← Chapters

ဟင်းပွဲက ဆွဲဆောင်မှု နည်းနည်းလိုနေတယ်

Vol. 16 Ch. 214

ဟင်းပွဲက ဆွဲဆောင်မှု နည်းနည်းလိုနေတယ်

Vol. 16 Ch. 214

ချိန်းထားသည့်အချိန်ရောက်လာသောအခါ ဝမ်ချုံးသည် ဖန့်ကြွယ်ယွီကို ကျန်းနန်အိမ်ယာရှေ့တွင် စောင့်နေသည်။ သူ၏ အိမ်ရှေ့တွင် သတင်းထောက်များက အခုချိန်ထိ ဇွဲရှိရှိစောင့်နေကြဆဲဖြစ်သည်။

တစ်ခဏအကြာမှာ သပ်သပ်ရပ်ရပ်ဝတ်စားထားသော ကောင်လေးတစ်ယောက်သည် အိမ်ထဲမှ ထွက်လာသည်။ သူက မျက်မှန်ကိုချွတ်လိုက်ပြီး သတင်းထောက်များကို တစ်ချက်လှမ်းကြည့်သည်။

သတင်းထောက်များက သူ့ကိုသေချာပြန်ကြည့်နေသည်။ ထိုကောင်လေးက ဖန့်ကြွယ်ယွီမဟုတ်ဘူးဆိုတာ သေချာတော့မှ လမ်းဖယ်ပေးတော့သည်။ ထိုသူလည်း အိမ်ယာထဲမှ ထွက်လာပြီးနောက် လမ်းဘေးတွင် ရပ်ထားသော အက်စတွန်မာတင်ကားရှိရာသို့ တည့်တည့်သွားသည်။

“မင်းဘယ်သူလဲ”

ကောင်လေးက အိမ်ယာထဲက ထွက်လာကတည်းက သူသတိထားမိသည်။ ဖန့်ကြွယ်ယွီက သတင်းထောက်များရန်ကနေ ဘယ်လိုလွတ်ကင်းအောင် ထွက်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်နေချိန်တွင် ထိုသူက သူ၏မြင်ကွင်းထဲပေါ်လာခဲ့သည်။

“ငါပါကွ” ကောင်လေးက ရုပ်ဖျက်ထားသည်ကို ဖယ်ပြသောအခါ ဖန့်ကြွယ်ယွီဖြစ်နေသည်။

“ဘာတတ်နိုင်သေးကွ။ ရုပ်ပြောင်းရုပ်လွှဲပညာနဲ့ မိတ်ကပ်အစွမ်းပေါင်းလိုက်တာ ဘယ်သူမှ မမှတ်မိကြတော့ဘူး”

“ဒါနဲ့များ ငါ့ကို အမိဖမ်းဖို့ စောင့်နေကြသေးတယ်။ ဆုတောင်းလေ။နောက်ဘဝမှရမယ်”

“ညီလေးဖန့် မင်းတကယ်တော်တာပဲ”

ဖန့်ကြွယ်ယွီ၏ အသံသာထွက်မလာပါက သူဆိုတာမသိပေ။

“ဟား မျက်လှည့်အသေးစားပြလိုက်တာပါ။ ငါ မင်းကို ထမင်းမကျွေးဘူးလို့ လျှောက်မပြောနဲ့နော်။ ကမ္ဘာ့အချမ်းသာဆုံးလူနဲ့ ထမင်းလက်ဆုံစားရတဲ့အတွက် မင်း ဂုဏ်ယူရမှာ။” ဖန့်ကြွယ်ယွီက ဝမ်ချုံးအား စနောပ်နေသည်။

“စိတ်ချပါ။ မင်း စိတ်မပျက်စေရပါဘူး”

သူခေါ်သွားမည့် စားသောက်ဆိုင်က စားဖိုမှူးက ဖန့်ကြွယ်ယွီအိမ်က စားဖိုမှူးထက် သာလွန်သည်ဆိုတာ သူ ရဲရဲဝံ့ဝံ့ပြောနိုင်သည်။

စားသောက်ဆိုင်သည် ကျန်းနန်၏ လူစည်ကားရာနေရာတွင် မရှိဘဲ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုတွင် တည်ရှိသည်။ ဝမ်ချုံး၏ ကားသည် ရှေးအဆောက်အအုံတစ်ခု၏ ရှေ့တွင် ရပ်သွားသည်။

ဖန့်ကြွယ်ယွီက လှမ်းကြည့်သောအခါ ဆိုင်အတွင်း ဝင်ထွက်သွားလာနေသောလူများ၏ ဝတ်ပုံစားပုံက အလွန်ရိုးရှင်းပြီးရှေးဆန်သည်။ သေချာအနီးကပ်ကြည့်တော့မှ ထိုအဝတ်အစားများသည် ဘရန်းတစ်ခု၏ ထုတ်ကုန်များမဟုတ်ဘဲ လက်ဖြင့်သေချာချုပ်လုပ်ထားသော အဝတ်အစားများဖြစ်နေသည်ဆိုတာ သိရသည်။

“ဟဲ ဒီစားသောက်ဆိုင်က သာမန်နေရာတော့မဟုတ်ဘူးပဲ။ သူတို့ပုံစံတွေကြည့်ပြီး သာမန်လူတွေလို့ထင်နေမှာ ဆိုးလို့။ သူတို့တစ်ဦးချင်းစီက ရာထူးကြီးတဲ့လူတွေဖြစ်ရင်ဖြစ် မဟုတ်ရင် စီးပွါးရေးလုပ်ငန်းရှင်တွေချည်းပဲ”

“အဲ့လိုလား”ကြည့်ရတာ ဤစားသောက်ဆိုင်ပိုင်ရှင်ကလည်း အဆက်အသွယ်အတော်ကောင်းပုံရသည်။

“ဒီစားသောက်ဆိုင်ကို လင်းရှန်စားသောက်ဆိုင်လို့ခေါ်တယ်။ ဒီမှာချက်ပြုတ်ထားတာတွေက ရှေးလက်ရာတွေချည်းပဲ။ မင်းစားကြည့်လျှင် သဘောကျမှာသေချာတယ်”

“စျေးကလည်း မနည်းမနောမဟုတ်လား ဟားး”

“တကယ်တော့ ဒီစားသောက်ဆိုင်ပိုင်ရှင်က ထူးဆန်းတယ်လို့ပြောရမယ်။ ရာထူးကြီးတဲ့လူတွေ လာစားတဲ့အချိန်ကျ စျေးတွေက ပုံမှန်ဆိုင်တွေလိုပဲ။ ဒါပေမဲ့ တခြားလူတွေလာရင်တော့ စျေးက အဆတစ်ရာ အဆတစ်ထောင်တက်သွားတာ”

“သာမန်အရွက်ကြော်ပွဲလေးတောင် စျေးက ထောင်နဲ့ချီတယ်”

“ဒါပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးနဲ့ ထမင်းလက်ဆုံစားတာဆိုတော့ ဒီစျေးလောက်ကို ထည့်မပြောသင့်ဘူး မဟုတ်လား”

“ဒါဆို ဒီက အစားအစာတွေက ပေးရတဲ့စျေးနဲ့တန်မတန် တစ်ချက်မြည်းကြည့်တာပေါ့လေ”

ဖန့်ကြွယ်ယွီလည်း ဝမ်ချုံး၏ အနောက်ကလိုက်ကာ ဆိုင်ထဲဝင်သွားသည်။ ကြိုတင်ဘွတ်ကင်လုပ်ထားသဖြင့် စားပွဲထိုးက ကြိုပြင်ထားသော အခန်းဆီခေါ်သွားသည်။

ဟင်းပွဲတွေကိုကြိုတင်မှာထားသဖြင့် သူတို့နေရာယူပြီး ခဏအကြာမှာ ဟင်းပွဲများလာချပေးသည်။ စားပွဲထိုး၏ ဘေးနားတွင် ဟင်းပွဲများ ပြင်ဆင်ပေးမည့် စားဖိုမှူးက အသင့်ရှိနေသည်။

“ဟင် သိုင်းပညာရှင်ပဲလား”

ထိုစားဖိုမှူးဆီက အတွင်းအားများပေါ်ထွက်နေတာကို ဖန့်ကြွယ်ယွီသတိထားမိသည်။

“ဒီဆိုင်က စိတ်ဝင်စားစရာပဲ”

“မင်္ဂလာပါ။ လူကြီးမင်းတို့ ကျွန်တော်က ဒီနေ့ဟင်းလျာတွေကို အကောင်းဆုံးပြင်ဆင်ပေးသွားမဲ့ ကျိုးပင်းဖြစ်ပါတယ်။ လူကြီးမင်းတို့ကို အကောင်းဆုံးသော အရသာတွေကိုပေးစွမ်းနိုင်ဖို့ ဟင်းလျာတွေကို အထူးစီမံချက်ပြုတ်သွားပါမယ်”

ကျိုးပင်း၏ အတွင်းအားက သိုင်းပညာကရတာမဟုတ်ဘဲ သူ၏ထူးချွန်မှုမှတစ်ဆင့်ရလာခြင်းဖြစ်သည်။ သူ၏ စိတ်ဝင်စားရာကျွမ်းကျင်ရာနယ်ပယ်သည် ဟင်းချက်ခြင်းဖြစ်သည်။

သူ၏ အတွင်းအားနှင့် ဟင်းချက်ပြုတ်ခြင်းက ပေါင်းစပ်လိုက်သည်နှင့် ဟင်းပွဲများက ပိုပြီးအရသာရှိလာသည်။ ထို့ကြောင့်ပင် လင်းရှန်စားသောက်ဆိုင်ကို ဖွင့်ထားရခြင်းဖြစ်သည်။

ဤဆိုင်မှာရှိသော စားဖိုမှူးများကို သူကိုယ်တိုင်သင်ပြပေးသည်။ ယနေ့အထူးဧည့်သည်တော်ဖြစ်သော ဖန့်ကြွယ်ယွီအတွက် အထူးဟင်းလျာတစ်မျိုးကို ကျိုးပင်းက ပြင်ဆင်ထားသည်။

ဝမ်ချုံးက ဤဆိုင်ကိုပထမအကြိမ်ရောက်ခဲ့တုန်းက ဟင်းပွဲပြင်ဆင်ပေးသူက ကျိုးပင်းမဟုတ်ပေ။ ယနေ့လာရောက်သည့်ဧည့်သည်က ဖန့်ကြွယ်ယွီဖြစ်နေတာမို့ ဆိုင်ပိုင်ရှင်ကိုယ်တိုင်ပြင်ပေးရခြင်းဖြစ်သည်။ ပိုင်ရှင်၏ဟင်းချက်လက်ရာက တခြားစားဖိုမှူးများထက်သာလွန်နေမည်မဟုတ်ပါလော။

ကျိုးပင်းက ဟင်းပွဲများကို တစ်မျိုးချင်းစီမိတ်ဆက်ပေးသည်။ ဟင်းပွဲများက ထူးထူးခြားခြားမဟုတ်သော်လည်း ဟင်းပွဲရနံ့က အလွန်ပင် ကောင်းမွန်သည်။ နောက်ဆုံးဟင်းပွဲဖြစ်သော ငါးဟင်းလျာက စားဖိုမှူး၏ အထူးဟင်း ပွဲဖြစ်သည်။ ငါးဟင်း၏ အရသာကောင်းမွန်မှုကို ဝမ်ချုံးတစ်ယောက် အသိအမှတ်မပြုဘဲ မနေနိုင်ပေ။

ဖန့်ကြွယ်ယွီလည်း ငါးဟင်းလျာကို မြည်းစမ်းကြည့်သောအခါ အရသာကအလွန်ကောင်းမွန်ကြောင်း အသိအမှတ်ပြုမိသည်။ သူ့အိမ်က စားဖိုမှူး၏ လက်ရာထက် အဆပေါင်းများစွာသာလွန်နေသည်။

လွန်ခဲ့သောလက ဤဆိုင်ကို ရောက်ခဲ့ပါက ထိုဟင်းပွဲအပေါ် ဒီ့ထက်ပိုပြီး အမှတ်ပေးမိလိမ့်မည်။ သို့သော် သူက တရုတ်ပြည်၏ အတော်ဆုံးစားဖိုမှူးထံမှ ဟင်းချက်နည်းများအကြောင်းသင်ထားပြီးပြီမို့ ငါးဟင်းလျာက အရသာကောင်းမွန်သော်လည်း တစ်ခုခုလိုနေကြောင်း သတိထားမိသည်။

“မစ္စတာဖန့်..စားရတာအဆင်ပြေရဲ့လား ခင်ဗျာ”

“အရသာကတော့ မဆိုးပါဘူး။ ဒါပေမဲ့ တစ်ခုခုလိုနေတဲ့ပုံပဲ”

“သုံးတဲ့ ပါဝင်ပစ္စည်းတွေကလည်း လတ်ဆတ်တယ်။ ချက်ပြုတ်တာလည်း အဆင်ပြေတယ်။ ဒါပေမဲ့ ခံစားမှုတစ်ခုခုလိုနေတယ်။ ဒါကြောင့်မို့ ဟင်းပွဲက အရသာရှိပေမဲ့ မပြည့်စုံဘူးလို့ခံစားနေရတယ်”

သူ၏ မှတ်ချက်ကိုကြားရပြီး ကျိုးပင်းလည်း မျက်နှာပျက်သွားသည်။ သူ့လက်ရာကို ဟင်းချေးများသည့် လူများတောင် ကြိုက်ကြသည်။ သူ၏ ဟင်းချက်လက်ရာကို ပြစ်ချက်မရှိကောင်းမွန်သည်ဟု ထင်ခဲ့သော်လည်း ဖန့်ကြွယ်ယွီအတွက် ဘာကြောင့်များ မပြည့်စုံရသနည်း။

ဖန့်ကြွယ်ယွီက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေတာမို့ သူ၏ အရသာခံနိုင်စွမ်းက တခြားသူများနှင့် မတူဘဲ တမူထူးခြားနေတာလား။

သူ့စိတ်ထဲက အခဲမကျေမှုကိုမျိုသိပ်ရင်း

“မစ္စတာဖန့်က ကျွန်တော့်ဟင်းလျာထက် ပိုကောင်းတဲ့ဟင်းလျာကို သုံးဆောင်ဖူးလို့လား ခင်ဗျာ”

“စားဖူးတာပေါ့။မဟုတ်ရင် ငါဒီလိုပြောပါ့မလား”

“ဒါဆို ဘယ်နေရာမှာများ သုံးဆောင်ခဲ့လဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ”

“မင်း မြည်းစမ်းကြည့်ချင်လား”

ပြောရင်းဆိုရင်း ဖန့်ကြွယ်ယွီက မတ်တပ်ရပ်လိုက်သည်။

“ကဲ မီးဖိုခန်းသွားမယ်”

“မစ္စတာဖန့်ကိုယ်တိုင်ချက်မလို့လား”

“ဒါပေါ့ ငါကိုယ်တိုင်ချက်ပြတဲ့ ဟင်းလျာကိုစားပြီးလျှင် နှလုံးသားနဲ့ ခံစားပြီး

ချက်တာနဲ့ မချက်တာက ဘာကွာလဲဆိုတာ ကွဲကွဲပြားပြား သိလာရလိမ့်မယ်”

All Chapters