← Chapters

အက်ဒမန်တင်းမျောက်ဝံ

Vol. 20 Ch. 199

အက်ဒမန်တင်းမျောက်ဝံ

Vol. 20 Ch. 199

မည်သို့ဆိုစေ တိမ်တိုက်ကျားသစ်၏ စကားကြောင့် ဆွန်းချီစု ထိတ်လန့်သွားသည် ကတော့ အမှန်ပင်။ သူက ချက်ချင်းပင် နီးစပ်ရာ သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ပြီး အနောက်မြောက်ဘက်ကို လှမ်းမျှော် ကြည့်လိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့တကိုယ်လုံး အေးခဲသွား၏။ တစ်ဆက်တည်းမှာပင် သူက သစ်ပင်အောက်ရှိ လူများကို အော်ဟစ် သတိပေးလိုက်လေသည်။

"အနောက်မြောက် ၂ကီလိုမီတာအကွာက အက်ဒမန်တင်း မျောက်ဝံဘီလူးကြီး နှစ်ကောင် ဒီဘက်ကို လာနေပြီဗျို့"

အက်ဒမန်တင်း မျောက်ဝံဘီလူးကြီး ဟူသည်မှာ အဆင့်မြင့် သားရဲသတ္တဝါဆိုး စာရင်းဝင်ဖြစ်ပြီး ၎င်းတို့၏ အင်အားမှာလည်း အဆင့်နိမ့်အလွှာ သွေးဆူပွက်ခြင်း နယ်ပယ်ရှိ ချီစွမ်းအားပညာရှင် တစ်ယောက်နှင့် ညီမျှ၏။ သူတို့အဖွဲ့အနေနှင့် မျောက်ဝံဘီလူး တစ်ကောင်တည်း ဆိုလျှင် ပြဿနာ မရှိသော်လည်း နှစ်ကောင်ကို တစ်ပြိုင်တည်း တိုက်ရလျှင်ကား မလွယ်လှပေ။

တစ်ဖန် ကျန်းရှတို့ လေးယောက်သည် တောင်နတ်ဆိုးကို တိုက်ခိုက်ရာတွင် အလွန်အကျွံ အားထည့်ခဲ့သဖြင့် မူလစွမ်းအင် အတော်များများ ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။ ထိုအခါ ကျန်းရှ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။ သူက ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။

"ဒီတောင်နတ်ဆိုး တစ်ကောင်ကို မြန်မြန်ရှင်းပြီး ငါတို့ လစ်ကြတာပေါ့"

ကျန်းရှ၏ စကားဆုံးသည်နှင့် တိမ်တိုက်ကျားသစ်က မိုးကြိုးဓားကို စတင် ထုတ်သုံးလိုက်သည်။ နာကျင်စွာ အော်ဟစ်သံနှင့် အတူ သစ်ပင်ကြားထဲတွင် ပုန်းအောင်းနေသော တောင်နတ်ဆိုး ပြုတ်ကျလာ၏။ အောက်တွင် အသင့်စောင့်နေသော စုချန်း၊ ဝမ်တောက်ရှန်းနှင့် သံမဏိတို့က သနားစရာ သတ္တဝါကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။

ထိုစဉ် တိမ်တိုက် ကျားသစ်က ပြောလိုက်ပြန်သည်။။

"ဘာထွက်ပြေးနေစရာ လိုသလဲ အက်ဒမန်တင်း မျောက်ဝံဘီလူး နှစ်ကောင်လောက်ပဲ ဟာကိုး"

ယန်ဖုချင်းက အကြောက်အကန် ငြင်းဆန်လိုက်၏။

"ဘာ အက်ဒမန်တင်း မျောက်ဝံဘီလူး နှစ်ကောင်လောက်ပဲ ဟုတ်လား ဒီကောင်တွေဟာ အဆင့်မြင့် သားရဲသတ္တဝါဆိုး စာရင်းဝင်တွေက ပြီးတော့ ... ပြီးတော့ ..."

ယန်ဖုချင်းသည် စကားကို ဆုံးအောင် မပြောနိုင်သေးပဲ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေ၏။ ပြီးမှ ရှက်ရွံ့သော ဟန်ပန်နှင့် ပြောလိုက်သည်။

"ပြီးတော့ တောင်နတ်ဆိုးနဲ့ တိုက်လိုက်ရလို့ ငါတို့ရဲ့ မူလစွမ်းအင်တွေ အတော်လေး ကုန်ခန်းသွားပြီကွ"

တိုက်ကွက်များ ဆန်းကြယ်ပြီး လွှမ်းမိုး ချုပ်ကိုင်သည့်ပုံစံနှင့် တိုက်ခိုက်တတ်သည့် ယန်ဖုချင်း၏ ပါးစပ်မှ ဤစကားမျိုး ထွက်လာသည်ကတော့ ရယ်စရာကောင်းသလို အံ့သြစရာလည်း ကောင်းနေ၏။ ယန်ဖုချင်း၏ စကားကြောင့် တိမ်တိုက်ကျားသစ်က အားရပါးရ ရယ်ရင်း ပြန်လည်ချေပရန် ပါးစပ်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် စုချန်းက မီးလျှံငှက်ကို ထုတ်ဖော်ပြီး ထွက်ပြေးရန် ခြေလှမ်းပြင်နေသည့် တောင်နတ်ဆိုး သစ်ပင် နောက်တစ်ပင်သို့ ခုန်မကူးနိုင်ခင်မှာပင် လက်စတုံး သုတ်သင်လိုက်လေသည်။ ထို့နောက် သူက မေးလိုက်၏။

"အခု အက်ဒမန်တင်း မျောက်ဝံ ဘီလူးနှစ်ကောင် ကျုပ်တို့ဆီကို ဦးတည်ပြီး လာနေတယ်ပေါ့ ဟုတ်လား"

ဆွန်းချီစုက ခေါင်းညိတ်ပြလိုက်၏။ စုချန်းက စကားဆက်ပြန်သည်။

"ဒီကောင်တွေ ရုန်းရင်းဆန်ခတ် အသံကြားလို့ လိုက်လာတာပဲ ဖြစ်ရမယ် အက်ဒမန်တင်း မျောက်ဝံဘီလူးတွေဟာ ခပ်တုံးတုံး ဆိုပေမဲ့လို့ အနံ့ခံကတော့ သိပ်ကောင်းတယ် ကျုပ်တို့ရဲ့ အနံ့ကို ဒီကောင်တွေ ကောင်းကောင်းရမှာပဲ နောက်တစ်ချက်က ဒီကောင်တွေဟာ ရန်သူနောက်ကို လိုက်ပြီဆိုရင် သဲကြီးမဲကြီး လိုက်တတ်တဲ့ သဘာဝရှိတယ် ကျုပ်တို့သာ အစောကြီး ကတည်းက ပြင်ဆင်ထားတာမျိုး မရှိရင် ထွက်ပြေးလည်း အလကားပဲ လွတ်မှာမဟုတ်ဘူး ဒီတော့ ပြန်တိုက်တာ အကောင်းဆုံးပဲ"

"အဆင့်မြင့် သတ္တဝါဆိုးနှစ်ကောင်ကို တစ်ပြိုင်တည်း တိုက်ဖို့ မလွယ်ဘူးဗျ"

ကျန်းရှက လက်ရှိ အကြီးမားဆုံး ပြဿနာကို ထုတ်ဖော် ပြောဆိုလိုက်သည်။

"တကယ်လို့ တစ်ယောက်ယောက်ကသာ သူတို့နှစ်ကောင်ထဲက တစ်ကောင်ကို အာရုံ ပြောင်းထားနိုင်ရန် ကျန်လူတွေက နောက်တစ်ကောင်ကို ရှင်းပစ်လို့ရသားပဲ လူခုနစ်ယောက် မျောက်ဝံ ဘီလူးတစ်ကောင်ဆိုရင် မလုံလောက်ဘူးလား"

ကျန်းရှ၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွားသည်။

"တစ်ကောင်တည်းကို လူခုနစ်ယောက် ဝိုင်းတိုက်ရင်တော့ မဖြစ်နိုင်စရာ မရှိပါဘူး ဒါပေမဲ့ အာရုံပြောင်းပေးရမဲ့ တစ်ယောက်ကတော့ အလွန် အန္တရာယ်များလိမ့်မယ် ပြီးတော့ မျောက်ဝံဘီလူးတွေဟာ အမြဲတမ်း တွဲလျက်ပဲ နေတတ်တယ် သူတို့ကို ခွဲပစ်ဖို့ အလွန်ခက်လိမ့်မယ်"

စုချန်းက ဆေးပုလင်းငယ် တစ်ပုလင်းကို ဆွဲထုတ်ပြီး ရှင်းပြလိုက်သည်။

"ဒီဆေးကို သားရဲ ညှို့ငင်ဆေးရည်လို့ ခေါ်တယ် သားရဲ သတ္တဝါဆိုးတွေကို ဆွဲဆောင်နိုင်တဲ့ ဆေးတစ်မျိုးပဲ ခင်ဗျားတို့ ကျန်တစ်ကောင်ကို တိုက်ခိုက်နေတုန်း နောက်တစ်ကောင်က ကျုပ်က ဒီဆေးနဲ့ အာရုံပြောင်းပေးမယ်"

စုချန်း၏ စကားကြောင့် ကျန်းရှတို့လူသိုက် မျက်လုံးပြူးသွား၏။ သို့တိုင်အောင် ကျန်းရှက ထပ်မံ ကန့်ကွက် လိုက်ပြန်သည်။

"မဟုတ်သေးဘူး ထင်တယ် ခင်ဗျားအတွက် သိပ်ပြီး အန္တရာယ် များနေလိမ့်မယ်"

"စိတ်မပူပါနဲ့ဗျာ အဂ္ဂိရတ်ပညာရှင် တစ်ယောက်ရဲ့ လက်မောင်းအိုးထဲမှာ ဝှက်ဖဲတွေ အများကြီး ရှိတယ်ဆိုတာ ခင်ဗျား သိသင့်တယ်"

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"တကယ်လို့ အခြေအနေ မဟန်ဘူး ဆိုရင်လည်း ပြဿနာမရှိဘူး ကျုပ်မှာ ဒါရှိသေးတယ်"

စုချန်းက ပြောပြောဆိုဆို နောက်ထပ် ဆေးတစ်ပုလင်းကို ဆွဲထုတ်လိုက်ပြန်သည်။

သားရဲတွန်းလှန် ဆေးရည်ပေတည်း။

ထိုဆေးမှာ ယန့်ဝူရွှန်း သူ့အား လိမ်လည်ရန် ကြိုးစားခဲ့သည့် ဆေးအတု မဟုတ်ပေ။ စုချန်းကိုယ်တိုင် ဖော်စပ်ထားသည် ဆေးအစစ် ဖြစ်သည်။ စုချန်းတစ်ယောက် ဆေးတစ်မျိုးပြီး တစ်မျိုး ထုတ်ပြနေသည်ကို ကြည့်ရင်း ကျန်းရှ ဘာပြောရမှန်း မသိတော့။ စုချန်းကို ကြည့်နေသည့် သူ့အကြည့်မှာလည်း အနည်းငယ် ပြောင်းလဲစပြုလာ၏။

မူလတုန်းက စုချန်အပေါ် သူ့အမြင်မှာ သူရဲဘောကြောင်သူ၊ လောဘကြီးသူဟူ၍ ဖြစ်သည်။ ယခုတော့ သူရဲဘောကြောင်သူ ဟူသော အသုံးအနှုန်းကို ပယ်ဖျက် ရပေတော့မည်။

ထိုအခါ သူက စုချန်းကို ကြည့်ရင်း ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ယှက်သန်းနေ၏။

"ကောင်းပြီလေ ဒါဆိုလည်း ခင်ဗျား ပြောတဲ့အတိုင်း လုပ်ကြတာပေါ့ အချိန်ဆွဲတာက အမွှေးတိုင် တစ်ချောင်းစာလောက် ဆိုရင် လုံလောက်ပြီ ထင်တယ်"

"ပြဿနာ မရှိပါဘူးဗျာ"

စုချန်းက ပြုံးရင်း ပြောလိုက်သည်။

"ကောင်းပြီ ဟေ့ ချီစု မျောက်ဝံဘီလူးတွေ ဘယ်အထိ ရောက်နေပြီလဲ ကြည့်စမ်းပါဦး"

ကျန်းရှက ဆွန်းချီစုကို အမိန့်ပေးလိုက်၏။

"ကီလိုမီတာဝက် အကွာမှာ ရောက်နေပြီ"

တိမ်တိုက် ကျားသစ်က ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။

"..."

"ကျုပ်ထပ်ပြီး ကြည့်ပေး ရဦးမှာလား"

ဆွန်းချီစုက အောင့်သက်သက်နှင့် မေးလိုက်သည်။

"..."

ထိုအခိုက်မှာပင် အက်ဒမန်တင်း မျောက်ဝံဘီလူး နှစ်ကောင်သည် ဝုန်းဒိုင်းကြဲကာ သူတို့ဆီသို့ ရောက်ရှိလာ၏။

အနှီ မျောက်ဝံဘီလူးများ၏ အရပ်မှာ ပေ၂၀တိုင်အောင် ရှည်လျားပြီး ကိုယ်ကာယကလည်း အံ့မခန်း ကြီးမားလှသည်။ ၎င်းတို့၏ မျောက်ဝံဘီလူးဟူသော အမည်သည် မသိသူများအတွက် ချဲ့ကားလွန်းရာ ရောက်သည်ဟု ထင်စရာရှိသော်လည်း တကယ့် တကယ်တွင်တော့ ထိုအမည်သည် သူတို့၏ ပုံပန်းသွင်ပြင်ကို အတိအကျ ထင်ဟပ်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် ကိုယ်ခန္ဓာ ကြီးမားသလောက် အပြင်အားကလည်း အလွန်ကောင်း၏။ တောင်နတ်ဆိုးများကဲ့သို့ ပုန်းအောင်းနိုင်သည့် မူလစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားခြင်း မရှိသော်လည်း ခန့်မှန်းရန် ခက်ခဲသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားကြသည် ကတော့ အမှန်ပင်။ ၎င်းတို့သည် သစ်ပင်များကို အမြစ်မှ ဆွဲနုတ်ကာ ရန်သူကို တိုက်ခိုက်ရာတွင် လက်နက်အဖြစ် အသုံးပြုကြ၏။ ထိုယာယီ လက်နက်သည်ပင် တခြား မူလ စွမ်းရည်များထက် ပို၍ ကြောက်စရာ ကောင်းနေ၏။

အရိုင်းဆန်ခြင်း၊ ကြမ်းတမ်းခြင်း၊ အင်အားကြီးမားခြင်း စသော စကားလုံးများသည် မျောက်ဝံ ဘီလူးများကို တင်စားဖော်ပြရန် အကောင်းဆုံး စကားလုံးများပင်တည်း။

မျောက်ဝံ ဘီလူးနှစ်ကောင် ရောက်လာသည်နှင့် စုချန်းသည် မူလစီစဉ်ထားသည့် အတိုင်း သားရဲညှို့ငင် ဆေးရည်ကို ကိုယ်ပေါ်တွင် သုတ်လိမ်းလိုက်၏။ ထိုအခါ မျောက်ဝံ ဘီလူး နှစ်ကောင်သည် ယမ်းပုံမီးကျ ဒေါသထွက်လာဟန်ဖြင့် စုချန်းကို တစ်ဟုန်ထိုး ပြေးဝင် တိုက်ခိုက် ကြတော့သည်။ သို့သော် ထိုနှစ်ကောင်ထဲမှ တစ်ကောင်မှာ စုချန်းဆီသို့ မရောက်လိုက်။ အကြောင်းမှ ကျန်းရှတို့အုပ်စုက အပြင်းအထန် ဝန်းရံ တိုက်ခိုက် လိုက်ခြင်းကြောင့် ဖြစ်သည်။ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုသည် တစ်စုံတစ်ယောက်ကို ဆွဲဆောင်ရန် အကောင်းဆုံး နည်းလမ်းဟု ဆိုနိုင်၏။ သားရဲညှို့ငင် ဆေးရည်ပင် ပြင်းထန်သော နာကျင်မှုကို နှိုင်းယှဉ်ရန် ခက်ခဲလေသည်။

မျောက်ဝံအထီးသည် အကြီးအကျယ် ဒေါသထွက်လာဟန်ဖြင့် ကျန်းရှတို့အုပ်စုကို မီးကုန်ယမ်းကုန် ဝင်ရောက် တိုက်ခိုက်တော့သည်။ စုချန်းကား ထိုအခွင့်အရေးကို အမိအရ ယူပြီး မျောက်ဝံအမကို အဝေးသို့ မျှားခေါ် သွားနိုင်ခဲ့လေသည်။

မျောက်ဝံအစ်မ မရှိသည်နှင့် ကျန်းရှတို့ အုပ်စု၏ တိုက်ခိုက်မှုသည် ပို၍ အားကောင်းလာ၏။ ပို၍ မြိုင်ဆိုင်လာ၏။ အက်ဒမန်တင်း မျောက်ဝံဘီလူး၏ အရေခွံမှာကား မာကျောလှသည်။ သို့သော် အသွေးအသားနှင့် ကိုယ်ခန္ဓာပေမို့ သူလည်း နာတတ်၏။ လက်နက် အမျိုးမျိုးသည် မျောက်ဝံ ဘီလူးကြီး၏ ကိုယ်ခန္ဓာပေါ်သို့ အဆက်မပြတ် ထိမှန်နေပြီး အရောင်မျိုးစုံ ဖြာထွက်နေ၏။ စူးရှသော နာကျင်မှုကြောင့် မျောက်ဝံဘီလူးကြီးက ကျယ်လောင်စွာ ဟိန်းဟောက် လိုက်လေသည်။

၎င်းကိုကြည့်ရင်း တိမ်တိုက်ကျားသစ်က သူ့အသင်းဖော်များကို ကပျာကယာ အော်ဟစ် သတိပေးလိုက်သည်။

"ဟေ့ ဟေ့ မူလစွမ်းရည်တွေကို ထုတ်မသုံးကြနဲ့ဦး ဟိုတစ်ကောင်ဟာ သိပ်အဝေးကြီး မရောက်သေးဘူး ဒီကောင်ကြီး အော်သံကြောင့် သူပြန်လာရင် ခက်ကုန်လိမ့်မယ် ဟိုတစ်ကောင် အဝေးကြီး ရောက်သွားတော့မှ မီးကုန်ယမ်းကုန် တိုက်ကြတာပေါ့"

"ဒါပေမဲ့ အဲလိုသာဆိုရင် စုချန်း ဒုက္ခ ရောက်သွားမှာပေါ့ရှင့်"

တုချိန်းက အော်ဟစ်လိုက်၏။

"ကျုပ်ကို ယုံစမ်းပါ သူမသေပါဘူး"

တိမ်တိုက် ကျားသစ်က ပြန်ပြောလိုက်၏။

တုချိန်းက တိမ်တိုက် ကျားသစ်ကို စူးရှသော မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ အမူအရာမှာ ဒေါသထွက်နေကြောင်း သိသာနေသည်။ သို့သော် တိမ်တိုက် ကျားသစ်ကား တုချိန်း ဘာကြောင့် ဒေါသထွက်နေမှန်း နားမလည်။ ထိုအခိုက်မှာပင် တုချိန်းက ဒေါသတကြီးနှင့် တိမ်တိုက် ကျားသစ်ကို ပြောလိုက်၏။

"ကျွန်မ အထင်မှားသွားပြီ အစောတုန်းက ရှင်တို့နှစ်ယောက်ကို သူငယ်ချင်းလို့ ထင်နေတာ တကယ်တမ်းကျတော့ ရှင်က သူ သေသေရှင်ရှင် ဂရုမှမစိုက်ဘဲကိုး"

ဘာလဲဟ ... ဗလာချီ တွယ်နေပါလား ...

တိမ်တိုက်ကျားသစ် ကြက်သေ သေသွား၏။ သံမဏိက တိမ်တိုက် ကျားသစ်ဘက်မှ ဝင်ပြောပေး လိုက်၍သာ တော်တော့သည်။

"သခင် အခြေအနေ ကောင်းမှာပါ အဆင့်မြင့် သားရဲသတ္တဝါဆိုး တစ်ကောင်လောက်ကိုတော့ သူ အေးအေးဆေးဆေး ရှင်းနိုင်ပါတယ်"

တုချိန်း၊ ကျန်းရှနှင့် ကျန်လူများမှာ သံမဏိ၏ စကားကို အဓိပွာယ်ဖော်နိုင်စွမ်း မရှိသဖြင့် မျက်လုံးများ ဝိုင်းဝိုင်းလည် နေကြသည်။ သို့သော် သူ့စကားကို အလေးထား စဉ်းစားနေရန်လည်း သူတို့တွင် အချိန်မရှိ။

မူလ စွမ်းအင်လှိုင်းများကား တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် ပေါက်ကွဲနေ၏။

တုန်ချိန်းက မာန်သွင်းသံပြုပြီး ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။

"အကုန်လုံး ဝင်ကြမယ်ဟေ့ အိတ်သွန်ဖာမှောက် တိုက်ကြပေတော့ ဒီသတ္တဝါကို အမြန်ဆုံး ရှင်းနိုင်မှ စုချန်းရဲ့ အသက်ကို ကယ်နိုင်လိမ့်မယ် သူ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

*****

အကြိမ်တစ်ရာ ပြန်လည် စစ်ဆေးသူများ ခန်းမတွင် ဖြစ်သည်။

ဗလတောင့်တောင့် ကျောင်းသား တစ်ယောက်သည် အဓိက ခန်းမဆောင်အတွင်းရှိ အခန်းတစ်ခန်းမှ အပြင်သို့ လမ်းလျှောက် ထွက်လာ၏။ သူ့မျက်နှာပေါ်တွင်တော့ ကျေနပ်ပီတိ ဖြစ်သော အပြုံးတမျိုး ပေါ်ပေါက်နေလေသည်။

၎င်းကိုမြင်သောအခါ ပိန်ရှည်ရှည်ကျောင်းသားက ရယ်မောရင်း ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် မင်းဟာ အခုဆိုရင် အခန်း ၁၄ကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပြီ"

ထိုကျောင်းသားက ကျေနပ်အားရသော ဟန်ပန်နှင့် ခေါင်းကို ဆတ်ခနဲညိတ်ပြလိုက်သည်။

"ဟူး မလွယ်ဘူးဗျိူ့ အလယ်အလတ်အဆင့် သားရဲသတ္တဝါဆိုးတွေနဲ့ တိုက်ခိုက်ရတာ အတော် ခက်တာပဲ ဒါတောင် ကျုပ် ဟေးကျန်းရှန်ရဲ့ အရှင်သခင်ကိုယ်ခန္ဓာနည်းစနစ်က အတော်လေး အောင်မြင်မှုရထားလို့ ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့တာ"

"ဒီတော့ အခန်း၁၅ကို ဆက်ပြီးစမ်းကြည့်အုံးမလား"

ပိန်ရှည်ရှည်ကျောင်းသားက သိသိကြီးနှင့် မြှောက်ပေးလိုက်သည်။ တစုံတစ်ယောက် မရှုမလှ ရှုံးနိမ့်သွားလျင် သူ အလွန်ပျော်၏။ သို့သော် ဗလတောင့်တောင့် ကျောင်းသားက လက်ကာရင်း ငြင်းဆန်လိုက်သည်။

"နေပါစေဗျာ အခန်း၁၅မှာ သွေးဆူပွက်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တွေနဲ့ ညီမျှတဲ့ အဆင့်မြင့် သတ္တဝါးဆိုးတွေပဲ ရှိနေတာ ကျုပ် သူတို့ကို ရင်ဆိုင်ဖို့ ယုံကြည်ချက် မရှိသေးဘူးဗျ ကျုပ်အဆင့်ဟာလည်း ဟို ဘီလူးငါးကောင် အဆင့်ကိုမှ မရောက်သေးတာကလား ဒီတော့ ရှိပါစေတော့ဗျာ နောက်နှစ်မှပဲ အခန်း၁၅ကို ရှင်းတော့မယ်"

အမှန်တကယ်လည်း အဆင့်မြင့် သားရဲသတ္တဝါဆိုးများ ဟူသည် အလွန်တရာ ရင်ဆိုင်ရ ခက်ခဲလှသည် မဟုတ်ပါလား။ ထို့ကြောင့် ဟေးကျန်းရှန် အမည်ရှိ ဗလတောင့်တောင့် ကျောင်းသားက အခန်း၁၅ကို မရှင်းသေးရန် ဆုံးဖြတ်လိုက်ပုံ ရသည်။

ထိုစဉ် ပိန်ရှည်ရှည် ကျောင်းသားက ပြောလိုက်၏။

"ဘီလူး ငါးကောင် မဟုတ်တော့ဘူးကွ ခြောက်ကောင် ဖြစ်သွားပြီ"

"ဟမ် ခင်ဗျား ဘာပြောလိုက်တာ"

ဟေးကျန်းရှန် ကြောင်အမ်းအမ်း ဖြစ်သွား၏။

"ခင်ဗျားဆိုလိုတာ ကျုပ်တို့ စတုတ္ထနှစ် ကျောင်းသားထဲကပဲ အခန်း၁၅ကို ရှင်းနိုင်တာ နောက်တစ်ယောက် တိုးလာပြီပေါ့ ဟုတ်လား"

"ဟုတ်တယ်ကွ ဒီမနက်မှာပဲ တိုးလာတာ"

ပိန်ရှည်ရှည် ကျောင်းသားက ပြန်ပြောလိုက်သည်။

All Chapters