မီးလျှံသိမ်းငှက်
Vol. 20 Ch. 200
ကျန်းရှတို့ ခုနစ်ယောက် မျောက်ဝံအထီးကို ဝိုင်းဝန်း တိုက်ခိုက်နေစဉ် စုချန်းသည် ကြီးမားသော တိုက်ပွဲကို စတင်ဆင်နွှဲနေရပြီ ဖြစ်သည်။
အဆင့်မြင့် သားရဲ သတ္တဝါဆိုးများနှင့် တိုက်ခိုက်ရခြင်းဟူသည် စုချန်းအတွက်တော့ ဤတစ်ကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်။ အကြိမ်တစ်ရာ ပြန်လည် စစ်ဆေးခြင်းခန်းမ အခန်း ၁၅အား ရှင်းလင်းရာတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ သို့သော်ငြားလည်း စိတ်လှည့်စားခြင်း နည်းပညာနှင့် ဖန်တီးထားသည့်် ပုံရိပ်ယောင် တစ်ကောင်ကို တိုက်ခိုက်ရခြင်းနှင့် တကယ့်အစစ်ကို တိုက်ခိုက်ရခြင်းမှာ တခြားစီသာ။ ထပ်၍ ဖြည့်ပြောရလျှင် သားရဲသတ္တဝါဆိုးတိုင်း သည်လည်း တူကြသည်မဟုတ်။ သတ္တဝါဆိုးတိုင်း လိုလိုတွင် ကိုယ့်အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိနေကြ၏။
အက်ဒမန်တင်း မျောက်ဝံဘီလူးဟူသည် အလွန်တရာ ရက်စက် ကြမ်းကြုတ်လှသည့် သတ္တဝါဆိုး တစ်ကောင်။ ထိုကြားထဲ အားကောင်း သန်မာလှသည့် ကိုယ်ကာယကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ထိုအခါ စုချန်းသည် မြွေခြေလှမ်း ကွက်များကို ထုတ်သုံးကာ သစ်ပင်များ ကြားထဲတွင် လှည့်ပတ် ရှောင်တိမ်းရင်း သူ့နောက်ကျောတွင် ကိုယ်ပျောက်ပိုက်ကွန်များ ချန်ထားရစ်ခဲ့၏။ မျောက်ဝံဘီလူး၏ တိုက်ခိုက်ပုံမှာကား ထိုထက်ပို၍ ရိုးရှင်းနေသည်။ ၎င်းသည် သူ့ရှေ့တွင် ရှိသမျှ အရာအားလုံးကို ပြင်းထန်စွာ ဝင်တိုက်ပြီး စုချန်းနောက်သို့ လိုက်နေ၏။ ၎င်း၏ တွန်းတိုက်မှုကြောင့် သစ်ပင်များ တစ်ပင်ပြီးတစ်ပင် လဲပြိုကုန်ကြလေသည်။
၎င်း၏ လက်ထဲတွင်လည်း သစ်ပင်ကြီး တစ်ပင်ကို တင်းပုတ်သဖွယ် ကိုင်ထားကာ စုချန်းကို လှမ်းရိုက်နေ၏။ တိုက်ခိုက်မှုက ရိုးရှင်းသော်လည်း ကြောက်စရာ အင်အားများ ပါဝင်နေ၏။ ရိုက်ချက် တစ်ချက်သာ မိမိရရ ထိမိသွားပါက စုချန်းတစ်ယောက် အရိုးတခြား အသားတခြား ဖြစ်သွားဖွယ်ရာ ရှိနေသည်။
စုချန်း၏ ကိုယ်ပျောက် ပိုက်ကွန်သည် မျောက်ဝံဘီလူး၏ ပတ်ပတ်လည်တွင် ပင့်ကူမျှင်များသဖွယ် စတင်ရစ်ပတ်စ ပြုလာ၏။ သို့သော် ၎င်းကား ပိုက်ကွန်မျှင်များကို ရှိသည်ဟုပင် ယူဆပုံမရ။ တစ်ချိန်ကတော့ မူလစွမ်းရည်အပေါ် ခုခံနိုင်သည် သံမဏိ၏ အပြင်အားကို စုချန်းကိုယ်တိုင် ချီးကျူးခဲ့ဖူးသည်။ သို့သော် အနှီ မျောက်ဝံဘီလူးသည် မူလစွမ်းရည်ကို အပြင်အားနှင့် ခုခံနိုင်ရုံသာမက ပြန်လည်၍ပင် ဖိနှိပ်နိုင်စွမ်း ရှိနေသည်တကား။
အာဝူး …
ရင်ဘတ်ကို စည်တီးသည့်နှယ် ပြင်းထန်စွာ ရိုက်ပုတ်ပြီး မျောက်ဝံဘီလူးသည် မြေကြီးကို သစ်ပင်နှင့် လွှဲရိုက်လိုက်၏။ ပြင်းထန်သော ရိုက်ချက်ကြောင့် မဟာပထဝီ မြေကြီးဝယ် ချိုင့်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ အဆိုပါ ဟိန်းဟောက်သံအရ မျောက်ဝံဘီလူးကြီး၏ စိတ်ထဲတွင် စုချန်းကို အင်းဆက် ပိုးမွှားတစ်ကောင် အဖြစ်သာ သဘောထားပုံရသည်။
"ကောင်းပြီလေ ဒါလေးကို မြည်းကြည့်စမ်းပါဦး"
စုချန်းက ကိုယ်ပျောက် ပိုက်ကွန်ကို မဖော်ထုတ်တော့ပဲ မီးလျှံငှက်ကို စတင် အသုံးပြုလိုက်၏။ ထိုအခိုက်မှာပင် မျောက်ဝံဘီလူး ကလည်း စုချန်းကို သစ်ပင်နှင့် လွှဲရိုက်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်လာပြီး မီးလျှံငှက်သည် မျောက်ဝံကြီး လက်နက်အဖြစ် အသုံးပြုနေသော သစ်ပင်ကို တည့်မတ်စွာ ထိမှန်သွား၏။ ပေါက်ကွဲမှုကြောင့် သစ်ပင်တစ်ဝက်မှာ မီးလောင်ကျွမ်း သွားတော့သည်။
မျောက်ဝံကြီးက မီးလောင် ကျွမ်းနေသော သစ်ပင်ကို ဖျတ်ခနဲကြည့်ကာ လွှင့်ပစ်လိုက်၏။ ထို့နောက် နောက်ထပ် သစ်ပင်တစ်ပင်ကို ဆွဲနုတ်လိုက်ပြန်သည်။ သို့သော် ထိုသစ်ပင်သည်လည်း မီးလျှံငှက်၏ လက်ချက်ကြောင့် လောင်ကျွမ်းသွားပြန်၏။
စုချန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"မင်းကြည့်ရတာ လက်နက်ရွေးဖို့ အတော်ခက်နေပြီနဲ့ တူတယ်"
မျောက်ဝံကြီးက မျက်မှောင် ကုတ်လိုက်ပြီး နောက်ထပ် သစ်ပင်တစ်ပင်ကို ဆွဲနုတ်လိုက်ပြန်၏။ စုချန်းကလည်း ထိုသစ်ပင်ကို မီးလျှံငှက်နှင့် ထပ်မံဖျက်ဆီးရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် မျောက်ဝံ ဘီလူးကြီးသည် သူ့လက်ထဲရှိ သစ်ပင်နှင့် စုချန်းကို ဝုန်းခနဲ ပစ်ပေါက်လိုက်၏။ ရွှီခနဲ မြည်သံနှင့််အတူ သစ်ပင်ပေါက်စသည် စုချန်းဆီသို့ တစ်ဟုန်ထိုး ပျံသန်း လာခဲ့လေပြီ။
"သေစမ်း"
စုချန်း ထိတ်လန့်သွား၏။ ထို့နောက် သူက မြွေခြေလှမ်းကို အသုံးပြုကာ ကပျာကယာ ရှောင်တိမ်းလိုက်ရသည်။ တော်သေး၏။ သစ်ပင်ငယ်သည် စုချန်းဘေးမှ ပွတ်ကာသီကာနှင့် ပျံသန်းသွားလေသည်။ နောက်ထပ် သစ်ပင်တစ်ပင်သည် ထပ်မံ ပျံသန်းလာပြန်၏။ စုချန်းကား ဟန်ချက်ကို မထိန်းနိုင်သေးလေရာ ရှောင်တိမ်းရန် အချိန်မရတော့။ ထိုအခါ သူက နောက်ကို လျင်မြန်စွာ ဆုတ်လိုက်ပြီး ဓားကို ရွှမ်းခနဲ ဆွဲထုတ်ကာ ဝေ့ယမ်း ကာကွယ်လိုက်၏။ တစ်ဆက်တည်းမှာပင် နီလာခရမ်း ဝတ်စုံ၏ အကာအကွယ်ကို နှိုးဆွလိုက်သည်။
တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး စုချန်းသည် နောက်ဘက်သို့ လွင့်စင်သွား၏။ မျောက်ဝံဘီလူးကြီး၏ တိုက်ခိုက်မှုအနက် ၃၀ရာခိုင်နှုန်းသည် စုချန်း၏ နောက်ဆုတ်ပေးမှုကြောင့် လျော့နည်းသွားရသည်။ နောက်ထပ် ၃၀ရာခိုင်နှုန်းမှာကား စုချန်း၏ ရေပက်မဝင် ဓားချက်ကြောင့် အဟောသိကံ ဖြစ်သွားလေသည်။ ကျန် ၃၀ရာခိုင်နှုန်းကိုကား နီလာခရမ်းဝတ်စုံက ကာကွယ်နိုင်လိုက်၏။ ထို့ကြောင့် တိုက်ခိုက်မှု ၁၀ရာခိုင်နှုန်းကိုသာ စုချန်း ခံစားလိုက်ရသည်ဟု ဆိုနိုင်၏။ သို့သော် ထိုမျှလောက်သော ပြင်းအားသည်ပင် စုချန်းကို သွေးအန်စေရန် စွမ်းဆောင် နိုင်ခဲ့လေသည်။
အာဝူး …
မျောက်ဝံဘီလူးကြီးက ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်ပြန်သည်။ သူ့ပုံစံမှာ တစ်စုံတစ်ရာကို အားမရဟန် ပေါ်လွင်နေသည်။
"မင်းဟာ တော်တော်ရက်စက်တဲ့ ကောင်ပါလားကွ"
စုချန်းက ရင်ဘတ်ကို ဖိရင်း ပြောလိုက်သည်။ သူ့မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။ ထို့နောက် သူသည် နောက်လှည့်ပြီး ထိုနေရာမှ အဝေးဆီသို့ ပြေးထွက် လာခဲ့တော့သည်။ ထိုသို့ ပြေးလာရခြင်းမှာ မျောက်ဝံဘီလူးကို ကြောက်၍ မဟုတ်။ ၎င်း၏ ဟိန်းဟောက်သံက ကျယ်လောင်လှပေရာ အတော်လှမ်းနေသည့်တိုင် နောက်ထပ် မျောက်ဝံဘီလူး တစ်ကောင် ကြားသွားမည်ကို စိုးရိမ်၍သာ ဖြစ်သည်။
စုချန်းသည် သူ့အသင်းဖော်များနှင့် ဝေးသည်ထက် ဝေးအောင် ပြေးလွှားလာခဲ့၏။ ထိုအချိန်တွင် သူ့ကိုယ်မှ ထွက်ပေါ်နေသော သားရဲညှို့ငင် ဆေးရည်၏ ရနံ့ကလည်း ပြယ်စပြုလာခဲ့လေပြီ။ သို့သော် မျောက်ဝံဘီလူးကြီး၏ ဒေါသသည်ကား ယခုအချိန်ထိ လျော့ပါးသွားပုံမရဘဲ ပြင်းပြင်းထန်ထန် တောက်လောင်နေဆဲပင် ဖြစ်ပုံရသည်။ ၎င်းသည် ပြေးလိုက်နေရင်းနှင့်ပင် သစ်ပင်များကို ဆွဲနှုတ်ကာ စုချန်းဆီသို့ လှမ်းပေါက်နေ၏။ သစ်ပင်များကား လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြားများပမာ တဝီဝီနှင့် ပျံသန်းလာကြသည်။ စုချန်းကလည်း ပွတ်ကာသီကာနှင့် ရှောင်တိမ်းပေးနေ၏။
ကြောက်စရာ သတ္တဝါပေတည်း။ ၎င်း၏ ခွန်အားမှာ ယခုအချိန်ထိ အနည်းငယ်မျှပင် လျော့ပါးသွားပုံမရ။
ဝုန်းခနဲ မြည်သံနှင့်အတူ နောက်ထပ် သစ်ပင်တပင် စုချန်း ခေါင်းပေါ်မှ ပျံသန်း သွားပြန်သည်။ စုချန်းကလည်း ပွတ်ကာသီကာနှင့် ရှောင်တိမ်း ပေးလိုက်ပြန်၏။
အာဝူး …
မျောက်ဝံဘီလူး၏ နောက်တစ်ကြိမ် အော်ဟစ်သံဖြစ်သည်။ သူ့အော်သံမှာ "ဘယ်လို ထွက်ပြေးရမယ် ဆိုတာ မင်း တကယ်ကော သိရဲ့လား" ဟု ဆိုလိုနေသလို ရှိသည်။
ထိုအခါ စုချန်းက နောက်လှည့်ပြီး မျောက်ဝံဘီလူးကြီးကို လက်ညှိုးထိုးကာ စနောက်လိုက်၏။
"ဟေ့ ငါ့နောက်ကိုလိုက်ရတာ ပျော်ရဲ့လားကွ"
မျောက်ဝံကြီးက ဝူးဝူးဝါးဝါး အော်ဟစ်ကာ တုံ့ပြန်လိုက်သည်။ စုချန်းက လက်ထဲရှိ ဓားကိုဆကာ ပြောလိုက်ပြန်သည်။
"ငါဟာ ဒီလို ထွက်ပြေးနေမဲ့ကောင် မဟုတ်ဘူးဆိုတာ မင်းနားလည်လာအောင် ပြရ ..."
သို့သော် စုချန်း၏ စကားမှာ အဆုံးမသတ်လိုက်ရ။ မျောက်ဝံကြီးက နောက်ထပ် သစ်ပင်တစ်ပင်ကို ဆွဲနုတ်ကာ ပစ်ပေါက် လိုက်ခြင်းကြောင့် ဖြစ်သည်။ စုချန်း ဒေါသထွက်လာ၏။ ယခုအချိန်ထိ သူသည် တစ်ပြေးတည်း ပြေးနေရသည် မဟုတ်ပါလား။
ဤတစ်ကြိမ်တွင်လည်း အရှိန်အဟုန်နှင့် ပျံသန်းလာသော သစ်ပင်ကို စုချန်းတစ်ယောက် ထပ်မံ ရှောင်တိမ်းပေးလိုက်ရ ပြန်သည်။ ပြီးသည်နှင့် လက်ထဲရှိ ဝံပုလွေဓားကို ဝေ့ယမ်းပြီး စုချန်း တန်ပြန်တိုက်စစ်ကို စတင်လိုက်၏။ ထိုအချိန်တွင် မျောက်ဝံကြီးက နောက်ထပ် သစ်ပင်တစ်ပင်ကို ဆွဲနုတ်ကိုင်စွဲ ထားခဲ့ပြန်လေပြီ။
ဓားသွားမှ တိုးထွက်လာဟန် တူသော ဝံပုလွေဝိညာဉ်သည် ဟိန်းသံ တစ်ချက်ပြုကာ မျောက်ဝံ ဘီလူးကြီးထံသို့ တိုးဝင်သွား၏။ တစ်ဆက်တည်းမှာပင် ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများ ပေါ်ထွက်လာပြီး မိုးကြိုးဓားသည် တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် စတင် ပေါက်ကွဲတော့သည်။ တစ်ဆက်တည်းမှာပင် သူ့လက်ထဲရှိဓားသည် ဓားရောင်များ ဝင်းလက် တောက်ပလာပြီး မျောက်ဝံကြီး လက်ထဲရှိ သစ်ပင်မှာ စုချန်း၏ ဓားချက်ကြောင့် ရစရာမရှိအောင် ကျိုးပဲ့ကြေမွသွား၏။ မျောက်ဝံ ဘီလူးကြီးကား အခိုက်အတန့်အားဖြင့် လက်နက်မဲ့သွားပြီဟု ဆိုနိုင်သည်။
ကောင်းကင် ဝံပုလွေဓားသည် မျောက်ဝံ ဘီလူးကြီးထံသို့ ဆက်လက်တိုးဝင်သွား၏။ ၎င်းကား ရှောင်တိမ်းမည့်ဟန် မပေါ်။ ဓားချက် ညာဘက်လက်ကို ခုတ်မိအံ့ဆဲဆဲမှာပင် ၎င်း၏ ညာဘက် လက်ချောင်းသည် ရွှေရောင်များ ပြိုးပြက် ဝင်းလက်လာပြီး ပြင်းထန်လှသော တွန်းကန်အားတစ်ရပ် ထွက်ပေါ်လာ၏။ စုချန်း၏ စိတ်ထဲတွင်တော့ ကျောက်တောင်ကြီးကို ဓားနှင့်ခုတ်မိသလို ခံစားလိုက်ရသည်။ တွန်းကန်အားကြောင့် မုန်တိုင်း တိုက်ခံလိုက်ရသလို စုချန်းတစ်ယောက် အဝေးသို့ လွင့်စဉ်သွားပြန်၏။
"ဘာလဲဟ"
စုချန်းကား နားမလည်နိုင်တော့။ မည်သို့ဆိုစေ မျောက်ဝံဘီလူးကြီး၏ ညာလက်မှ ထွက်ပေါ်လာသော တွန်းကန်အားကြောင့် ခြေလှမ်းပေါင်း တစ်ရာခန့်အထိ သူ လွင့်စဉ်သွားလေသည်။
မျောက်ဝံကြီးက ရင်ဘတ်ကိုထုရင်း ထပ်မံ အော်ဟစ် လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ သူ့တစ်ကိုယ်လုံးမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ခပ်ဖျော့ဖျော့ ခရမ်းရောင်အလင်းစ တချို့ကိုလည်း ရောယှက် မြင်တွေ့နေရ၏။
၎င်းမှာ အက်ဒမန်တင်း မျောက်ဝံဘီလူးတို့၏ မွေးရာပါ မူလစွမ်းရည် ဖြစ်သော အက်ဒမန်တင်း ကိုယ်ခန္ဓာပေတည်း။
ထိုအခိုက်မှာပင် မျောက်ဝံကြီးသည် ဖနောင့်တစ်ချက် ဆောင့်ရင်း လေထဲသို့ ခုန်တက်လိုက်ရာ သူ့ကိုယ်ခန္ဓာသည် မိုးပေါ်တွင် ပျံသန်းနေသကဲ့သို့ ထင်ရသည်။ တစ်ခဏအတွင်း မျောက်ဝံဘီလူးကြီး စုချန်းကို မီလာ၏။ ၎င်း၏ ကြီးမားသော လက်ချောင်းများက ကျောက်တိုင်ကြီးများပမာ စုချန်းကို ဖိသတ်ရန် ကြံစည်လာခဲ့လေပြီ။
စုချန်း ထိတ်လန့်သွား၏။ ထိုအခါ သူက မြွေခြေလှမ်းကို ထုတ်သုံးလိုက်ရာ သူ့ကိုယ်ခန္ဓာသည် မီးခိုးငွေ့ပမာ လှစ်ခနဲ ပျောက်ကွယ်သွား၏။ မျောက်ဝံဘီလူးကြီး၏ တိုက်ခိုက်မှုသည်လည်း မြေကြီးကိုသာ ထိမှန်သွားပြီး ကြီးမားလှသော ချိုင့်ကြီးတစ်ချိုင့် ဖြစ်ပေါ်လာတော့သည်။
အဆင့်မြင့် သတ္တဝါဆိုးတိုင်း တစ်ကောင်နှင့် တစ်ကောင် အင်အားချင်း တူညီကြသည်မဟုတ်။ ယခု စုချန်း ရင်ဆိုင်နေရသည့် မျောက်ဝံကြီးသည် အခန်း၁၅အတွင်းရှိ သတ္တဝါဆိုးထက် အင်အား ကြီးမားနေ၏။ ၎င်း၏ တိုက်ခိုက်မှု လွဲချော်သွားသည်နှင့် မျောက်ဝံဘီလူးကြီးသည် လေထဲသို့ ခုန်တက်ကာ စုချန်းနောက်သို့ ထပ်ချပ်မကွာ လိုက်ပါ တိုက်ခိုက်လာတော့သည်။
၎င်းသည် မည်သို့မည်ပုံ ပျံသန်းရမည်မှန်း သိဟန်မပေါ်။ သို့သော် တစ်ခါခုန်လိုက်တိုင်း လေထဲသို့ ပေ၇၀၊ ပေ၈၀တိုင်အောင် ခုန်နိုင်လေရာ ပျံသန်းနေသည်နှင့် သိပ်မထူးလှ။ တစ်နည်းအားကဖြင့် ၎င်းသည် လေထဲတွင် အမှုမဲ့ အမှတ်မဲ့ ပျံသန်းနေသည်နှင့် တူလှသည်။ စုချန်း ကြုံဖူးသည့် သွေးဆူပွက်ခြင်း နယ်ပယ် ပညာရှင်များဖြစ်သော မီးခိုး၊ လီနှင့် ကြေးနီသမင်တို့ပင် ၎င်းနှင့် ရင်ဆိုင်တွေ့က လွယ်လှမည်မဟုတ်။ စုချန်းကား ရှောင်တိမ်းရန် အချိန်မရှိတော့။ မျောက်ဝံကြီး၏ လက်နှစ်ဖက် သူ့ကိုယ်ပေါ် ကျရောက်ခါနီး အချိန်မှာပင် သူက မက် အကာအကွယ်ကို နှိုးဆွလိုက်၏။ တစ်ချိန်တည်းမှာပင် နီလာခရမ်းဝတ်စုံ၏ အကာအကွယ်လည်း ထွက်ပေါ်လာလေသည်။
ထို့နောက် စုချန်းက လေထဲမှာပင် ကိုယ်ကိုတွန့်လိမ်ရင်း မီးလျှံငှက်နှင့် မျောက်ဝံကြီးကို ပြန်လည် တိုက်ခိုက်လိုက်သည်။ ကြီးမားသော ပေါက်ကွဲသံကြီးနှင့် အတူ မီးတောက်မီးလျှံများ ပေါ်ပေါက် လာသော်လည်း မျောက်ဝံကြီးကား ၎င်းကို ဂရုစိုက်ပုံမရ။ သို့သော် သူ့ရင်ဘတ်တွင်တော့ သွေးသံရဲရဲနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေသည်။
အဆင့်မြင့် သားရဲသတ္တဝါဆိုး များအနက် အက်ဒမန်တင်း မျောက်ဝံသည် မူလစွမ်းရည် အနည်းဆုံး ပိုင်ဆိုင်ထားသူဟု သတ်မှတ်နိုင်သည်။ အကြောင်းမှာ သူပိုင်ဆိုင်သော မူလစွမ်းရည်ဟူ၍ တစ်မျိုးတည်းသာ ရှိသောကြောင့်ပင် ဖြစ်သည်။ ၎င်းမှာ အက်ဒမန်တင်း ကိုယ်ခန္ဓာပေတည်း။ သို့သော် အဆိုပါ မူလစွမ်းရည် တစ်မျိုးတည်းနှင့်ပင် မျောက်ဝံဘီလူးကြီးသည် တိုက်ခိုက်ရာတွင် လည်းကောင်း၊ ခုခံရာတွင် လည်းကောင်း အလွန် အစွမ်းထက်နေ ခဲ့ပြီးလေပြီ။ စုချန်း အလွန်တရာ အားထားသည့် ပြင်းထန် အားကောင်းသော မီးလျှံငှက်ပင်လျှင် မျောက်ဝံဘီလူးကြီးကို အနည်းငယ် ထိခိုက်စေရုံမျှသာ တတ်နိုင်ချေသည် တကား။
အမှန်တော့ မီးလျှံငှက် ကောင်ရေ အနည်းငယ်မျှနှင့် အက်ဒမန်တင်း မျောက်ဝံကို အနိုင်ရလိုသည်ဆိုက ရယ်စရာ ကောင်းနေသည်မှာ အမှန်ပင်။ သို့သော် စုချန်း၏ တကယ့် ရည်ရွယ်ချက် အစစ်အမှန်မှာကား မျောက်ဝံဘီလူးကြီးကို အပြီးသတ် သုတ်သင်ရန် မဟုတ်။ သူ့အဖွဲ့ဝင် ခုနစ်ယောက် အတွက် အချိန်ဆွဲပေးရန်သာ ဖြစ်သည်။
"မင်းက သိပ်ပြီး ဇွဲနပဲကြီးတာပဲကိုး"
စကားဆုံးသည်နှင့် စုချန်းသည် မျောက်ဝံဘီလူးကို ဆက်လက် မတိုက်ခိုက်တော့ပဲ ချာခနဲ လှည့်ကာ ထွက်ပြေးတော့သည်။ မျောက်ဝံ ဘီလူးကြီးကလည်း မလျှော့။ စုချန်းနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာ၏။ ဤသို့နှင့် တောနက်ကြီး အတွင်းဝယ် လူတစ်ယောက်နှင့် မျောက်တစ်ကောင် ပြေးတမ်းလိုက်တမ်း ကစားနေကြလေသည်။
ကြိုတင် လျာထားသော အစီအစဉ်အရ စုချန်းသည် သူ့အသင်းဖော်များ ရောက်မလာနိုင်သေးခင် အမွှေးတိုင် တစ်ချောင်းထွန်းစာ ကြာသည့်အချိန်ထိ မျောက်ဝံဘီလူးကြီးကို အချိန်ဆွဲထား ရပေလိမ့်မည်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွား၏။ အမွှေးတိုင် တစ်ချောင်းထွန်းစာ အချိန်ကိုပင် ကျော်လွန် သွားခဲ့လေပြီ။ စုချန်းကို အကူအညီပေးမည့် သူများကား ရောက်မလာနိုင်သေး။
သို့သော် ထိုကိစ္စကို စုချန်း စိတ်မဆိုး။ အကြောင်းမှာ အက်ဒမန်တင်း မျောက်ဝံဟူသည် လွယ်ကူသည့် သတ္တဝါမျိုးမဟုတ်။ တိုက်ခိုက်ရ အလွန်ခက်သည့် သတ္တဝါမျိုးဖြစ်သည်။ ဤသတ္တဝါသည် မိမိတို့ မျှော်လင့်ထားသည်ထက် အင်အားကြီးမားနေ၏။ ထို့ကြောင့် သူ့ အသင်းဖော်များ အနေနှင့် ကြိုတင် မှန်းဆထားသည်ထက် အချိန်အနည်းငယ် ပိုယူရလိမ့်မည်ဟု စုချန်း ကြိုတင်တွေးထားပြီးသား ဖြစ်သည်။
အထက်ပါ အတိုင်းတွေးတောပြီး စုချန်းသည် မျောက်ဝံကြီးကို လှည့်ပတ် ရှောင်တိမ်းကာ သူ့အသင်းဖော်များကို စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေ၏။ အမွှေးတိုင် နှစ်ချောင်းထွန်းစာ အချိန်သို့ပင် လွန်လာခဲ့ပြီ။ ကျန်းရှတို့လူစု ရောက်မလာသေး။ သို့သော် ထိုအချိန်ထိ စုချန်း စိတ်ရှည်နေသေးသည်။ အမွှေးတိုင် သုံးချောင်းထွန်းစာ အချိန်ရောက်လာသော အခါတွင်တော့ စုချန်း သည်းမခံနိုင်တော့။ အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်မှာ သေချာသလောက် ဖြစ်နေခဲ့လေပြီ။
လူနှင့်မျောက် ပြေးတမ်းလိုက်တမ်း ကစားနေသည်မှာလည်း အချိန် အတော်ကြာသွားခဲ့ပြီ ဖြစ်လေရာ မျောက်ဝံကြီး၏ ပုံစံမှာ စိတ်မရှည်နိုင်တော့ပဲ လက်လျှော့ လှည့်ပြန်သွားမည့် ပုံစံမျိုးပင် ပေါက်နေခဲ့လေပြီ။ ထိုအခါ စုချန်းက ချက်ချင်းပင် သားရဲ ညှို့ငင်ဆေးရည်ကို ထုတ်ပြီး ကိုယ်ပေါ်တွင် သုတ်လိမ်းလိုက်သည်။ သို့သော် မျောက်ဝံကြီးကား စိတ်ဝင်စားတော့ဟန် မတူ။ စုချန်း ပို၍ စိတ်လှုပ်ရှားလာ၏။ စစ်ကူများ ရောက်လာသည်အထိ ဤသတ္တဝါကို ဆွဲဆောင်ထားရန် လိုအပ်နေသည် မဟုတ်ပါလား။
သို့သော် မျောက်ဝံ ဘီလူးကြီးကား ပြေးတမ်းလိုက်တမ်း ကစားရသည်ကို စိတ်ကုန်သွားပုံ ရသည်။ စုချန်း မည်သို့ ဆွဲဆောင်စေကာမူ စိတ်မဝင်စားတော့။ နောက်ဆုံးတွင် စုချန်း စိတ်မရှည်တော့ပဲ အောက်ပါအတိုင်း ရေရွတ် လိုက်တော့သည်။
"နောက်ဆုံးတော့ မင်းကိုဆုံးမဖို့ ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ်နဲ့ တူတယ်"
အာဝူး …
မျောက်ဝံဘီလူးကြီး ကလည်း အားကျမခံဘဲ ရင်ဘတ်ကိုထုကာ အော်ဟစ်လိုက်သည်။ "မင်း ယောက်ျားဆိုရင် လာခဲ့လေကွာ" ဆိုသည့််သဘောပင်။
"ကောင်းပြီလေ ဒါလေး နည်းနည်း မြည်းကြည့်စမ်းကွာ"
စကားဆုံးသည်နှင့် စုချန်းက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မီးတောက်မီးလျှံများ နောက်တစ်ကြိမ် ပေါ်ပေါက်လာ၏။ ထို့နောက် အနှီ မီးတောက်များသည် တဖြည်းဖြည်းနှင့် ငှက်တစ်ကောင် ပုံသဏ္ဌာန်သို့ ပြောင်းလဲလာ၏။ ၎င်းသည် ပေါက်ကွဲနေသော မီးလျှံငှက်၏ ယေဘုယျပုံစံနှင့် အလွန်တူ၏။ သို့သော် ပုံစံပြောင်းလဲမှုသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ကြီးထွားလာကာ တောင်ပံများ၊ မျက်လုံးများနှင့် ခြေသည်းများပါ ပေါ်လာ၏။
မီးတောက်မီးလျှံများသည် သိမ်းငှက်တစ်ကောင် အဖြစ် ပြောင်းလဲသွားခြင်း ပေတကား။
စုချန်းက လက်နှစ်ဖက်ကို ဆက်လက် လှုပ်ရှားလိုက်ပြန်ရာ မီးလျှံသိမ်းငှက်ကြီးသည် တောင်ပံများဖြန့်ကာ မျောက်ဝံဘီလူးဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားတော့သည်။
သိမ်းငှက်သည် မျောက်ဝံဘီလူးကို ကျကျနနပင် ထိမှန်သွား၏။
ကျယ်လောင်သော ပေါက်ကွဲသံနှင့် မရှေးမနှောင်းမှာပင် မျောက်ဝံ ဘီလူးကြီး၏ နာကျင်စွာ အော်ဟစ်သံကြီး ဆက်တိုက်လိုလို ထွက်ပေါ်လာတော့ လေသတည်း။