အဖျော်ယမကာ လုပ်ငန်းအဖွဲ့
Vol. 56 Ch. 829
နောက်ဆုံး လီကျန်းဝေ၏ တက်တက်ကြွကြွ ဦးဆောင်မှု အောက်တွင် နိုင်ငံခြား စီးပွားရေးသမားတို့သည် စန်းရှို့ မြို့တော်ဘက်မှ တောင်းဆိုချက်များကို သဘောတူခဲ့ကြသည်။ ကျန်းလီပေါင်သည် ဤဖက်စပ်လုပ်ငန်း အသစ်တွင် ရင်းနှီးမြုပ်နှံရန် ၎င်းတို့၏ ရှယ်ယာ အားလုံးကို အသုံးပြုမည် ဖြစ်ပြီး ရှယ်ယာ (၅၁)ရာခိုင်နှုန်း ပိုင်ဆိုင် ပေလိမ့်မည်။ နိုင်ငံခြား လုပ်ငန်းရှင်များသည် အစုရှယ်ယာ (၄၉)ရာခိုင်နှုန်းအတွက် ကန်ဒေါ်လာ စုစုပေါင်း သန်း(၇၀) ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။
စာချုပ်တွင် လက်မှတ်ရေးထိုးကာ ငွေပေးသွင်းပြီးနောက် စန်းရှို့မြို့တော် အုပ်ချုပ်ရေး ဆောင်းဆောင်များ အလွန် ဝမ်းမြောက်နေကြသည်။ ကျန်းလီပေါင်၏ အခက်အခဲပြဿနား ပြီးဆုံးသွားကာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ကြောင်း ခံစားလိုက်ရသည်။ ၎င်းတို့သည် အထက်အဆင့်အဆင့်ထံမှ အကျိုးဆောင် အမှတ်များတောင်းခံရန် အလျင်စလို လုပ်လိုက်ကြသည်။
တစ်ဖက်တွင် လီကျန်းဝေသည် ဖုန်းယွီ၊ ကျောက်ချင်းချင်တို့နှင့် အတူရှိနေပေသည်။ လီပါ့ရှစ်၏ ဟယ်ပါ့ချွမ်၊ ဟွေယန် ကုမ္ပဏီမှ ကျူးရှင်လီ၊ အုန်းပင်မှ ဝမ်ကောင်းရှင်းနှင့် အဖျော်ယမကာ မဟာမိတ်ဖွဲ့စည်းရန် တရုတ်အဖျော်ယမကာ လုပ်ငန်းအဖွဲ့ အကြီးအကဲနှင့် ဆက်သွယ်ခဲ့သည်။
ထိုအဖျော်ယမကာ အဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ တရုတ်အဖျော်ယမကာများကို ကမ္ဘာအဆင့်ထိ မြှင့်တင်ရန်၊ အမှတ်တံဆိပ်မျိုးစုံကို ပေါင်းစည်းရန်၊ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်နှင့် အန္တရာယ်များ မျှဝေခံစားရန်ဖြစ်သည်။
ဤမဟာမိတ်အဖွဲ့တွင် ကုမ္ပဏီ အနည်းငယ်သာ ပါဝင်ပေသည်။ ထိုင်ဝမ်အမှတ်တံဆိပ်များဖြစ်သည် တော်ယီနှင့် ကောင်းရှီဖူ တို့ကိုလည်း ဖိတ်ကြားခဲ့သည်။ ထိုကုမ္ပဏီ (၂)ခုသည် ယခုနှစ်အတွင်း အဖျော်ယမကာ လုပ်ငန်းသို့ ဝင်ရောက်လာသည့် အသင့်စား ခေါက်ဆွဲ ထုတ်လုပ်သူများ ဖြစ်ပေသည်။
ရီရှင်းစွန်း၊ ကျန်းကျန်း စသည်တို့ကိုလည်း မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ ၎င်းတို့အားလုံးမှာ အမှတ်တံဆိပ်ကြီးများ ဖြစ်သော်လည်း ကုမ္ပဏီတစ်ခုကို ဖိတ်ကြားခြင်းအပေါ် လူအများ အံ့ဩသွားကြသည်။
ထိုကုမ္ပဏီသည် ဆေးဖက်ဝင်အပင်များ နှင့် လက်ဖက်ခြောက် ထုတ်လုပ်သူဖြစ်သည်။ ထိုကုမ္ပဏီကို မည်သည့် အတွက် မဟာမိတ်အဖွဲ့သို့ ဝင်ခွင့်ပြုလိုက်ရသနည်း။ ဤကုမ္ပဏီ၏ အရွယ်အစားမှာ သေးငယ်လွန်းကာ အမည်မသိ အမှတ်တံဆိပ်တစ်ခု ဖြစ်ပေသည်။ ၎င်းတို့ ထုတ်လုပ်သည့် အချိုရည်များမှာ ဒေသတစ်ခုအတွင်း၌သာ ကန့်သတ် ထားပြီး ကွမ်တုံ ဒေသ အပြင်ဘက်၌ မည်သူမှ မသိချေ။ အနောက်နိုင်ငံများဆိုလျှင် ဝေစွပင်။
ဤဆေးဘက်ဝင် လက်ဖက်ရည် အဖျော်ယမကာ အမှတ်တံဆိပ်ကို ဝမ်လောင်ကျီဟု ခေါ်ကာ JDB ထံမှ အမှတ်တံဆိပ် ငှားရမ်း သုံးနေရပေသည်။ အခြားသူထံမှ အမှတ်တံဆိပ် ငှားသုံးနေရပါက ထိုကုမ္ပဏီသည် မည်သို့ ရှင်သန်နိုင်မည်နည်း။
အားလုံးထိုင်ကာ ထုတ်ကုန်များ မြည်းစမ်းကြည့်နေသည်။ အများစုသည် အဓိက အမှတ်တံဆိပ် ထုတ်ကုန်များကို မြည်စမ်းဖူးသော်လည်း ကြားဖူးနားဝပင်မရှိသည့် အမှတ်တံဆိပ် အနည်းငယ် ပါနေသေးသည်။ ဥပမာအားဖြင့် ဝမ်လောင်ကျီပင်။ လူအများစု မကြားဖူး၊ မသိဖူးကြချေ။
လူအချို့ စမ်းမကြည့်ချင်သော်လည်း ကျောက်ချင်းရှန်သည် ဝမ်လောင်ကျီဗူးကို ဖွင့်ကာ တစ်ငုံသောက်လိုက်သည်။ ကွမ်တုံ လမ်းမများပေါ်တွင် သောက်နေကျ ဆေးဖက်ဝင် လက်ဖက်ရည်ကဲ့သို့ အရသာရှိသဖြင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ ကွမ်တုံ၌ လူကြိုက်များသည့် သောက်စရာ ဖြစ်ကာ အရှေ့တောင် အာရှတွင် ရောင်းချနိုင်ပေလိမ့်မည်။ သို့ရာတွင် အနောက်နိုင်ငံ၌ မည်သူ သောက်ချင်မည်နည်း။ ထူးထူးဆန်းဆန်း ဖြစ်နေပေလိမ့်မည်။
သို့ရာတွင် ကျောက်ချင်းရှန်သည် JDB အုပ်စုအား ဖုန်းယွီကိုယ်တိုင် အထူးဖိတ်ကြားထားကြောင်း သိထားပေသည်။ ဖုန်းယွီသည် ထိုဆေးဖက်ဝင် လက်ဖက်ရည်အား လူကြိုက်များမည်ဟု ထင်နေသည်လော။
အမေရိကန်များသည် ဤသည်ကို ဆေးဟု ထင်ကောင်း ထင်နိုင်သော်လည်း မည်သည့်အတွက် သောက်ကြမည်နည်း။ ဤအချိုရည်သည် အအေးတစ်မျိုးဟု ယူဆ၍ရပြီး တစ်ဗူး နှစ်ဗူးသောက်ပြီးနောက် ဝမ်းလျောစေပေလိမ့်မည်။ ဤအချိုရည်မှာ အမေရိကန် (FDA) စားသောက်ကုန် ဘေးအန္တရာယ် စိစစ်ရေးကိုပင် ကျော်နိုင်ပါမည်လော။
“အတွင်းရေးမှူးလူ.. ကျုပ်တို့တွေကို ဘာမေးချင်လို့ ခေါ်လိုက်တာလဲ.. ရည်ရွယ်ချက်က ဘာလဲ..”
ဟယ်ပါ့ချွမ်း မေးလိုက်ရင်း ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ရင်းနှီးပြီးသား မျက်နှာများအကြားတွင် လူငယ် လေး တစ်ယောက်သာ ပေါ်လွင်နေပေသည်။ ထိုလူငယ်သည် ကျောက်ချင်းရှန်၊ လီကျန်းဝေတို့နှင့် စကားစမြည် ပြောနေကြောင်း သတိပြုမိလိုက်သည်။ ထိုလူငယ်သည် အဖျော်ယမကာ ကုမ္ပဏီတစ်ခု၏ သူဌေးလော။ သူဌေးကြီး၏ သားဖြစ်ဖို့ များပေသည်။
“အဖျော်ယမကာ မဟာမိတ်ဖွဲ့ရအောင် ဆွေးနွေးဖို့ မင်းတို့တွေကို စုခေါ်လိုက်တာ..”
“ဘာ.. အဖျော်ယမကာ မဟာမိတ်အဖွဲ့လား..”
ကျူးရှင်လီ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့အား အစိုးရမှ ပေါင်းစည်းခိုင်းသည်လော။
သို့ရာတွင် ကုမ္ပဏီများ၌ ပုဂ္ဂလိက ကုမ္ပဏီများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ ဖက်စပ် လုပ်ငန်းများ စသည်တို့ ပါနေပေသည်။ ထိုကုမ္ပဏီများကို ပေါင်းစည်းခြင်းသည် လက်တွေ့မကျချေ။
“မန်နေဂျာဖုန်း.. ဒီမိတ်ဆွေတွေကို မင်းပဲ ရှင်းပြပေးလိုက်ပါလား….”
အတွင်းရေးမှူးလူသည် ဖုန်းယွီအား ခေါင်းညိတ်ပြလိုက်သည်။
လွန်ခဲ့သော (၂)ရက်က ဖုန်းယွီသည် ကျန်းဟန်ဖခင် မိတ်ဆက်ပေးမှုကြောင်း ညစာစားရင်း အတွင်းရေးမှူးလူနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ အတွင်းရေးမှူးလူအား သေချာရှင်းပြကာ မဟာမိတ်ဖွဲ့ခြင်း၏ အကျိုးကျေးဇူးများကို ပြောပြလိုက်သည်။
မဟာမိတ်ဖွဲ့ပြီးပါက နိုင်ငံခြားဈေးကွက်သို့ အမှန်တကယ် ဝင်ရောက်နိုင်ပါက အမှတ်တံဆိပ် ပြိုင်ဆိုင်မှုများ ပိုမို ပြင်းထန်လာပေလိမ့်မည်။ အတွင်းရေးမှူးလူအတွက် ကျေးဇူးကြွေးရမည်ဖြစ်ကာ ထိုကိစ္စနှင့် ပတ်သက်၍ ရာထူးတိုး နိုင်ပေသေးသည်။
ထိုအဖျော်ယမကာ အသင်းတွင် အခွင့်အာဏာ များများမရှိသဖြင့် အစိုးရတစ်ပိုင်း အဖွဲ့အစည်းအဖြစ် သတ်မှတ် ပေသည်။ အသင်း၏ အတွင်းရေးမှူးရာထူးကို အစိုးရမှ တာဝန်ပေးစေလွှတ်ခြင်းမှလွဲ၍ ကျန်ကော်မတီဝင်များကို အဖွဲ့ဝင်များမှ မဲခွဲဆုံးဖြတ်ရပေမည်။
ဥပမာအားဖြင့် လီကျန်းဝေနှင့် ကျောက်ချင်းရှန်တို့သည် အသင်း၏ လက်ထောက် အကြီးအကဲများ ဖြစ်သည်။ ကျန်အဖွဲ့ဝင်များ မဲပေးပေလိမ့်မည်။ ဟယ်ပါ့ချင်း၊ ဝမ်ကောင်းရှင်း၊ ကျူးရှင်လီတို့သည်လည်း ကော်မတီအဖွဲ့ဝင်များ ဖြစ်သည်။ ကျန်အဖွဲ့ဝင်များ အားလုံးသည် အဖျော်ယမကာ လုပ်ငန်း၌ ပါဝင်ကြသည်။
ဤသည်မှာ အစိုးရတစ်ပိုင်းအသင်းဖြစ်ကာ အစိုးရ၏ ကျောထောက်နောက်ခံ ရှိပေသည်။ မည်သည့် အဖျော်ယမကာ ကုမ္ပဏီသည် ထိုအသင်း၌ စာရင်း မသွင်းဝံ့ရသနည်း။ ထိုအသင်းတွင် မပါဝင်သည့် ကုမ္ပဏီများသည် ခရိုင်အဆင့်ထက် နိမ့်ကျသည့် ကျေးလက်ဒေသ ကုမ္ပဏီငယ်များသာပင်။
ကုမ္ပဏီ တစ်ခုသည် ဤအသင်းအဖွဲ့၌ ပါဝင်ရန် ထိုကုမ္ပဏီအား အသင်းဝင်တစ်ယောက်မှ အကြံပြုရပေလိမ့်မည်။
အတွင်းရေးမှူးလူသည် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဗဟိုပြည်နယ်အုပ်ချုပ်ရေး၏ လက်ထောက် ညွှန်ကြားရေးမှူးလည်း ဖြစ်ပေသည်။ လက်ရှိဒါရိုက်တာမှာ အသက်ကြီးနေပြီဖြစ်၍ အနားယူသင့်ပြီဟု ခံစားနေရသည်။ ဤသည်က ထိုနေရာတွင် အစားထိုးဝင်ရောက်ရန် သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
“ဒီမှာ ရှိတဲ့သူတွေအားလုံး ကျုပ်ကို မသိလောက်ဘူးဆိုတော့ ကျုပ်ကိုယ်ကျုပ် အရင်ဆုံး မိတ်ဆက်ပေးပါရစေ.. ကျုပ်က လီဟဟအုပ်စုနဲ့ ကျန်းလီပေါင်ရဲ့ ရှယ်ယာရှင် ဖုန်းယွီပါ.. အဖျော်ယမကာလုပ်ငန်း အသင်းရဲ့ ကော်မတီဝင် တစ်ယောက်ဆိုလဲ မှန်ပါတယ်.. ဒီ မဟာမိတ်အဖွဲ့ ဖွဲ့ဖို့ အကြံပေးတဲ့သူပါ.. ကျုပ် အမေရိကန်မှာနေတုန်း ကုန်တိုက်တွေထဲမှာ တရုတ်အဖျော်ယမကာ တစ်ခုတောင် မရှိဘူး.. အမှတ်တံဆိပ်တွေကြောင့် ကျုပ် တော်တော်လေး စိတ်ပျက်ခဲ့ရတယ်..”
“မန်နေဂျာဖုန်း.. နိုင်ငံခြား အချိုရည်တွေ ရောင်းတာရပ်ဖို့ ထိုင်ဟွာ ကုန်တိုက်ကို ဘာလို့ မသွားတာလဲ.. သူတို့ကို တရုတ်အမှတ် တံဆိပ်တွေပဲ ရောင်းခိုင်းလိုက်လေ..”
လူတစ်ယောက်မှ ထအော်လိုက်သည်။
“အင်း… ကျုပ်က ထိုင်ဟွာ ကုန်တိုက်ရဲ့ ရှယ်ယာရှင်ဆိုတာ ပြောဖို့ မေ့သွားတယ်ဗျာ..”
ဖုန်းယွီ ထပ်ဖြေလိုက်သည်။
အခန်းအတွင်းမှ လူများ တုန်လှုပ်သွားကြသည်။ ကျောင်းခန်းတစ်ခုအတွင်း ဘာသာစုံ အမှတ်အပြည့်ရထားသည့် ကျောင်းသားတစ်ယောက်နှင့်အတူ စာသင်နေရသကဲ့သို့ ဖြစ်နေသည်။ တုန်လှုပ်ခြင်း၊ အံ့ဩခြင်း၊ မနာလိုခြင်း မျိုးစုံနေတော့သည်။
ထိုဖုန်းယွီသည် ကျန်းလီပေါင်၊ လီဟဟ၏ ရှယ်ယာရှင် သာမက ထိုင်ဟွာ ကုန်တိုက်၏ ရှယ်ယာရှင်လည်း ဖြစ်နေပြန်သည်။ လုပ်ငန်း ပမာဏ ကြီးလွန်းလှပေသည်။
ဖုန်းယွီ၏ ဖခင် မည်သူဖြစ်ကြောင်း လူတော်တော်များများ တွေးကြည့်နေမိကြသည်။
“မေးတဲ့ မေးခွန်းက စိတ်ဝင်စားဖို့ကောင်းတယ်.. ထိုင်ဟွာကုန်တိုက်တွေမှာ နိုင်ငံခြားအချိုရည်တွေ ရောင်းတာ ရပ်ပြီး တရုတ် အမှတ်တံဆိပ်တွေပဲ ရောင်းပြီထားပါတော့.. တံခါးပိတ် မူဝါဒနဲ့ ဘာထူးတော့မလဲလို့ မေးပါရစေ.. အမှန်ကန်ဆုံး နည်းလမ်းကတော့ တရုတ်အဖျော်ယမကာတွေကို တရုတ်နိုင်ငံအပြင်ထိ ထွက်ပြီး နိုင်ငံရပ်ခြား ဈေးကွက်ထဲအထိ ဝင်ရောက်ခွင့် ပေးလိုက်ဖို့ပါပဲ.. ကျုပ်တို့ အချိုရည်တွေကို အမေရိကန်၊ ဥရောပနဲ့ တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေထိ ရောင်းသွားမယ်.. ဈေးကွက်က တရုတ်နိုင်ငံထက် (၁၀)ဆ… (၁၀)ဆ ပိုပါတယ်.. သူတို့ဆီက စားသုံးသူတွေ အလေ့အထနဲ့ ပတ်သက်ပြီး…”
ဖုန်းယွီ ထိုစကား ပြောပြီးသည်နှင့် ကျန်လူများ အချင်းချင်း ဆွေးနွေးကြတော့သည်။
ထိုလူများသည် အဖျော်ယမကာ ထုတ်လုပ်ရေး လုပ်ငန်း ပိုင်ဆိုင်ထားကြပြီး လွတ်လပ်ကြပေသည်။ တရုတ် အဖျော်ယမကာ လုပ်ငန်း အသင်းသည် အသင်းအဖွဲ့ တစ်ခုဖြစ်ပြီး အစည်းအဝေးများတွင် အချင်းချင်း ဆွေးနွေးလေ့ ရှိကြသည်။
“ကျေးဇူးပြုပြီး ခနလောက် ငြိမ်ငြိမ်လေး နေပြီ.. မန်နေဂျာဖုန်း စကားဆုံးအောင် ပြောပါစေအုံး..”
အတွင်းရေးမှူးလူ မိုက်ခရိုဖုန်းကို ခေါက်ကာ ပြောလိုက်သည်။
ဖုန်းယွီကို အံ့အားသင့်စရာ တစ်ခု ပြောခိုင်းထားသည်ဖြစ်၍ သူ့စကားကို နားထောင်ခိုင်းရပေမည်။
“ကျုပ်တို့ရဲ့ အဖျော်ယမကာတွေကို နိုင်ငံခြား ကုန်တိုက် ကွင်းဆက်ထဲ ဝင်ခွင့်ပေးပြီး ကျုပ်တို့ ထုတ်ကုန်တွေရဲ့ ရောင်းအားတိုးမြင့်ဖို့ နည်းလမ်းတွေ ရှိပါတယ်..”
အားလုံး ချက်ချင်း ပါးစပ်ပိတ်ကာ ဖုန်းယွီအား ကြည့်လိုက်ကြသည်။
--------**$$^$$**--------