လာလာ ငါ့ကို ကျောင်းထုတ် ~
Vol. 4 Ch. 57
ကောလိပ်ဝင်ခွင့် စာမေးပွဲက တစ်နေ့တခြား နီးကပ်လာလေပြီ ။
ဟိုင်းချန်း အထက်တန်းကျောင်း တတိယနှစ် အခန်း ၁၀ ၏ ကြိုးစားမှုနှုန်းက ပိုမို ပြင်းထန်လာသည် ။
လင်းမို့ တစ်ယောက်သာ ထောင့်တစ်ခုတွင် သက်တောင့်သက်သာ ထိုင်နေနိုင်သည် ။ ရံဖန်ရံခါ ရေနွေးဓာတ်ဘူးထဲရှိ A1 ဆေးကို မော့သောက်ကာ အပန်းဖြေစခန်း ရောက်နေသည်ဟု ထင်နေပုံံရသည် ။
' ငါ အကုန်အကျခံနိုင်ရင် လက်သီးပြင်းအားတိုးနှူန်းက မြန်လာမှာပဲ...'
လင်းမို့ သက်ပြင်းချလိုက်သည် ။ A1 ဆေးအား သောက်ပြီးလျှင် ဆေးစွမ်းအား အကုန်စုတ်ယူနိုင်ရန် အချိန်တစ်ခုပေးရသည် ။ ဆက်တိုက် သောက်နေလျှင် အလေအလွင့်များ ရှိလာပေမည် ။
လင်းမို့သည် ဆေးများ အလေအလွင့်ဖြစ်မည်ကို ဂရုမစိုက်ဘဲ အရှိန်မြန်အောင်သာ သောက်နေ၏ ။ သူက A1 ဆေးအား ဖြုန်းတီး နေခြင်းပင် ။
အလေအလွင့်များသော်လည်း လက်သီးပြင်းအား တိုးတက်နှုန်းက မြန်ဆန်လှပေသည် ။
' မနက်ဖြန် ၂၀၀၀ ကီလို ကျော်ရမယ်... '
လင်းမို့သည် ယုံကြည်မှု အပြည့်ရှိလေသည် ။ ယခုလက်သီးပြင်းအား ၁၅၀၀ ကီလိုအောက်သာ ရှိသော်လည်း နှစ်ရက်အတွင်း ကီလို ၂၀၀၀ ကျော်ရန် ဖြစ်နိုင်ပေသည် ။ ဆေးဖြင့် အရှိန်မြင့်နိုင်သည် ။ အလကားရထားခြင်း ဖြစ်သဖြင့် သူမနှမြောချေ ။
စာမေးပွဲ မတိုင်ခင် လက်သီးပြင်းအား တိုးနိုင်သလောက် တိုးအောင် ကြိုးစားရမည်ဖြစ်ရာ အမှိုက်ဆေး များကို မြန်နိုင်သမျှ မြန်အောင် သုံးရပေမည် ။
လင်းမို့၏ အမြင်တွင် A1 ဆေးမှာ အမှိုက်အဆင့်သို့ ရောက်ရှိသွားလေပြီ ။ ရေကဲ့သို့ သောက်နိုင်သော ဆေးမှာ အမှိုက်မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း ။
" အကိုမို့ကတော့ ဇိမ်ပဲ..."
အနားပေးချိန်တွင် ဟောက်ရန်က အနားသို့ရောက်လာသည် ။
" ကျွန်တော်တို့ သေအောင်ကြိုးစားနေရပင်မဲ့ အကိုက အိပ်နေရုံပဲ..."
လင်းမို့က အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်ပြီး...
" မင်းတို့ မကြိုးစားရင် ငါအိပ်နေလို့ ဘယ်ရမလဲ..."
ဟောက်ရန်သည် လင်းမို့ပြောသည့်စကား၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်မည်မဟုတ် ။
" အကိုမို့ ဒီနေ့ဘာလို့ ရေနွေးဘူးကြီး သယ်လာတာလဲ... "
ဟောက်ရန်က စိုးရိမ်စွာဖြင့်...
" အသားကင်တွေ အစားများပြီး ကျောက်ကပ် ကျောက်တည်လို့ ရေများများ သောက်နေတာလား... ကျွန်တော့်မှာ ဂိုဂျီဘယ်ရီသီးခြောက် ပါတယ် ကျောက်ကပ်ကောင်းတယ်တဲ့ ရေနွေးစိမ်သောက်ဖို့ အကိုယူအုံးမလား..."
" ထွက်သွား... မင်သာ ကျောက်တည်မယ့်ကောင်..."
လင်းမို့က နှင်ထုတ်လိုက်၏ ။
" ဒါနဲ့ အကိုမို့ ထူးဆန်းနေတာ တစ်ခုရှိတယ်..."
ဟောက်ရန်က...
" ကျွန်တော့်အဖေက အကိုမို့နဲ့ နီးနီးကပ်ကပ်နေတဲ့... ပြီးတော့ အကိုမို့ကို အကိုတစ်ယောက်လိုဆက်ဆံတဲ့... မထူးဆန်းဘူးလား..."
လင်းမို့ ခန့်မှန်းမိလိုက်၏ ။
" မင်းအဖေက သိုင်းပညာရှင်လား...'
" ငွေလအဆင့် သိုင်းပညာရှင်... "
ဟောက်ရန်က ဂုဏ်ယူစွာ ပြောလိုက်သည် ။
' ထင်တားတဲ့အတိုင်းပဲ...'
လင်းမို့ ထင်ထားသည်မှာ ပိုသေချာသွား၏ ။ မနေ့ညက သိုင်းပညာရှင်များမှာ ဟောက်ရန်၏ အဖေ လွှတ်လိုက်ပုံရသည် ။ ထို့ကြောင့် သူ့ခွန်အားကို သိရှိသွားခြင်းဖြစ်မည် ။
ထိုအချိန် အခန်းဆရာမ လုယန်အန်က စိတ်ပျက်လက်ပျက် လမ်းလျောက်လာလေသည် ။
" ဆရာမလု ဘာဖြစ်လို့လဲ..."
လင်းမို့သည် ဆရာမလုကို ကြည့်လိုက်သည်နှင့် ပြောစရာ တစ်ခုခု ရှိနေမှန်း သိလိုက်၏ ။
" လင်းမို့..."
ဆရာမလုက လေးနက်ဟန်ဖြင့်...
" ကျောင်းက နင့်ကို ကျောင်းထုတ်တော့မယ်တဲ့... "
" ဘာလဲ..."
လင်းမို့ အံ့အားသင့် သွား၏ ။
' ဘာဖြစ်လို့လဲ...'
လင်းမို့ မကြောက်သော်လည်း ရှုပ်ထွေးသွားသည် ။ သူ ကျောင်းစည်းကမ်းများကို ချိုးဖောက်ထားခြင်းလည်းမရှိ ။ သူ့ခွန်အား နည်းသော်လည်း အားနည်းသည့် ကျောင်းသားကို ကျောင်းထုတ်သည်ကို မကြားဖူးပေ ။
" ငါလည်း အံ့သြနေတာ ..."
ဆရာမလုက...
" ကျောင်းအုပ်ယန်က ရုတ်တရက်ကြီး ဆုံးဖြတ်ချက်ချလိုက်တာ... မနေ့က နင့်ကိုတောင် ချီးကျူးနေသေးတာကို... "
အရင်အပတ်က လင်းမို့သည် တတိယနှစ်များကို တက်ကြွစေခဲ့သည် ။ မနေ့က ကျောင်းတစ်ခုလုံးကို တက်ကြွစေခဲ့၏ ။ လင်းမို့၏ ကြိုးစားအားထုတ်မှုကို ကျောင်း အောင်မြင်မှု မှတ်တမ်းတွင်ပင် မှတ်တမ်းတင်ထားနိုင်လောက်သည်အထိ ကျောင်းအား အကျိုးပြုခဲ့ပေသည် ။
" တစ်ယောက်ယောက်က နင့်ကို ပစ်မှတ်ထားနေတယ်ထင်တယ်... "
ဆရာမလုက သူမထင်သည်ကို ထုတ်ပြောလိုက်၏ ။
" ဆုံးဖြတ်ချက် ထွက်လာပင်မဲ့ အတည်ပြုဖို့ အချိန်ခဏတော့ ကြာအုံးမှာ... နင်စိတ်လျော့ထား... လက်မှတ်အလောတကြီး မထိုးပေးနဲ့... နင့်အတွက် ငါကြိုးစားပေးမယ်... နင်ကျောင်းထုတ်ခံရရင် အထက်တန်းအောင်လက်မှတ်တောင် ရမှာ မဟုတ်တော့ဘူး..."
" ကျေးဇူးတင်ပါတယ် ဆရာမ... "
လင်းမို့ ကျေးဇူးတင်လိုက်သော်လည်း စိတ်မပူပေ ။
' ကျောင်းထုတ်မှာလား...'
ကျောင်းထုတ်ခံရသည်က အထက်တန်းအောင်လက်မှတ် မရရှိသော်လည်း စာမေးပွဲဖြေခွင့်ကို မထိခိုက်ချေ ။
အသက်မွေးဝမ်းကြောင်း ကျောင်းသာ မီသော သာမန်ကျောင်းသားများဆိုလျှင် အောင်လက်မှတ် မရနိုင်တော့သော်လည်း လင်းမို့က မတူ ။
ဟိုင်းချန်အထက်တန်းကျောင်းက လင်းမို့အား ကျောင်းထုတ်လျှင် စာမေးပွဲဖြေပြီးသည်နှင့် ဒူးထောက်၍ ပြန်ခေါ်ရပေမည် ။
ဟိုင်းချန်အထက်တန်းကျောင်းသာမက ဟိုင်းချန်မြို့ရှိ ကျန်သည့်အထက်တန်းကျောင်းများပင် သူ၏ အထက်တန်းအောင်လက်မှတ်ကို ထုတ်ပေးချင်သည့် အတွက် ပြိုင်ဆိုင်ကြပေလိမ့်မည် ။
' ကျောင်းထုတ်ခံရတော့ ဘာဖြစ်လဲ...'
လင်းမို့သည် ကျောင်းထုတ်ခံရသည်ကို မကြောက်ရုံသာမက မျှော်လင့်မိနေသေးသည် ။ ကျောင်းအုပ် ယန်၏ ရုံးခန်းကို သွားကာ ထိပ်ပြောင်ပြောင်ကြီးကို ပွတ်၍ လာလာ ငါ့ကိုကျောင်းထုတ်လိုက် ဟုပင် သွားပြောလိုက်ချင်သည် ။
" အကိုမို့... "
ဟောက်ရန်က ဒေါသတကြီးဖြင့်...
" ရွံစရာ ကောင်းလိုက်တာ... နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိရမယ်... "
" ဒါဘာမှ မဖြစ်ပါဘူးကွ..."
လင်းမို့သည် ဟောက်ရန် ဒေါသထွက်နေသည်ကို နှစ်သိမ့်ပေးလိုက်၏ ။
" ဒေါသမထွက်နဲ့... ဒေါသမထွက်နဲ့... ငါတောင် စိတ်မဆိုးတာ မင်းကဘာလို့ ဒေါသထွက်နေတာလဲ..."
" ကျွန်တော့ အဖေက အကိုမို့ကို အကိုတစ်ယောက်လို သဘောထားရမယ်တဲ့... ကျွန်တော့်အကို အနိုင်ကျင့်ခံရတာ ကျွန်တော် စိတ်မတိုဘဲ နေမလား..."
ဟောက်ရန်က ပြောပြီးသည်နှင့် ဘေးသို့သွားကာ သူ့အဖေကို ဖုန်းဆက်တော့သည် ။
" ဟလို... ဖေကြီး... ဒီမှာ သားအကို ကိုအနိုင်ကျင့်နေကြတယ်... "
" ဟင်း..."
လင်းမို့ ခေါင်းယမ်းလိုက်မိသည် ။ ဟောက်ရန်က အားနည်း၍ အနည်းငယ်တုံးသော်လည်း ကူညီတက်သူဖြစ်ပေသည် ။ သူ့အကို အနိုင်ကျင့်ခံရသည်နှင့် အကူအညီကို ချက်ချင်းလှမ်းခေါ်လိုက်သည် ။ ထိုသည်က ငွေလအဆင့် သိုင်းပညာရှင်ကြီးပင် ။ ဟောက်ရန်က အားကိုးရလေသည် ။
' ဒါပင်မဲ့ ဟောက်ရန်က ဖုန်းခေါ်လိုက်တော့ သူ့အဖေ ဆဲတာတော့ မခံရလောက်ဘူးမှလား... '
လင်းမို့သည် ခေါင်းယမ်းရင်း ပြုံးလိုက်၏ ။
မိနစ်အနည်းငယ်အကြာတွင်...
ကျောင်းအုပ်ယန်က စာရွက်အနည်းငယ်ကိုင်၍ ကျောင်းခန်းထဲသို့ ဝင်လာလေသည် ။ ကျောင်းထုတ်သည့် အကြောင်းကြားစာ ဖြစ်ပုံရသည် ။
ဆရာမလုက ကျောင်းအုပ်ယန်၏ ရှေ့တွင် ပိတ်ရပ်ကာ ညှိနှိုင်းရန် ကြိုးစားနေသော်လည်း အလုပ်ဖြစ်သည့်ပုံ မပေါ် ။
" လင်းမို့ အတန်းရှေ့ထွက်ခဲ့... "
ကျောင်းအုပ်ယန်က အာဏာသံ အပြည့်နှင့် အော်ခေါ်လိုက်သည် ။
ကျောင်းအုပ်ယန်က ဆရာကြီးလေသံဖြင့်...
" လင်းမို့ ... မင်းရဲ့အပြုအမူတွေက ကျောင်းရဲ့ သင်ကြားရေးကို ထိခိုက်စေတယ်... ကျောင်းကမင်းကို ကျောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ... ဒီမှာ လက်မှတ်ထိုး... "
သူမနေ့က ကျောင်းတစ်ခု တက်ကြွစေရန် ကြိုးစားပေးခဲ့ရသော်လည်း ယနေ့ ကျောင်းကို ထိခိုက်စေသည်ဟု စွတ်စွဲခံခဲ့ရသည် ။ လင်းမို့က ကျောင်းအုပ်ယန်ကို အဓိပ္ပါယ်အပြည့်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း သူပြန်မငြင်းပေ ။
စက္ကန့် အနည်းငယ် ကြာပြီးမှ လင်းမို့က...
" ကျောင်းအုပ်ယန်... ကျုပ်ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်နော်... "