← Chapters

တောင်နတ်ဆိုး

Vol. 20 Ch. 198

တောင်နတ်ဆိုး

Vol. 20 Ch. 198

ဘာပဲဖြစ်ဖြစ် အဖွဲ့ကတော့ ဖွဲ့ပြီးပြီ။ ကျန်းရှအဖို့ ခေါင်းကို မတ်မတ်ထား၍ အဖွဲ့သားများကို တတ်နိုင်သမျှ ဦးဆောင်သွားရန်သာ ရှိတော့သည်။

သူ့အနေနှင့် အမှတ် များများစားစားရဖို့ မျှော်လင့်မထား။ ထို့ကြောင့် ပြဿနာ ကြီးကြီးမားမား မပေါ်ပေါက်သေး သရွေ့ အဖွဲ့ခေါင်းဆောင် လုပ်ရသည်ကို ပျော်ရွှင် နေဦးမည်သာ။

ကျဆုံးခြင်း သိမ်းငှက်တောင်သည် သိပ်ပြီး ကြီးမားလှသည့် နယ်မြေ မဟုတ်သော်လည်း သေးတော့မသေး။ နယ်မြေ တစ်ခုလုံးသည် အလွန်ရှုပ်ထွေးပြီး ထူထဲလှသည့် သစ်တောများနှင့် ပြည့်နှက်နေ၏။

သားရဲသတ္တဝါဆိုး တစ်ကောင်တလေ တွေ့နိုးနိုးနှင့် သူတို့အဖွဲ့သည် တောနက်အတွင်း တရွေ့ရွေ့ တိုးဝင်လာကြ၏။ တစ်ဆက်တည်းမှာပင် သူတို့ မနိုင်လောက်သည့် သတ္တဝါဆိုးမျိုးနှင့် တွေ့မည့် အရေးကိုလည်း ရှောင်ရသေးသည်။ အသက်ဟူသည်မှာ ကစားစရာမဟုတ်။ သတ္တဝါဆိုးများကို အမဲလိုက်သည်ဆိုသော်ငြား အကြောင်းမသင့်ပါက သင်ကိုယ်တိုင် သားကောင်ဖြစ်သွားနိုင်၏။

ဆွန်းချီစုက သူတို့အားလုံး၏ လုံခြုံရေးကို တာဝန်ယူရလေသည်။ သူသည် အကန့်အသတ်မဲ့မျက်လုံးဟုခေါ်သော မူလစွမ်းရည်တမျိုးကို လေ့ကျင့်ထားသူ ဖြစ်သည်။ တောအုပ်သည် အလွန်တရာ ထူထပ်လှပေရာ သူတို့၏ အမြင်အာရုံကို ကြီးမားသော ကန့်သတ်ချက်များ ဖြစ်ပေါ်စေလျက် ရှိသည်။ အကန့်အသတ်မဲ့ မျက်လုံးကို လေ့ကျင့်ထားသူသည် သစ်ရွက် သစ်ခက်များကို ကျော်ဖြတ် မြင်နိုင်စွမ်းရှိရာ သတ္တဝါဆိုးများ လာမလာ ကြိတင်ထောက်လှမ်းနိုင်သော အားသာချက်ရှိ၏။

ထိုအတွက်ကြောင့်ပင် ဆွန်းချီစုသည် မကြာခဏဆိုသလို မြင့်မားသော နေရာများသို့တက်ပြီး သူ့အောက်ရှိ မြေပြင်ကို ကြိုတင် ထောက်လှမ်း နေရလေသည်။

"ဟေ့ ချီစု အပေါ်ကကြည့်ရတာ ဘယ်လိုနေသလဲကွ"

ယန်ဖုချင်းက အော်ဟစ် မေးမြန်းလိုက်သည်။

"ဘယ်လမ်းကြောင်းကိုပဲ လိုက်လိုက် ငါးကီလိုမီတာ ပတ်ပတ်လည်မှာ ဘယ်သတ္တဝါဆိုးရဲ့ အရိပ်အယောင်ကိုမှ မတွေ့ရဘူးဗျို့ ဒီကောင်တွေ ဘယ်ကိုများ သွားနေကြတာလဲ မသိဘူး ကျုပ်တို့ လာနေတာတွေ့လို့ ကြောက်ပြီး ထွက်ပြေး သွားတာကော မဖြစ်နိုင်ဘူးလား"

ချီစုက ပတ်ဝန်းကျင်ကို အပြန်အလှန် ထောက်လှမ်းရင်း ပြောလိုက်၏။

အမှန်တော့ ဆွန်းချီစုက အရွှန်း ဖောက်လိုက်ခြင်းသာ။ သို့သော် အလေးအနက် ထားပြီး ဆောင်ရွက်နေသူ တစ်ယောက်အတွက်မူ သူ့စကားမှာ နားမခံစရာပင်။

"ဘယ်သတ္တဝါဆိုးမှ ဘဝင်မြင့်ပြီး လျှောက်သွားနေတာမျိုး မရှိဘူးဗျ ဒီကောင်တွေ အများစုက ရန်သူဆီကို အသံမထွက်ဘဲ ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ သိကြတယ်"

အမဲလိုက်ခြင်း ဟူသည် တိမ်တိုက်ကျားသစ် အတွက်တော့ အလွန် အရေးကြီးသော အရာ ဖြစ်ချေသည်တကား။

"မင်းပြောချင်တာက ငါ ဒီလောက် ကြည့်နေတာတောင် လွတ်သွားတဲ့ တစ်ကောင်တလေ ရှိနေတယ်ပေါ့ ဟုတ်လား"

မသိသားဆိုးရွားလှသော တိမ်တိုက် ကျားသစ်ကြောင့် ဆွန်းချီစု ကျွဲမြီးတိုသွား၏။ သို့သော် တိမ်တိုက် ကျားသစ်၏ တုံ့ပြန်မှုကြောင့် အခြေအနေမှာ ပိုဆိုးသွားတော့သည်။

"ရှိနိုင်တာပဲ"

ဆွန်းချီစု ပေါက်ကွဲသွားပြီ။ သူက တိမ်တိုက်ကျားသစ်ကို ရက်စက် ကြမ်းကြုတ်စွာ ကြည့်ပြီး လေသံတိုးတိုးနှင့် ပြောလိုက်သည်။

"ဒီသတ္တာတွေကို ငါ မမြင်နိုင်ဘူးလို့ မင်း သေသေချာချာကြီး ပြောနေတာလား"

အကယ်၍ စုချန်းသာဆိုလျင် "ငါ ဒီလိုမဆိုလိုဘူး"ဟု ပြောကောင်း ပြောလိမ့်မည်။ သို့သော် တိမ်တိုက် ကျားသစ်ကတော့ "ဟုတ်တယ်" ဟု ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

သေစမ်း ... ပြဿနာကို မီးခွက်ထွန်း ရှာနေသော တိမ်တိုက် ကျားသစ်ပါလား ...

အကယ်၍ ကျန်းရှကသာ မဟန့်ထားလျှင် ဆွန်းချီစုက တိမ်တိုက်ကျားသစ်ကို သေချာပေါက် ပြေးထိုးပေလိမ့်မည်။

"ကျုပ် ဒီကောင်ကို မုန်းလာပြီ ဒီကောင်ဟာ စကားကို ပြောသင့်မှန်းမသိ မပြောသင့်မှန်းမသိ လူတိုင်းကို ရန်ညှိုးရှိတဲ့ပုံစံနဲ့ ပြောဆို ဆက်ဆံနေတယ် ဒါ သက်သက်မဲ့ ခွတိုက်နေသလိုပဲဗျ"

ဆွန်းချီစုက ရေရွတ်လိုက်သည်။ သူ့စကားကို တုချိန်းနှင့် ယန်ဖုချင်းတို့ကလည်း နားထောင်နေကြ၏။ ဆွန်းချီစုသည် လေသံကို ထိန်းချူ ပ်ထားခြင်း မရှိလေရာ သူ့စကားကို ဝမ်တောက်ရှန်းနှင့် စုချန်းတို့ပါ ကောင်းစွာ ကြားလိုက်ရသည်။ ထိုအခါ စုချန်းက တိမ်တိုက်ကျားသစ်ကို ဖျတ်ခနဲ လှမ်းကြည့်ပြီး စိတ်ပြေ သွားစေလိုသည့် သဘောနှင့် ရယ်ပြလိုက်သည်။ သို့သော် တိမ်တိုက်ကျားသစ်ကား စုချန်းကို မကြည့်။ သူသည် ခပ်လှမ်းလှမ်းကို ငေးမောနေပြီး တစ်ကိုယ်လုံးမှာလည်း ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေ၏။ သူ့ကိုယ်ခန္ဓာမှ အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုသည့်အခါ ထွက်ပေါ် လာတတ်သည့် အငွေ့အသက်မျိုး ပင်တည်း။

စုချန်း ထိတ်လန့်သွား၏။ ထို့နောက် သူက တိမ်တိုက် ကျားသစ်ဆီသို့ လျင်မြန်စွာ ပြေးသွားပြီး ကပျာကယာ ပြောလိုက်သည်။

"ဟေ့ တိမ်တိုက်ကျားသစ် အဲဒီလောက်ထိလည်း စိတ်ဆိုးစရာ မလိုပါဘူးကွ သူတို့စိတ်ထဲမှာ တကယ် မရည်ရွယ်...."

တိမ်တိုက်ကျားသစ်က စကား ဖြတ်ပြောလိုက်သည်။

"ဒီကနေ ၆ကီလိုမီတာအကွာမှာ သားရဲ သတ္တဝါဆိုးကြီး ၂ကောင် ရှိနေတယ်"

"ဟေ ..."

တိမ်တိုက် ကျားသစ်၏ စကားကို ကြားသည်နှင့် စုချန်းက နီးစပ်ရာ သစ်ပင်ထိပ်ဖျားသို့ လျင်မြန်စွာ ခုန်တက်ပြီး အကဲခတ်လိုက်သည်။ သူသည် အထူး မျက်လုံး စွမ်းရည်မျိုးကို လေ့ကျင့်ထားခြင်း မရှိ။ သို့သော် မူလ စွမ်းအင်များကိုပင် မြင်နိုင်သော မျက်လုံးက သစ်ပင် သစ်ကိုင်းများကို ထွင်းဖောက် မြင်နိုင်သည်မှာ သိပ်တော့မဆန်း။ ထိုအခါ အရှေ့ဘက် အရပ်ဆီမှ တောင်နတ်ဆိုး နှစ်ကောင်သည် သူတို့ဆီသို့ ချဉ်းကပ်လာကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။

စုချန်းက ဆွန်းချီစုဘက်ကို လှည့်ပြီး ပြောလိုက်၏။

"ဟေး ဒီကို မြန်မြန်လာကြည့်စမ်းပါ"

ဆွန်းချီစုကလည်း သစ်ပင်ပေါ်သို့ ခုန်တက်လာပြီး စုချန်း ညွှန်ပြရာဆီသို့ ကြည့်လိုက်သည်။ စုချန်း ညွှန်ပြနေသည့် အရာကို သူ မြန်မြန်ဆန်ဆန်ပင် ရှာတွေ့လိုက်၏။ ထိုအခါ သူက အဖွဲ့ဝင်များကို အော်ဟစ်သတိပေးလိုက်၏။

"အရှေ့ဘက် ၆ကီလိုမီတာ အကွာမှာ သားရဲသတ္တဝါ၂ကောင် ရှိနေတယ် သူတို့ဟာ တောင်နတ်ဆိုးတွေပဲ"

တစ်ဆက်တည်းမှာပင် သူက စုချန်းကို မေးခွန်းထုတ်လိုက်၏။

"မင်း ဒီကောင်တွေကို ဘယ်လိုရှာတွေ့တာတုံး"

"သူတို့ကို ငါတွေ့တာ မဟုတ်ဘူး တိမ်တိုက်ကျားသစ် တွေ့တာကွ"

စုချန်း ပြန်လည် ရှင်းပြလိုက်သည်။

ဆွန်းချီစု လွန်စွာ အံ့သြသွား၏။ တိ်မ်တိုက်ကျားသစ် ဆိုပါကလား ... သစ်ပင်ပေါ်မတက်ဘဲ အနှီသတ္တဝါဆိုးများကို ဤသကောင့်သား မည်သို့များ တွေ့လေသနည်း။ သံသယကိုယ်စီ ရှိလျက်သားနှင့်ပင် သူတို့အားလုံး တောင်နတ်ဆိုးများဆီသို့ တညီတညွတ်တည်း ပြေးသွား လိုက်ကြလေသည်။

တောင်နတ်ဆိုးများမှာ မျောက်နှင့်တူလှပြီး မျက်နှာမှာ အလွန်ပြားကာ အတွင်းသို့ ချိုင့်ဝင်နေ၏။ တကိုယ်လုံးတွင်ကား အမွေးတစ်ပင်မျှပင် မရှိ။ သူတို့၏ ခြေလက်များမှာ သစ်ကိုင်းခြောက်များ သဖွယ် ခြောက်သယောင် ထနေလေသည်။ တောင်နတ်ဆိုးများသည် အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးများ ဖြစ်ကြပြီး အပြင်အား အလွန်ကောင်း၏။ ၎င်းတို့၏ ကိုယ်ခန္ဓာကို သစ်ပင်များနှင့် ရောနှော ဖုံးကွယ် ထားနိုင်စွမ်းလည်း ရှိကြသည်။ သို့သော် သူတို့သည် တိုက်ခိုက်ရေး မူလစွမ်းရည်တို့ကိုကား များများစားစား ပိုင်ဆိုင်ခြင်းမရှိ။

ထို့ကြောင့် တောင်နတ်ဆိုးများသည် သူတို့ရှေ့မှောက်တွင် ဟင်းသီးဟင်းရွက် အဆင့်မျှသာရှိသည်။ ဟင်းသီးဟင်းရွက်များကို ဖျက်ဆီးရန် အကောင်းဆုံး နည်းလမ်းမှာ ခြေနှင့်တက်နင်းပြီး ဆုတ်ဖြဲပစ်ရန်သာတည်း။

"လေးယောက်ကို တစ်ကောင်ကျစီ တိုက်ကြမယ် အဆင်ပြေကြလား"

အဖွဲ့ခေါင်းဆောင် ကျန်းရှက ရိုးရှင်းသော နည်းဗျူ ဟာကို ချမှတ်လိုက်သည်။ အမှန်တော့ ဟင်းသီးဟင်းရွက်များကို ဖျက်ဆီးရန် မည်သည့် နည်းဗျူဟာမှ မလိုပေ။

"ပြဿနာမရှိဘူး စလိုက်ကြတာပေါ့"

ဝမ်တောက်ရှန်းက ရယ်မောရင်း ပြောလိုက်သည်။

ဆွန်းချီစုသည် သတ္တုကွင်း တစ်စုံကို လက်တွင်ကိုင်ထား၏။ သူ၏ မြေခွင်း သတ္တုကွင်းများသည် လေထဲမှာပင် တစ်ကွင်းနှင့်တစ်ကွင်း အပြန်အလှန် ပွတ်တိုက်ပြီး ပုံစံမျိုးစုံ ပျံသန်း တိုက်ခိုက်နိုင်သောကြောင့် မှန်းဆရန် ခက်ခဲသလို ရှောင်တိမ်းရန်လည်း မလွယ်လှချေ။ အနှီ သတ္တုကွင်းများသည် ပစ်လွှတ်သူထံသို့ ပြန်လာလေ့ရှိ၍ ဆွန်းချီစုအနေနှင့် ရန်သူကို အဆက်မပြတ် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ အမြင့်ဆုံး အလျင်နှုန်းထားနှင့် တိုက်ခိုက် လိုက်ချိန်တိုင်းတွင် ရာပေါင်းများစွာသော သတ္တုကွင်းများ ပလူပျံသွားသကဲ့သို့ ထင်မှတ်ရသည်။

တုချိန်း၏ လက်နက်မှာကား ဓားတလက်ဖြစ်သည်။ ဆောင်းဦး ကောင်းကင်ဓားပေတည်း။

ဤလောကတွင် ဆောင်းဦး ကောင်းကင်ဓားကို အသုံးပြုသူ လူတစ်သောင်း မပြည့်လျှင်ပင် အနည်းဆုံး လူရှစ်ထောင်တော့ ရှိ၏။ သို့သော် တုချိန်း၏ ဓားကတော့ တမူထူးပေသည်။ သူမသည် ခွဲထုတ်ခြင်း ဓားနည်းစနစ်နှင့် တိမ်တိုက်ဝါးမြို စုပ်ယူခြင်း နည်းလမ်းကို လေ့ကျင့်ထားလေရာ သူမ၏ လှုပ်ရှားမှုမှာ တင့်တယ်ပြီး ရှုမငြီးဖွယ် ကောင်းလှသည်။ သို့သော် သူမ၏ ဓားကတော့ လမ်းခရီးတွင် တွေ့သမျှ အရာအားလုံးကို ရှင်းထုတ်ပစ်နေ၏။ သူမ၏ဓား တောင်နတ်ဆိုး ကိုယ်ပေါ် ကျရောက်တိုင်း သတ္တဝါကြီး၏ အသားများ ပဲ့ထွက်ကုန်၏။ လက်ချောင်းများပေါ်သို့ ကျရောက်က လက်ပြတ်ကုန်၏။ အကယ်၍ နှလုံးသား အတွင်းသို့သာ တည့်တည့်ကြီး ကျရောက်လာပါက တောင်နတ်ဆိုး တစ်ခါတည်း အသက်ပျောက်သွား ပေလိမ့်မည်။

ယန်ဖုချင်းကား လှံတစ်ချောင်း ကိုင်ထား၏။ လေဟုန်စီး မြင်းရိုင်းလှံတံ ဖြစ်သည်။ ယန်ဖုချင်းကား နဂိုကတည်းက စစ်သားလုပ်ချင်သူ ဖြစ်သည်။ ခံယူချက်ကလည်း ပြင်းထန်၏။ သတ်ဖြတ်သူ မျိုးစိတ်များကို မရှင်းနိုင်ပါက တသက်လုံး စစ်တပ်ထဲတွင်သာ နေတော့မည်။ အိမ်ကို မပြန်တော့ဟုပင် ဆုံးဖြတ်ထားသူ ဖြစ်သည်။ ဤလူစားမျိုး၏ လက်နက်က လှံဖြစ်နေသည်မှာ သိပ်တော့မဆန်း။ လှံဟူသည် စစ်ဘုရင်တို့၏ လက်နက်ဖြစ်သောကြောင့် ပေတည်း။

ကျန်းရှန်၏ လက်နက်ကတော့ သူ၏ လက်ဖဝါးများပင် ဖြစ်သည်။ သူ၏ လက်ဖဝါးများသည် သံမဏိတမျှ မာကျောပုံရသည်။ သူ၏ တိုက်ခိုက်ပုံမှာကား ဆွန်းချီစုလောက် မမြန်၊ တုန်ချိန်းလောက် မလှ၊ ယန်ဖုချင်းလောက် မပြင်းထန်။ သို့သော် ရိုးရှင်းသလောက် အလွန်ပင် ထိရောက်၏။

သူ၏ လက်ဝါး ရိုက်ချက်တိုင်းသည် တောင်နတ်ဆိုး ကိုယ်ပေါ်သို့ မှန်မှန်ကြီး ကျရောက်နေလေသည်။ တစ်ဦးချင်းစီ၏ ထိချက်တိုင်းကို အမှတ်ပေးရပါက ကျန်းရှသာလျှင် အမှတ်အများဆုံး ရပေလိမ့်မည်။

တောင်နတ်ဆိုးကား ကျန်းရှတို့ လေးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အလူးအလဲပင် ခံစားနေရရှာ၏။ အမှန်တော့ တောင်နတ်ဆိုးများသည် တိုက်ခိုက်ရေးစွမ်းရည် ရှိလှသည်မဟုတ်။ ၎င်းတို့၏ အကောင်းဆုံး စွမ်းရည်မှာ သစ်ပင်များအကြား ပုံဖျက် ဖုံးကွယ်ခြင်းသာ ဖြစ်သည်။ သို့သော် အလယ်အလတ်အဆင့် သားရဲသတ္တဝါမျှသာ ဖြစ်၍ တောင်နတ်ဆိုး၏ ထိုစွမ်းရည်သည်လည်း ကန့်သတ်ချက် ရှိနေ၏။ တဖန်း ကျန်းရှတို့အုပ်စုသည် တောင်နတ်ဆိုး ထွက်ပြေးရန် ဦးတည်နေသည့် ဘက်မှ သစ်ပင်များကို ရှင်းလင်းလိုက်ခြင်းကြောင့် တောင်နတ်ဆိုးအဖို့ ထွက်ပြေး၍ မရတော့။ ထို့ကြောင့်ပင် တောင်နတ်ဆိုးသည် ကျန်းရှတို့၏ ပူးပေါင်း တိုက်ခိုက်မှုကို ခါးစည်းခံနေရခြင်း ဖြစ်သည်။

တစ်ဖက်တွင် ကျန်းရှတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက် နေသလောက် စုချန်းတို့အဖွဲ့ကား သက်သောင့်သက်သာ ရှိလှသည်။

တောင်နတ်ဆိုး သစ်ပင်များကြားထဲသို့ ပျောက်ကွယ်သွားတိုင်း တိမ်တိုက်ကျားသစ်က တောင်နတ်ဆိုး၏ တည်နေရာကို ချက်ချင်း ရှာဖွေပေးနိုင်၏။ ထိုအခါ စုချန်းနှင့် ဝမ်တောက်ရှန်းက လိုက်လံ တိုက်ခိုက်ကြရုံသာ။ အထက်ပါအတိုင်း ထပ်ခါထပ်ခါ ပြုလုပ်ပြီးနောက် ထူးခြားချက် တစ်ခုကို စုချန်း သတိထားမိလာသည်။ ၎င်းမှာ တောင်နတ်ဆိုး သစ်ပင် တစ်ပင်မှတစ်ပင်သို့ ခုန်ကူးသွားတိုင်း ထိုသစ်ပင်သည် မသိမသာ လှုပ်ယမ်းသွားခြင်း ဖြစ်သည်။ သစ်ကိုင်းများ ဆတ်ခနဲ လှုပ်ယမ်း သွားခြင်းသည် အတော်လေး သတိထားကြည့်မှ မြင်နိုင်မည် ဖြစ်သော်လည်း စုချန်းအတွက်တော့ ဤမျှဆိုလျှင် လုံလောက်ပြီ။

ထို့နောက်တွင်ကား သူတို့သည် တောင်နတ်ဆိုး ပျောက်ကွယ်သွားတိုင်း ပြူးတူးပြဲတဲ လိုက်ရှာရန် မလိုတော့။ သစ်ကိုင်း လှုပ်သွားသည်ကို ကြည့်ရင်း စိတ်အေးလက်အေး လိုက်လံ တိုက်ခိုက်ရုံသာ။ ထိုသို့ နည်းဗျူဟာ ပြောင်းလဲလိုက်၍ စုချန်းတို့အဖွဲ့ အတော်လေး သက်သာသွား၏။ စွမ်းအင်ကိုလည်း ပို၍ ချွေတာနိုင်လာ၏။ ဤအခြေအနေတွင် အခြား သားရဲသတ္တဝါဆိုးများ ဝင်ရောက်လာသည် ဆိုစေအုံး၊ သူတို့အနေနှင့် ခွန်အားအပြည့်နှင့် ပြန်လည် တိုက်ခိုက်နိုင်လာမည် ဖြစ်သည်။

သို့သော်ငြားလည်း သူတို့၏ လှုပ်ရှားမှုသည် တစ်ဖက် အဖွဲ့လောက်တော့ မကြီးကျယ်လှ။

ကျန်းရှတို့ လေးယောက်သည် ထိုအချိန်တွင် တောင်နတ်ဆိုးကို သတ်ဖြတ်ပြီး သစ်တော တစ်ဝက်လောက်ကို ဖျက်ဆီးခဲ့ပြီးလေပြီ။ တိမ်တိုက်ကျားသစ်ကို ကြည့်ရင်း ယန်ဖုချင်း၏ မျက်နှာတွင် နှစ်သိမ့်ကျေနပ်ဟန် ပေါ်လာသည်။ ဆွန်ချီစုကတော့ တဲ့တိုးပင် ပြောလိုက်၏။

"ဟေ့ မင်းတို့အဖွဲ့ကလည်း နှေးလိုက်တာ တောင်နတ်ဆိုးလို ကောင်မျိုးကို ဒီလောက်ထိ အချိန်ကြာအောင် သတ်နေရသလား ကြည့်ရတာ ဒီထက်ပိုပြီး အားစိုက်ဖို့လိုနေပြီ ထင်တယ်"

တိမ်တိုက်ကျားသစ်က အေးစက်သော လေသံနှင့် ပြန်ပြောလိုက်သည်။

"သာမန် သားရဲသတ္တဝါဆိုး တစ်ကောင်ကို အားစိုက်ထုတ်ပြီး သတ်တာဟာ ရူးမိုက်ရာကျတယ် ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ တခြားကောင်တွေက အလစ်အငိုက် ဝင်တိုက်တတ်လို့ပဲ"

ဆွန်းချီစုက မနှစ်မြို့သော ဟန်ပန်နှင့် ပြန်ပြောလိုက်သည်။

"အို ကိုယ့်ဟာကိုယ် အားနည်းတယ်ဆိုရင် အားနည်းတယ်ပေါ့ အကြောင်းပြချက်တွေ မရှာစမ်းပါနဲ့ကွာ"

ထိုအခါ တိမ်တိုက်ကျားသစ်က …

"အဲဒီလိုဆိုရင်လည်း ကောင်းပါပြီ ဆရာလေး သစ်ပင်ပေါ် တစ်ဆိတ်လောက် တက်ပြီး အနောက်ဘက်ကို တစ်ချက် ကြည့်ပေးစမ်းပါဦး ခင်ဗျာ"

ဟု အငေါ်တူး လိုက်လေတော့သတည်း။

All Chapters