← Chapters

ဖိတ်ခေါ်ခြင်း

Vol. 20 Ch. 194

ဖိတ်ခေါ်ခြင်း

Vol. 20 Ch. 194

စည်ကား သိုက်မြိုက်လှသော လူအုပ်များ အကြားဝယ် သူတို့ အကြည့်ချင်း ဆုံနေကြ၏။

စုချန်းသည် ကုချိန်းလွှာကို ငေးကြည့်နေ၏။ သူ့စိတ်ထဲတွင် အလွန်လှပသော အိပ်မက်ရှည်ကြီးကို မက်နေသလို ခံစားနေရလေသည်။

ကုချိန်းလွှာ၏ အကာအရံများ သည်လည်း စုချန်းကို တွေ့လိုက်ရသည့် အခိုက်ဝယ် အရည်ပျော်သွားပုံ ရသည်။ သူမ၏ နှုတ်ခမ်းနှစ်လွှာသည် ပွင့်အာလာပြီး စုချန်းကို ညင်သာစွာ ပြုံးပြလိုက်၏။ ထို့နောက် သူမသည် စုချန်း၏ အကြည့်ကို ရှောင်လွှဲလိုက်ပြီး အခြားတစ်ဖက်သို့ မျက်နှာ လှည့်သွားတော့သည်။

စုချန်း၏ နှလုံးသားထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ သို့သော် သူ စိတ်ဓာတ်တော့မကျ။ အကြောင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံး အကြိမ်လည်း မဟုတ်သောကြောင့်ပင်။ လေးနှစ်တာ ကာလအတွင်း သူတို့နှစ်ယောက် မရေမတွက် နိုင်အောင် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ တွေ့တိုင်းလည်း တစ်ယောက်နှင့် တစ်ယောက် ပြုံးပြ၍ လမ်းခွဲခဲ့ကြသည်သာ။

"ဟေး လင်အာ"

ခေါ်သံတစ်ခုက စုချန်း၏ စိတ်အာရုံကို ပစ္စုပ္ပန်ဆီသို့ ဆွဲယူလိုက်၏။ ချင်းလင်အာကို လက်ပြရင်း လူငယ်တချို့သည် သူတို့အုပ်စုဆီသို့ ဦးတည် လျှောက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်ကို စုချန်း သိ၏။ သွေးနတ်ဆိုး ကျုံးတင်ပေတည်း။

ကျုံးတင်သည် အဖြူ ရောင်တိမ်တိုက်များ စီခြယ်ထားသည့် နီရဲရဲ ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် အနက်ရောင် ကွင်းဆက်ခါးပတ်ကို ပတ်ထား၏။ ထိုကွင်းသည် ဘယ်ဘက် လက်မောင်းနှင့် ဆက်သွယ် ထားလေသည်။ ခြေထောက်တွင် အနက်ရောင် ကျားသစ်ဖိနပ်များကို စီးထားပြီး ဆံပင်ကိုကား ကျစ်ဆံမြီး ကျစ်ထား၏။ သူ့ဦးခေါင်းပေါ်တွင် အနီရောင် ငှက်အမောက်သဏ္ဌာန် ဦးထုပ်ကို ဆောင်းထားပြီး သူ့မျက်ခုံးများမှာ ထူထဲချွန်ထက်နေ၏။ သူ့မျက်လုံးများမှာ ဆွဲဆောင်မှုရှိလှပြီး သူ့အကြည့်မှာ သိမ်းငှက် တစ်ကောင်ပမာ စူးရှလှသည်။ သို့သော် သူ့တစ်ကိုယ်လုံး လူအများ အမြင်အာရုံကို အဖမ်းစားနိုင်ဆုံး အရာမှာ သူ၏ ဆွတ်ဆွတ်ဖြူ နေသော အသားအရေ ဖြစ်သည်။ ဖြူလွန်းသောကြောင့် ကျုံးတင်ကို ဖျတ်ခနဲ ကြည့်မိလျှင် အဟာရချို့တဲ့ နေသည်ဟုပင် ထင်မှတ်ရ၏။

ကျုံးတင်၏ ဘေးနားတွင် ရပ်နေသောလူငယ်မှာ အရပ်အလွန်ရှည်ပြီး အစိမ်းပုပ်ရောင် အပေါ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ ဝတ်ရုံရှည်၏ အောက်တွင်တော့ အဖြူရောင် ပွဲတက်ဝတ်စုံနှင့် ဘောင်းဘီဖြူကို တွဲလျက် ဝတ်ဆင်ထားလေသည်။ သူ့ဖိနပ်များမှာ သမင်အရေခွံနှင့် ပြုလုပ်ထားပြီး ခေါင်းပေါ်တွင် အစိမ်းပုပ်ရောင် သက္ကလပ်ဦးထုပ်ကို ဝတ်ဆင်ထား၏။ သူ့ပုံစံမှာ တခြားလူများကို အဖတ်မလုပ်ဘဲ မာန်ထောင်နေသော လူငယ်တစ်ဦး၏ ဟန်ပန်အပြည့်ပင်။ သူ၏ ကျောပေါ်တွင်ကား လူတကာ အမြင်အာရုံကို ဖမ်းစားနိုင်သည့် ထူးဆန်းသော လေးတစ်စင်းကို လွယ်ထား၏။ ထိုလေးသည် အလွန် ရှေးကျသော သစ်ပင်တစ်ပင်၏ အကြောများနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ လေး၏ထိပ်တွင် ဆံပင်ရှည် ဖားလျားချထားသော နတ်ဆိုးတစ်ကောင်၏ ရုပ်တုငယ်ကို ထွင်းထုထား၏။ နတ်ဆိုး၏ ဆံပင်ရှည်များသည် ထိုလေး၏ လေးကိုင်းများပေတည်း။

ထိုလေးကြောင့်ပင် ထိုလူငယ်သည် ထူးခြားသော ဘွဲ့နာမည်ကို ရလာခြင်းဖြစ်သည်။ ထိုလူငယ်မှာ တခြားသူမဟုတ်။ သစ်ပင်လေး ကျန်းချန်းအန်ပေတည်း။

ကျန်းချန်းအန်ကို စုချန်း ရှေးကတည်းက သိ၏။ သို့သော် လေးနှစ်တာ ကာလအတွင်း သူတို့နှစ်ယောက် တစ်ကြိမ်တစ်ခါမှ ထိပ်တိုက် တွေ့ဆုံဖူးခြင်း မရှိ။ ခပ်လှမ်းလှမ်းမှသာ မြင်တွေ့ဖူးသည်။ ချင်းလင်အာကို လှမ်းခေါ်လိုက်သူမှာ ကျန်းချန်းအန်ပင် ဖြစ်သည်။ ချင်းလင်အာ အနားသို့ ရောက်သည်နှင့် သူက ရယ်မောရင်း ပြောလိုက်သည်။

"ခုမှ ရောက်လာရအောင် ဘယ်တွေ သဝေထိုးနေတာတုန်း ဟိုမှာ မင်းကိုစောင့်နေတာ အတော်တောင် ကြာနေပြီ"

"စုချန်းကို သွားခေါ်နေလို့ နည်းနည်း နောက်ကျသွားတာ"

ချင်းလင်အာက ပြန်ဖြေလိုက်သည်။ ကျန်းချန်းအန်က စုချန်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ သူ့အနေနှင့် စုချန်းကို မသိနိုင်စရာ အကြောင်းမရှိ။ စုချန်းသည် တောင်သုံးလုံး နယ်မြေပြိုင်ပွဲတွင် သွေးဗီဇမပါဘဲ အဆင့်၁၀အတွင်း ဝင်နိုင်ခဲ့သူ၊ ပါရမီနှင့် ဉာဏ်ပညာကို အသုံးပြုပြီး ပြိုင်ဘက်များအား အနိုင်ယူခဲ့သူ ဖြစ်သည်။

သို့သော်ငြားလည်း ဈေးပေါပေါ လှည့်ကွက်တို့သည် ဈေးပေါပေါ လှည့်ကွက်မျှသာ ဖြစ်ကြကုန်၏။ နဂါးကျောင်းတော်သို့ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း စုချန်း၏ အောင်မြင်မှုများသည် တစ်မုဟုတ်ချင်း မှေးမှိန်သွားတော့သည်။ သူသည် နောက်ထပ် မည်သည့် အောင်မြင်မှုမှ မရရှိတော့သလို နှစ်ကုန် ပြိုင်ပွဲကိုလည်း ဝင်မပြိုင်ခဲ့၍ ပထမနှစ်တွင် ရရှိခဲ့သော အဆင့်အတန်းကို ဆုံးရှုံးသွား၏။

ဤလေးနှစ်အတွင်း စုချန်း ဆောင်ရွက်နိုင်ခဲ့သည့် တစ်ခုတည်းသော အောင်မြင်မှုဟူ၍ လေမိုးကြိုး ကင်းမြီးကောက်ထံတွင် တပည့်အဖြစ် ခံယူနိုင်ခဲ့ခြင်းသာ ရှိသည်။ လေမိုးကြိုး ကင်းမြီးကောက်သည် အထင်ကြီးစရာ လူတစ်ယောက် ဖြစ်သော်လည်း ၎င်းကို စုချန်း၏ အောင်မြင်မှုဟု သတ်မှတ်ရန်တော့ ခက်၏။ အကြောင်းမှာ ဆရာ၏ အောင်မြင်မှုနှင့် အရည်အချင်းသည် တပည့်၏ အောင်မြင်မှု၊ အရည်အချင်းနှင့် တိုက်ရိုက် မသက်ဆိုင်သောကြောင့်ပင်။ ဆရာတော်တိုင်း တပည့်တော်သည် မဟုတ်။ ကိုယ်ပိုင်အောင်မြင်မှု သာလျှင် အဓိပ္ပာယ်ရှိသည့် အောင်မြင်မှုဟု သတ်မှတ်နိုင်မည် မဟုတ်ပါလော။

တပည့် လက်မခံသော ဆရာတစ်ယောက်ထံတွင် တပည့် ခံယူနိုင်ခဲ့ခြင်းကြောင့် စုချန်း၏ အင်အား တိုးပွားလာပြီဟု မဆိုလိုပေ။ ၎င်းကို သုံးနှစ်တိုင်တိုင် ပုန်းအောင်းနေခြင်းဖြင့် စုချန်း သက်သေပြခဲ့ပြီး ဖြစ်သည်။

စုချန်းကား ကစဉ့််ကလျား ပျက်စီးနေသူသာတည်း။

ကျန်းချန်းအန်သည် ဝမ်တောက်ရှန်းနှင့် တိမ်တိုက်ကျား သစ်ဖက်ကို တစ်ဆက်တည်း လှည့်ကြည့်လိုက်သည်။ သူ၏ စိတ်ဝင်စားမှုမှာလည်း အတော် လျော့သွား၏။ ဤနှစ်ယောက်တည်းမှာ တစ်ယောက်မှာ သူ အနိုင်ယူခဲ့သူဖြစ်ပြီး ကျန်တစ်ယောက်မှာ သွေးဗီဇမပါသူ ဖြစ်နေ၏။

ထို့နောက် သူက ချင်းလင်အာဖက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ချင်းလင်အာ ကျုပ်ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး မင်း ဘယ်လို သဘောရသလဲ"

ထိုအချိန်တွင် ချင်းလင်အာသည် သူမ၏ ကိုယ်ခန္ဓာကို တေးသွားနှင့်အညီ လိုက်ပါ လှုပ်ယမ်းနေ၏။ ကျန်းချန်းအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူမ၏ မျက်လုံးများက အရောင်တောက်လာသည်။ ကျန်းချန်းအန်ကလည်း 'ပြောပါ'ဟူသော အမူအရာနှင့် ခေါင်းညိတ်ပြလိုက်၏။

"ကျွန်မအနေနဲ့ ဘာမှ ငြင်းစရာ မရှိပါဘူး ဒါပေမဲ့ ကျွန်မရဲ့ သူငယ်ချင်း နှစ်ယောက်ကိုပါ ကျွန်မနဲ့အတူ ပါစေချင်တယ်"

"သူတို့လား"

ကျန်းချန်းအန်က မျက်ခုံးပင့်ရင်း စုချန်းနှင့် ဝမ်တောက်ရှန်းကို ဖျတ်ခနဲ လှမ်းကြည့်ကာ မေးလိုက်သည်။ စုချန်းကား သူတို့ ဘာပြောနေမှန်း မသိ။ ထို့ကြောင့် အနည်းငယ် စိတ်ရှုပ်လာ၏။ ထိုအခါ သူက ဝမ်တောက်ရှန်းကို လှည့်ကာ မေးလိုက်သည်။

"အရိုးပြာတစ်ထောင် ချောက်နက်မှာ ဘာတွေများ ဖြစ်နေတာလဲဗျ"

"အိုး သူတို့ အရိုးပြာတစ်ထောင် ချောက်နက်ကို သွားဖို့ ပြင်ဆင်နေကြတာကွ"

အရိုးပြာတစ်ထောင် ချောက်နက်ဟူသည် ကျဆုံးခြင်း သိမ်းငှက်တောင်၏ မြောက်ဖျားစွန်းရှိ နက်ရှိုင်းလှသော ချောက်နက်ကြီး ဖြစ်သည်။ ထိုနေရာရှိ မူလစွမ်းအင်သည် အလွန်ပဲ သိပ်သည်းဆများ၏။ တန်ဖိုးကြီး ဆေးပင် ပန်းပင်များကလည်း ဒုနှင့် ဒေးပင်။ သို့သော် အပေါများဆုံးမှာကား သားရဲ သတ္တဝါဆိုးများသာ ဖြစ်ကြကုန်၏။ ကျဆုံးခြင်း သိမ်းငှက်နယ်ပယ် အတွင်း ထိုနေရာသည် အန္တရာယ် အကြီးမားဆုံးဖြစ်ပြီး ကျောင်းသားများ အနေနှင့် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရန် အကောင်းဆုံး နေရာလည်း ဖြစ်နေ၏။

နှစ်စဉ်နှစ်တိုင်း လိုလိုပင် မရေမတွက်နိုင်သော ကျောင်းသားများသည် ထိုနေရာသို့သွားကာ အစွမ်းထက် ဆေးပင်များ ရှာဖွေလေ့ရှိကြသည်။ သို့မဟုတ်ပါကလည်း သားရဲ သတ္တဝါဆိုးများကို အမဲလိုက် ထွက်ကြလေ့ရှိသည်။ ထိုထဲမှ တချို့မှာ ငွေကြေးအတွက် ဖြစ်ပြီး တချို့မှာ ကိုယ်ခန္ဓာ စွမ်းအင်များ တိုးပွားလာစေရန် ဖြစ်သည်။ မည်သို့ဆိုစေ အရိုးပြာတစ်ထောင် ချောက်နက်အတွင်းသို့ ဝင်ရောက်ပြီး အောင်မြင်စွာ ပြန်ထွက်လာနိုင်ပါက ကြီးမားသော အောင်မြင်မှုကြီးသဖွယ် သတ်မှတ်လေ့ ရှိကြ၏။

တစ်ဖက်တွင်လည်း ကျောင်းသားများ အနေနှင့် ထိုနေရာသို့ သွားရောက်ရန် ကျောင်းတော်မှ ချမှတ်ထားသည့် စည်းကမ်းများကို အတိအကျ လိုက်နာရ၏။ ထိုစည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပထမအချက်မှာ အရိုးပြာတစ်ထောင် ချောက်နက်သို့ သွားမည့် ကျောင်းသားသည် ကျောင်းတော်တွင် အနည်းဆုံး လေးနှစ် ပညာသင်ကြားပြီးသူ ဖြစ်ရမည်။ ဒုတိယအချက်မှာ ချောက်နက်မှ ပြန်လာသူတိုင်းသည် ချောက်နက်အကြောင်းကို လုံးစေ့ပတ်စေ့ ပြောပြနိုင်သည် မဟုတ်။ ထို့ကြောင့် ထိုနေရာသို့ သွားမည့် ကျောင်းသားသည် ကိုယ့်အရည်အချင်းကို ကိုယ်တိုင် နားလည်ထားရမည်။ သင့်တင့် လျောက်ပတ်သည့် အတွေအကြုံ ရှိထားရမည်။ တတိယအချက်မှာ အဖွဲ့တွင် ကျောင်းသား ၇ယောက်ထက် မများရ။ အစေခံ သုံးယောက်ထက် မပိုရ။ နောက်ဆုံးအနေနှင့် ၎င်းတို့၏ စုပေါင်းအင်အားသည် သွေးဆူပွက်ခြင်း နယ်ပယ်ကို မကျော်လွန်ရ။

တစ်နည်းအားဖြင့် နဂါးကျောင်းတော်သည် သူတို့ လက်ခံနိုင်သည့် အနိမ့်ဆုံးနှင့် အမြင့်ဆုံး အတိုင်းအတာများကို ကြိုတင် သတ်မှတ်ပေးထားသည့် သဘောပင်။

စုချန်းတို့ စာသင်နှစ်သည် သတ်မှတ်ကာလ မပြည့်သေးရာ အရိုးပြာတစ်ထောင် ချောက်နက်ဆီသို့ တစ်ကြိမ်မှ မသွားဖူးကြသေး။ သို့သော် နှစ်ကုန်အကဲဖြတ် ပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် သူတို့အားလုံး အရိုးပြာတစ်ထောင် ချောက်နက်သို့ သွားရောက်ခွင့်ရပြီ ဖြစ်သည်။ ထိုအတွက်ကြောင့် ကျောင်းသားများ အားလုံးသည် ကိုယ့်အစီအစဉ်နှင့်ကိုယ် အသင်းငယ်များ ကြိုတင် ဖွဲ့စည်းနေကြခြင်း ဖြစ်သည်။ သူတို့အားလုံး၏ စိတ်ထဲတွင် အရိုးပြာတစ်ထောင် ချောက်နက်သို့ သွားရောက်ရင်း မိမိ၏ ဂုဏ်သတင်း မြင့်မားလာအောင် ဆောင်ရွက်ကြမည့်အပြင် ခရီးသွားဟန်လွဲဆိုသလို ကျောင်းတော်၏ အဆင့်သတ်မှတ်ချက် တိုးတက်လာစေရန် ရည်သန် ထားကြကုန်၏ အဘယ်ကြောင့်ဆိုသော် နဂါးကျောင်းတော် အနေနှင့်် ကျောင်းသားများ၏ အဆင့်ကို သတ်မှတ်ရာတွင် အရိုးပြာတစ်ထောင် ချောက်နက်အတွင်း စွမ်းဆောင်ရည်ကိုပါ ထည့်သွင်း တွက်ချက်သောကြောင့်ပင်။

တစ်စုံတစ်ယောက်၏ ဂုဏ်သတင်းဟူသည်မှာ စင်မြင့််တိုက်ပွဲတွင် အနိုင်ရရုံမျှလောက်နှင့် တွက်ချက်၍ မရစကောင်း။ သေရေးရှင်ရေး တိုက်ပွဲများတွင် ၎င်း၏ စွမ်းဆောင်ရည်ကို ထည့်သွင်း တွက်ချက်ပါမှ သဘာဝကျမည် မဟုတ်ပါလော။

ကျန်းချန်းအန်တို့ လူစုသည်လည်း အရိုးပြာတစ်ထောင် ချောက်နက်သို့ သွားရောက်မည့် အဖွဲ့များအနက်မှ တစ်ဖွဲ့ဖြစ်သည်။

ကျောင်းတွင်း တိုက်ပွဲများတွင် မူလစွမ်းရည် တချို့ကို အသုံးပြုရန် ကန့်သတ်ခံထားရ၍ ချင်းလင်အာ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အထင်ကြီးစရာ မကောင်းလှ။ သို့သော် သူမ၏ စွမ်းရည်သည် သားရဲ သတ္တဝါဆိုးများကို ထိန်းချုပ်ရာတွင်တော့ များစွာ အသုံးဝင်လှသည်။ ချင်းလင်အာသာ သူတို့နှင့် အတူပါလာပြီး အလယ်အလတ် သို့မဟုတ် အဆင့်မြင့် သားရဲသတ္တဝါဆိုး တစ်ကောင်ကိုသာ ထိန်းချုပ်နိုင်ခဲ့ပါက သူတို့၏ အင်အားသည် အတိုင်းအဆမရှိ တိုးပွားလာဖွယ်ရာ ရှိသည်။ ထိုကြောင့် ကျန်းချန်းအန်က ချင်းလင်အာကို သူတို့နှင့်အတူ လိုက်ပါရန် အရခေါ်နေခြင်းပင်။

ချင်းလင်အာ ကိုယ်တိုင်လည်း ထိုကမ်းလှမ်းချက်ကို အထူးပင် စိတ်ဝင်စားလှသည်။ သို့သော် ဝမ်တောက်ရှန်း၊ စုချန်းနှင့် သူမအကြား ခင်မင်မှုကြောင့် သူတို့နှစ်ယောက်ကိုပါ အဖွဲ့တွင်းသို့ အတူ ခေါ်သွားချင်သည်။ အမှန်တော့ ထိုအကြောင်းကို ဝမ်တောက်ရှန်း သိထားပြီးသား။ စုချန်းကသာ အခန်းအောင်းနေ၍ မသိသေးခြင်း ဖြစ်သည်။

"လက်စသတ်တော့ အဲဒီလိုကိုး ဘယ်အချိန်လဲဗျ"

စုချန်းက မေးလိုက်သည်။

"လာမဲ့ ရက်အနည်းငယ် အတွင်း တစ်ချိန်ချိန် ဖြစ်မှာပေါ့ သူတို့ခေါင်းဆောင်ရဲ့ ဆန္ဒအတိုင်းပေါ့လေ"

ဝမ်တောက်ရှန်းက ကျန်းချန်းအန်နှင့်် ကျုံးတင်ကို မေးငေါ့ကာ ပြောလိုက်၏။ ကြည့်ရသည်မှာ အဖွဲ့ကို ဦးဆောင်မည့် သူသည် ကျန်းချန်းအန်နှင့် ကျုံးတင်တို့ ဖြစ်ပြီး ဆုံးဖြတ်ချက်ကိုလည်း သူတို့ပင် ပူးပေါင်း ချမှတ်ပုံရသည်။ သို့သော်ငြားလည်း သွေးနတ်ဆိုး ကျုံးတင်သည် ယခုအချိန်ထိ တုံဏှိဘာဝေ ရှိနေပြီး စကား သိပ်မပြောလေရာ ဆုံးဖြတ်ချက် အများစုကို အဓိက ချမှတ်သူမှာ ကျန်းချန်းအန်ပင် ဖြစ်ပေလိမ့်မည်။

ချင်းလင်အာ၏ တောင်းဆိုချက်ကို ကြားရသောအခါ ကျန်းချန်းအန် အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်သွား၏။

"ဒါကတော့ ..."

"ဘာလဲ ရှင်က သဘောမတူဘူးလား"

ကျန်းချန်းအန်က ရှင်းပြလိုက်၏။

"မင်းရဲ့ တောင်းဆိုချက်က ဖြည့်ဆည်းပေးဖို့ အတော်ခက်နေတယ် မင်း သိတဲ့အတိုင်း အရိုးပြာတစ်ထောင် ချောက်နက်ဟာ အန္တရာယ်များတယ် သိပ်ကြောက်စရာ ကောင်းတယ် အဲဒီမှာ အလယ်အလတ်နဲ့ အဆင့်မြင့် သားရဲသတ္တဝါးဆိုးတွေ အပြည့်ပဲ နောက်တစ်ချက်က ကျုပ်တို့ အဲဒီကိုသွားတယ်ဆိုတာ အဆင့်သတ်မှတ်ချက်တွေ တက်လာဖို့ သွားတာ အလကားသွားတာ မဟုတ်ဘူး ကျုပ်နဲ့ ဝမ်တောက်ရှန်း တစ်ကြိမ် တိုက်ခိုက်ဖူးတယ် ဒါကြောင့် ကျုပ်အနေနဲ့ သူ့ရဲ့အင်အားကို သံသယမရှိတာ အမှန်ပဲ ဒါပေမဲ့ ဒီကောင် စုချန်းကတော့..."

ဤနေရာသို့ အရောက်တွင် ကျန်းချန်းအန်က စကားကို ခေတ္တရပ်ပြီး ခေါင်းခါလိုက်သည်။

"ဒီလို ဝန်ထုပ်ဝန်ပိုးကို ဘာကြောင့် ခေါ်သွားမှာလဲ"

ထိုစကားကို ကြားသောအခါ စုချန်းက သဘောမကျဟန်ဖြင့် မျက်မှောင် ကုတ်လိုက်သည်။ အမှန်တော့ သူ့အနေနှင့် သူများ အထင်သေးခြင်းကို ဂရုစိုက်လှသည်မဟုတ်။ ပြီးခဲ့သည့် လေးနှစ်လုံးလုံး သူသည် တိတ်တဆိတ်သာ နေထိုင်ခဲ့လေရာ ထိုသို့ အထင်သေးခြင်းမှာလည်း သဘာဝ ကျပေသည်။

သို့သော်ငြားလည်း အထင်သေးခြင်းနှင့် အသလွတ် တိုက်ခိုက်ခြင်းမှာ မတူညီသော ပြဿနာနှစ်ရပ်သာ ဖြစ်သည်။

ထိုအချိန်တွင် ဝမ်တောက်ရှန်းက ကျန်းချန်းအန်၏ စကားကို ဒေါသတကြီးနှင့် ကန့်ကွက်လိုက်သည်။

"စုချန်းဟာ တောင်သုံးလုံးပြိုင်ပွဲမှာ အဆင့်၁၀အတွင်း ဝင်နိုင်ခဲ့တယ် ဒီလိုလူစားမျိုးက ဘယ်လိုလုပ် ဝန်ထုပ်ဝန်ပိုး ဖြစ်ပါ့မလဲ"

ကျန်းချန်းအန်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ဒါဟာ လွန်ခဲ့တဲ့ လေးနှစ်ကပါကွာ"

ကျန်းချန်းအန် မမှားပေ။ စုချန်းသည် တချိန်က အင်အားကြီးခဲ့သည်မှာ မှန်၏။ သို့သော် ၎င်းသည် အတိတ်မှာ ကျန်ရစ်ခဲ့ပေပြီ။ ပြီးခဲ့သည့် လေးနှစ်လုံးလုံး စုချန်း ဘာမှမလုပ်ခဲ့။ ထို့ကြောင့် လျှော့တွက်ခံရသည်မှာ အံ့သြစရာ မဟုတ်။ ကျန်းချန်းအန်၊ ကျုံးတင်နှင့် တခြားလူများ၏ စိတ်ထဲတွင် စုချန်းသည် အတိတ်ကာလမှ သူရဲကောင်းဘဝကို ဘယ်တော့မှ ပြန်မလာနိုင်တော့ပဲ ကျဆုံးသွားပြီဟု တထစ်ချ ယူဆထားကြ၏။ အမှန်တော့ ဝမ်တောက်ရှန်းနှင့် ချင်းလင်အာတို့၏ စိတ်ထဲမှာပင် ထိုကဲ့သို့ ယူဆထားကြ၏။ အားနာ၍သာ ထုတ်မပြောခြင်း ဖြစ်သည်။

စုချန်းကို သူတို့ မစွန့်ခွာရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာလည်း ခင်မင်မှုကြောင့်သာ ဖြစ်သည်။ စုချန်း၏ အင်အားကိုကား သူတို့ယုံကြည်ခြင်း မရှိတော့။ ထို့ကြောင့် ကျန်းချန်းအန် ထိုသို့ ပြောလာသည့်အခါ ဝမ်တောက်ရှန်း ဘာပြောရမှန်း မသိဘဲ ဖြစ်သွားခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူက ပြောလိုက်၏။

"စုချန်းမပါရင် ကျုပ်လည်း မပါတော့ဘူး"

သူက ထိုသို့ ပြောလိုက်သည့်အခါ ချင်းလင်အာကလည်း ထိုစကားတိုင်း လိုက်ပြောရန် ဟန်ပြင်လိုက်သည်။ ၎င်းကိုကြည့်ရင်း ကျန်းချန်းအန်က ဝင်ပြောလိုက်သည်။

"ကျုပ်တို့ဟာ အရိုးပြာတစ်ထောင် ချောက်နက်ကို သွားဖို့ အတော်ဆုံးဆိုတဲ့ လူတွေကို စုစည်းနေတာ လင်းအာ မင်းသာ ကျုပ်တို့နဲ့ လိုက်ခဲ့ရင် အဆင့်မြင့်သတ္တဝါဆိုး တစ်ကောင်ကို ဖမ်းပြီး မင်းကိုပေးမယ် ဒါဟာ မင်းရဲ့အင်အား တိုးပွားလာဖို့ ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာ မင်းသိပါတယ်"

အဆင့်မြင့် သတ္တဝါဆိုး တစ်ကောင်၏ အင်အားသည် သွေးဆူပွက်ခြင်း နယ်ပယ် အောက်ဆုံးအလွှာရှိ ချီပညာရှင် တစ်ယောက်နှင့် တူညီ၏။ ကျောင်းသားများ၏ လက်ရှိအင်အားအရ မည်သူမှ ထိုသတ္တဝါဆိုးကို တစ်ယောက်ချင်း တိုက်ခိုက်နိုင်သူမရှိ။ သို့သော် သူတို့အားလုံး စုပေါင်း လုပ်ဆောင်ပါက ထိုသတ္တဝါမျိုးကို ဖမ်းဆီးရန်မှာ သိပ်မခက်တော့။ ချင်းလင်အာသည် ထိုသတ္တဝါဆိုးမျိုးကိုသာ ထိန်းချုပ်နိုင်ခဲ့ပါက သူမ၏ အင်အားသည် များစွာ တိုးပွား လာပေလိမ့်မည်။ ထိုအခါ နဂါးအသွင်ပြောင်းခြင်း စာရင်းတွင် သူမ၏ အဆင့် သတ်မှတ်ချက်မှာလည်း ကျွဲကူးရေပါဆိုသလို မြင့်တက် လာပေလိမ့်မည်။

လူတိုင်းလိုလိုတွင် မာန်မာနတော့ ရှိကြသည်သာ။ ချင်းလင်အာသည် တောင်သုံးလုံး ပြိုင်ပွဲတွင် အဆင့်၁၀အတွင်း ဝင်ခဲ့သည့်တိုင် ကျောင်းသို့ရောက်မှ နဂါးအသွင်ပြောင်းခြင်း စာရင်းတွင် အဆင့်၂၀၀အတွင်း ရောက်သွား၏။ ထိုသို့ ရောက်သွား ရခြင်းမှာလည်း သူမ၏ တိုက်ခိုက်မှုပုံစံသည် စင်မြင့်တိုက်ပွဲများနှင့် မသင့်လျော်သည့် အတွက်ကြောင့်သာ။ မည်သို့ဆိုစေ ထိုသို့ အဆင့်ကျသွားခြင်းသည် ချင်းလင်အာ၏ မာနကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည် ကတော့ အမှန်ပင်။

ထို့ကြောင့် ကျန်းချန်းအန်၏ ကမ်းလှမ်းချက်ကို ကြားရသောအခါ သူမသည် စိတ်ပြောင်းလဲစ ပြုလာ၏။

ဆုပ်လည်းစူး စားလည်းရူး အခြေအနေမျိုးနှင့် ဘေးကျပ်နံကျပ် ဖြစ်နေသော ချင်းလင်အာကို ကြည့်ရင်း စုချန်းက ညင်သာစွာ ရယ်မောလိုက်သည်။

"သူတို့က မင်းကိုပဲ ဖိတ်ခေါ်နေတာဆိုရင် သွားလိုက်လေ ကျုပ်တို့အတွက် စိတ်ပူမနေနဲ့"

စုချန်း၏ စကားကို ကြားလိုက်မှ ချင်းလင်အာတစ်ယောက် ဆုံးဖြတ်ချက် ကျသွား၏။

"ဒီတစ်ခါတော့ ကျွန်မကို ခွင့်လွှတ်ပါ သူတို့နဲ့ အရင် လိုက်သွားလိုက်မယ် တကယ်လို့ အဲဒီမှာ ဘယ်လို အခွင့်အရေးမျိုးတွေပဲ တွေ့တွေ့ ရှင်တို့ကို အရင်ဆုံး ပေးသိပါ့မယ်"

"ရပါတယ်ကွာ ကိစ္စမရှိပါဘူး"

စုချန်းက သိမ်မွေ့စွာ ပြုံးရင်း ပြောလိုက်သည်။ ထွက်ခွာသွားသော လူစုကိုကြည့်ရင်း ဝမ်တောက်ရှန်းက မျက်မှောင်ကြုတ်ကာ မကျေမနပ်နှင့် ရေရွတ်လိုက်သည်။

"ဟင်း အဆင့်မြင့် သားရဲသတ္တဝါးဆိုး တစ်ကောင်ဟာ ဒီလောက်ပဲ အရေးကြီးနေသတဲ့လား"

"မေ့လိုက်စမ်းပါ အစ်ကိုကြီးဝမ် လူတိုင်းဟာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လျှောက်နေကြတာပါပဲ ကျုပ်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ထောက်ထားပြီး ဒါကိုမလုပ်ပါနဲ့လို့ သူ့ကို ပြောနေဖို့ မလိုပါဘူးဗျာ"

"မင်းဟာ အတော်ကို သဘောထားကြီးတဲ့ ကောင်ပဲ ဒီလိုမှန်း သိရင် ငါလည်း ဒီကောင်တွေနဲ့ လိုက်သွားပါရဲ့ကွာ"

ဝမ်တောက်ရှန်းက မကျေမနပ်နှင့် ပြောလိုက်သည်။

"အဖွဲ့တွေ အများကြီးပါဗျ ကျုပ်တို့အနေနဲ့ တခြား အဖွဲ့တွေနဲ့ ပူးပေါင်းလို့ရနေသားပဲ"

စုချန်းက ဝမ်တောက်ရှန်းကို ပြောလိုက်သည်။ သူ့လေသံမှာကား အေးဆေး တည်ငြိမ်လှ၏။

All Chapters