားနေပြီ မင်းတို့ကို သတ်မှာ ငါမဟုတ်ဘူး မင်းတို့ရဲ့ သခင်လေးတွေ ကိုယ်တိုင်ပဲ တကယ်လို့ ငါကိုယ်တိုင် သတ်တော့ကော ဘာဖြစ်သလဲ မင်းတို့ဟာ မျိုးနွယ်စုရဲ့ ထိန်းချုပ်မှုအောက်က အိမ်စောင့်ခွေးတွေပဲဟာ ငါဟာ တော်ဝင်မျိုးနွယ်စုဝင် သခင်လေးတွေကို မသတ်ဘူး ဒါပေမဲ့ ဒါဟာ အိမ်စောင့်ခွေး တစ်ကောင်တလေကို မသတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးကွ ငါပြောတာ ယုံစမ်းပါ မင်းတို့သေလို့ ဘာမှ ဖြစ်လာစရာ မရှိဘူး မင်းတို့ မျိုးနွယ်စုအတွက် တကယ် အရေးကြီးတာက သခင်လေးတွေပဲ မင်းတို့မဟုတ်ဘူးလေကွာ"

နောက်ဆုံးတွင် ဘဏ္ဍာစိုးများသည် တဖြည်းဖြည်း စိတ်ဓာတ်ကျလာ၏။ ကနဦး ဒဏ်ရာကလည်း ပြင်းထန်လှပေရာ သိပ်မကြာခင် အတုံးအရုံးနှင့် လဲကျ သေဆုံးကုန်တော့သည်။ ဘဏ္ဍာစိုးများ သေဆုံးသွားသည်နှင့် ပိုင်အုတို့ လူသိုက်သည် ဘာမှမဖြစ်ခဲ့သလို ခပ်တည်တည်ပင် မတ်တပ်ရပ်နေကြ၏။ စုချန်းက သူတို့ထံသို့ လမ်းလျှောက်သွားပြီး ဆွဲသီးလေးက လှုပ်ယမ်းကာ ပြောလိုက်သည်။

"အိပ်မက်ဆိုးတွေ ပပျောက်သွားပြီ အရာအားလုံး ပြီးဆုံးသွားပြီ ဒါကြောင့် မင်းတို့အားလုံး နဂါးကျောင်းတော်ကို ပြန်ပြီး အရင်လိုပဲ ဆက်လက် နေထိုင်နိုင်ပြီ မင်းတို့ သိထားဖို့က ငါနဲ့မင်းတို့ကြားမှာ ဘာသမိုင်းကြောင်း ဘာရန်ညှိုး ဘာပတ်သက်မှုမှ မရှိတော့ဘူး ဆိုတာပဲ အတိတ်ကာလက ဖြစ်ပျက်သမျှဟာ မင်းတို့ မမှတ်မိချင်တဲ့ အိပ်မက်ဆိုးတွေ ဒါကြောင့် ဒီအိပ်မက်ဆိုးတွေကို အပြီးတိုင် မြေမြှုပ်ပစ်လိုက်ပါ တကယ်လို့ တစ်ယောက်ယောက်ကသာ ဒီအိပ်မက်ဆိုးတွေကို ပြန်မှတ်မိလာအောင် မင်းတို့ကို အစဖော်ခဲ့မယ်ဆိုရင် ဒီလူဟာ မင်းတို့ရန်သူပဲ မင်းတို့ကို အိပ်မက်ဆိုးတွေနဲ့ နစ်မွမ်းအောင် လုပ်နေတာ ဒါကြောင့် အဲဒီလူကို သတ်ပစ်လိုက်ပါ ငါပြောတာ ကြားသလား အိပ်မက်ဆိုးကို ပြန်နိုးထအောင် လုပ်တဲ့လူမှန်သမျှကို သတ်ပစ်လိုက်"

"အိပ်မက်ဆိုးကို ပြန်နိုးထအောင် လုပ်တဲ့လူမှန်သမျှကို သတ်ပစ်ရမယ်"

ငါးယောက်လုံးက တညီတညွတ်နှင့် ရွတ်ဆိုလိုက်၏။

စုချန်းက ခေါင်းညိတ် ပြလိုက်သည်။

"မှန်တယ် ကဲ သွားကြပေတော့ အရင်အတိုင်းပဲ ဆက်နေကြပေတော့"

ညှို့ငင်လိပ်ပြာသည် လူတစ်ယောက်ကို အချိန်အကြာကြီး ထိန်းချုပ်နိုင်ခြင်း မရှိ။ အချိန်ကြာလာသည်နှင့် အမျှ နည်းစနစ်၏ သက်ရောက်မှုသည် တဖြည်းဖြည်း လျော့ပါးလာမည်သာ။ သို့သော် ၎င်းတို့၏ နှလုံးအိမ်အတွင်းသို့ စုချန်း ရိုက်သွင်းပေးလိုက်သည့် အကြောက်တရားမှာကား အလွယ်တကူနှင့် ပျောက်ပျက်သွားလိမ့်မည် မဟုတ်။ နောက်နောင် ပိုင်အုတို့ ငါးယောက်အဖို့ စုချန်းဆိုလျင် အသံကြားရုံနှင့် ကြောက်ချေး ပါနေတော့မည် ဖြစ်လေသတည်း။

All Chapters