လူအုပ်ကြားတွင် သူမကို ရှာဖွေခြင်း
Vol. 20 Ch. 193
မျက်စေ့တစ်မှိတ် အတွင်းဝယ် အချိန်များ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ ၃နှစ်ဟူသော အချိန်သည် ဘာမှမကြာလိုက်။ ပိုင်အုနှင့် အပေါင်းအပါများသည် စုချန်း လက်မှ လွတ်မြောက်လာပြီး ကတည်းက စုချန်း ပြောသလိုပင် နေထိုင်ခဲ့ကြပုံရသည်။ ၃နှစ်တာကာလအတွင်း မည်သည့်ပြဿနာမှ ထူးထူးခြားခြား မပေါ်ပေါက်ခဲ့။
သူတို့အနေနှင့် ရှေ့သို့ခုန်အုပ်မည့်ကျား နောက်တစ်လှမ်း ဆုတ်ထားခြင်းပေလော သို့တည်းမဟုတ် အပြီးတိုင် အရှုံးပေးလိုက်ခြင်း ပေလော စုချန်း မပြောတတ်။ အမှန်တော့ ထိုကိစ္စကို သူ ဂရုလည်းမစိုက်။ ၃နှစ်တာ ကာလလုံးလုံး သူသည် စွမ်းအင် စုဆောင်းခြင်းနှင့် သုတေသန လုပ်ငန်းများတွင်သာ အပြည့်အဝ မြှုပ်နှံထားခဲ့၏။
ကိုင်းဟွမ်၏ ကောင်းကင်ဘုံနှင့် ပတ်သက်သည့် သူ့ သုတေသန လုပ်ငန်းသည် နောက်ဆုံး အဆင့်သို့တိုင် ရောက်ရှိနေခဲ့လေပြီ။ သူသည် ဘရုခ်ပုံသေနည်းကို သုံး၍ မူလစွမ်းအင် တည်ငြိမ်မှုနှင့် ပတ်သက်သည့် ပြဿနာကို အဖြေရှာနိုင်ရန် ကြိုးစားခဲ့၏။ ၃နှစ်တိုင်တိုင် တွက်ချက်သုတေသန ပြုလုပ်ခဲ့ပြီးနောက် သူသည် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေသည်။
ဤယနေ့တွင်တော့ စုချန်းသည် နောက်ဆုံးအဆင့် တွက်ချက်မှုကို ပြုလုပ်ပြီးနောက် နောက်ဆုံးစမ်းသပ်မှုကို စတင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် မူလစွမ်းအင် အဆောင်လက်ဖွဲ့ပုံစံကွက် အတွင်းသို့ နောက်ဆုံး အဆောင်လက်ဖွဲ့ကို ဂရုတစိုက်နှင့် နေရာချလိုက်၏။ မူလစွမ်းအင်ပုံစံ ကွက်ကြီးသည် တစ်မုဟုတ်ချင်းပင် အလင်းရောင်များ ဝင်းလက်လာပြီး အလွန်ရှုပ်ထွေးသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။ တဖျတ်ဖျတ် လက်နေသော အလင်းရောင်တန်းများသည် ပို၍ ပို၍ လင်းလက် တောက်ပလာပြီး ကောင်းကင်ပေါ်သို့ ထောင်တက်လာကာ အလင်းစီးကြောင်း တစ်ခုသဖွယ် ကောင်းကင်ပေါ်တွင် စီးဆင်းနေတော့သည်။ ရင်သပ်ရှုမောစရာ မြင်ကွင်းပေတကား။
"အောင်ပြီဟေ့ အောင်ပြီကွ အောင်ပြီ"
စုချန်းက ဝမ်းသာအားရနှင့် လက်ခုပ်လက်ဝါး တီးကာ ဟစ်ကြွေးလိုက်သည်။ မူလစွမ်းအင် အဆောင်လက်ဖွဲ့ပုံစံ၏ အချက်ပြမှုအရ စုချန်း၏ အဖြေသည် ဖြစ်နိုင်ဖွယ်ရာရှိကြောင်း သိသာနေ၏။ ဆိုလိုသည်မှာ သီအိုရီအရ စုချန်းသည် ကိုင်းဟွမ်၏ ကောင်းကင်ဘုံ နည်းစနစ်ကို အဆုံးသတ်နိုင် ခဲ့လေပြီ။ ရှီကိုင်းဟွမ်၏ ရည်မှန်းချက်ဖြစ်သော သွေးဗီဇမပါဘဲ သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ရန် သူ လုပ်ဆောင်နိုင်ခဲ့လေပြီ။
စုချန်း အလွန် ဝမ်းသာနေ၏။ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်လေရာ ခြေကားယား လက်ကားယားနှင့် ထိုင်မရ ထမရ ဖြစ်နေရှာသည်။ ဤရလဒ်မျိုး ရရှိရန် သူသည် လေးနှစ်ခန့် ပြင်းပြင်းထန်ထန် သုတေသန လုပ်ခဲ့ရ၏။ နေ့ရောညပါ မနားမနေ တွက်ချက်ခဲ့ရ၏။ စမ်းသပ်မှုများ ထပ်ခါထပ်ခါ ပြုလုပ်ခဲ့ရ၏။ မည်သည့် ရှုံးနိမ့်မှုမျိုးနှင့် ကြုံတွေ့ရစေကာမူ မလျှော့သော ဇွဲလုံ့လနှင့် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရာ နောက်ဆုံးတော့ သူ အောင်မြင်ခဲ့လေပြီ။
စုချန်းသည် အလွန် စိတ်လှုပ်ရှားနေလေရာ ငိုချင်စိတ်ပင် ပေါက်လာတော့သည်။
အတန်ကြာသော် သူသည် တဖြည်းဖြည်း စိတ်တည်ငြိမ်လာ၏။ ထို့နောက် သူသည် သစ်သားပြား တစ်ချပ်ပေါ်တွင် လှဲအိပ်ရင်း ကောင်းကင်ပေါ်ရှိ တလက်လက် တောက်ပနေသော အလင်းရောင်တန်းများကို ငေးကြည့်နေမိလေသည်။ သူ့ဘဝတစ်လျှောက်လုံး ဤခံစားချက်မျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားဖူး။
"လှလိုက်တာ"
စုချန်း အသံထွက်၍ ညည်းညူလိုက်သည်။ သူ့နှလုံးသားထဲတွင်တော့ ကျေနပ်အားရခြင်း၊ တင်းတိမ်ရောင့်ရဲခြင်း စသော ခံစားချက်များနှင့် ပြည့်လျှံနေ၏။ ဤယနေ့တွင် လူသားမျိုးနွယ်၏ သမိုင်းကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပြီမှန်း စုချန်း ကောင်းကောင်း သိနေသည်။
ကျင့်ကြံသူသမိုင်းတွင် ကိုင်းဟွမ်၏ ကောင်းကင်ဘုံ နည်းစနစ်သည် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်လာပေလိမ့်မည်။ ၎င်းကြောင့် လူသားများသည် သွေးဆူပွက်ခြင်း နယ်ပယ်သို့ သွေးဗီဇ အကူအညီမပါဘဲ ထိုးဖောက် ဝင်ရောက် နိုင်ကြပေလိမ့်မည်။ တစ်နည်းအားဖြင့် ကြိုးစားပမ်းစား လေ့ကျင့်နေသည့်် မည်သည့် ချီစွမ်းအား ပညာရှင်မဆို သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ပြီ ဟူသော သဘောပင်။ သူတို့အနေနှင့် ချီစုဆောင်းခြင်း နယ်ပယ်တွင်သာ ပိတ်မိမနေတော့။
ထို့ကြောင့် ကိုင်းဟွမ်၏ ကောင်းကင်ဘုံ နည်းစနစ်သည် ချီစွမ်းအား ပညာရှင်များ၏ အောက်ခြေလိုင်းကို သိသိသာသာ တိုးမြှင့်ပေးနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။ ဥပမာအားဖြင့် လူသားမျိုးနွယ်၏ တိုက်ခိုက်ရေး စွမ်းရည်သည် ၁၇တွင် ရှိသည်ဆိုပါစို့။ ကိုင်းဟွမ်၏ ကောင်းကင်ဘုံက ၁၇မှ ၂၇သို့ ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အလွန်ပင် အရေးကြီးလှ၏။
စုချန်းသည် အထက်ပါအတိုင်း စဉ်းစားမိပြီး တဖြည်းဖြည်း စိတ်လှုပ်ရှား လာပြန်သည်။ ထိုအခါ သူက ကနဦးပုံစံအတိုင်း ဆက်လက် လဲလျောင်းနေပြီး လှုပ်ရှားနေသော စိတ်ကို မနည်း ထိန်းချုပ်နေရလေသည်။ အတန်ကြာမှ စုချန်းတစ်ယောက် ပြန်လည် စိတ်တည်ငြိမ်လာ၏။
ထိုအခိုက်မှာပင် အပြင်ဘက်မှ ခေါ်သံတချို့ကို စုချန်း ကြားလိုက်ရသည်။ ဝမ်တောက်ရှန်းနှင့် ချင်းလင်အာတို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ဝမ်တောက်ရှန်းသည် ငါးရုပ်များနှင့် တန်ဆာဆင်ထားသည့် အလွန်တောက်ပသော အဝါရောင် ဖဲသားပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ခါးတွင်လည်း ကိုင်မီးရား သဏ္ဌာန် ကျောက်စိမ်းဆွဲသီး တစ်ခုကို ချိတ်ဆွဲထား၏။ ခြေထောက်တွင် ရတနာရှစ်သွယ် ရွှေဖိနပ်ကို စီးထား၏။ သူ့ဆံပင်မှာကား သရဖူ ဆောင်းထားသည့် ကြိုးကြာပုံစံ သပ်ရပ်စွာ စည်းနှောင် ထားလေသည်။ သူ့မျက်နှာသည် ကြီးမား ဝိုင်းစက်နေပြီး အသားဖြူလှ၍ နေရောင်အောက်တွင် ဝင်းလက် တောက်ပနေသကဲ့သို့ ထင်ရသည်။ သူသည် အလွန်ဝသောကြောင့် သူ့သူငယ်အိမ်များမှာ အရေပြားအောက်တွင် မြုပ်ဝင်နေသကဲ့သို့ ထင်ရ၏။
ချင်းလင်အာသည် နှင်းဆီရောင် ဂါဝန်နှင့် နှင်းဆီရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထား၏။ ရှည်လျားသော အင်္ကျီလက်များ ပေါ်တွင်ကား ရွှေရောင် ငါးကြင်းတစ်ကောင်ပုံစံ စီခြယ်ထားသည်။ သူမ၏ ခါးတွင်ကား ရွှေကြိုးတစ်ချောင်းကို နှင်းဆီပွင့်ပုံသဏ္ဌာန် စည်းနှောင်ထား၏။ သူမ၏ ခြေထောက်များတွင်တော့ ရွှေနှင်းဆီရောင် ဖိနပ်များကို စီးထားပြီး နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူ နေသော ခြေထောက်များကို အတိုင်းသား ဖွင့်လှစ်ထားလေသည်။ သူမ၏ ဆံပင်များမှာ ကျစ်ဆံမြီးနှစ်ချောင်း အဖြစ် ချထားပြီး မျက်လုံးများမှာ ကြီးမား ဝိုင်းစက်နေ၏။ လှပသော နှာခေါင်းလေးသည် လေထဲတွင် အနည်းငယ် စောင်းနေသကဲ့သို့ ထင်ရသည်။ သူမသည် နာမည်နှင့် လိုက်အောင်ပင် အလွန် ချောမောလှပနေ၏။
စုချန်းက တံခါးကို ဖွင့်လိုက်ရာ သူတို့၏ ထူးခြားသော ပုံစံကို မြင်လိုက်သည်နှင့် ပြံးရယ်ရင်း ပြောလိုက်သည်။
"ဘယ်လေတိုက်ပြီး ဒီကို ရောက်လာပြန်တာတုံးဗျ"
ချင်းလင်အာက မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"ဒီနေ့က နှစ်ကုန် ပျော်ပွဲရွှင်ပွဲနေ့လေ ကြည့်ရတာ ရှင် မေ့နေပြန်ပြီ ထင်တယ်"
"ဟေ သွေးစီးဆင်းသော ညလား"
စုချန်းက အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။ ၎င်းမှာ နဂါးကျောင်းတော်မှ ကျောင်းသားများအကြား တရားမဝင် ထုံးတမ်းစဉ်လာတစ်ခု ဖြစ်သည်။ စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားတိုင်း နှစ်တူကျောင်းသားများ အားလုံးသည် တစ်နေရာရာတွင် စုစည်းလေ့ရှိကြ၏။ တနှစ်လုံး ပြင်းပြင်းထန်ထန် လေ့လာ သင်ယူပြီးနောက် ကျောင်းသားများ၏ စိတ်ထဲတွင် ပျော်ပွဲရွှင်ပွဲတစ်ခု ဖန်တီးလိုနေကြသည်။ နှစ်ကုန် ပျော်ပွဲရွှင်ပွဲသည် ထိုဆန္ဒမှ ထွက်ပေါ်လာခြင်းပင်။ ထို့ကြောင့် ကျောင်းသားများ အတွက် နှစ်စဉ်နှစ်တိုင်း ဤအချိန်ရောက်တိုင်း အလွန်ပင် ပျော်ရွှင်လေ့ရှိကြ၏။ အကြောင်းမှာ ဤညမျိုးတွင် ကျောင်းသူများသည်ပင် မိမိ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ကြတော့ပဲ မိမိနှစ်သက်ရာ ကျောင်းသားနှင့် အပျော်ကျူးလေ့ ရှိကြသောကြောင့်ပင်။
အပျိုစင်ကျောင်းသူ အတော်များများသည် ဤညမျိုးတွင် မိန်းကလေးငယ်များ ဘဝမှာ အတွေ့အကြုံရှိ အမျိုးသမီးများ အဖြစ်သို့ ကူးပြောင်း သွားကြလေ့ရှိ၍ သွေးစီးဆင်းသော ညဟု ခေါ်တွင်လာခြင်း ပင်တည်း။
ဤပွဲသည် ကျောင်း၏ ပျော်ပွဲရွှင်ပွဲများ အနက် စုချန်း တက်ရောက်လေ့ ရှိသည့် တစ်ခုတည်းသော ပွဲတော်လည်း ဖြစ်သည်။ ဤသို့ တက်ရခြင်းမှာလည်း မိန်းကလေး တစ်ယောက်ယောက်၏ အပျိုဘဝကို ရယူလို၍ မဟုတ်။ ကုချိန်းလွှာနှင့် ပြန်တွေ့လို၍သာ ဖြစ်သည်။ သူမကို အဘယ်ကြောင့် ပြန်တွေ့ချင်နေမှန်း စုချန်း ကိုယ်တိုင်ပင် မဝေခွဲတတ်။ ဖြစ်နိုင်သည်မှာ သူ့အနေနှင့် ကုချိန်းလွှာကို စိတ်မကုန်သေး၍သော် လည်းကောင်း သို့မဟုတ် သူမအတွက် စိတ်ပူ၍သော် လည်းကောင်း ဖြစ်ပေလိမ့်မည်။
သွေးစီးဆင်းသောည ရောက်လာတိုင်း စုချန်းသည် ထောင့်တစ်ထောင့်တွင် ထိုင်ကာ ကုချိန်းလွှာကို စောင့်ကြည့်နေလေ့ ရှိသည်။ သူ့စိတ်ထဲတွင်လည်း သူမ ကျောင်းသား တစ်ယောက်ယောက်နှင့် ထွက်ခွာသွားမည်ကို စိတ်ပူနေလေ့ ရှိသည်။ တစ်ယောက်တည်း ထွက်ခွာသွားသော ကုချိန်းလွှာကို မြင်ရမှ သူ့စိတ်ထဲတွင် အမြဲတစေ ဘဝင်ကျသွားလေ့ ရှိ၏။ ဤလုပ်ရပ်သည် စုချန်း နှလုံးသားထဲတွင် စွဲလမ်းနေသော အရာတစ်မျိုး ဖြစ်လာပုံရသည်။
ဤနှစ်သည် စုချန်းအတွက် နဂါးကျောင်းတော်တွင် နေထိုင်လာသည်မှာ လေးနှစ်မြောက် ဖြစ်သည်။ ဤယနေ့ည လွန်မြောက်ပါက သူတို့အားလုံး ပဉ္စမနှစ် ကျောင်းသားများ ဖြစ်လာ ကြပေတော့မည်။
စုချန်း၏ ပါးစပ်မှ သွေးစီးဆင်းသောညဟု ပြောသံကို ကြားလိုက်၍ ချင်းလင်အာ၏ မျက်နှာက ရဲရဲနီသွားသည်။ ထို့နောက် သူမက စုချန်းကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"ဘာလဲ ရှင့်စိတ်ထဲမှာ ညစ်တီးညစ်ပတ်တွေ လျှောက်တွေး နေတာမလား"
စုချန်း အော်ငိုချင်စိတ် ပေါက်သွားသည်။ သို့သော် မျက်ရည်ကား ထွက်မလာ။
ကျုပ်က ဒီအတိုင်း သွေးစီးဆင်းသောညလို့ ပြောလိုက်ရုံပါကွာ ... ဘယ့်နှယ်ကြောင့် ညစ်တီးညစ်ပတ်တွေ လျှောက်တွေးနေတယ်လို့ ဖြစ်သွားရတာတုံး ...
ချင်းလင်အာကို ရှင်းပြနေပါက ပိုရှုပ်သွားမည်မှန်း စုချန်း သဘောပေါက်သည်။ ထိုအခါ သူက ပြောလိုက်၏။
"တိမ်တိုက်ကျားသစ်ကို သွားခေါ်လိုက်မယ် ပြီးရင် ကျုပ်တို့ သွားကြတာပေါ့"
"မြန်မြန်လုပ်ဟ အချိန်မရှိတော့ဘူး တွေ့ဆုံပွဲက စတော့မယ်"
ဝမ်တောက်ရှန်းက အလောသုံးဆယ်နှင့် ပြောလိုက်သည်။ ချင်းလင်အာက ဝင်ပြောပြန်၏။
"အဝတ်လဲဖို့လည်း မမေ့နဲ့ဦးရှင့်"
သာမန်အချိန်ဆိုလျှင် စုချန်းအနေနှင့် ထူးထူးထွေထွေ ဝတ်စားလေ့မရှိ။ ကျောင်းတော်မှ ထုတ်ပေးထားသည့် သာမန်ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိသည်။ အကြောင်းမှာ ထိုဝတ်စုံက သုတေသန လုပ်ငန်းများနှင့် ပို၍ သင့်လျော်သောကြောင့် ဖြစ်သည်။ ဤယနေ့တွင်တော့ သူက ရွှေပြားခတ်ထားသည့် ကြိုးနှင့် အနားသတ်ထားပြီး ပန်းဖွားများ ချည်နှောင်ထားသည့် အပြာရင့်ရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်လိုက်၏။ သူ့ခြေထောက်တွင်ကား ဝါးညွှန့်လေးများ မြှုပ်နှံထားသည့် ရွှေဖိနပ်တစ်ရံကို စီးထား၏။ ဆံပင်ကိုတော့ သပ်ရပ်စွာ စီးနှောင်ထားလိုက်သည်။ ဆံစတချို့မှာ ပါးပြင်ပေါ်သို့ ဝဲကျနေလေသည်။ ကြည်လင်သော အသားအရေ၊ တင့်တယ်သော ကိုယ်ဟန်နှင့် စုချန်းသည် မင်းသားလေးတစ်ပါး သဖွယ် ပဏာရနေ၏။
ချင်းလင်အာသည်ပင် စုချန်းကို မျက်တောင်မခတ်ဘဲ ကြည့်နေမိလေသည်။
တိမ်တိုက် ကျားသစ်မှာကား စုချန်းနှင့် ဆန့်ကျင်ဘက်ပေတည်း။ သူသည် ခါတိုင်း ဝတ်ဆင်နေကျ မီးခိုးရောင် ဖျင်ကြမ်းဝတ်စုံကိုပင် ဝတ်ဆင်ထားပြီး ခြေထောက်တွင် မြက်ဖိနပ်တစ်ရံ စီးထား၏။ သူ့ညာဘက် လက်တစ်ချောင်းလုံးကိုတော့ အပြင်သို့ ထုတ်ထားလေသည်။ ရှုပ်ပွနေသော ဆံပင်များကိုတော့ အဝတ်ကြိုး တစ်ချောင်းနှင့် ဖြစ်ကတတ်ဆန်း စည်းထား၏။ သူ့ကို စုချန်းက အဝတ်တစ်စုံ ထုတ်ငှားရန် စီစဉ်လိုက်သေးသည်။ သို့သော် တိမ်တိုက်ကျားသစ်က ငြင်းဆန်လိုက်၏။ သူ ပြောသည်မှာ …
"မလိုဘူးကွ ငါ ဘယ်မိန်းမနဲ့မှ တွေ့မှာမဟုတ်ဘူး" ဟူ၏။
တိမ်တိုက်ကျားသစ်၏ မည်းညစ်ညစ် အသားအရေနှင့် ရင်သပ် ရှုမောဖွယ်ရာ စကားကို ကြားလိုက်ရသော အခါ စုချန်း ဘာမှဆက်မပြောတော့။
ထို့နောက် သူတို့လေးယောက်သည် ပျော်ပွဲရွှင်ပွဲ ကျင်းပရန်နေရာသို့ ထွက်ခွာ လာခဲ့လေသည်။ သတ်မှတ်ထားသည့် နေရာသို့ရောက်သောအခါ မီးများ ထိန်ထိန်လင်းနေကြောင်း စုချန်းတို့ တွေ့ရှိလိုက်ရသည်။ သလင်းကျောက် မီးအိမ်များသည် ပုံစံမျိုးစုံနှင့် လေထဲတွင် ထွန်းလင်း တောက်ပနေကြ၏။ ကပွဲကြမ်းပြင်ကို ကွင်းပြင်ကြီး၏ အလယ်ဗဟိုတွင် ပြုလုပ်ထားသည်။ ထိုနေရာတွင် မည်သူမဆို ဝင်ရောက်ကခုန်နိုင်၏။ ကပွဲကြမ်းပြင်၏ နေရာအနှံ့တွင်ကား လူအတော်များများက စတင်ကခုန်စ ပြုနေခဲ့လေပြီ။
ကျောင်းသား လူငယ်များသည် ကြက်မလိုက်ရန် ကြိုးစားနေသည့် ကြက်ဖကြီးများ သဖွယ် အဆန်းတကြယ် အဝတ်အစားမျိုးစုံကို ဝတ်ဆင်ထားကြပြီး ကျောင်းသူလေးများ၏ အထင်ကြီးမှုကို ရရှိရန် ကြိုးစားနေကြ၏။ ကျောင်းသူ မိန်းမပျိုလေးများ သည်ကား ၎င်းတို့၏ ကိုယ်ခန္ဓာအလှကို ပွင့်လင်း မြင်သာစေသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး တစ်ဦးချင်းစီမှာလည်း အလွန် လှပနေကြလေသည်။ သူတို့အနေနှင့် ဤတစ်ညတွင် အပျိုစင်ဘဝကို အဆုံးရှုံး ခံမခံကို မည်သူမှ ကံသေကံမ မပြောနိုင်။ သို့သော် မိန်းကလေးများပီပီ လှပအောင်တော့ အစွမ်းကုန် ပြင်ဆင် လာကြလေသည်။
ကျောင်းသား လူငယ်များသည် သွေးနံ့ရသည့် ငါးမန်းများပမာ ၎င်းတို့၏ ပစ်မှတ်အသီးသီးကို မျက်ခြည်မပြတ် စောင့်ကြည့် နေကြကုန်၏။ တချို့မှာတော့ လူအုပ်ကြားထဲ တိုးဝှေ့သွားလာရင်း သားကောင်ကို လိုက်လံ ရှာဖွေနေကြလေသည်။
ဝမ်တောက်ရှန်းသည် လည်ပင်းမော့ကာ သားကောင် တွေ့လိုတွေ့ငြား လိုက်လံ ရှာဖွေနေရှာသည်။ ၎င်းကို ချင်းလင်အာတွေ့သော အခါ ဘာမှတော့မပြော။ မနှစ်မြို့သည့် အမူအရာနှင့် ဟင့်ခနဲ မျက်စောင်းထိုးလိုက်သည်။ စုချန်းသည်လည်း ဝမ်တောက်ရှန်းကဲ့သို့ပင် လူအုပ်ထဲသို့ လှမ်းကြည့်နေ၏။ သို့သော် သူကတော့ သားကောင်ကို ရှာနေခြင်းမဟုတ်။ သူတွေ့လိုသည့် တစ်စုံတစ်ယောက်ကို ရှာဖွေနေခြင်းသာ ဖြစ်သည်။
စုချန်း၏ အကြည့်သည် လူအုပ်ကို တဖြည်းဖြည်း ကျော်လွန်လာပြီး အမှောင်ရိပ် သန်းနေသည့် ထောင့်တစ်ထောင့်သို့ အရောက် ရုတ်တရက် ရပ်တန့်သွား၏။
ထိုနေရာတွင် နံရံကိုမှီပြီး မိန်းကလေး တစ်ယောက် မတ်တတ်ရပ်နေ၏။ သူမသည် ပိုးစာပင်မှထွက်သည့် ချည်သားနှင့် ပြုလုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ပေါ်တွင် အနီရောင် ဆီးသီးများ ခြယ်သထားသည့် အဖြူရောင် ခြုံလွှာတစ်ထည်ကို တင်ထား၏။ သူမ၏ ခါးတွင်တော့ ရှည်လျားသော ခါးစည်းကြိုး တစ်ချောင်းကို လေးကိုင်းသဏ္ဌာန် ချည်နှောင်ထားသည်။ ခြေထောက်တွင် အလွန်ကြည်လင်သော ဖိနပ်တရံကို စီးထားပြီး ဆံပင်ပေါ်တွင် ပုလဲဆံထိုးတစ်ခုကို ဝတ်ဆင်ထား၏။ သူမ၏ မျက်လုံးများမှာ အရည်လဲ့နေကာ ကြည်လင်လျက်ရှိပြီး လူအုပ်အတွင်းမှ တစ်စုံတစ်ယောက်ကို လိုက်လံ ရှာဖွေနေသကဲ့သို့ ရှိသည်။
ထိုအခိုက်အတန့်မှာပင် သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွား၏။
မြောက်မြားစွာသော လူအုပ်အတွင်း၌လည်း ကိုယ့်လူနှင့်ကိုယ် အကြည့်ချင်းဆုံလျက် ရှိကြလေသတည်း။