အရည်အချင်းရှိသူ
Vol. 56 Ch. 828
လီကျန်းဝေ ဒေါသတကြီးဖြင့် အကြီးအကဲ ကျောက်၏ ရုံးခန်းအတွင်း ပြေးဝင်လာသည်။ အပြင်ဘက်မှ အတွင်းရေးမှူးပင် မတားနိုင်ခဲ့ချေ။
“အကြီးအကဲကျောက် ကျန်းလီပေါင်ကို ရောင်းပစ်တော့မလို့လား.. ကျုပ်ကို ဘာလို့ သတိမရတာလဲ..”
လီကျန်းဝေမှာ ဤသို့ဖြစ်လာရန် ကြံစည်ထားသူ ဖြစ်သော်လည်း မြို့တော်ဝန်အား မေးခွန်းထုတ်ရပေအုံးမည်။
“အဘိုးကြီးလီ.. မင်းဘယ်က ကြားလာတာလဲ.. ဘယ်သူက ကျန်းလီပေါင်ကို ရောင်းမှာတုန်း.. ငါတို့တွေ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေနဲ့ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ယုံပဲ.. အဲ့ဒါ ကျန်းလီပေါင်ရဲ့ နာမည် တိုးလာမယ်.. ပြီးတော့ ရန်ပုံငွေလဲ ပြတ်နေတယ်လေ.. မင်း မြို့တော်ကို ကူညီချင်နေတာ မဟုတ်ဘူးလား.. အခု ဒီပြဿနာ ဖြေရှင်းဖို့ ငါပဲ အကူအညီ ပေးနေတာလဲ..”
ကျောက်တာ့ဝေ တည်ငြိမ်စွာ ပြန်လည်ဖြေရင်း လီကျန်းဝေအားဆွဲ၍ ဆိုဖာပေါ် ထိုင်ခိုင်းလိုက်သည်။
“ဖက်စပ် လုပ်ငန်းလား.. ဖက်စပ်လုပ်ငန်းဆိုလဲ ကျုပ်ကို အရင်ဆုံး ပြောသင့်တယ်လေ.. ဖက်စပ်လုပ်ငန်း ပြီးရင် နောက်ဆုံးပိတ် ဖုန်းနဲ့ ဆက်သွယ်လာရင် ကျုပ်ဘယ်လိုလုပ်ရမှာလဲ.. ဒီလောက် နှစ်တွေ အကြာကြီး ကျန်းလီပေါင် အပေါ် ထူးထူးခြားခြား ပံ့ပိုးပေးလာတဲ့ ကျုပ်က ဘာပြန်ရမှာလဲ..”
လီကျန်းဝေ မေးလိုက်သည်။
“အဘိုးကြီးလီ.. ဖက်စပ် တည်ထောင်ပြီးရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ နောက်ဆုံးတော့ မင်းပဲ ကျန်းလီပေါင်ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်နေမှာပဲ.. ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..”
“အကြီးအကဲ ကျောက်.. ကျုပ်တို့ဆီမှာ ရင်းနှီးမြုပ်နှံဖို့နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မလိုပါဘူး.. စီမံခန့်ခွဲရေးအဖွဲ့နဲ့ ကျုပ်တို့ စုဆောင်းထားတာ ငွေအမောင့် အတိုင်းအတာ တစ်ခုအထိ ရှိပါတယ်.. အစုရှယ်ယာ နည်းနည်း ကျုပ်တို့ကို ရောင်းပေးလိုက်ရင် ကျန်းလီပေါင် ပိုပြီး မြင့်လာစေရမယ်လို့ ကတိပေးတယ်ဗျာ..”
လီကျန်းဝေ ထပ်ပြောလိုက်သည်။
သို့ရာတွင် လီကျန်းဝေအနေဖြင့် မြို့တော်အစိုးရသည် သူ့တောင်းဆိုမှုကို သဘောတူမည် မဟုတ်ကြောင်း သိထား ပေသည်။
ကျောက်တာ့ဝေမှ..
“အဘိုးကြီးလီ.. မင်းငွေတွေ ဘယ်ကရမှာလဲ.. မင်း တောင်းဆိုထားသလို (၃)နှစ်လောက် ခွဲပေးလို့မရဘူး.. ကျန်းလီပေါင်ရဲ့ ရှယ်ယာတွေ ဝယ်ဖို့ ကျန်းလီပေါင်ရဲ့ ငွေတွေသုံးဖို့ကို မြို့တော်က သဘောတူမယ် ထင်နေလား.. မင်းတော့ မင်းငှားထားတဲ့ အမတ်(၄)ယောက် မင်းဘာလုပ်ထားလဲ.. မင်းမှာ ရန်ပုံငွေ မရသေးရင် ကုမ္ပဏီက ငွေရှင်းရမယ့် ပြဿနာတွေ လိုက်ဖွနေကြတာ မဟုတ်ဘူးလား.. ကျန်းလီပေါင် ကုမ္ပဏီ ဒေဝါလီ ခံလိုက်ရရင် အလုပ်သမားတွေ ဘာဖြစ်သွားမလဲ..”
“အကြီးအကဲ ကျောက်.. ကျုပ်ကပဲ ကုမ္ပဏီကို ဒီလို အကျပ်အတည်းတွေ ပေါ်အောင် လုပ်နေတဲ့သူလို့ ထင်နေလား.. ကုမ္ပဏီကနေ ငွေတွေ စွတ်မထုတ်ဖို့ ကျုပ်ပြောပြီးသားလေ.. ခင်ဗျားတို့ ကျုပ်စကား နားမထောင်ဘူး.. မြို့တော်ကသာ ကုမ္ပဏီကို ပိုက်ဆံ ပြန်ပေးရင် ကျန်းလီပေါင်ရဲ့ ငွေကြေးပြဿနာတွေ သူ့ဟာသူ ရှင်းသွားမှာကို..”
လီကျန်းဝေသည် ရန်ပုံငွေများအားလုံး ဌာနအသီးသီးသို့ ခွဲဝေပေးထားပြီး ဖြစ်ကာ သုံးစွဲပြီးဖြစ်ကြောင်း သိထားသည်။ အစိုးရဌာနများသည် ယမန်နှစ်က ၎င်းတို့ ရန်ပုံငွေထက် ကျော်လွန်သုံးစွဲကာ ထပ်မံရရှိသည့် ရန်ပုံငွေများကို အကြွေးဆပ်ရန် သုံးကြရတော့သည်။
လီကျန်းဝေသည် မြို့တော်အစိုးရထံ၌ ငွေမရှိမှန်းသိသဖြင့် တမင်ပြောလိုက်ခြင်းဖြစ်သည်။
“အဘိုးကြီးလီ.. ဒါ ဘာအဓိပ္ပါယ်တုန်း.. ငါကပဲ ကျန်းလီပေါင်ကို ဒီလိုအဖြစ်မျိုး ရောက်အောင် လုပ်တဲ့သူလား.. မင်း ဘယ်သူမို့ ငါ့ကို ဒီလို ပြောနိုင်တာလဲ..”
ကျောက်တာ့ဝေ ဒေါသထွက်သွားသည်။
ကျောက်တာ့ဝေသည် လီကျန်းဝေအား ဒေါသတကြီးရင်းကြည့်ရင်း ထပ်မံ၍..
“မင်းက ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဖြစ်နေအုံးမှာပဲ.. ရင်းနှီးမြုပ်နှံမှု ပြီးသွားတာနဲ့ မင်းရဲ့ လစာနဲ့ ခံစားခွင့်တွေ တိုးပေးမယ်..”
လီကျန်းဝေ အသက်ပြင်းပြင်း ရှူလိုက်သည်။ ကျန်းလီပေါင်အား စန်းရှို့မှ ရွှေ့ပြောင်းလိုခြင်း ဖြစ်သည်။ လစာနှင့် ခံစားခွင့်များ တိုးမည်လော။ ကုမ္ပဏီ ရှယ်ယာများသာ လိုချင်နေခြင်း ဖြစ်သည်။
“မြို့တော်က ဘာလုပ်မှာလဲ..”
“ငါတို့တွေ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို ရှယ်ယာ (၄၀)ရာခိုင်နှုန်းအတွက် ကန်ဒေါ်လာ သန်း(၄၀) ရင်းနှီးမြုပ်နှံခွင့် ပေးလိုက်မှာ..”
ကျောက်တာ့ဝေ ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“မဖြစ်ဘူး.. ငါတို့ ရှုံးမှာပေါ့..”
“ဘာကိစ္စ ရှုံးမျာတုန်း..”
“ငါတို့ ကျန်းလီပေါင်ရဲ့ ပုံသေပိုင်ပစ္စည်းတန်ဖိုးက ယွမ်သန်း(၄၀၀)ကျော်မယ်.. ငါတို့မှာ အကြွေးတွေ ရှိနေတယ်ဆိုရင်တောင် သန်း(၃၅၀)တော့ တန်သေးတယ်.. သူတို့နဲ့ သဘောတူညီချက်ကောင်း တစ်ခုခု ရထားပုံပဲ.. ဒါပေမယ့် ကျန်းလီပေါင်ဆိုတာ နောင်ကျ အမြတ်အစွန်း အများကြီး ရဖို့စီစဉ်ထားတာ.. သူတို့ရဲ့ ရင်းနှီးမြုပ်နှံငွေတွေ (၃)နှစ် (၄)နှစ်အတွင်း ပြန်ရလောက်တယ်..”
“ဒါဆို ငါတို့က ဘာလုပ်ရမှာလဲ.. သူတို့ကို ရှယ်ယာတွေ ရောင်းပေးလိုက်ယုံပဲလေ.. အဖြေက အတူတူပဲကို.. ငွေတွေ ကျန်းလီပေါင်မှာ ရင်းနှီးမြုပ်နှံထားတာပဲ.. ပြီးတော့ အစုရှယ်ယာတွေ ရောင်းတာကနေ အများကြီး မရနိုင်ဘူး.. သူတို့က ကျန်းလီပေါင်ကို စန်းရှို့ကနေ ပထုတ်သွားရင် ဘယ်လိုလုပ်မလဲ..”
“အကြီးအကဲကျောက်.. ကျုပ်မှာ အကြံတစ်ခုရှိတယ်.. သူတို့နဲ့ ဖက်စပ် ကုမ္ပဏီအသစ် ထူထောင်ဖို့ ကျန်းလီပေါင်ရဲ့ ရှယ်ယာတွေ သုံးလို့က ရနိုင်တယ်.. အဲ့ကုမ္ပဏီအသစ်ကို တခြားနေရာမှာ ထားလိုက်ပေါ့.. ဒါပေမယ့် ကျန်းလီပေါင် ဆိုတာ စန်းရှို့မှာ ကျန်နေမှာပဲ.. အဲ့နည်းနဲ့ဆို ကျန်းလီပေါင် တိုးတက်ဖို့အတွက် ရန်ပုံငွေ ပိုရလိမ့်မယ်..”
လီကျန်းဝေ ပြောရင်းဖြင့် ခနရပ်ထားလိုက်သည်။
“ဖက်စပ်ကုမ္ပဏီ တစ်ခု တည်ထောင်ဖို့ ကုမ္ပဏီ ရှယ်ယာတွေ သုံးရမယ်လား.. ဘာကို ပြောချင်တာလဲ.. ငါတစ်ခါမှ မကြားဖူးသေးဘူး..”
အကြီးအကဲကျောက် စိတ်ရှုပ်သွားသည်။
“ပြောချင်တာက သူတို့နဲ့ ဖက်စပ်တည်ထောင်ဖို့ ကျန်းလီပေါင်ရဲ့ ရှယ်ယာ (၉၀)ရာခိုင်နှုန်း အရင်းအနှီးအဖြစ် သုံးလိုက်မယ်.. ကျုပ်တို့ အစုရှယ်ယာ တန်ဖိုးတွေနဲ့ ညီအောင် သူတို့ဆီက ရင်းနှီးမြုပ်နှံမှုတွေ တိုးတောင်းပြီး ကုမ္ပဏီ အသစ်ရဲ့ (၅၁)ရာခိုင်နှုန်း ပိုင်လိမ့်မယ်.. သူတို့က (၄၉)ရာခိုင်နှုန်း ပိုင်မယ်.. အဲ့လိုသာဆို ရန်ပုံငွေ ယွမ်သန်း(၃၀၀)ကျော် ရနိုင်မယ်.. ကျုပ်တို့ အကြွေးတွေ ပြန်ဆပ်နိုင်ယုံတင်မဟုတ်ဘူး ကုမ္ပဏီ စိတ်ကြိုက် ပြင်လို့ရတယ်.. အလုပ်သမားတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေဆီကနေ ယွမ် သန်း(၅၀၀)လောက် ရလိမ့်မယ်လို့ ယုံတယ်ဗျာ..”
“ဘယ်လောက်.. ယွမ် သန်း(၅၀၀)တောင်လား..”
ကျောက်တာ့ဝေ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဟုတ်တယ်.. ယွမ် သန်း(၅၀၀).. ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ဖို့ ရန်ပုံငွေ အလုံအလောက် ရှိလာရင် ကျုပ်တို့ ရောင်းအား၊ အမြတ်ငွေနဲ့ အခွန်ငွေတွေ တိုးလာမှာပေါ့..”
လီကျန်းဝေသည် ကျောက်တာ့ဝေအား ထောင်ချောက်အတွင်း တဖြည်းဖြည်းချင်း ဆွဲသွင်းနေတော့သည်။
“အဘိုးကြီးလီ.. မင်း တကယ်ကို ငါတို့ စန်းရှို့ရဲ့ သူရဲကောင်းပဲ..”
ကျောက်တာ့ဝေသည် လီကျန်းဝေ၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
စန်းရှို့၏ သူရဲကောင်းလော။ ဤသည်က သူရဲကောင်းအား ဆက်ဆံသည့် နည်းလော။ အခြား ဒေသန္တရ အစိုးရများသည် ၎င်းတို့၏ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတွင် ပံ့ပိုးကူညီသူများကို မည်ကဲ့သို့ ဆက်ဆံကြောင်း ကြည့်သင့်ပေသည်။
“ဒီကုမ္ပဏီ အသစ်က ဖက်စပ်လုပ်ငန်းဖြစ်တဲ့အပြင် ကျုပ်တို့က ရှယ်ယာ အများစု ဖြစ်မယ်.. ကျုပ် ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာ ဖြစ်ချင်တယ်..”
လီကျန်းဝေ သူ့ဘက်မှ တောင်းဆိုမှု ထုတ်ပြောလိုက်သည်။
“ပြဿနာ မရှိဘူး.. မင်းကလွဲပြီး အဲ့ရာထူး(၂)ခုအတွက် အရည်အချင်းမှီတဲ့လူ မရှိဘူး.. အဘိုးကြီးလီ.. မင်းကို ဒီမြို့က ရွေးလိုက်မိတာ အမှန်ဆုံးပဲ.. မင်းက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ.. ငါတို့ဘက်က အဆိုပြုချက်တွေ ပြင်ထားလိုက်.. ငါ အတွင်းရေးမှူးရှုနဲ့ အရင်ဆုံး စကားပြောလိုက်ရအုံးမယ်..”
လီကျန်းဝေ ရုံးခန်းအတွင်းမှ ထွက်လာပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့အနေဖြင့် ဤအစိုးရအရာရှိများကို လုံးဝစိတ်ပျက်နေသဖြင့် လုပ်ခဲသမျှအပေါ် နောင်တ မရချေ။
**********
“ကျုပ်တို့ ဆုံးဖြတ်ချက် ချလိုက်ပြီ.. ကျန်းလီပေါင်ရဲ့ ရှယ်ယာ(၉၀)ရာခိုင်နှုန်းသုံးပြီး ဖက်စပ်ကုမ္ပဏီ တရုတ်အဖျော်ယမကာ အုပ်စု တည်ထောင်ဖို့အတွက် အားလုံးက ယွမ်သန်း(၅၀၀)သုံးရမယ်.. အစုရှယ်ယာ (၅၁)ရာခိုင်နှုန်း ငါတို့ပိုင်မယ်.. မင်းတို့က (၄၉)ရာခိုင်နှုန်း ပိုင်လိမ့်မယ်..”
လီကျန်းဝေ ပြောလိုက်သည်။
“မန်နေဂျာလီ အဲ့ကိန်းဂဏန်းတွေ ဘယ်က ထွက်လာတာလဲ.. ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျုပ်တို့တွေ ရှယ်ယာ (၄၀)ရာခိုင်နှုန်းကို ကန်ဒေါ်လာ သန်း(၄၀)နဲ့ ပြောထားတာလေ.. ယွမ်သန်း(၅၀၀)ဆိုရင် ကန်ဒေါ်သာ သန်း(၅၀)ကျော်တယ်.. (၄၉)ရာခိုင်နှုန်း ဘယ်လို ဖြစ်နိုင်မှာလဲ..”
ဖူကွမ်းကျန့် ဒေါသတကြီး ဖြစ်ဟန်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ မြို့တော် ခေါင်းဆောင်တွေက ကျန်းလီပေါင်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အကျွမ်းတဝင် မရှိလို့ အကဲဖြတ် များသွားတာပါ.. အခု ကျန်းလီပေါင်ဘက်က အနောက်ဆုံးပိတ် အစီရင်ခံစာနဲ့ဆို ယွမ် သန်း(၅၀၀)ကျော် တန်ဖိုးရှိပါတယ်..”
ရှုစစ်ချန်းနှင့် ကျောက်တာ့ဝေတို့ ကျေနပ်နေကြသည်။ ရင်းနှီးမြုပ်နှံထားသည့် ပမာဏမှာ မျှော်လင့်ထားသည်ထက် ပိုများပေသည်။ အဘိုးကြီးလီထံ၌ နည်းလမ်းများ အမှန်တကယ် ရှိနေပေသည်။
“ဘာဖြစ်လို့ ကုမ္ပဏီရဲ့ ရှယ်ယာ (၉၀)ရာခိုင်နှုန်း ဖြစ်ရတာလဲ.. ဒီတန်ဖိုးဖြတ် အစီရင်ခံစာကို အခြေခံမယ်ဆိုလဲ ကုမ္ပဏီရှယ်ယာတွေရဲ့ (၁၀၀)ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံသင့်တယ်..”
ဖုန်းယွီ စားပွဲခုံပုတ်ကာ အင်္ဂလိပ်လို မေးလိုက်သည်။
ဘာသာပြန်သူမှ ရှုစစ်ချန်နှင့် ကျောက်တာ့ဝေတို့ကို ပြန်လည် ရှင်းပြပြီးသည့်အခါ လီကျန်းဝေဘက်သို့ လှည့်ကြည့်လိုက်သည်။ ဤသည်ကို မည်သို့ ဖြေရှင်းမည်နည်း။
“ကျုပ်တို့ အမှတ်တံဆိပ်ကလဲ တန်ဘိုးရှိတယ်လေ.. ဒါကိုရော ထည့်စဉ်းစားမိကြရဲ့လား.. အခု ပြောထားတာ ကျုပ်တို့ဘက်က နောက်ဆုံးစည်းပဲ.. သဘောမတူရင် ဒီပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စ ပြီးသွားပြီပေါ့..”
လီကျန်းဝေ ပြတ်ပြတ်သားသား ပြောလိုက်သည်။
ရှုစစ်ချန်နှင့် ကျောက်တာ့ဝေတို့ ထိတ်လန့်သွားသည်။ အဘိုးကြီးလီ မည်သည့်အတွက် ဤမျှ တင်းမာနေရသနည်း။ ညှိနှိုင်းမှု ရပ်ပစ်မည်လော။ ထိုစီးပွားရေးသမားများသည် လီပါ့ရှစ်နှင့် တွေ့ထားပြီး ဖြစ်သည်။ လီပါ့ရှစ်ဘက်မှ ပိုကောင်းသည့် အနေအထားများ ပေးမည်ဆိုပါက မည်သို့ဖြစ်သွားမည်နည်း။
ဖူကွမ်းကျန့်သည် ဖုန်းယွီနှင့် ကျန်လူများကို ကြည့်လိုက်သည်။ ဖုန်းယွီသည် ရေတစ်ခွက် ကောက်ကိုင်ကာ မသောက်ဘဲ စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။ ဖူကွမ်းကျန့် ချက်ချင်း နားလည်လိုက်သည်။
“ကျုပ်တို့တွေ ဒီကိစ္စအားလုံး သေချာ ထည့်စဉ်းစားပြီး အကြောင်းပြန်ပေးပါ့မယ်..”
“ဒါပေါ့.. ဒါပေါ့.. ဒါပေမယ့် ကျေးဇူးပြုပြီး အမြန်လေး ဆုံးဖြတ်ပေးပါ.. နောက်ရက်ပိုင်းထဲမှာကိုပဲ ကျန်းလီပေါင်ရဲ့ တန်ဖိုးတွေ တိုးလာနိုင်ပါတယ်..”
လီကျန်းဝေ မိုးခြိမ်းသံကဲ့သို့ လေသံဖြင့် ပြောလိုက်သည်။
ဖုန်းယွီစိတ်ထဲ၌ ထိုလူ၏အဆိုပြုချက် သဘောတူထားသော်လည်း ဟန်ဆောင် ငြင်းပယ်လိုက်သည်။ တရုတ် အဖျော်ယမကာ အဖွဲ့နှင့် အမေရိကန် အဖျော်ယမကာ လုပ်ငန်းကို တိုက်ခိုက်မည် ဖြစ်သည်။
--------**$$^$$**--------