← Chapters

ကျွင်းယွီ စက်ရုပ်မောင်းချင်လား?

Vol. 16 Ch. 209

ကျွင်းယွီ စက်ရုပ်မောင်းချင်လား?

Vol. 16 Ch. 209

“အမ ယောက်ဖ ဘယ်ကိုသွားကြမလို့လဲ”

ကောကျွင်းယွီက သူတို့ကို မေးသည်။

ကောကျွင်းယွီ၏ စိတ်ထဲတွင် ဖန့်ကြွယ်ယွီသည် အမြဲတစေ လျှို့ဝှက်ဆန်းကြယ်ပြီး အထင်ကြီးစရာကောင်းသော လူတစ်ဦးဖြစ်နေသည်။ သူက ဖန့်ကြွယ်ယွီကို စံပြပုဂ္ဂိုလ်တစ်ဦးဟု မှတ်ယူထားသည်။

“မင်း ကြီးလာလျှင် အာကာသပညာရှင်ဖြစ်ချင်လား..အကိုကြီးက မင်းရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မဲ့ နေရာကို ခေါ်သွားမလို့”

“တကယ်ကြီး” ကျွင်းယွီက စိတ်အားထက်သန်စွာဖြင့် မေးသည်။

ထူးခြားဆန်းပြားသော စကြာဝဠာကြီးကို လေ့လာပြီး အဆုံးမဲ့လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ဖို့က သူ၏ အကြီးမားဆုံး အိမ်မက်ဖြစ်သည်။

“စိတ်ချပါ..သူက မောင်လေးကို ညာဖူးလို့လား”

ကောရှင်းယွီလည်း အစတုန်းက ဖန့်ကြွယ်ယွီပြောတာကို သိပ်မယုံချင်ပေ။သို့သော် ဖန့်ကြွယ်ယွီက ဘယ်လိုလူမျိုးလဲဆိုတာ သူမအသိဆုံးမို့ လက်ခံလိုက်ရခြင်းဖြစ်သည်။ ဖန့်ကြွယ်ယွီမှာ သူမတို့ မသိနိုင်သော လျှို့ဝှက်ချက်များစွာရှိနေသည်။

ကားကို အန်းကျန့်တောင်ခြေမှာရပ်ခဲ့သည်။ပိုင်ယို၏ ကားက တောင်ခြေမှာရပ်မထားသဖြင့် သူမသည် ဒီနေ့မှာ ကျောင်းတွင်ရှိနေပုံမရပေ။

နှစ်လကြာလေ့လာပြီးနောက် ပိုင်ယို၏ အရည်အချင်းများလည်း တဟုန်ထိုးတက်လာခဲ့သည်။ သို့သော် သူမ၏ အရည်အချင်းက ဖန့်ကြွယ်ယွီကိုတော့ မမှီသေးပေ

သူမ၏ မူလအတွင်းအားကို အဆင့်မြှင့်တင်ပြီး အဆင့်မြင့်သိုင်းပညာများကို လေ့လာဆည်းပူးခဲ့သည်။သူမက သာမန် အဆင့်မြင့်သိုင်းသမားများထက်တော့ သာလွန်သည်။

သူမ၏ ဦးနှောက်နှင့် မှတ်ဥာဏ်စွမ်းရည်များလည်း တိုးတက်လာခဲ့သည်။ သူမက ရှန်နုန်၏ ဆေးပညာအတန်းကိုတက်ရောက်ပြီး အခြေခံဆေးဖော်စပ်နည်းအတန်းကို တက်ရောက်နေသည်။နောက်လာမည့် လအနည်းငယ်တွင် သူမ၏ အရည်အချင်းများတိုးတက်လာမည့်ပုံပေါ်သည်။

“ကဲ..ဒီရင်ထိုးလေးကို လက်မှာကိုင်ထားပြီး ဒီမှာတွေ့ခဲ့မြင်ခဲ့တာတွေကို အပြင်လူတွေကိုမပြောဘူးဆိုတာရယ်။ ငါ့အပေါ်သစ္စာရှိမယ်ဆိုတဲ့ အချက်ကို စိတ်ထဲကနေ သစ္စာဆိုပါ” ဟုဆိုကာ ဖန့်ကြွယ်ယွီက ရင်ထိုးနှစ်ခုကို သူတို့အား ကမ်းပေးသည်။

သူတို့နှစ်ဦးလည်း ဖန့်ကြွယ်ယွီပြောသည့်အတိုင်း တသွေမတိမ်းလိုက်လုပ်သည်။

ရင်ထိုးသည် သူတို့နှင့် အတူတကွပေါင်းစည်းကာ သူတို့၏ လက်ဖဝါးပေါ်တွင် ထင်ရှားသော အမှတ်အသားများကျန်ခဲ့သည်။

“ကောင်းပြီ ငါ့နောက်လိုက်ခဲ့ကြ”

ဖန့်ကြွယ်ယွီက သူတို့ကို ကျောင်းရှိရာဆီသို့ ဦးဆောင်ပြီး ခေါ်သွားသည်။

ကောရှင်းယွီနှင့် ကောကျွင်းယွီလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သူ့နောက်က တန်းတန်းမတ်မတ်လိုက်လာသည်။

“ဝိုး”

သူ့ရှေ့မှာ မြင်လိုက်ရသည့် အံ့ဩမှင်သက်ဖွယ်ကမ္ဘာတစ်ခုကိုကြည့်ပြီး ကောရှင်းယွီတို့ မောင်နှမနှစ်ဦးလည်း ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

“နတ်ဘုရားအကယ်ဒမီမှကြိုဆိုပါတယ်။ အခုချိန်မှစပြီး မင်းတို့နှစ်ဦးလုံးက နတ်ဘုရားအကယ်ဒမီရဲ့ အဖွဲ့ဝင်ဖြစ်ကြပါပြီ”ဟု ဖန့်ကြွယ်ယွီက ကြေညာသည်။

“ဥက္ကဌ ကျောင်းသားအသစ်တွေခေါ်လာပြန်ပြီပေါ့” ကျောင်းပေါက်ဝတွင် တံမြက်စည်းလှည်းနေသော ကျောင်းစောင့် ဘုန်းကြီးက ပဥ္စလက်ဆန်ဆန် ပေါ်လာပြန်သည်။

“ဟုတ်တယ်..မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်တော့်ချစ်သူ ကောရှင်းယွီ ..ဒီဘက်ကတော့ သူ့မောင်လေး ကောကျွင်းယွီ..သူတို့ကို စာရင်းသွင်းလိုက်ပါဦး”

“သူတို့က ဘယ်လိုပညာရပ်တွေကို သင်ချင်တာလဲ”

“အင်း..ရှင်းယွီက အနုပညာပိုင်းသင်မယ်။ ကျွင်းယွီကတော့ အာကာသယာဉ်မှူးဖြစ်ချင်တာ။ သူတို့အတွက် ကောင်းနိုးရာရာသင်တန်းလေးတွေ ရွေးပေးလိုက်ပါဦး”

“ကောင်းပါပြီ။ ခဏလေး စဉ်းစားကြည့်ပါဦးမယ်”

ခဏအကြာမှာ အလင်းစက်ဝိုင်းကြီးများက ရင်ပြင်ပေါ်တွင် ပေါ်လာသည်။ အကုန်လုံးက စက်ရုပ်လူသားများဖြစ်သော်ငြားအကုန်လုံးက ရွေ့လျားနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ကျောင်း၏

ပို့ဆောင်ဆက်သွယ်ရေးစနစ်ဖြင့် ကူးလူးသွားလာနေကြသည်။

ထိုအလင်းစက်ဝိုင်းကြီးထဲမှ လူအုပ်စုလိုက်ထွက်လာကြသည်။သန်းလီကျွင်း၊ပါဗာရိုတီ၊ဘီသိုဗမ်၊ ချိုပင် စသည့် အသံပိုင်းဆိုင်ရာနှင့် တူရိယာပိုင်းဆိုင်ရာ နည်းပြများစွာပါဝင်သည်။

“ကျောင်းသူကောရှင်းယွီ..ဘယ်ဆရာဆီကနေများ သင်ချင်ပါသလဲ။ ရွေးပါ” ဟု ဘုန်းကြီးက မိန့်ဆိုသည်။

“ဒါ..”

“ကလေးတွေပဲရွေးရတာမလား။ သူတို့အကုန်လုံးကို ရှင်းယွီကို သင်ခိုင်းလိုက်ပါ” ဖန့်ကြွယ်ယွီက သူမအစားရွေးပေးသည်။

“ဥက္ကဌ..ဒါက ကျောင်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ပါဘူး”

ကျောင်းသားတစ်ဦးက ဆရာများစွာကိုရွေးလိုက်ပါက ကျောင်းသားများစွာထပ်ပြီးရောက်လာသည့်အချိန်တွင် ကမောက်ကမ ဖြစ်ကုန်ကြလိမ့်မည်။

“ဘာစည်းမျဉ်းနဲ့ မကိုက်တာလဲ။ ငါက ဒီကျောင်းရဲ့ ဥက္ကဌ..တာဝန်အရှိဆုံးလူဆိုလည်း ဟုတ်တယ်။ရှင်းယွီက ငါ့ချစ်သူလေ ..သူများထက်ပိုပြီး သူက အခွင့်အရေးပိုရသင့်တယ်မဟုတ်ဘူးလား”

“ဒါပေမဲ့”

“ဒါပေမဲ့..ဘာဖြစ်လဲ..ခင်ဗျားဒီမှာဆက်ပြီး အလုပ်လုပ်ချင်သေးတယ်မလား”

ဖန့်ကြွယ်ယွီလည်း ဥက္ကဌတစ်ဦး၏ အာဏာကိုပြလိုက်သည်။စက်ရုပ်လူသားများအဖို့ အထောက်အပံ့ပေးမည့် စွမ်းအင်လိုအပ်သလို ဖန့်ကြွယ်ယွီက ကျောင်းရှိအရာအားလုံးကို ထိန်းချုပ်ထားသည်။ အထူးသဖြင့် စက်ရုပ်လူသားတစ်ဦးချင်းစီကို အထောက်အပံ့ပြုနေသည့် ပါဝါလည်းပါဝင်သည်။

ဘုန်းကြီး၏ အနေအထားက ဖန့်ကြွယ်ယွီထက် သာလွန်သည်ဆိုသော်လည်း သူ့ကိုမလွန်ဆန်ရဲပေ။ ဖန့်ကြွယ်ယွီက သူ၏ ပါဝါကို ချက်ချင်းပိတ်ပစ်နိုင်သော အာဏာရှိနေသည်။

“ဟုတ်ပါပြီ..အကုန်လုံး ဥက္ကဌအလိုအတိုင်းဆောင်ရွက်ပါ”

“ဒီလိုမှပေါ့”

“ကျွင်းယွီအတွက်ကရော…”

“သူကတော့ သင်္ချာ၊သိပ္ပံ၊ရူပဗေဒစတဲ့ဘာသာရပ်တစ်ခုချင်းစီကို အတော်ဆုံးဆရာနဲ့ သင်ရပါမယ်။ အခြေခံအနေနဲ့ အာကာသရူပဗေဒ ဘာသာရပ်နဲ့ အာကာသယာဉ်အကြောင်း အခြေခံသင်တန်းတွေကို တက်ဖို့လိုပါတယ်”

“ခဏနေပါဦး” ဖန့်ကြွယ်ယွီက တစ်စုံတစ်ရာကို သတိရဟန်တူသည်

ဤကျောင်းမှာ အာကာသယာဉ်မှူးဖြစ်ရန် လူသားများဖန်တီးထားသော ဒုံးကျည်နှင့် အာကာသယာဉ်များကို မလိုအပ်ပေ။ပိုကောင်းသည့်အာကာသယာဉ်များ အဆင်သင့်ရှိသည်။

“ဆရာ ကီရာ၊ အမူရို၊ ချာနာ နဲ့ ဘာနာဂျီတို့ကို ခေါ်ခဲ့ပါ”

“ကျွင်းယွီ..အာကာသယာဉ်မှူးလုပ်ပြီး အာကာသထဲကစားချင်တယ်လို့ မင်းပြောခဲ့တယ်မလား။ စက်ရုပ်ကို မောင်းချင်သလား”

သူစကားဆုံးသည်နှင့် စက်ရုပ်လေးခုက ကောင်းကင်ပေါ်က ကျလာသည်။

“ဒါက OO၊ RX-78၊ Strike Freedomနဲ့ Unicorn လို့ခေါ်တဲ့ စက်ရုပ်တွေပေါ့”

ကျွင်းယွီက ထိုစက်ရုပ်များကို တစ်ချက်ကြည့်ရုံဖြင့်သိသည်။

“အင်း မောင်းချင်တယ်”

“အကိုကြီးက သားအတွက် စက်ရုပ်တစ်ရုပ်ပေးမှာလား”

“ကိုယ့်ဘာသာကိုယ် ဆောက်ရမှာကွ”

“ကျွင်းယွီအတွက် စက်ပိုင်းနဲ့ လက်နက်ပိုင်းကျွမ်းကျင်တဲ့ဆရာတွေရှာပေးလိုက်ပါ”

“ဟာ မဖြစ်နိုင်ဘူး အကိုကြီး”

စက်ရုပ်တစ်ရုပ်ကို တည်ဆောက်ဖို့နှင့် မောင်းနှင်ဖို့အတွက် လိုအပ်သောစွမ်းရည်များကို ခဏလေးအတွင်း သင်ယူဖို့မဖြစ်နိုင်ပေ။ သူ့လိုကလေးအရွယ် အသိဥာဏ်မျိုးနှင့် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

“မင်း တစ်ကမ္ဘာလုံးကို စက်ရုပ်နဲ့ လိုက်ပြီးပတ်နိုင်တဲ့ အချိန်ကျ အကိုကြီးကို ကျေးဇူးတင်နေမှာ”

All Chapters