← Chapters

ငါ့ပါးစပ်စီးနေပါလား...

Vol. 4 Ch. 52

ငါ့ပါးစပ်စီးနေပါလား...

Vol. 4 Ch. 52

~

နှစ်နာရီ ကြာပြီး....

' အဆင့်၄ အစောပိုင်း ပဲရှိသေးတယ်...'

လင်းမို့ ခေါင်းယမ်းလိုက်သည် ။ သူမပျော်တော့ ။ အဆင့် ၄ ရောက်ပြီးနောက် အဆင့်တက်ရန် ခက်ခဲလှသည် ။

ဟော့ပေါ့နှင့် အသားကင်ကြောင့် တက်ကြွအညွှန်းကိန်း ၇၀ ထိ ရောက်ခဲ့သော်လည်း အဆင့် ၄ အလယ်ဆင့်အထိ မရောက်ခဲ့ပေ ။ အလယ်ဆင့်သို့ ချိုးဖျက်နိုင်ရန် နီးကပ်နေလေပြီ ။

သို့သော်လည်း ဤမျှသာ တိုးတက်ခဲ့ခြင်းကို လင်းမို့စိတ်တိုင်းမကျချေ ။

' ခက်လိုက်တာ... အဆင့်တက်ရတာ ခက်လိုက်တာ...'

အခြားသူများ လင်းမို့ ပြောသည်ကိုကြားလျှင် သေအောင်ဆဲကြပေလိမ့်မည် ။

' ခက်သလား...'

' တနေကုန် အသေကောင်လို ထိုင်နေတဲ့ကောင်က ခက်သေးတာလား...'

' ဂျင်ရုံထဲက အသက်ထွက်မတက်ကြိုးစားနေရတယ့် ကျောင်းသားတွေက ဘယ်လို အသက်ရှင်ရတော့မလဲ..'

သိုင်းပညာရှင်များ တိုက်ခိုက်ရေးစွမ်းရည် အဆင့်တက်နိုင်ရန် ခက်ခဲလှသည် ။ ထိပ်တန်း တက္ကသိုလ်များရှိ ပါရမီရှင်များပင်လျှင် အဆင့်၄ ရောက်ပြီးနောက် အဆင့်တစ်ခုတက်နိုင်ရန် နှစ်များစွာ ကြိုးစားကြရသည် ။

လင်းမို့ ထိုသည်ကို မသိ ။ သိလည်း သိချင်မည်မဟုတ် ။

' အဆင့်၄ မှာ အတွင်း အဂ်ါတွေ သွေးတွေ ရိုးတွင်းခြင်ဆီတွေကို ထိန်းချုပ်နိုင်တယ်...'

လင်းမို့ အဆင့်၄ ရောက်ပြီးနောက် အဆင့်၄၏ အချက်အလက်များကို နားလည်သွားသည် ။

' အဆင့်၄ အစောပိုင်းမှာ... အတွင်းအဂ်ါတွေရဲ့ စွမ်းအားကို အသုံးချနိုင်တယ်... အဆင့်၄ အလယ်ပိုင်းမှာ သွေးစွမ်းအားကို ထိန်းချုပ်နိုင်တယ်... အဆင့်၄ အထွတ်အထိပ်မှာ ရိုးတွင်းခြင်ဆီကို ထိန်းချုပ်နိုင်တယ်... '

မနေ့ညက လင်းမို့ သည် အတွင်းအဂ်ါများ၏ စွမ်ားအားကို အနည်းငယ်သာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခု ၁၀၀ % ထိန်းချုပ်နိုင်ခဲ့ပေသည် ။ သွေးစွမ်းအား ကို ထိန်းချုပ်နိုင်လျှင် အဆင့်၄ အလယ်ပိုင်းသို့ ရောက်မည်ဖြစ်သည် ။

တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာခြင်းက လင်းမို့၏ စိတ်အာရုံကို ပို၍ နက်ရှိုင်းလာစေပြီး ပတ်ဝန်းကျင်ကို ပို၍ အာရုံခံနိုင်လာ၏ ။

ဟော့ပေါ့ စားနေစဥ် အမှောင်ထဲမှ စောင့်ကြည့်နေသော လူငါးယောက်ကို သူသတိထားမိလိုက်သည် ။

' အဲ့နေရာမှာ သိုင်းပညာရှင် ငါးယောက်ပုန်းနေပါလား...'

လင်းမို့ အမှောင် အတွင်းသို့ တစ်ချက်ကြည့်လိုက်သည် ။

' သူတို့ပုန်းပြီး ငါ့ကို ဘာလို့ ထိုင်ကြည့်နေကြတာလဲ... သူတို့ ဘာလုပ်ချင်တာလဲ...'

သူတို့ဆီမှ ရန်လိုသည့်အာရုံကို မခံစားရသဖြင့် သူ့ကို ပစ်မှတ်ထားခြင်းမဟုတ်ဟု လင်းမို့ခံစားမိလိုက်သည် ။ သို့သော်လည်း သူ့ကို ပစ်မှတ်ထားလျှင်ပင် ဂရုမစိုက်ပေ ။

ဤမျှ အကွာအဝေးမှ သူသိနေရသဖြင့် ထိုလူများ၏ ခွန်အားမှာ သူ့ထက်များစွာနိမ့်ပေသည် ။ ထို့ကြောင့် ထိုလူများကို သူဂရုမစိုက်တော့ချေ ။

ညကျောင်းမှာ ကိုးနာရီတွင် ဆင်းသည် ။

ကျောင်းဆင်းသည်နှင့် ဖွန်ကြောင်သူ အများစုမှာ အိမ်ပြန်သွားကြသည် ။ ဖွန်ကြောင်သူများဖြစ်သော်လည်း သိုင်းပညာလမ်းစဥ် လျောက်လှမ်းနေသူများ ဖြစ်သဖြင့် အချိန်ပြည့် ဖွန်ကြောင်၍ မရ ။ သူတို့လည်း ကြိုးစား၍ လေ့ကျင့်နေရသေးသည် ။

သို့သော်လည်း ဖွန်ကြောင်သူ မဟာမိတ်အဖွဲ့မှာ တစ်ညလုံး လင်းမို့ဘေးတွင်နေ၍ သင်ယူခဲ့ကြသည် ။ သူတို့ အိမ်ပြန်သောအခါတွင် ကျေနပ်နေကြ၏ ။ အကိုမို့ဆီမှ များစွာသင်ယူလိုက်ရပေသည် ။

သူတို့ အိမ်ပြန်ရောက်သောအခါ သူတို့သင်ယူခဲ့သည်များကို သူတို့အချင်းချင်း ဝေမျှကြသည် ။

" အရင်က ငါတို့ ဖွန်ကြောင်ရင် နှိမ့်ချ ပြီးနေရမယ်လို့ ထင်ခဲ့တာ... ခုအကိုမို့နဲ့ တွေ့မှပဲ ခေါင်းမော့ပြီး ဖွန်ကြောင်လည်း ရတယ်ဆိုတာ သိလိုက်ပြီ...."

" ငါ့အထင် အကိုမို့ အောင်မြင်နေတာက ခပ်ချေချေ ဖွန်ကြောင်နည်းကြောင့်ပဲ..."

" ဟုတ်တယ် ငါလည်း အဲ့လိုပဲထင်တယ်... သူက ဖွန်ကြောင်သလိုလို မကြောင်သလိုလိုနဲ့... "

ဖွန်ကြောင်သူများက သူတို့ မပြန်ခင် လင်းမို့စားထားသည်များကို သိမ်းစည်းပေးခဲ့ကြ၏ ။ သူတို့၏ လုပ်ပုံကိုင်ပုံကို ကြည့်ရသည်မှာ နန်းတွင်းရှိ မိန်းမစိုးများထက်ပင် တိကျသေချာနေသေးသည် ။ သူတို့အား မိန်းကလေးများ ဘာကြောင့်မကြိုက်ကြသည်ကို လင်းမို့ စဥ်းစားမရ ။

ကျောင်းဆင်းသည်နှင့် ဟောက်ရန်လည်း ဂျင်ရုံအပြင်သို့ ထွက်လာခဲ့သည် ။

" အကိုမို့... အိမ်အတူပြန်မလား..."

ဟောက်ရန်သည် မေးလိုက်သော်လည်း လင်းမို့ အိမ်ပြန်မည်ဟု မထင်ပေ ။

လင်းမို့လည်း အိမ်ပြန်ရန် စိတ်ကူးမရှိချေ ။ သူ အဆင့်၄ အလယ်ပိုင်းရောက်သည်အထိ ထိုင်နေရန် စဥ်စားထားသည် ။

သို့သော်လည်း ဟောက်ရန်အပြင်ထွက်လာသည်နှင့် အမှောင်ထဲမှလူများ လှုပ်လှုပ်ရွရွ ဖြစ်လာသည်ကို သူအာရုံခံမိလိုက်သည် ။

' သူတို့ ဟောက်ရန်ကို စောင့်နေတာလား... ဒီလောက်အကြာကြီး စောင့်နေမှတော့ မကောင်းတာ လုပ်ဖို့ပဲဖြစ်မယ်...'

ထိုလူများ ဟောက်ရန်ကို မည်သည့်အတွက်ကြောင့် စောင့်နေသည်မှန်း မသိသော်လည်း သူ၏ ညီအကို အန္တရာယ်ဖြစ်မည်ကို ထိုင်ကြည့်မနေနိုင် ။

" ပြန်မယ်လေ... ငါမင်းကို အိမ်လိုက်ပို့မယ်... "

လင်းမို့က ပြန်ဖြေလိုက်သည် ။

" ဟမ်... "

ဟောက်ရန် အံ့သြ သွား၏ ။ လင်းမို့ တွန်းလိုက်မှ သတိပြန်ဝင်လာသည် ။

" လာလာ... သွားမယ်... "

ဂျင်ရုံမှ ခြေလှမ်းအနည်းငယ် ကွာလာမှ ဟောက်ရန်က စကားစပြောလာသည် ။

" အကိုမို့... ဒီနေ့ မချောင်းတော့ဘူးလား..."

" ထပ်ပြောမယ်... ငါနောက်လိုက်ခွေး မဟုတ်ဘူး..."

" နားလည်ပါတယ်... နားလည်ပါတယ်... အကိုမို့က ချေပြနေတာပဲ..."

ဟောက်ရန်၏ မျက်လုံးအတွင်း ညဏ်ပညာများ ဖြင့်တောက်ပလာ၏ ။ သူအားလုံးကို နားလ​ည်ပေသည် ။

ထို့နောက် ဟောက်ရန်က သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကြွားတော့သည် ။

" အကိုမို့... တိုက်ခိုက်ရေးအဆင့်၂ရောက်ရင် ဘယ်လိုခံစားရလဲ သိလား..."

" အဆင့်၂ ရောက်ရင်လား..."

လင်းမို့ ခေါင်းယမ်းလိုက်မိသည် ။ သူ အဆင့် ၄ ရောက်နေသဖြင့် အဆင့် ၂ နှင့် ဝေးကွာလှပေသည် ။ သူအဆင့်၂ တွင် ကြာကြာမနေခဲ့ရသဖြင့် သူမမှတ်မိတော့ ။ အဆင့်၃ ဆိုလျှင်တော့ သူပြောနိုင်သည် ။

လင်းမို့သည် အဆင့်၄ မှာ အတွင်းအဂ်ါတွေရဲ့ စွမ်းအားကို ထိန်းချုပ်ရတာ ဘယ်လိုနေလဲဟုသာ ပြန်မေးလိုက်ချင်၏ ။

" အကိုမသိတာ ပုံမှန်ပဲ..."

ဟောက်ရန် ဆက်ကြွား၏ ။

" အဆင့် ၂ ရောက်ရင် ဘယ်လိုလဲဆိုတော့... ပြိုင်ဘက်ကင်းဖြစ်သွားသလို ခံစားရတယ်ဗျာ... ဥပမာဆိုရင် ခု...."

ဟောက်ရန်က ရှေ့ရှိ လူမရှိသောလမ်းကို လက်ညိုးထိုး၍...

" လမ်းပေါ် လူငါးယောက် ပေါ်လာပြီးတော့ စိတ် ကျေနပ်တဲ့အထိ တိုက်ပစ်လိုက်ချင်......"

ဟောက်ရန် စကားဆုံးအောင် မပြောလိုက်ရ ။

" ဝှစ်....ဝှစ်...ဝှစ်....ဝှစ်...ဝှစ်...."

သူလက်ညိုးထိုးထားသော နေရာသို့ လူငါးယောက် ရုတ်တရပ် ခုန်ထွက်လာ၏ ။

ထိုလူငါးယောက်မှာ မိတ်ဆွေဖြစ်မည့်ပုံမပေါ် ။ ခေါင်းဆောင်လာသည့် တစ်ဖက်လပ်က လူသတ်ချင်သည့် အော်ရာများ ထုတ်လွှတ်နေပြီး ကျန်လူများမှာ အေးစက်စက် စိုက်ကြည့်နေကြသည် ။

" ဒါ.... "

ဟောက်ရန် လန့်သွား၏ ။

" ငါပါးစပ်စီးနေပါလား..."

သူထိုးထားသော လက်ညိုးကို ပြန်ရုတ်ချိန်ပင်မရလိုက် ။

" မင်းက ကောင်းဟောက်ရန်လား... "

ခေါင်းဆောင်က ဟောက်ရန်ကို သိမ်းငှက်တစ်ကောင်လို စူးစိုက်ကြည့်လိုက်သည် ။

" ငါတို့နဲ့ လိုက်ခဲ့..."

" ဘော့စ်.... "

ထိုအချိန် ဘေးမှ သိုင်းပညာရှင်က ဝင်ပြောလိုက်သည် ။

" ကောင်းဟောက်ရန် ရဲ့ ဘေးကကောင်ကို အရင် ရိုက်ရအောင်... ဒီကလေးက ​ရွံ့စရာကောင်းတယ်... တစ်ညလုံး ဟော့ပေါ့နဲ့ အကင်စားပြီး ကျွန်တော်တို့ကို စိတ်ဒုက္ခပေးနေတာ... "

All Chapters