← Chapters

တောင်းပန်ခြင်း

Vol. 20 Ch. 196

တောင်းပန်ခြင်း

Vol. 20 Ch. 196

သို့သော် စုချန်းက ကျန်းချန်းအန်၏ ရန်စခြင်းကို လျစ်လျူရှုပြီး မူလစွမ်းအင် မျှော်စင်သို့ ပြန်လာခဲ့၏။ မျှော်စင်သို့ သူပြန်ရောက်ချိန်တွင် မူလစွမ်းအင် မျှော်စင်၏ ကာကွယ်ရေး စနစ်အားလုံး ပိတ်ထားကြောင်း တွေ့လိုက်ရသည်။ ထိုအတွက် အကြောင်းပြချက် တစ်ခုသာရှိ၏။ ၎င်းမှာ ရှီကိုင်းဟွမ် ပြန်ရောက်နေခြင်း ပေတည်း။

လအနည်းငယ်ခန့်က ရှားပါး ပါဝင်ပစ္စည်းတချို့ ရှာဖွေရန် ရှီကိုင်းဟွမ် တစ်ယောက် ခရီးရှည်ကြီးကို စတင်ခဲ့၏။ သုံးလကြာမှ ပြန်ရောက်မည်ဟု စုချန်းကို မှာခဲ့သော်လည်း ကြည့်ရသည်မှာ သတ်မှတ်ချိန်ထက် စော၍ ပြန်ရောက်လာပုံရသည်။

တံခါးကိုဖွင့်ပြီး အဓိကခန်းမအတွင်း ဝင်လိုက်သည်နှင့် ရှီကိုင်းဟွမ် တစ်ယောက် အခန်းလယ်တွင်ထိုင်ပြီး သူ့ခေါင်းပေါ်ရှိ ကြယ်အလင်းရောင်များကို ငေးမော ကြည့်ရှုနေကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။

"ဆရာ"

စုချန်းက သိမ်မွေ့သော လေသံနှင့် သူ့ဆရာကို နှုတ်ဆက်လိုက်၏။ ရှီကိုင်းဟွမ်ကား မကြား။ သူ့ခေါင်းပေါ်ရှိ ကြယ်များကိုသာ ဆက်လက် စိုက်ကြည့်နေ၏။ စုချန်း ဖန်တီးခဲ့သည့် မူလ အဆောင်လက်ဖွဲ့ စွမ်းအင် ပုံစံကွက်မှ အလင်းရောင် အကြွင်းအကျန်များကို သူ ကြည့်ရှုနေခြင်း ဖြစ်သည်။ ၎င်းတို့သည် တိတ်တိတ်ဆိတ်ဆိတ်ပင် ကောင်းကင်ပေါ်၌ တည်ရှိနေပြီး ၎င်းတို့၏ မူလနေရာ ဌာနများဆီသို့ ဖြည်းညင်းစွာ ပြောင်းလဲ နေကြလေသည်။ မူလစွမ်းအင်ကို အထူးတလည် လေ့လာနေသူ တစ်ယောက်အတွက်တော့ ထိုမြင်ကွင်းသည် နှိုင်းယှဉ်၍မရအောင် လှပသော မြင်ကွင်းပေတည်း။

ထိုမြင်ကွင်းကို အတန်ကြာအောင် ကြည့်ရှုနေပြီး ရှီကိုင်းဟွမ်သည် အရူးတစ်ယောက်ပမာ ခံစားလာရ၏။ ထို့နောက် သူက နောက်ကို ချာခနဲလှည့်ပြီး စုချန်းကို မေးမြန်းလိုက်သည်။

"ဒါကို မင်းလုပ်ထားတာလား"

စုချန်းက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။ ရှီကိုင်းဟွမ်က ထပ်မေးလိုက်ပြန်သည်။

"မူလစွမ်းအင်ပုံစံ သီအိုရီကို သုံးထားတာလား"

ရှီကိုင်းဟွမ်က အပေါ်ကို ထပ်မံ မော့ကြည့် လိုက်ပြန်သည်။ သူ့စိတ်ထဲတွင်တော့ ခေတ်နောက်ကျ ကျန်ခဲ့သည့်ပမာ ခံစားလိုက်ရ၏။ စုချန်းသည် အဂ္ဂိရတ်ပညာနှင့် ရှေးဟောင်း အာကင်နာ နည်းစနစ်များကို လေ့လာ လိုက်စားရာတွင် ရှီကိုင်းဟွမ် မတွေ့စေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့၏။ သို့သော် ရှီကိုင်းဟွမ်ကလည်း စုချန်းတစ်ယောက် ထိုပညာရပ် နှစ်မျိုးကို စွန့်လွှတ်လိုခြင်း မရှိသေးကြောင်း ကောင်းကောင်းကြီး သိနေသည်သာ။ သို့သော် သူသည် သဘောထား ကြီးမားသူပီပီ စုချန်း၏ နည်းလမ်းကို မထောက်ခံသလို အမိန့်မနာခံမှုကိုလည်း လျစ်လျူရှု ထားခဲ့၏။ သူ့စိတ်ထဲတွင်တော့ တစ်နေ့ကျလျင် စုချန်း လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာစေရန် မျှော်လင့် ထားလေသည်။

သို့သော် မထင်မှတ်ပဲ ခေါင်းမာသော သူတပည့်သည် ပညာရပ်နှစ်မျိုးကို မစွန့်လွှတ်သည့် အပြင် အောင်မြင်မှု ရအောင်ပင် ဆောင်ရွက် နိုင်ခဲ့လေပြီ။ အောင်မြင်မှုကလည်း နယ်နယ်ရရ မဟုတ်။ အမှန်တကယ် ထူးခြားလှသော အောင်မြင်မှုပေတည်း။

စုချန်းသည် မူလစွမ်းအင်ပုံစံ သီအိုရီကို သုံးပြီး ကိုင်းဟွမ်၏ ကောင်းကင်ဘုံ နောက်ဆုံးအဆင့်ကို ပြီးပြည့်စုံစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုင်းဟွမ်၏ ကောင်းကင်ဘုံ နည်းစနစ်သည် သွေးဗီဇမပါသူများ သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ရန် အပြစ်အနာအဆာ မရှိသည့် နည်းစနစ်တစ်ရပ် ဖြစ်လာခဲ့ပေပြီ။ ထိုမျှသာမကသေး ကိုင်းဟွမ်၏ ကောင်းကင်ဘုံသည် သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်သော နည်းလမ်း အသွယ်သွယ်အနက် အကောင်းဆုံး နည်းလမ်းဟုပင် ရှီကိုင်းဟွမ်၏ စိတ်ထဲတွင် ခံစားနေရ၏။

ဤနည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ချေမှာ ၄၀ရာခိုင်နှုန်းအထိ မြင့်တက်လာ၏။ ပို၍ အရေးကြီးသည်မှာ မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိခြင်းပေတည်း။ တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်သည် ပထမအကြိမ် ကြိုးစားရာတွင် ရှုံးနိမ့်သွားပါက မည်သည့် သွေးဗီဇအကူအညီမှ မလိုဘဲ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားပိုင်ခွင့် ရှိနေခြင်းပင်။ ရှီကိုင်းဟွမ် ယခင်သိထားသည့် နည်းလမ်းများသည် ကိုင်းဟွမ် ကောင်းကင်ဘုံထက် အောင်မြင်မှု ရာခိုင်နှုန်း နည်းသည့်အပြင် သွေးဗီဇအကူအညီ မယူဘဲ ကြိုးစားခွင့်ရှိသည့် အရေအတွက်ကလည်း ပိုမို နည်းပါး၏။

ယခင့်ယခင် ဘယ်တုန်းကမှ မရှိဖူးသည့် နည်းစနစ်တစ်ရပ်ကား ပေါ်ထွန်းလာခဲ့ပေပြီ။ ရှီကိုင်းဟွမ် ကိုယ်တိုင်ပင် ထိုရလဒ်ကို ကြက်သေ သေနေ၏။ ထိုအောင်မြင်မှုမျိုး ရရှိရန် နှစ်ပေါင်း ငါးဆယ်လုံးလုံး သူသည် ချွေးနှင့်သွေးနှင့် ရင်း၍ ကြိုးစားခဲ့ရသည်။

"နောက်ဆုံးအဆင့် ... သိပ်ကိုလှပတဲ့ နောက်ဆုံး အဆင့်ပါလား ..."

ရှီကိုင်းဟွမ်က ရေရွတ်လိုက်သည်။ သူ့အသံမှာ တုန်ယင်နေ၏။ သူ့မျက်လုံးထဲမှလည်း မျက်ရည်များ တသွင်သွင် စီးကျလျက်ရှိသည်။

"ကျွန်တော့်အနေနဲ့ ဒါကို မစမ်းသပ်ရသေးတဲ့ အတွက် အောင်မြင်တယ်လို့ ယတိပြတ် ပြောလို့တော့ မရသေးဘူးဆရာ"

စုချန်းက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြောလိုက်၏။

"အောင်မြင်နေပါပြီကွာ"

စကားဆုံးသည်နှင့် ရှီကိုင်းဟွမ်က စုချန်းကို ဖျတ်ခနဲ ဦးညွှတ်အရိုအသေ ပြုလိုက်၏။ ရှီကိုင်းဟွမ်၏ မမျှော်လင့်သော လုပ်ရပ်ကြောင့် စုချန်း အတော်လေး ထိတ်လန့် တုန်လှုပ်သွားသည်။ သူက ဆရာဖြစ်သူကို ကမန်းကတန်း ဖေးမရင်း ပြောလိုက်၏။

"ဒါက ဘာလုပ်တာတုံး ဆရာရယ်"

ရှီကိုင်းဟွမ်က သက်ပြင်းချရင်း ပြောလိုက်၏။

"ငါ သိပ်မှားသွားတယ် ရှေးဟောင်း အာကင်နာ နည်းစနစ်တွေမှာလည်း ထူးခြားတဲ့ အကျိုး သက်ရောက်မှုတွေ ရှိနေသားပဲ မင်းဟာ အတိတ်နဲ့ ပစ္စုပ္ပန် အကျိုး သက်ရောက်မှုတွေကို ပေါင်းစပ်ပြီး အသုံးဝင်အောင် ပြုလုပ်နိုင်ခဲ့ပြီ သိပ်တော်တယ် ငါ့တပည့် သိပ်တော်တယ်"

စုချန်းက ပြုံးလိုက်သည်။

"ဒါဟာ အစပဲ ရှိပါသေးတယ် ဆရာ"

ရှီကိုင်းဟွမ်ကလည်း အားရပါးရ ပြုံးလိုက်သည်။

"မှန်တာပေါ့ ဒါဟာ အစပဲရှိသေးတယ်"

အမှန်တကယ်လည်း သွေးဗီဇလွှမ်းမိုးမှု အဆင့်ဆင့်ကို ရိုက်ပြီး လူသားမျိုးနွယ်၏ အောင်မြင်မှုကို ဖော်ဆောင်နိုင်ရန် အိပ်မက်မက်နေသူများ အတွက် သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ခြင်း ဟူသည် ပထမဆုံး ခြေလှမ်းမျှသာတည်း။

ထို့နောက် သူတို့နှစ်ယောက်သည် အချိန် အတော်ကြာအောင် ထိုင်လျက် စကားပြောဆို နေကြကုန်၏။ နောက်ဆုံးတွင် စုချန်းက မေးလိုက်သည်။

"ဒါနဲ့ ဆရာ ကိုင်းဟွမ် ကောင်းကင်ဘုံက ပြီးပြည့်စုံသွားပြီ ဆိုတော့ တခြားလူတွေကို ကျွန်တော်တို့ မဖြန့်သင့်ဘူးလား"

ရှီကိုင်းဟွမ်က တပည့်ဖြစ်သူကို ကြည့်လိုက်သည်။ စုချန်း၏ မျက်လုံးထဲတွင် ကြည်လင် ပြတ်သားခြင်း၊ ရိုးသားပွင့်လင်းခြင်း စသော အရိပ်အယောင်များကို ပြတ်ပြတ်သားသားပင် သူမြင်တွေ့နေရ၏။ စုချန်းကား ဟန်ဆောင်နေခြင်း မဟုတ်။ ထိုအခါ သူ့စိတ်ထဲတွင် အလွန်ပင် အားရကျေနပ် သွားလေသည်။ ထို့နောက် သူက ပြောလိုက်၏။

"ကောင်းတယ် ငါ့တပည့် သိပ်ကောင်းတယ် မင်းရဲ့ နှလုံးသားဟာ မပြောင်းလဲသေးဘူးပဲ ငါတို့ တခြားလူတွေကို ဖြန့်ကြတာပေါ့ ဘယ်လို ဖြန့်ရမလဲဆိုတော့ ... ဒီနည်းစနစ်ကို မင်းက အပြီးသတ်နိုင်ခဲ့တာ ဆိုတော့ မင်းပဲ ဆုံးဖြတ်ချက်ချကွာ"

အဓိပ္ပာယ်မှာ ရှီကိုင်းဟွမ်သည် သူ့တာဝန်ဝတ္တရားများ အားလုံးကို စုချန်းပခုံးပေါ်သို့ လွှဲပြောင်းပေးလိုက်ပြီ ဟူသော သဘောပင်။

ထိုနေ့ညတွင် ရှီကိုင်းဟွမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သိမ်းဆည်းထားခဲ့သော ဝိုင်ပုလင်းကို ထုတ်ယူခဲ့၏။ ထို့နောက် ဆရာတပည့် နှစ်ယောက်သည် ဝိုင်သောက်ပြီး အောင်ပွဲခံကြလေသည်။ သူတို့နှစ်ယောက်ထဲမှ မည်သူမျှ အရက်ကို များများစားစား သောက်သုံးနိုင်ခြင်း မရှိလေရာ ဝိုင်အတော်များများ ကိုယ်ထဲဝင်သွားသည့် အခါ နှစ်ယောက်စလုံး အမူးလွန်သွားတော့သည်။

နောက်ဆုံးတွင် စုချန်းတစ်ယောက် ခေါင်းငိုက်စိုက်ကျကာ လုံးဝ သတိလစ် သွားတော့သည်။ ရှီကိုင်းဟွမ်ကတော့ စုချန်းထက်စာလျှင် ပို၍ သောက်နိုင်ဟန် ရှိသည်။ သို့သော် သူသည်လည်း အမူးလွန်နေရာ ကလေးငယ် တစ်ယောက်ဘဝသို့ ပြန်ရောက်သွားဟန် ရှိသည်။ သူသည် စုချန်းကို ပွေ့ဖက်ပြီး စကားအဆက်မပြတ် ပြောဆိုနေ၏။ နောက်ဆုံးတွင် သူအော်ဟစ် ငိုကြွေးတော့သည်။

သူ့မျက်လုံးထဲမှ မျက်ရည်များ အဆက်မပြတ် စီးကျလာ၏။ ဝမ်းသာလွန်း၍ ကျသော မျက်ရည်များပေတကား။

ထိုအချိန်မှာပင် တိမ်တိုက် ကျားသစ်ကလည်း ပြန်လည် ရောက်ရှိလာ၏။ ထိုအခါ ဆရာတပည့် နှစ်ယောက်လုံး မြေပေါ်တွင် အတုံးအရုံး လဲကျနေကြောင်း သူတွေ့ရှိ လိုက်ရသည်။ တပည့်လုပ်သူက မြေကြီးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိပြီး ဆရာလုပ်သူက အိပ်ပျော်နေသော တပည့်ကို ပွေ့ဖက်ကာ အရူးပမာ ငိုကြွေးလိုက် စကားပြောလိုက် လုပ်နေ၏။

တိမ်တိုက် ကျားသစ်သည် ခေတ္တမျှ စဉ်းစားပြီး နောက်ပြန်လှည့်ရန် ဆုံးဖြတ် လိုက်လေသည်။

*****

သုံးရက်အကြာ ...

ဤယနေ့သည်ကား အရိုးပြာတစ်ကောင် ချောက်နက်သို့ ခရီးနှင်မည့် စုချန်းတို့အဖွဲ့ အချိန်းအချက် ပြုလုပ်ထားသည့်နေ့ ဖြစ်သည်။

ထိုမနက်တွင် စုချန်း စောစောနိုးလာ၏။ အရိုးပြာတစ်ကောင် ချောက်နက်သို့ မသွားပြီး နောက်ဆုံးတစ်ခေါက် အနေနှင့် အကြိမ်တစ်ရာ ပြန်လည် စစ်ဆေးသူများ ခန်းမသို့ သွားရန် သူ ဆုံးဖြတ်လိုက်သည်။

လေးနှစ်အတွင်း ထိုခန်းမသို့ စုချန်း သုံးကြိမ်တိတိ ရောက်ခဲ့ပြီးပြီ။ သို့သော် သုတေသနဘက်သို့ အာရုံစိုက်နေ ရသောကြောင့် အခန်း၁၀အထိသာ ရှင်းလင်း နိုင်ခဲ့သေးသည်။ မည်သို့ဆိုစေ သူလိုအပ်သည် ထောက်ပံ့ကြေးအမှတ်မှာ သိပ်မများလှ၍ ပြဿနာမရှိခဲ့။

နှိုင်းယှဉ်၍ ပြောရလျှင် ထိပ်ဆုံးကျောင်းသား ငါးယောက်၏ အင်အားသည် လျင်လျင်မြန်မြန်ပင် တိုးတက်နေ၏။ အင်အား အကောင်းဆုံး ကျောင်းသားသည် အခန်း၁၉ကိုပင် ရှင်းလင်း နိုင်ခဲ့ပြီးလေပြီ။ စုချန်းက ယခုမှ အခန်း၁၀သာ ရှိသေးရာ များစွာ ကွာခြားနေ၏။

ပါရမီရှင်ဟူသည် ပါရမီရှင်သာ ဖြစ်လေရာ သူတို့၏ တိုးတက်မှုမှာလည်း အခြားလူများထက် များစွာ မြန်ဆန်လှသည်။ နဂါးကျောင်းတော်၏ စံသတ်မှတ်ချက်မှာ ကျောင်းသား တစ်ယောက်သည် တစ်နှစ်လျှင် အခန်းနှစ်ခန်းသာ ရှင်းလင်းရန် ဖြစ်သော်လည်း ပါရမီရှင် ထူးချွန်သူများမှာကား တစ်နှစ်လျှင် လေးခန်းမှ ငါးခန်းတိုင် ရှင်းလင်းနိုင်ကြ၏။ တချို့ဆိုလျှင် ထိုထက်ပင် ပိုနေသေးသည်။

အခန်း၁၉နှင့် ၁၈ကို ရှင်းလင်းထားသည့် ပါရမီရှင်နှစ်ဦးမှာ သူတို့၏ နာမည်များကို ဖုံးကွယ်ထား၏။ အခန်း၁၇ကို ရှင်းခဲ့သူမှာ ကျန်းစီချွေ့ဖြစ်သည်။ အခန်း၁၆ကို ရှင်းခဲ့သူမှာကား တခြားသူမဟုတ်။ ဂျီဟန်းယင်ပေတည်း။ အခန်း၁၅မှာ ယွဲ့လောင်ရှဖြစ်သည်။

အချိန်ကြာလာသည်နှင့် အမျှ ထိပ်ဆုံးကျောင်းသား ငါးယောက်နှင့် ကျန်ကျောင်းသားများ၏ အင်အား ကွာဟချက်မှာ တဖြည်းဖြည်း များပြားလာလေသည်။ သို့သော် စုချန်းမှလွဲ၍ ကျန်လူများမှာ သူတို့၏ နိမ့်ကျနေပုံကို ဂဃနဏ မသိကြ။

မည်သို့ဆိုစေ ဤယနေ့တွင်တော့ စုချန်းက ကိုယ့််ကိုယ်ကိုယ် နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးလို၏။ အောင်မြင်သည် မအောင်မြင်သည် အသာထား။ အရိုးပြာတစ်ကောင် ချောက်နက်သို့ မသွားမီ ကိုယ့်အင်အား ပမာဏကို တွက်ဆလိုနေခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးလိုက်ခြင်းဖြင့် မည်သည့်အရာကို သူလုပ်နိုင်မည်၊ မလုပ်နိုင်မည်ကို ကြိုတင် ကောက်ချက်ချ နိုင်လာမည် မဟုတ်ပါလား။

စုချန်း ရောက်သွားသည့် အချိန်မှာ အလွန်စောနေ၏။ ခန်းမတစ်ခုလုံး လူသူ ကင်းရှင်းလျက် ရှိသည်။ ပိန်ရှည်ရှည် ကျောင်းသားကိုပင် မတွေ့ရ။ သို့သော် စုချန်းအတွက် ထိုကိစ္စမှာ ပြဿနာမဟုတ်။ သူသည် ဤနေရာကို ရင်းနှီးနေပြီ ဖြစ်လေရာ လမ်းညွှန်မလိုတော့။

ထို့နောက် စုချန်းသည် ကိုယ်ပိုင် သက်သေခံ ကတ်ပြားကို ထုတ်ပြီး အခန်း ၁၁မှနေ၍ စတင် ရှင်းလင်းတော့သည်။

အတန်ကြာသော အကြိမ်တစ်ရာ ပြန်လည် စစ်ဆေးသူများ ခန်းမမှ စုချန်း ပြန်လည် ထွက်ခွာလာ၏။ သူ့မျက်နှာပေါ်တွင်တော့ ကျေနပ်အားရသော အမူအရာများ ယှက်သန်းလျက် ရှိလေသည်။

All Chapters