နယ်မြေအတွင်း စတင်ဝင်ရောက်ခြင်း
Vol. 20 Ch. 197
အကြိမ်တစ်ရာ ပြန်လည် စစ်ဆေးသူများ ခန်းမမှ ထွက်လာပြီးနောက် စုချန်းသည် တိမ်တိုက်ကျားသစ်နှင့် သံမဏိတို့ကို သူနှင့်တစ်ပါတည်း ခေါ်ဆောင်ကာ အချိန်းအချက် ပြုလုပ်ထားရာ နေရာသို့ ထွက်ခွာ လာခဲ့လေသည်။ သူတို့ ထိုနေရာသို့ ရောက်သွားသည်မှာ အတော်လေး စောနေသောကြောင့် မည်သူမှ ရောက်မလာသေး။
အတန်ကြာသော် ကျန်းရှ၊ တုချိန်းနှင့် ကျန်လူများ အသီးသီး ရောက်ရှိ လာကြလေသည်။ လူစုံသည်နှင့် စုချန်းက သံမဏိကို တခြားလူများနှင့် မိတ်ဆက် ပေးလိုက်သည်။
"သူ့နာမည် သံမဏိလို့ခေါ်တယ် ကျုပ်ရဲ့အစေခံပဲ ဆိုပါတော့ ဒီခရီးကို သူလည်း လိုက်လိမ့်မယ် ဒါကြောင့် သူ့ကို ကျုပ်နဲ့ အတူတူပဲလို့ မှတ်ယူနိုင်တယ်"
သံမဏိသည် အပြင်အား အလွန်ကောင်းသူ ဖြစ်ကြောင်း သိရသောအခါ ကျန်းရှတို့လူစု ဝမ်းသာကုန်ကြ၏။ သူတို့သည် သံမဏိအား လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုကြလေသည်။ သို့တိုင်အောင် ကျန်းရှက စိုးရိမ်မကင်း ဖြစ်နေသေး၏။
"သူ့အင်အားက ဘယ်လို အခြေအနေရှိသလဲ တကယ်လို့ အန္တရာယ် ကြီးကြီးမားမားသာ ကြုံရမယ်ဆိုရင် ကျုပ် စိတ်ပူနေတာက ..."
"စိတ်မပူပါနဲ့ ခင်ဗျားတို့ သူ့ကို တကူးတက စောင့်ကြည့်နေစရာ မလိုဘူးဆိုတာ ကျုပ် အာမခံတယ်"
စုချန်းက ပြန်ပြောလိုက်၏။ နောက်ဆုံးတွင် ကျန်းရှက ခေါင်းညိတ် ပြလိုက်ရလေသည်။ ထိုအခါ ဘေးနားတွင် ရပ်နေသော ဆွန်းချီစုက မေးလိုက်ပြန်သည်။
"ဒါနဲ့ နေစမ်းပါဦး ဘယ့်နှယ်ကြောင့် ဝမ်တောက်ရှန်း တစ်ယောက် ခုချိန်ထိ မရောက်သေးတာလဲဗျ"
"ခုချိန်ဆို သူ လမ်းပေါ်မှာပဲ ရှိဦးမယ် ကျုပ်တို့ နည်းနည်း ထပ်စောင့်ကြတာပေါ့"
တိမ်တိုက် ကျားသစ်က ဝင်ရောက် တိုက်တွန်း လိုက်ခြင်းပေ။ ပြောရင်းဆိုရင်းပင် ဝမ်တောက်ရှန်း၏ ကြီးမား လုံးဝန်းသော ကိုယ်ခန္ဓာသည် တလူးလူး တလိမ့်လိမ့်နှင့် သူတို့ဆီ ဦးတည် ပြေးလာနေကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ပြေးနေရင်းနှင့်ပင် သူက လှမ်းအော် လိုက်သေးသည်။
"တောင်းပန်တယ်ဗျို့ ကျုပ် နောက်ကျသွားတယ်"
သူ့ပုံစံမှာ ယခုမှပင် အိပ်ရာမှ နိုးလာဟန်တူသည်။ လူတိုင်းလိုလိုသည် ဝမ်တောက်ရှန်းကို ကြည့်ကာ ဘာမှမပြောနိုင်ပဲ ဆွံ့အကုန်ကြ၏။
ကျန်းရှက ကျိတ်၍ သက်ပြင်း ချလိုက်သည်။ သူသည် ကနဦးက စုချန်းကိုသာ စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူတို့အဖွဲ့၏ တစ်ဦးတည်းသော တော်ဝင် မျိုးနွယ်စုဝင်သည် ထင်သလောက် သန်မာဟန် မပေါ်ချေတကား။
ကြည့်ရတာ အကုန်လုံး ဖွတ်ကျားတွေပဲဟ ...
စဉ်းစားရင်း ကျန်းရှတစ်ယောက် နောင်တ ရနေသော်လည်း ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်၍ နောက်ကျသွားပြီ။ သူ့အနေနှင့် ဘာမှ မတတ်နိုင်တော့။ မျက်စေ့မှိတ်၍ ဇွတ်တိုးရန်သာ ရှိတော့သည်။
လူစုံသည်နှင့် သူတို့ရှစ်ယောက်သည် အရိုးပြာတစ်ကောင် ချောက်နောက်သို့ စတင် ထွက်ခွာလာခဲ့ကြ၏။ မထွက်ခွာခင် စုချန်းသည် ဆေးပုလင်း တစ်ပုလင်းကို ဆွဲထုတ်လိုက်ရာ တုချိန်းက မေးမြန်းလိုက်သည်။
"အဲဒါဘာလဲရှင့်"
"ပိုးကောင် ကာကွယ်ဆေးပါ အဲဒီတောင်ကြောမှာ အင်းဆက် ပိုးမွှားတွေ အများကြီးပဲဗျ ဒါနဲ့ဆိုရင် ဒီကောင်တွေ ကိုက်မှာ စိတ်ပူစရာ မလိုတော့ဘူးပေါ့"
"သိပ်ကောင်းတာပဲ"
ပြောပြောဆိုဆို သူမက ဆေးပုလင်းကို လှမ်းယူလိုက်သည်။
"ဆေးပုလင်းတိုင်းဟာ မူလကျောက်တုံး ဆယ်တုံးတန်တယ်ဗျ"
တုချိန်း မျက်လုံးပြူးသွား၏။ လက်ကိုလည်း ချက်ချင်း ရုတ်လိုက်သည်။
"ဘာရှင့် မူလကျောက်တုံး ဆယ်တုံး ဟုတ်လား ရှင်က ကျွန်မတို့ကို ဓားပြ တိုက်နေတာလား"
စုချန်းက အတည်ပေါက် လေသံနှင့် ပြောလိုက်သည်။
"ဒီဆေးဖော်ရတာ ပိုက်ဆံကုန်တယ်ဗျ အပြင်မှာဆိုရင် ဒီဆေးက မူလကျောက်တုံး ၁၅တုံး ပေါက်ဈေးရှိတယ် … အရိုးပြာတစ်ကောင် ချောက်နက်ကို ရောက်ရင် မူလကျောက်တုံး ၂၀ထိ တန်ဖိုး တက်လာလိမ့်မယ် ဒါကြောင့် ဆေးတစ်ပုလင်း မူလကျောက်တုံး ၁၀ဆိုတာ ဈေးမကြီးပါဘူးလေ ဒါမှမဟုတ် ခင်ဗျား ဒီဆေးမသုံးဘဲ သွားမယ်ဆိုရင်လည်း ရတာပဲ"
ထိုအခါ ယန်ဖုချင်းက မဲ့ကာရွဲ့ကာနှင့် ဝင်ပြောလိုက်၏။
"ကျုပ်တို့အားလုံးဟာ ချီစွမ်းအား ပညာရှင်တွေချည်းပဲ ခန္ဓာကိုယ်ကို မူလစွမ်းအင်နဲ့ ကာကွယ် ထားနိုင်တယ် ဒီတော့ ဒီပိုးမွှားတွေ ကျုပ်တို့ကို ဘာများ ဒုက္ခပေးနိုင်မှာတုံး"
"မှန်တယ်ဗျို့ ဒီလိုနေရာမှာ လူမိုက်တွေပဲ မူလ ကျောက်တုံးဆယ်တုံး အကုန်ခံကြမှာ"
ဆွန်းချီစုက ပြောလိုက်ခြင်း ဖြစ်သည်။
"အဲဒါဆိုလည်း ပြီးရော ပြီးမှ မပြောမရှိနဲ့နော်"
ကျန်းရှတို့လူသိုက်က စုချန်းကို ဆေးပုလင်းကို မဝယ်ကြောင်း ပြသည့်ဟန်ဖြင့် တညီတညွတ်တည်းပင် ခေါင်းခါ ပြလိုက်ကြသည်။ ဝမ်တောက်ရှန်းနှင့် တိမ်တိုက်ကျားသစ်တို့ ကမူ တစ်ယောက် တစ်ပုလင်းစီ ဝယ်လိုက်ကြ၏။ စုချန်း၏ အကြောင်းကို သူတို့ ကောင်းကောင်း သိထားသည် မဟုတ်ပါလား။ သူတို့ နှစ်ယောက်တွင်လည်း တိမ်တိုက် ကျားသစ်က ဆေး၏ တန်ဖိုးကို ပိုမိုနားလည်၏။ ဤဆေးကို သူတောင့်တနေသည်မှာ ကြာလှပြီ။ ဝမ်တောက်ရှန်းကတော့ စုချန်းကို အားနာ၍ ဝယ်သည့် သဘောမျှသာ။
သို့သော် အရိုးပြာတစ်ကောင် ချောက်နက် နယ်မြေအတွင်း စတင် ဝင်ရောက်မိသည်နှင့် ထိုနယ်မြေရှိ အင်းဆက်ပိုးမွှားများ ဘယ်လောက် ကြောက်စရာ ကောင်းသည်ကို သူတို့ စတင် သဘောပေါက် လာကြသည်။ အင်းဆက်များသည် ချီစွမ်းအား ပညာရှင်သော ဘာသော နားမလည်ဘဲ တွေ့ကရာလူကို ရက်စက် ကြမ်းကြုတ်စွာ ကိုက်ခဲကြ၏။ သာမန် ချီစွမ်းအား ပညာရှင်များ မဆိုထားနှင့် ကိုယ်ခန္ဓာကို ကာကွယ်ပေးနိုင်သည့် မူလစွမ်းရည်မျိုးကို လေ့ကျင့်ထားသော မူလချီစွမ်းအား ပညာရှင်များပင် ပိုးကောင်များ၏ ကိုက်ခဲမှုကြောင့် စူးရှနာကျင်စွာ ခံစားရပြီး အရှိုးရာများ ထင်ကုန်ကြသည်။
လက်ချောင်းလေးများ ကျိုးသွားပါက တစ်ရက်အတွင်း အနာကျက်သွား စေနိုင်သော်လည်း အဆိုပါ အရှိုးရာများကား နေ့ဝက်တိုင်အောင် မပျောက်ဘဲ တစေ့စေ့နှင့် နာကျင်နေတတ်၏။ မူလစွမ်းအင် အကာအကွယ်သည် ထိုပိုးမွှားများကို ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သို့သော် ထိုနည်းလမ်းကလည်း မူလစွမ်းအင်ကို ကုန်ခန်း သွားစေနိုင်၏။
သိပ်မကြာမီ ကျန်းရှ၏ ပါးစပ်မှ တဗြစ်ဗြစ် တတောက်တောက်နှင့် ညည်းညူသံများ စတင် ထွက်ပေါ် လာတော့သည်။ တုချိန်းကား ဟန်မဆောင် နိုင်တော့သည့် ပထမဦးဆုံးလူဖြစ်သည်။ ဤနယ်မြေမှ အင်းဆက် ပိုးမွှားများကား ရက်စက် ကြမ်းကြုတ်သလောက် ကိုက်ခဲရာတွင်လည်း တိကျလှသည်။ တစ်ကောင်က သူမမျက်နှာကို ကိုက်ခဲလိုက်ရာ တုချိန်း၏ မျက်နှာပေါ်တွင် အရှိုးရာတစ်ခု ချက်ချင်း ပေါ်ပေါက် လာတော့သည်။ ထိုအရှိုးရာသည် နာကျင်စေရုံမက သူမမျက်နှာ၏ အလှအပကိုလည်း ပျက်စီးစေ၏။ ထိုအခါ တုချိန်းခမျာ ဟန်မဆောင် နိုင်တော့ပဲ စုချန်းဆီသို့ ကပျာကယာ အပြေးသွားကာ ဆေးတစ်ပုလင်း အမြန် ဝယ်ယူ လိုက်ရတော့သည်။
ဒုတိယ လက်လျှော့ ရသူမှာကား ကျန်းရှဖြစ်သည်။ ယန်ဖုချင်းနှင့် ဆွန်းချီစုတို့သည် ကနဦးက စုချန်းကို နှိပ်ကွပ် မိထားလေရာ ဆေးကို မဝယ်သေးပဲ တောင့်ခံထားကြ၏။ ကြာသော် သူတို့လည်း မခံနိုင်တော့။ စုချန်းထံမှ ဆေးကို မူလကျောက်တုံး ဆယ်တုံးပေး၍ ဝယ်ယူ လိုက်ရတော့သည်။ ယခုတော့ သူတို့လည်း လူမိုက်များ ဖြစ်သွားပေပြီ။
ထိုအခိုက်မှာပင် စုချန်းက နောက်ထပ် ဆေးတစ်မျိုးကို ဆွဲထုတ်ပြီး ကြေညာ လိုက်ပြန်သည်။ ထိုဆေးမှာကား ပိုးမွှားများ ကိုက်ခဲ့သည့် ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော အရှိုးရာများကို ကုသပေးနိုင်သည့် ဆေးပေတည်း။ ဤဆေးက ပထမဆေးထက် ပို၍ ဈေးကြီး၏။ စုချန်းက ဤဆေးကို မူလကျောက်တုံး ၃၀အထိ ဈေးခေါ် လိုက်လေသည်။
ဤတစ်ကြိမ်တွင်လည်း ကျန်းရှတို့လူသိုက် ဘာမှမတတ်နိုင်။ စုချန်းထံမှဆေးကို အလုအယက်နှင့် ဝယ်ယူ ကြရပြန်သည်။ သို့သော် သူတို့၏ စိတ်ထဲတွင်ကား စုချန်းကို အတော်ပင် မကျေမနပ် ဖြစ်နေကြလေသည်။ "ဒီကောင်ဟာ တယ်လဲ တိုရေရှားရေနိုင်တဲ့ ကောင်ပါလား အဖွဲ့တူချင်းကိုတောင် အခြေခံဆေးတွေ ရောင်းစားနေတယ်" ဟူ၍ အသီးသီး တွေးတော နေကြကုန်၏။
၎င်းမှာ လူ့သဘာဝပေတည်း။ လူဆိုသည်က ခင်မင်ရင်းနှီးမှုကို အကြောင်းပြု၍ အခွင့်အရေး ယူတတ်ကြသည်။ ထိုသို့ အခွင့်အရေး ယူသည်ကိုလည်း တရားသည်ဟု ခံယူတတ်ကြသည်။ အကယ်၍ သင်ကသာ ထိုအခွင့်အရေးအပေါ် ငွေကြေး တစ်စုံတစ်ရာ တောင်းခံလိုက်ပါက သင့်မိတ်ဆွေများက သင့်ကို လောဘကြီးသည်၊ တွန့်တိုသည်၊ ကပ်စေးနည်းသည် စသည်ဖြင့် ကဲ့ရဲ့ကြပေလိမ့်မည်။ သင် ပေးဆပ်ထားရသည့် အချိန်၊ ငွေကြေးနှင့် ကြိုးစား အားထုတ်မှုကိုကား မည်သူမှ ထည့်သွင်း စဉ်းစားလိမ့်မည် မဟုတ်။
မည်သို့ဆိုစေ ထိုကိစ္စသည် ပြဿနာ အသေးအမွှားသာ ဖြစ်ရာ အဖွဲ့၏ စည်းလုံး ညီညွတ်မှုကိုတော့ အထူးတလည် ထိခိုက်စေခြင်း မရှိဟု ဆိုနိုင်သည်။
အရိုးပြာတစ်ကောင် ချောက်နက်နယ်မြေသို့ အဖွဲ့လိုက် ဝင်ရောက်ခြင်းနှင့် တစ်ကိုယ်တော် ဝင်ရောက်ခြင်းသည် များစွာ ကွဲပြားခြားနားလှ၏။ သူတို့အဖွဲ့သည် စကားတပြောပြောနှင့် ခရီးဆက်နေ ကြလေသည်။
တစ်ဖွဲ့လုံးတွင် အပျော်ဆုံးလူမှာ တုချိန်းပေတည်း။ စိတ်ကောင်း နှလုံးကောင်းရှိပြီး ကြင်နာ တတ်ပုံရသော အနှီမိန်းကလေးသည် တစ်ချိန်လုံး ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက် သွားလာနေ၏။ တစ်ခါတစ်ရံတွင် သူမသည် စုချန်းတို့ရှေ့မှ ကြို၍ အပြေးကလေး သွားတတ်သည်။ တစ်ခါတစ်ရံတွင် ပန်းကလေးများတွေ့က ကောက်ယူ ပန်ဆင်တတ်သည်။ တစ်ခါတစ်ရံတွင်တော့ လှပသော ရှုခင်းများကို သတိလက်လွတ် ငေးမောကြည့်ရှု နေတတ်လေသည်။
သူမကြောင့် သူတိုအဖွဲ့မှာ မကြာခဏဆိုသလို ရပ်တန့်ပေးနေရ၏။ ထို့ကြောင့် ခရီးမတွင်။ သို့သော် မည်သူမှ ထိုကိစ္စအတွက် တုချိန်းကို အပြစ်မတင်။ စုချန်းနှင့် ဝမ်တောက်ရှန်းတို့ကား အတွေ့အကြုံ ရင့်လှပြီ။ ထို့ကြောင့် သူတို့ နှစ်ယောက်သည်လည်း တခြားလူများနည်းတူ စိတ်အေး လက်အေးနှင့် ခရီးဆက်ခဲ့ ကြလေသည်။ ကျန်းရှတို့ သုံးယောက် တုချိန်းအား သဘောကျနေသည်ကို သူတို့ ကောင်းကောင်းကြီး သဘောပေါက်ထားသည် မဟုတ်ပါလား။
သူတို့အဖွဲ့တွင် အကြီးအကျယ် စိတ်ပျက်နေသူမှာကား တိမ်တိုက် ကျားသစ်ပေတည်း။ သူက ဖွဲ့စည်း ပုံပျက်နေသော သူ့အဖွဲ့ဝင်များကို ကြည့်ရင်း စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်သည်။
"ဒီလိုပုံနဲ့ သားရဲ သတ္တဝါဆိုးတွေကို ဘယ်လို အမဲလိုက်ကြမတုံး ကျုပ်တို့ပုံစံက ပျော်ပွဲစား ထွက်တာနဲ့တောင် တူနေပြီ"
တိမ်တိုက်ကျားသစ်၏ အသံက ကျယ်လောင်လှပေရာ ယန်ဖုချင်းနှင့် ဆွန်းချီစုတို့က သူ့အား မျက်ထောင့်နီကြီးများဖြင့် လှမ်းကြည့် နေကြလေသည်။ ထိုအခါ စုချန်းက အခြေအနေကို ဝင်ထိန်းသည့် သဘောနှင့် တိမ်တိုက်ကျားသစ်၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
"စိတ်အေးလက်အေး နေစမ်းပါကွ ငါတို့ဟာ အမြဲတမ်းလိုလို အသက်လုနေဖို့ မလိုပါဘူး တစ်ခါတလေ စိတ်အေးလက်အေး ခရီးသွားရတာဟာလည်း ကောင်းတာပဲ"
"ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ မူလရည်ရွယ်ချက်နဲ့တော့ လွဲချော်နေတာပဲကွ"
တိမ်တိုက်ကျားသစ်က မကျေမနပ်နှင့် ကန့်ကွက်လိုက်၏။ စုချန်း မနေသာတော့။ တိမ်တိုက် ကျားသစ်ကို ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားရင်း အကျိုးအကြောင်း ရှင်းပြရတော့သည်။
"ဒီနေရာကို မင်း မကြာခဏ လာတတ်တာ ငါသိတယ် မင်းရဲ့ အတွေ့အကြုံဟာလည်း နောက်ပိုင်းမှာ သိပ်ပြီး အရေးပါလာလိမ့်မယ် ဒါပေမဲ့ ဒီအဖွဲ့ထဲမှာ ငါတို့က ဧည့်သည် ဖြစ်နေတယ်ကွ တစ်ခါတလေကျရင် ဧည့်သည်ဆိုတာ အိမ်ရှေတွေရဲ့ စည်းကမ်းကို လေးစားဖို့လိုတယ် ဒီတော့ အရေးမပါတဲ့ ကိစ္စ သေးသေး မွှားမွှားတွေကို မမြင်ချင်ယောင်သာ ဆောင်ထားလိုက် တစ်ခုတော့ရှိတယ် အန္တရာယ်ကျရောက် လာနိုင်တာမျိုးတွေ့ရင်တော့ ငါတို့ကို ချက်ချင်း သတိပေး ဟုတ်ပြီလား"
တိမ်တိုက်ကျားသစ်က ခေါင်းညိတ် သဘောတူ လိုက်လေသည်။ ထိုအချိန်မှာပင် တုချိန်းသည် အပင် တစ်ပင်အောက်မှ အနီရောင် သစ်သီးတချို့ကို ကောက်ယူလာပြီး ပြောလိုက်သည်။
"ဟောဒီမှာ ကြည့်ကြစမ်း စားစရာတော့ ရပြီရှင့်"
ထို့နောက် သူမက အသီးများကို စားကြစေရန် ကျန်းရှတို့အား လှမ်းပေးလိုက်သည်။ တုချိန်း၏ လက်ထဲမှ နီရဲရဲအသီးများကို မြင်သည့်နှင့် တိမ်တိုက်ကျားသစ်သည် ဝုန်းခနဲ ရှေ့သို့ခုန်ထွက်ကာ အသီးများကို အဝေးဆီသို့ လျင်မြန်စွာ လွှင့်ပစ်လိုက်၏။ တိမ်တိုက်ကျားသစ်၏ လုပ်ရပ်ကြောင့် တုချိန်း အတော်လေး ထိတ်လန့်သွားသည်။ ကျန်းရှတို့ သုံးယောက်ကား ဒေါသူပုန် ထကုန်ကြသည်။
"ဟေ့ မင်း ဒါဘာလုပ်တာလဲ"
"အဆိပ်တွေဗျ အဲဒီအသီးတွေမှာ အဆိပ်ပါတယ်"
တိမ်တိုက် ကျားသစ်က သိပ်မထူးဆန်းသော လေသံနှင့်ပြောပြီး ကိုယ့်နေရာကိုယ် ပြန်သွားလိုက်သည်။
အဆိပ်သီးများ ဆိုပါကလား ...
သူတို့အားလုံးသည် တစ်ယောက်မျက်နှာကိုယ် တစ်ယောက် ကြည့်လိုက်၊ နီရဲရဲအသီးများကို ကြည့်လိုက်နှင့် လုပ်နေကြ၏။ တိမ်တိုက်ကျားသစ်၏ စကားသည် မှန်ကောင်းမှ မှန်ပေလိမ့်မည်။ သို့သော် မှန်မမှန် မည်သူမျှ အတည်မပြုရဲ။
"ရှင်က အဆိပ်သီး ဆိုတော့လည်း အဆိပ်သီးပေါ့လေ"
တုချိန်းက စိတ်ညစ်ညူးသော လေသံနှင့် ပြောလိုက်၏။ သို့သော် တိမ်တိုက်ကျားသစ် ကတော့ သူမကို အရေးပင်မလုပ်။ သူ့သဘောထားက ရှင်းလင်း ပြတ်သားလှ၏။
"ခင်ဗျားဟာခင်ဗျား ယုံချင်ယုံ မယုံချင်နေ သဘောပဲဗျ"
အကယ်၍ တိမ်တိုက်ကျားသစ်၏ နေရာတွင် စုချန်းသာဆိုလျင် အဆိပ်သီး အကြောင်း သတိပေးရန် ထိုသို့ အထိတ်တလန့် ဖြစ်စေသော နည်းလမ်းမျိုးကို သုံးမည်မဟုတ်။ သို့သော် တိမ်တိုက်ကျားသစ် ကတော့ မတူပေ။ သူ၏ ဘဝပေး အခြေအနေက ပြဿနာများကို ဖြေရှင်းရာတွင် ရိုးရှင်းပြီး ရက်စက် ကြမ်းကြုတ်သော နည်းလမ်းမျိုးကိုသာ အသုံးပြုရန် သင်ကြားပေးခဲ့သည်။ သူ့အနေနှင့် တခြားလူများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထည့်သွင်း စဉ်းစားခြင်းမရှိ။ ၎င်းကို စုချန်းနှင့် ဝမ်တောက်ရှန်းတို့က ကြုံတွေ့နေကျဖြစ်၍ သည်းခံနိုင်သော်လည်း ကျန်းရှတို့ လူသိုက်အတွက်ကား သည်းခံရန် ခက်ခဲလှသည်။ ထို့ပြင် ယန်ဖုချင်းနှင့် တခြားလူများသည် အဖွဲ့၏ ပင်မအဖွဲ့ဝင်များ ဖြစ်ကြလေရာ ငါမှငါဟူသော စိတ်ထားမျိုး မသိမသာ ရှိနေကြ၏။ ဤအခြေအနေတွင် တိမ်တိုက်ကျားသစ်၏ ကသောင်းကနင်း လုပ်ရပ်ကို သူတို့ လက်မခံနိုင်။ ထိုအခါ နေရင်းထိုင်ရင်း အဖွဲ့ဝင်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမည့် အခြေအနေမျိုးသို့ ဆိုက်ရောက်လာ၏။
"ထားလိုက်တော့ အဲဒီအသီးတွေက အဆိပ်သီး ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး အဓိက အရေးကြီးတာက ဒီနယ်မြေထဲမှာ တွေ့ကရာ မစားမိဖို့ပဲ"
အဖွဲ့ခေါင်းဆောင် ကျန်းရှက အခြေအနေကို ထိမ်းသိမ်းလိုက်၏။
"အဆိပ်သီး ဆိုရင်တောင် အေးအေးသက်သာ ပြောလို့ရသားပဲ ဒီလို ဝုန်းဒိုင်းကြဲပြီး လွှင့်ပစ်စရာလား"
တုချိန်းက ဗြစ်တောက် ဗြစ်တောက် ပြောလိုက်သည်။ ကျန်းရှ ဘာမှမပြောဘဲ ကျိတ်၍ သက်ပြင်းချလိုက်၏။ သူ့စိတ်ထဲတွင်တော့ "ဒီကောင်တွေကို ရှာတွေ့လာတာ မင်းပဲလေကွာ" ဟုသာ ပြောမိလေသည်။
သိပ်မကြာမီ သူတို့အဖွဲ့သည် ပထမဆုံး သားရဲသတ္တဝါဆိုး တစ်ကောင်နှင့် ရင်ဆိုင် တိုးမိတော့သည်။ ထိုသတ္တဝါမှာကား အနက်ရောင် တောင်ဆိတ်ပေတည်း။ အင်အား သိပ်မကြီးသော အနှီသတ္တဝါဆိုးအား ယှဉ်ပြိုင် တိုက်ခိုက်ခြင်းမပြုရန် နဂါးကျောင်းတော်တွင် ကန့်သတ်ထား၏။ အကြောင်းမှာ ၎င်းတွင် တစ်စုံတစ်ယောက်ကို အိုမင်းသွားစေနိုင်သည့် နတ်ဆိုးကျိန်စာခေါ် မူလစွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ ထို့ကြောင့် ၎င်းကို သုတ်သင်ရန် အကောင်းဆုံး နည်းလမ်းမှာ နတ်ဆိုးကျိန်စာ ပေါ်ထွက်မလာခင် ခေါင်းဖြတ် လိုက်ခြင်းပေတည်း။
သူတို့အဖွဲ့သည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် အနက်ရောင် တောင်ဆိတ်ကို သတ်ဖြတ်လိုက်နိုင်၏။ တောင်ဆိတ်ကို သတ်ဖြတ်ပြီးမှ စုချန်းတို့ ဆရာတပည့် နှစ်ယောက်သည် နည်းနည်းမှ ဝင်မတိုက်ဘဲ ထိုနေရာမှာပင် မတ်တတ်ရပ်လျက် ရှိကြောင်း ကျန်းရှ တွေ့လိုက်ရသည်။
လူကသာ ဝင်မတိုက်သော်လည်း ၎င်းတို့၏ လက်ချောင်းများမှာကား ထူးဆန်းစွာ လှုပ်ရှားနေ၏။
"မင်းတို့က ဘာတွေ လုပ်နေတာတုံး"
ဝမ်တောက်ရှန်းက အံ့သြတကြီးနှင့် မေးလိုက်သည်။
စုချန်းက ပြုံးရင်း ရှင်းပြလိုက်သည်။
"ကျုပ်တို့က သူ့ရဲ့ သေဆုံးခြင်းကို ဂုဏ်ပြုပေးနေတာ အစ်ကိုကြီးဝမ်ရဲ့ ဒါမှ သူ့ရဲ့ဝိညာဉ်က အေးချမ်းတဲ့နေရာမှာ နားခိုနိုင်မှာပေါ့"
တုချိန်း လွန်စွာ အံ့သြသွား၏။
"ရှင်တို့က ဗုဒ္ဓကို ကိုးကွယ်သူတွေလား"
ဗုဒ္ဓကို ကိုးကွယ်သူများ သို့မဟုတ် ဗုဒ္ဓဘာသာသည် မူလကမ္ဘာတွင် မရှိတော့မဟုတ်။ ရှိသည်။ သို့သော် အင်အားနည်းလှ၏။ ၎င်းဘာသာ၏ ပြန်လည်ဝင်စားခြင်း နိယာမကိုလည်း မည်သူမှ အထူးတလည် စိတ်ဝင်စားနေခြင်းမရှိ။ ထိုဘာသာ၏ ဘုရားသခင်မှာလည်း လူသားတို့အပေါ်တွင် လွှမ်းမိုးခြင်းမရှိ။
တချို့လူသားများသည် ဘုရားသခင်ထက်ပင် ကျော်လွန်သည့် စွမ်းအင်များကို ပိုင်ဆိုင်ထားကြလေရာ ဘာသာတရားမှ ပေါ်ထွန်းလာသော ဘုရားကို သူတို့ အရိုမသေတန်သည် ကလည်း သိပ်တော့မဆန်းလှ။ လူဆိုသည်က ဖြစ်နိုင်လျင် ဘုရားပင် တက်လုပ်ချင်ကြသည့် လောဘသားများပင် မဟုတ်ပါလား။
စုချန်းသည် တကယ်တော့ ဗုဒ္ဓဘာသာမဟုတ်။ သို့သော် သတ္တဝါဆိုးများ သေဆုံးချိန်တွင် ထွက်ပေါ်လာသည့် မူလစွမ်းအင် အလင်းမှုန်များကို စုပ်ယူရန် ဤဆင်ခြေသည် အကောင်းဆုံး ဖြစ်ကြောင်း သူ စဉ်းစားမိ၏။
ထို့နောက် သူက အေးဆေး တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
"ဘာမှမလုပ်ဘဲ ထိုင်နေတာနဲ့စာရင် ဆုတောင်းပေးတာက ပိုကောင်းတယ်မလား"
"..."
ကျန်းရှ ဘာပြောရမှန်း မသိတော့။
မည်သို့သော လူစားမျိုးများကို အဖွဲ့ဝင်အဖြစ် သူတို့ စည်းရုံး လာမိသနည်း။
အချိန်ကို မလေးစားသည့် ဖက်တီး၊ စကားကို ယဉ်ယဉ်ကျေးကျေး မပြောတတ်သည့် လူရိုင်း၊ ငွေကို အသက်ကဲ့သို့ တန်ဖိုးထားသည့် လူပြက်။
သွားပြီ ... ဒီခရီးစဉ်ကတော့ သွားပြီ ...
ကျန်းရှ စိတ်ဓာတ် ကျသွားလေပြီ။