တရုတ်ပြည်မှာအချမ်းသာဆုံးပုဂ္ဂိုလ်
Vol. 16 Ch. 212
တစ်လကြာပြီးနောက် ထန်းရွှမ်၏ ရှယ်ယာစျေးနှုန်းများသည် ဒေါ်လာ ၈၀၀ဘီလီယံရောက်သည်အထိ တဟုန်ထိုးတက်လာခဲ့သည်။ ထိုကဲ့သို့ အရှိန်အဟုန်ပြင်းပြင်းနှင့် တိုးတက်သည့်ဒဏ်ကို မည်သည့်ကုမ္ပဏီကမှ မယှဉ်နိုင်ပေ။
မကြာခင်မှာ ထန်းရွှမ်က အခြားသော ဂိမ်းပေါင်းများစွာကို ဆက်တိုက်ဆိုသလို ထုတ်လာခဲ့သည်။ ထိုဂိမ်းများသည် အွန်လိုင်းဂိမ်းများဖြစ်ပြီး ထန်းရွှမ်က ဂိမ်းလောကကိုကြီးစိုးဖို့အတွက် ခြေလှမ်းသစ်တစ်ခုဟု ကျွမ်းကျင်သူများက ဆိုကြသည်။
အသစ်ထုတ်သော ဂိမ်းတွင် ကစားသူများကို စိတ်ကူးယဉ်ကမ္ဘာထဲသို့ ဆောင်ကြဉ်းပေးနေသည့် ခံစားမှုများကို အဓိကထားပြီး တီထွင်ထားသည်။ဂိမ်းစက်ကို ဝယ်ယူထားပြီးသားလူများက ထိုဂိမ်းကို တိုက်ရိုက်ဆော့နိုင်သည်။ ဂိမ်းအသစ်၏ စျေးကွက်အတွင်းနေရာယူထားနိုင်မှုကလည်း ပြောမပြတတ်အောင်ကြီးမားသည်။
ဂိမ်း၏ အောင်မြင်မှုနှင့်အတူ မာထန်၏ ပိုင်ဆိုင်မှုလည်း တဖြည်းဖြည်းများပြားလာကာ ဖောဘီစ်မဂ္ဂဇင်း၏ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းတွင် ပထမနေရာရလာသည်။ ဖန့်ကြွယ်ယွီက မာထန်၏ ရှယ်ယာများကို ဝယ်ရာတွင် ပိုက်ဆံများစွာသုံးရသဖြင့် သူ၏ ကြွယ်ဝချမ်းသာမှုက မာထန်ထက်လျော့နည်းမည်ဟု ထင်ကြသည်။ ထို့ကြောင့် သူ့ကို ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့သည်။
“မစ္စတာ မာက အချမ်းသာဆုံးဖြစ်သွားတာလား”
“ဘယ်လိုတွက်ချက်နေကြတာလဲ။ဘယ်သူတွက်တာလဲ။ သင်္ချာရော တွက်တတ်ကြရဲ့လား”
“ဥက္ကဌဖန့် ပိုင်ဆိုင်တာက ထန်းရွှမ်ရှယ်ယာတစ်ခုထဲလို့ ဘာကြောင့်များထင်ကြတာလဲ”
ဖန့်ကြွယ်ယွီကို ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့်အပေါ် သဘောမတူနိုင်ဖြစ်နေကြသည်။
အကဲဖြတ်သူများအပေါ် လူထု၏ ဖိအားက အဆမတန်သက်ရောက်လာသဖြင့် မာထန်ကိုယ်တိုင် ရှင်းပြရသည့် အနေအထားဖြစ်လာသည်။
“ဖောဘိစ်က စာရင်းထုတ်ပြန်တဲ့နေရာမှာ အနည်းငယ်လွဲမှားသွားတယ်လို့ ထင်မိပါတယ်။ငါက အမှန်ဆို ဒုတိယနေရာနဲ့ ပိုပြီး သင့်တော်ပါတယ်”
မာထန်ကိုယ်တိုင်က သူ၏ချမ်းသာကြွယ်ဝမှုက ဖန့်ကြွယ်ယွီနှင့် မယှဉ်နိုင်ဘူးဆိုတာ ဝန်ခံသည့်သဘော သက်ရောက်နေသည်။
ဖောဘိစ်မဂ္ဂဇင်းအယ်ဒီတာများက စာရင်းကိုပြန်ပြီး ပြင်သင့်မပြင်သင့် ခေါင်းချင်းဆိုင်တိုင်ပင်ကြသည်။
“အတွင်းသတင်းတွေအရဆို လျန်းဟွာရုံးချုပ်မှာလည်း ဖန့်ကြွယ်ယွီကို တွေ့တယ်လို့ ပြောကြတယ်။ အဲ့ကုမ္ပဏီရဲ့ ဥက္ကဌပြောတာတော့ သူ့ရှယ်ယာ ၇၁%က ဖန့်ကြွယ်ယွီက လွှဲအပ်ထားတာလို့ဆိုတယ်”
“ဟီတန်ကုမ္ပဏီမှာလည်း သူ့ရှယ်ယာတွေရှိတယ်လို့ဆိုတယ်။ ဘယ်လောက်ပမာဏဆိုတာတော့ တိတိကျကျ ဖော်ပြလို့ မရပေမဲ့ သူ့ပိုင်ဆိုင်မှုကလည်း မနည်းမနောဖြစ်မဲ့ပုံပဲ”
“သူက အင်္ဂလန်ဘုရင်မကြီးမွေးနေ့ပွဲကိုတက်ပြီး ဘုရင်မကြီးနဲ့အတူတူ ရထားလုံးတောင်စီးခဲ့သေးတယ်လေ”
“သူက မိုးကြိုးနည်းပညာကုမ္ပဏီမှာ ရှယ်ယာ ၇၀% ကျော်ပိုင်ဆိုင်တဲ့ ရှယ်ယာရှင်တစ်ဦးဖြစ်ပါတယ်”
“သူက ဟိုင်လီအုပ်စုမှာလည်း ရှယ်ယာ ၂၈.၇% ပိုင်ဆိုင်ပါတယ်”
“ဒီကောင်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတာ ငါအသိဆုံးလေ။ မပြောခဲ့တာပဲရှိတာ” ဟု ဝမ်ချုံးက ဆိုသည်။
ဖန့်ကြွယ်ယွီ၏ ပိုင်ဆိုင်မှုများက တစ်ခုပြီးတစ်ခုပေါ်လာသည်။
“ဘုရားရေ ဥက္ကဌဖန့်က ဘယ်လောက်တောင်ပိုင်ဆိုင်တာလဲ”
“အမလေး ရူးတော့မှာပဲ။ ဥက္ကဌဖန့်ရဲ့ ကုမ္ပဏီတွေကို ဘယ်လိုများစီမံနေတာပါလိမ့်”
“ဟာ ဒီလူတွေကတော့ လျှောက်ဖွကြပြန်ပြီ”
ဖန့်ကြွယ်ယွီသည် အိမ်မှာအေးအေးဆေးဆေး မနေရပေ။ သူ့အတန်းဖော်သူငယ်ချင်းများနှင့် မိတ်ဆွေများက ဖုန်းတွေ တောက်လျှောက်ဆက်ကာ စာတွေပို့နေကြသည်။ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်သော သူ့ဆန္ဒများက ဘာကြောင့်များမပြည့်ဝနိုင်ရသနည်း။
သူက ပထမမစ်ရှင် အောင်မြင်ဖို့ ပိုက်ဆံအမြောက်အများသုံးပြီး ထန်းရွှမ်ကို ဝယ်ယူခဲ့သည်။ သို့သော် သူသုံးခဲ့သမျှ ပိုက်ဆံများသည် ခဏလေးအတွင်းပြန်ဝင်လာမည်ဟု မတွေးထားမိပေ။ နည်းပညာ၏ အစွမ်းက အံ့ဩဖို့ကောင်းပေသည်။
အမှားပြန်လည်ပြန်ဆင်ပြီးနောက် ဖောဘိစ်မဂ္ဂဇင်းက စာရင်းအသစ်ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းတွင် ဖန့်ကြွယ်ယွီက ဒေါ်လာ ၅၀၀ဘီလီယံပိုင်ဆိုင်မှုနှင့် အတူ ပထမနေရာမှာရပ်တည်နေသည်။
“ဟ..၅၀၀ဘီလီယံဆိုတာ ဒီကောင်ပိုင်တာရဲ့ အစွန်အဖျားလောက်ပဲရှိသေးတာကွ”
ဖန့်ကြွယ်ယွီအကြောင်းကို သေချာသိသော ဝမ်ချုံးက ထိုကဲ့သို့ ရေးပြီး ပို့စ်တင်ပြန်သည်။
“မင်းပေါက်ကရလျှောက်ပြောလျှင် မင်းအဖေရဲ့ Patek Philippe နာရီကို ဝယ်ပစ်မယ်”
ဟု ဖန့်ကြွယ်ယွီက ကောမန့်မှာ ပြန်ရေးသည်။
“ဝယ်လိုက်လေ..မင်းဝယ်လိုက်ရင် မင်းအကြောင်းကိုထပ်ဖွပစ်မယ်”
“ဟာ..ငါ သည်းမခံနိုင်တော့ဘူးကွာ”
သူက အေးအေးဆေးဆေးနေချင်သော်လည်း သူ့အနေအထားကို လူတွေသိကုန်ကြသည်။ သူ့အဘိုးနှင့် အဖေတုန်းက လူအများမရိပ်မိအောင် ဘယ်လိုမျိုးနေခဲ့လဲဆိုတာ သိချင်လာသည်။
ဘယ်သူက သူ့အိမ်လိပ်စာကို ဖွလိုက်သည်မသိ။ သူ့အိမ်ရှေ့မှာ သတင်းထောက်များစွာရောက်ရှိနေသည်။ သူသာ အပြင်ထွက်ပါက သူ့ဘေးနားကို သတင်းထောက်များ ဝိုင်းလာမည်မှာ အသေချာပင်ဖြစ်သည်။
တရုတ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ပေါ်လာသည်မှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ရက်သတ္တပတ်အနည်းငယ်အထိတော့ နာမည်ကြီး သတင်းတစ်ပုဒ်ဖြစ်နေပေဦးမည်။ သူ့ဘေးနားမှာ တွေ့နေကျလူများကိုတောင် သတင်းထောက်များက အသည်းအသန်အင်တာဗျူးကြမည်။
နတ်ဘုရားအကယ်ဒမီမှာတက်ထားသဖြင့် ဖန့်ကြွယ်ယွီမှာ ကိုယ်ပျောက်နိုင်သော အစွမ်းရှိသည်။ ထို့ကြောင့် သတင်းထောက်များထံမှ အသာလေး ရှောင်ထွက်နိုင်သည်။
မာထန်ကတော့ ပွဲများတစ်ခုပြီးတစ်ခု ဆက်တိုက်တက်နေရသည်။ ဖန့်ကြွယ်ယွီက သတင်းထောက်များထံမှ ဘယ်လိုလွတ်အောင် ရှောင်ထွက်သွားလဲဆိုတာ သူမတွေးတတ်အောင်ဖြစ်ရသည်။
နှစ်သစ်ကူးက တဖြည်းဖြည်းနီးလာနေသည်။
မိသားစုနှင့် ကင်းကွာနေသော ဖန့်ကြွယ်ယွီသည် ဒီနှစ်မှာ ကောရှင်းယွီတို့မိသားစုနှင့် အတူတူ အချိန်ကုန်ဆုံးလိမ့်မည်။
ဖန့်ကြွယ်ယွီ၏ မွေးနေ့က နှစ်သစ်မတိုင်ခင် ဒီဇင်ဘာ ၂၆ရက်ဖြစ်သည်။ ထိုရက်တွင် ကျောင်းပိတ်သဖြင့် အားလပ်ရက်အမြဲရခဲ့သည်။ သူငယ်ချင်းများကလည်း ထိုရက်ဆို အိမ်ပြန်ပြီး နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်ကြသည်။
ဒီနှစ်မှာတော့ ဖန့်ကြွယ်ယွီသည် ထူးဆန်းသော စာတစ်စောင်လက်ခံရရှိခဲ့သည်။
ယနေ့ခေတ်လို နည်းပညာတိုးတက်နေသည့် ခေတ်ကြီးမှာ စာဖြင့် ဖိတ်သဖြင့် ထူးဆန်းနေမိသည်။
“အမရှောင်းရီ ..ဒီစာကို ဘယ်ကရတာလဲ”
“အင်း..ဒီမနက်ခင်းမှာ စာတိုက်ပုံးရှေ့မှာ စာတစ်စောင်ကျနေတာတွေ့လို့ ကောက်လာခဲ့တာ။ ကျွန်မလည်း ထူးဆန်းတယ်လို့ ထင်မိသား။သခင်လေးသူငယ်ချင်းထဲက တစ်ယောက်ယောက်ပို့တာဖြစ်မယ်”
သူ့မှာ ထိုပုံစံ ပို့ပေးတတ်သည့်သူငယ်ချင်းမျိုး မရှိပေ။
စာကိုဖွင့်ဖတ်ကြည့်သောအခါ ကွန်ပျူတာဖြင့် စာစီထားတာမျိုးမဟုတ်ဘဲ စုတ်တံဖြင့် ညီညာလှပစွာရေးခြယ်ထားသော စာလုံးများကို တွေ့ရသည်။
သို့
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မစ္စတာဖန့်ကြွယ်ယွီ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခြင်းခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ကနဦးပြောပါရစေ။ ရှေးသိုင်းပညာအဖွဲ့အစည်းကိုယ်စား ဒီစာကိုရေးလိုက်ရပါတယ်။ မစ္စတာဖန့်ရဲ့ လုပ်ငန်းတွေ အနှောင့်အယှက်မရှိဘဲ အေးအေးဆေးဆေး လည်ပတ်နိုင်စေဖို့ ထိန်းသိမ်းစောင့်ရှောက်ခအဖြစ် မစ္စတာဖန့် တစ်နှစ်ဝင်ငွေရဲ့ ၃၀% ကိုကောက်ခံပါရစေ။ နောက်သုံးရက်နေရင် ဂုချန်ဂိုဏ်းက ကျုပ်တို့အဖွဲ့ကိုယ်စား ကျသင့်ငွေကို လာကောက်ခံပါလိမ့်မယ်ဆိုတာ ကြိုတင်ပြီး အကြောင်းကြားအပ်ပါတယ်။
ဂုချန်ဂိုဏ်းခေါင်းဆောင် ဂုရုဖန့်
“ဟာ..ဒါကဘာတွေလဲ”
စာကိုဖတ်ပြီးနောက် ဖန့်ကြွယ်ယွီလည်း နားမလည်နိုင်အောင်ဖြစ်ရသည်။ သူတို့က ထိန်းသိမ်းစောင့်ရှောက်ခကို ဘာလို့တောင်းတာလဲ။ ဒီခေတ်မှာ ဒါမျိုးရှိသေးလို့လား။