← Chapters

အသင်းဖွဲ့ပြီ

Vol. 20 Ch. 195

အသင်းဖွဲ့ပြီ

Vol. 20 Ch. 195

"ဟေ"

စုချန်း၏ စကားကြောင့် ဝမ်တောက်ရှန်း၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွား၏။

"မင်းပြောတဲ့ပုံစံက အရိုးပြာတစ်ကောင် ချောက်နက်ကို သွားမယ်ဆိုတဲ့ သဘောလား"

လေးနှစ်လုံးလုံး စုချန်းသည် သုတေသန လုပ်ငန်းများနှင့်သာ နစ်မြုပ်နေခဲ့၏။ သူသည် အခန်းပြင်ကို လုံးဝမထွက်သလို ကျောင်းတော်နှင့် ပတ်သက်၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရသည့် ကိစ္စ အတော်များများကို လျစ်လျူ ရှုထားခဲ့သည်။ အများဆုံး သူလုပ်တတ်သည့်အရာမှာ ရံဖန်ရံခါ ချင်းလင်အာ၊ ဝမ်တောက်ရှန်းတို့နှင့် အတူထွက်ပြီး လက်ဖက်ရည်သောက်၊ စကားပြောခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကျန်းချန်းအန်က စုချန်းကို ခေါ်သွားရန် သဘောတူခဲ့လျှင်ပင် စုချန်းကို အချိန်အတော်ကြာအောင် ဖျောင်းဖျ သိမ်းသွင်းရဦးမည်ဟု ဝမ်တောက်ရှန်းက တထစ်ချ ယူဆထား၏။

ယခုတော့ အံ့သြစရာ ကောင်းလောက်အောင် စုချန်းကိုယ်တိုင်ကပင် အရိုးပြာတစ်ကောင် ချောက်နက်သို့ သွားမည်ဟု စကားဆိုနေပါကလား။

ဝမ်တောက်ရှန်း၏ စကားကို ကြားသောအခါ စုချန်းက ပခုံးတွန့်ပြလိုက်သည်။

"ဒီအတိုင်း ထိုင်ပြီး ပျင်းရိနေတာထက် စာရင်တော့ ပိုကောင်းတာပေါ့ဗျ"

အမှန်တော့ စုချန်းသည် ကိုင်းဟွမ်၏ ကောင်းကင်ဘုံ နည်းစနစ်ကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်လေရာ အချိန်အတော်လေး ပိုနေခဲ့ပြီ ဖြစ်သည်။ ထိုနည်းစနစ်ကို အဆုံးသတ်နိုင်ရန် သူသည် လေးနှစ်တိုင်တိုင် စဉ်းစား တွေးခေါ်ခဲ့ရ၏။ ယခုတော့ အပန်းဖြေဖို့ အချိန်ရောက်ပြီ။

မည်သို့ဆိုစေ စုချန်း၏ စကားကြောင့် ဝမ်တောက်ရှန်း အလွန် ဝမ်းသာသွား၏။ ထို့နောက် သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သိပ်ကောင်းတယ် ဒါဆိုရင် ငါ တခြားအဖွဲ့တွေကို လိုက်မေးကြည့်ဦးမယ်"

"တိမ်တိုက်ကျားသစ်လည်း ပါမယ်ဆိုတာ မမေ့နဲ့ဦးဗျ"

စုချန်းက သတိပေးလိုက်၏။

"စိတ်ချစမ်းပါကွာ"

စကားဆုံးသည်နှင့် ဝမ်တောက်ရှန်းသည် လူအုပ်ကြားထဲ တိုးဝင် ပျောက်ကွယ်သွား၏။ သူတို့သုံးယောက်အား အရိုးပြာတစ်ကောင် ချောက်နက်အတွင်း ခေါ်သွားပေးနိုင်မည့် အဖွဲ့ ရှိမရှိ မေးမြန်းရန် ထွက်ခွာသွားခြင်း ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် ဝမ်တောက်ရှန်း မေးလိုက်သည့် အဖွဲ့တိုင်းလိုလိုသည် ဝမ်တောက်ရှန်းကိုတော့ လက်ခံကြသည်။ ယုတ်စွအဆုံး တိမ်တိုက် ကျားသစ်ကိုပင် လက်ခံကြသေးသည်။ သို့သော် စုချန်းကိုတော့ သူတို့အနေနှင့် ခေါ်မသွားလိုကြပေ။

တောင်သုံးလုံး ပြိုင်ပွဲအတွင်း အဆင့်၅ ရခဲ့သောကြောင့် စုချန်းကို မသိသူမရှိ။ ထိုအတွက်ကြောင့်ပင် စုချန်း၏ ကျဆုံးခန်းကိုလည်း လူတိုင်းလိုလို သိရှိနေကြ၏။ လေးနှစ်လုံးလုံး လိပ်ခေါင်းဝှက်သလို ပုန်းအောင်းနေပြီး နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲ တစ်ကြိမ်မှ ဝင်မပြိုင်ခဲ့ခြင်းကြောင့် စုချန်းကို သူရဲဘောကြောင်သူဟု သူတို့ သတ်မှတ် လိုက်ကြလေပြီ။ လက်ရှိအနေအထားအရ စုချန်းဟူသော နာမည်ကို ကြားလိုက်သည်နှင့် လူအတော်များများက ဟင်ခနဲပြုုပြီး မျက်နှာလွှဲလိုက်ကြသည် အထိ စုချန်း၏ ဂုဏ်သိက္ခာသည် ကျဆင်းသွားခဲ့လေပြီ။

တချို့တလေကတော့ စုချန်းအနေနှင့် သူပိုင်ဆိုင်သည့် ငွေကြေးဥစ္စာကို တစ်ဝက်တိတိ ပေးပါက သူတို့အဖွဲ့တွင် လက်ခံပေးမည်ဟု ဆိုကြသည်။ ထိုသို့ လက်ခံရခြင်းမှာလည်း ဝမ်တောက်ရှန်းကို အားနာ၍သာ ဖြစ်ကြောင်း အပေါ်စီးက ပြောလိုက်သေးသည်။ ထိုအခါ ဝမ်တောက်ရှန်းမှာ ဘာမှမပြောနိုင်ပဲ ဒေါသထွက်၍သာ ကျန်ခဲ့ရရှာသည်။ လူပေါင်း မြောက်မြားစွာကို နှံ့စပ်အောင် မေးမြန်းပြီးနောက် နောက်ဆုံးတွင် ဝမ်တောက်ရှန်း သွားတွေ့သည်မှာကား ပျံသန်းနေသော ဆီးနှင်းများ အဖွဲ့အစည်းပေတည်း။

ပျံသန်းနေသော ဆီးနှင်းများ အဖွဲ့အစည်းသည်လည်း အရိုးပြာတစ်ကောင် ချောက်နက်သို့သွားရန် ပြင်ဆင်နေကြ၏။ သူတို့၏ အဖွဲ့ဝင်များမှာ သိပ်အင်အား မတောင့်သောကြောင့် စုချန်းကို မကြိုဆိုပဲ မနေနိုင်။ သို့သော် သူတို့သည် ဝမ်တောက်ရှန်းကိုမူကား ပယ်ချလိုက်ကြ၏။ အကြောင်းမှာ ဝမ်တောက်ရှန်းသည် တော်ဝင်မျိုးနွယ်စုဝင် ဖြစ်နေသာကြောင့်ပေတည်း။

အမှန်တော့ တခြားအဖွဲ့ အတော်များများတွင်လည်း ထိုသို့ အကြောင်းပြချက်မျိုး ရှိနေကြ၏။ အဖွဲ့အများစုက စုချန်းကို ငြင်းပယ်လိုက်သည်မှာ သူ အားနည်းသောကြောင့် မဟုတ်ပေ။ တော်ဝင်မျိုးနွယ်ဝင် မဟုတ်သောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ပျံသန်းနေသော ဆီးနှင်းများအဖွဲ့လို အဖွဲ့အစည်းမျိုး အတွက် သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့နှင့် ဘဝတူများကိုသာ စည်းဝိုင်းအတွင်း အဝင်ခံပြီး ဘဝမတူသူများကို စည်းဝိုင်း အပြင်ဘက်တွင် ကန့်သတ်ထားရန်သာ ဖြစ်သည်။ ဝမ်တောက်ရှန်းသည် အင်အားကြီးမားသူ ဖြစ်သော်လည်း တော်ဝင်မျိုးနွယ်စုဝင် ဖြစ်နေ၏။ ထို့ကြောင့် သူ့ကို သူတို့အဖွဲ့တွင် လက်ခံလိုက်ပါက ပျံသန်းနေသော ဆီးနှင်းများအဖွဲ့၏ ဂုဏ်သိက္ခာသည် ရစရာမရှိအောင် ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့်် ဝမ်တောက်ရှန်းမကလို့ ဘာကြီးပဲဖြစ်နေနေ သူတို့ကတော့ လက်မခံနိုင်။

အထက်ပါ အခြေအနေများကြောင့် ဝမ်တောက်ရှန်းတို့ သုံးယောက်ကို မည်သည့်အဖွဲ့မှ လက်သင့်မခံဘဲ ရှိနေ၏။ ကြာတော့ ဝမ်တောက်ရှန်း စိတ်မရှည်တော့။ ထိုအခိုက်မှာပင် သူတို့ထံသို့ ဦးတည် လျှောက်လာသည့် ရှက်ကိုးရှက်ကန်း ဟန်ပန်နှင့် ကျောင်းသူ တစ်ယောက်ကို ဝမ်တောက်ရှန်း မြင်တွေ့လိုက်ရသည်။ အဆိုပါ ကျောင်းသူသည် ကျပ်ထုတ်နေသော အနီရောင်ဂါဝန် တစ်ထည်ကို ဝန်ဆင်ထားပြီး ဂါဝန်ပေါ်တွင် နှင်းဆီရောင် တိမ်စိုင်တိမ်ခဲများကို ရေးဆွဲထား၏။ သူမ၏ လက်များတွင် ပတ်ထားသော နှင်းဆီရောင် ဖဲပြားသည် နှင်းဆီရောင်ဖိနပ်နှင့် ဖြူဖွေးသော ခြေထာက်များတိုင်အောင် တွဲလောင်းကျနေ၏။ သူမ၏ မျက်နှာမှာကား အလွန်ပင် ချောမောလှပကြောင်း တွေ့ရသည်။ နောက်ဘက်သို့ တွဲလောင်းကျနေသော ကျစ်ဆံမြီးကိုကား သက်တံရောင် ကြိုးတစ်ချောင်းနှင့် ချည်နှောင်ထား၏။ ဝမ်တောက်ရှန်း၏ အနားကို ရောက်သည်နှင့် သူမက မေးလိုက်သည်။

"တစ်ဆိတ်လောက်ရှင့် တစ်ခုလောက် မေးမလို့ ရှင်တို့ အရိုးပြာတစ်ကောင် ချောက်နက်ကိုသွားဖို့ အဖွဲ့လိုက်ရှာနေတာမလား"

စုချန်းနှင့် ဝမ်တောက်ရှန်းတို့က တစ်ယောက်မျက်နှာကိုယ် တစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် စုချန်းက မေးလိုက်၏။

"ဟုတ်တယ် ဒါနဲ့ ခင်ဗျားက ..."

ကျောင်းသူ မိန်းကလေးက ပြောလိုက်၏။

"ကျွန်မနာမည် တုချိန်းလို့ခေါ်တယ် ကျွန်မနဲ့ သူငယ်ချင်းတချို့ အရိုးပြာတစ်ကောင် ချောက်နက်ကိုသွားဖို့ လူစုနေတာ တချို့တစ်ဝက်တော့ ရထားပြီးပြီ ရှင်တို့တစ်တွေ ဘာဖြစ်လို့ ကျွန်မတို့နဲ့ လာမပေါင်းတာလဲ"

စုချန်းတို့သုံးယောက်သား ဘာမှ ပြန်မပြောနိုင်ပဲ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်နေမိ ကြပြန်သည်။

"..."

အတန်ကြာသော် သူတို့သုံးယောက်ရှေ့သို့ ယောက်ျားလေးတချို့ ထပ်ရောက်လာ၏။

တုချိန်းက ဦးထုပ်ပျော့ ဆောင်းထားပြီး ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည့် ရိုးသားအေးဆေးဟန် ရှိသော လူငယ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"သူက ကျန်းရှ လို့ခေါ်တယ် ကျွန်မတို့ ခေါင်းဆောင်ပဲ ဆိုပါတော့"

"သူကတော့ ယန်ဖုချင်းလို့ ခေါ်တယ်"

တုချိန်းက မိုးပြာရောင် ဝတ်ရုံရှည်နှင့် အနက်ရောင်ဖိနပ်များ စီးထားသည့် လူငယ်ကို ညွှန်ပြရင်း ပြောလိုက်ပြန်သည်။ လူငယ်၏ ခါးပေါ်တွင် ကျောက်စိမ်းခါးပတ် တစ်ခုကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင်ကား ဆံပင်များသည် ထိုးထိုးထောင်ထောင်နှင့် ဖြစ်နေ၏။ သူ့နှာခေါင်းအနီး ညမျက်နှာ၏ ညာဘက်ခြမ်းတွင်ကား ကြီးမားသော မည်းနက်ကြီးတစ်ခု ရှိနေသည်။

"သူကတော့ ဆွန်းချီစုလို့ ခေါ်တယ်"

တုချိန်း နောက်ဆုံး မိတ်ဆက်ပေးသော လူငယ်မှာ အဖြူရောင် သူရဲကောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်တစ်လက်ကို ကိုင်ထား၏။ သူ့ခါးတွင်တော့ သံကွင်းတစုံကို ချိတ်ဆွဲထားလေသည်။ သူ့ခြေထောက်တွင် တိရစ္ဆာန်အရေခွံနှင့် ပြုလုပ်ထားသည့် အဖြူရောင် ဖိနပ်တစ်စုံကို ဝတ်ဆင်ထား၏။ သူ့ဆံပင်မှာကား တိုလှ၍ နားရွက်အထိသာ ရောက်ကြောင်း တွေ့ရသည်။ သူ့မျက်လုံးများမှာ တောက်ပြောင်နေပြီး ထောင့်နားတွင် အပေါ်သို့ ထူးထူးခြားခြားပင် ကွေးဝိုက်နေ၏။

"ကျွန်မအပါအဝင် ဒီလေးယောက်ဟာ အဖွဲ့ကောင်းတစ်ဖွဲ့ပဲရှင့်"

တုချိန်းက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။ လေးယောက်စလုံးသည် သွေးဗီဇပိုင်ရှင်များ မဟုတ်ကြောင်း စုချန်း ချက်ချင်း သတိထားမိလိုက်၏။ သွေးဗီဇမပါသူ အတော်များများသည် ပျံသန်းနေသော ဆီးနှင်းများ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သို့သော် ဤလေးယောက်ကတော့ ထူးခြားနေ၏။ ဆီးနှင်းများအဖွဲ့သို့ မဝင်ဘဲ ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားကြပုံ ရသည်။

ထိုအချိန်မှာပင် ကျန်းရှက တုချိန်းကို ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားပြီး အကျိုးအကြောင်း မေးမြန်းလိုက်၏။

"ဒီဖက်တီးဟာ အဖွဲ့အတော်များများကို လိုက်မေးနေတာ တွေ့တယ် ဘယ်သူမှ သူတို့ကို မလိုချင်ကြဘူး ကျွန်မတို့အဖွဲ့ကလည်း လူတချို့ လိုနေတယ်မလား ဒါကြောင့်ကျွန်မက သူတို့ကို အတူခေါ်သွားဖို့ ဆုံးဖြတ်လိုက်တာ"

ကျန်းရှ ဘာပြောရမှန်းမသိ ဖြစ်သွား၏။

"ကျုပ်ပြောပါရစေဦး ချိန်းအာရဲ့ မင်းမှာ ဒီထက် ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် မရှိတော့ဘူးလား သူများတွေက သူတို့ကို မလိုချင်ဘူဆိုတာ ဘာကြောင့်မှန်း သိသာနေပြီပဲဟာကို စုချန်းဟာ ကျောင်းမဝင်ခင်တုန်းက သူ့နယ်မြေပြိုင်ပွဲမှာ အဆင့်၅ရခဲ့တဲ့ အထိ ထူးချွန်တယ်ဆိုတာ ကျုပ်ကြားထားပြီးသားပါ ဒါပေမဲ့ ကျောင်းထဲရောက်ပြီး နှစ်ကုန် အကဲဖြတ် ပြိုင်ပွဲတွေကို ဝင်မပြိုင်ကတည်းက သူဟာ ဘာကောင်မှ မဟုတ်တော့ဘူး သူ့အရှိန်အဝါဟာ လျှောကျသွားပြီ သူဟာ အကဲဖြတ်ပြိုင်ပွဲ လေးကြိမ်မှာ တစ်ကြိမ်မှ ဝင်မပြိုင်ခဲ့ဘူး ဒါကိုကြည့်ရင် သူဟာ သူရဲဘောကြောင်တယ် ဆိုတာ အလွယ်တကူ ပြောနိုင်တယ် ဒါကြောင့်လည်း သူ့ကို ဘယ်အဖွဲ့မှ မလိုချင်တာပေါ့"

ထိုအခါ တုချိန်းက နှုတ်ခမ်းစူပြီး ဆောင့်ကြီးအောင့်ကြီးနှင့် ပြောလိုက်သည်။

"ကျွန်မက အတန်းဖော်တွေကို တတ်နိုင်သလောက် အကူအညီပေးတဲ့ သဘောပါရှင်"

ကျန်းရှက ခါးသီးစွာ ရယ်မောလိုက်သည်။

"အဖွဲ့ထဲကို တွေ့ကရာလူ ခေါ်သွင်းတာဟာ ကြင်နာပြတယ်လို့ မခေါ်ဘူး ချိန်းအာရဲ့"

"ရှင်ပြောတဲ့ တွေ့ကရာလူဆိုတာ ဘာကိုဆိုလိုတာလဲ ကျွန်မကတော့ ဒီလူတွေဟာ ထင်သလောက် ညံ့လိမ့်မယ် မထင်ဘူး ဖက်တီးကိုပဲကြည့် သူဟာ တော်ဝင် မျိုးနွယ်စုဝင်ရှင့်"

ကျန်းရှက ဝမ်တောက်ရှန်းကို ဖျတ်ခနဲကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ဒီတစ်ချက်ကတော့ တကယ် ကောင်းတယ်ကွ"

"ဒါဆိုရင် မလုံလောက်သေးဘူးလား"

တုချိန်းက ဆုံးဖြတ်ထားသည့် ပုံစံနှင့် ပြောလိုက်သည်။

"ဒီမယ်ကြည့် စုချန်းက ညံ့ရင်ညံ့နေမယ် ဒါပေမဲ့ သူတို့ထဲက နှစ်ယောက်ကို ယေဘုယျ တွက်ကြည့်မယ်ဆိုရင် သိပ်တော့ မဆိုးဘူးမလား ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အရိုးပြာတစ်ကောင် ချောက်နက်ကို သွားမှာပဲလေ သူတို့ကိုသာ ခေါ်သွားရင် သွေးဗီဇမရှိတဲ့ ကိစ္စကို စိတ်ပူနေစရာ မလိုတော့ဘူးရှင့်"

ပြောပြောဆိုဆို တုချိန်းက ကျန်းရှ၏ လက်ကို ဆွဲယူ လှုပ်ယမ်းလိုက်သည်။ ကျန်းရှ ဘာမှမတတ်နိုင်ပဲ သဘောတူလိုက် ရတော့သည်။

"ကောင်းပြီ ကောင်းပြီ မင်းပြောသလိုပဲပေါ့ကွာ"

သူတို့နှစ်ယောက် တီးတိုးသဖန်းပိုး လုပ်နေသည်ကို စုချန်း တစ်ခွန်းမကျန် ကြားနေရ၏။ သူသည် ဝမ်တောက်ရှန်း၏ ဂုဏ်သတင်းကို အမှီသဟဲပြု၍သာ တုချိန်းတို့ အဖွဲ့တွင် ပါဝင်ခွင့်ရခဲ့မှန်း ကောင်းစွာ နားလည် သဘောပေါက် လိုက်သည်။ တော်သေး၏။ ဝမ်တောက်ရှန်းကား အခြေအနေကို မရိပ်မိလိုက်။ ကြားသာကြားပါက စုချန်းဘက်မှနာပြီး ဒေါသူပုန် ထနေအုံးမည်။

ထိုအခိုက်မှာပင် စုချန်းသည် ရှီကိုင်းဟွမ် ပြောခဲ့သည့် စကား၏ အဓိပ္ပာယ်ကို နားလည် သဘောပေါက်လာ၏။

"အောင်မြင်မှုမရခဲ့ရင် မင်းကို တစ်လောကလုံးက လှောင်ပြောင် ရယ်မောကြမယ် အထင်အမြင် သေးကြမယ် နှိမ့်ချ ဆက်ဆံကြမယ်"

"အောင်မြင်သွားခဲ့ရင်တော့ တစ်လောကလုံးက မင်းကို ရန်သူလို သဘောထား ကြလိမ့်မယ်"

သူ့အနာဂတ်သည် ရှီကိုင်းဟွမ်၏ စကားအတိုင်း ဖြစ်လာမလာ စုချန်းမသိ။ ဖြစ်လာလျှင်လည်း သူကတော့ နောင်တရလိမ့်မည် မဟုတ်။ လမ်းကြောင်းက ရွေးချယ်ပြီးသွားပြီ ဖြစ်လေရာ စုချန်းအဖို့ နောက်ပြန်လှည့်ရန် အကြောင်းမရှိ။ ဘာဖြစ်ဖြစ် ရှေ့ဆက်တိုးရမည်သာ။

မည်သို့ဆိုစေ အဖွဲ့ဖွဲ့ရန် ဆုံးဖြတ်ချက်ကား အတည်ဖြစ်သွား၏။ သုံးရက်အကြာတွင် ပြန်လည် ဆုံတွေ့ရန် သူတို့အားလုံး သဘောတူ လိုက်ကြသည်။

အချိန်မှာ မစောတော့။ သို့သော် ပျော်ပွဲရွှင်ပွဲကား ဆက်လက် ကျင်းပနေဆဲ။ ကျောင်းသားများမှာလည်း ကခုန်နေဆဲ။ စုချန်းလည်း ကျန်းရှတို့နှင့်အတူ ဝင်ရောက်ကခုန်၏ တစ်ခါတစ်ရံတွင် သူ့အကြည့်က ကုချိန်းလွှာဆီသို့ ရောက်သွားတတ်၏။ အကြည့်ချင်း ဆုံမိတိုင်း သူတို့နှစ်ယောက်သည် ကပျာကယာ အကြည့်ကို လွှဲမိကြသည်။

နောက်ဆုံးတွင် ပျော်ပွဲရွှင်ပွဲ ပြီးဆုံးမည့်အချိန်သို့ ရောက်ရှိခဲ့လေပြီ။ ထိုအခါ စုချန်းက မူလစွမ်းအင် မျှော်စင်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူက မသွားမီ ချင်းလင်အာကို နှုတ်ဆက်ပြီး အဖွဲ့ဖွဲနိုင်ပြီ ဖြစ်ကြောင်း ပြောပြလိုက်သည်။ ချင်းလင်အာကလည်း ဝမ်းသာအားရနှင့် ပြန်လည်နှုတ်ဆက်ပြီး ဤတစ်ကြိမ် ခေါ်မသွားနိုင်သည့် အတွက် စိတ်မကောင်းကြောင်း စုချန်းကို တောင်းပန်ရှာ၏။

ထိုတစ်ချက်နှင့်ပင် ချင်းလင်အာသည် သူတို့အား အမှန်တကယ် ခင်မင်ရှာကြောင်း စုချန်း ပြောနိုင်ခဲ့လေပြီ။ လူတိုင်းစေ့ နှုတ်ဆက်ပြီးနောက် စုချန်းလည်း ပြန်လာခဲ့၏။ သို့သော် စုချန်း အဝေးကြီး မရောက်ခင်မှာပင် ကျန်းချန်းအန်က ချင်းလင်အာအနီးသို့ တိုးကပ်ပြီး စကားပြောလိုက်သည်ကို စုချန်း မြင်တွေ့လိုက်၏။ ထိုစကားကို စုချန်း သေသေချာချာ ကြားလိုက်ရလေသည်။

"လင်အာ မင်းအနေနဲ့ အနာဂတ်မှာ ကောင်းကောင်း လုပ်ဆောင်ချင်ရင် ဒီလိုကောင်တွေကို ရှောင်ရှားသင့်တယ် နဂါးဟာ မြွေတွေနဲ့ မရောနှောသလို ဖီးနစ်ငှက်ဟာလည်း လောက်တွေကို အရေးမလုပ်ဘူး သူငယ်ချင်းကို ရွေးပြီး မပေါင်းသင်းတတ်တဲ့ လူဟာ ဘယ်တော့မှ ထိပ်တန်း မရောက်နိုင်ဘူးကွ"

ထိုစကားကို ကြားသည်နှင့် စုချန်းက ခြေလှမ်းကို ဖျတ်ခနဲ ရပ်ပြီး ကျန်းချန်းအန်ကို လှည့်ကြည့်လိုက်သည်။

ကျန်းချန်းအန်၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု။

သူကြားအောင် ဤစကားကို ကျန်းချန်းအန် တမင်ပြောခိုက်မှန်း စုချန်း သဘော ပေါက်လိုက်ပေပြီ။

All Chapters