← Chapters

ငါ့ဆီက ဟင်းချက်သင်ချင်လား

Vol. 16 Ch. 215

ငါ့ဆီက ဟင်းချက်သင်ချင်လား

Vol. 16 Ch. 215

“ညီလေးဖန့်..မင်းကဟင်းချက်တတ်တယ်လား”

ဝမ်ချုံးက ဖန့်ကြွယ်ယွီနှင့် သိကျွမ်းခဲ့ရသည်မှာ တစ်နှစ်နီးပါးရှိသည်ဆိုသော်လည်း သူဟင်းချက်တာကိုတစ်ခါမှ မမြင်ဖူးပေ။

“ငါက ပညာအတော်များများ သိတယ်လေ..”

“ဟုတ်ပါပြီ။ ဒါဆိုလည်း မင်းဟင်းချက်တာကို ကြည့်ရသေးတာပေါ့”

ဝမ်ချုံးတောင်မှ သူ၏ စကားလုံးများနှင့် ပတ်သက်ပြီး အံ့ဩတကြီးဖြစ်ရသည်။

“သူဌေးကျိုးရဲ့ မီးဖိုချောင်ကို ခဏသုံးမယ် ရတယ်မလား”

“ဒါပေါ့ ရတာပေါ့ဗျာ။ ကျွန်တော်လည်း မစ္စတာဖန့်ရဲ့ ဟင်းချက်အစွမ်းတွေက ပြောထားတဲ့အတိုင်းတကယ်ဟုတ်မဟုတ်ဆိုတာ သိချင်လို့ပါ”

ကျိုးပင်းက ဖန့်ကြွယ်ယွီ၏ လက်ကိုတစ်ချက်လှမ်းကြည့်သည်။

လက်မှာ ဘာဒဏ်ရာဒဏ်ချက်မှမရှိသဖြင့် ဟင်းချက်နေကျလူမဟုတ်ဘူးဆိုတာ တပ်အပ်ပြောနိုင်သည်။ အကယ်၍ သူက ဟင်းချက်တတ်ပါစေဦးတော့ သူ၏ဟင်းချက်လက်ရာက အရမ်းကောင်းလိမ့်မည်မဟုတ်ပေ။

ဒါ့အပြင် ဖန့်ကြွယ်ယွီက ဘီလီယံနာတစ်ဦးဖြစ်တာမို့ ကိုယ်ပိုင်စားဖိုမှူးရှိသည်။ သူ့လိုမျိုးလူက ဟင်းချက်တတ်သည်ဆိုတာ ပုံပြင်သဖွယ်ဖြစ်နေသည်။ သူ၏ဟင်းပွဲများထက် အရသာပိုပြီးထူးကဲအောင် ချက်နိုင်သည်ဆိုသော ဖန့်ကြွယ်ယွီ၏ စကားကို မယုံပေ။

လင်းရှန့်စားသောက်ဆိုင်၏ မီးဖိုဆောင်သည် အလွန်သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသည်။ဆိုင်မှာ ဧည့်သည်အကျဆုံး အချိန်ဖြစ်နေတာမို့ မီးဖိုဆောင်က စားဖိုမှူးများဖြင့် ပြည့်နှက်နေသည်။

စားဖိုမှူးများ၏ ဟင်းသီးဟင်းရွက်လှီးဖြတ်ပုံကလည်း သာမန်စားဖိုမှူးများနှင့် မတူနေဘဲ ထူးခြားနေတာကို ဖန့်ကြွယ်ယွီသတိထားမိသည်။

ကျိုးပင်းက တခြားစားဖိုမှူးများနှင့် အတူတူ မချက်ပေ။ သူ့မှာ ကိုယ်ပိုင်မီးဖိုဆောင်ရှိသည်။ သူအသုံးပြုသောကတ်ကြေး၊ ဓားနှင့် အိုးခွက်များကလည်း သူ့အတွက်သီးသန့် ထုတ်ပေးထားသော အရာများဖြစ်သည်။

“အဆင်ပြေမယ်ဆို မစ္စတာဖန့် ဟင်းချက်တာကို ဘေးနားကနေကြည့်လို့ရမလား”

“ရတာပေါ့။ သူဌေးကျိုး စိတ်ဝင်စားတယ်ဆို ကြည့်ပါဗျာ”

ဖန့်ကြွယ်ယွီက မီးဖိုဆောင်ကိုတစ်ချက်အကဲခတ်ကြည့်သည်။ ပစ္စည်းကိရိယာအစုံအလင်ရှိသဖြင့် ကျိုးပင်းက ပရော်ဖက်ရှင်နယ်စားဖိုမှူးတစ်ဦးပီသပေသည်။

“ခင်ဗျားချက်ခဲ့တဲ့ ငါးဟင်းလျာကိုပဲ ကျွန်တော်ပြန်ချက်ပြမယ်ဆိုရင်ရော ဘယ်လိုလဲ အဆင်ပြေလား”

“လုပ်ပါခင်ဗျာ သိပ်ရတာပေါ့”

ဖန့်ကြွယ်ယွီပြောသည့် နှလုံးသားဖြင့် ချက်ပြုတ်ခြင်းက ရလာသည့် ဟင်းပွဲ၏ အရသာကို ကျိုးပင်းက မြည်းစမ်းချင်သည်။

တကယ်တော့ ဖန့်ကြွယ်ယွီက ကျိုးပင်းကို ပြသနာရှာတာလည်း မဟုတ်သလို ပညာပြချင်တာလည်းမဟုတ်ပေ။ ကျိုးပင်းက ပါရမီပါသူမို့ သူ၏ နတ်ဘုရားအကယ်ဒမီမှာ တက်ရောက်စေလိုသည်။ ထို့ကြောင့် ကျိုးပင်းကို ကျောင်းသို့ဝင်ရောက်စေရန် သူ၏အရည်အချင်းများ ထုတ်ပြပြီး ဆွဲဆောင်ရမည်။

“သေချာကြည့်နော်” ဖန့်ကြွယ်ယွီက ကန်ထဲက ငါးကို လှမ်းယူသည်။

“စုပ်ယူလက်ဝါး”

အတွင်းအားခပ်ပြင်းပြင်းတစ်ခုက သူ၏လက်ဖဝါးထံမှ ထွက်လာသည်။ ကန်ထဲမှာ ကူးလူးသွားလာနေသော ငါးသည် သူ၏ လက်ထဲမှာ မလွတ်တော့ပေ။

“သူက သာမန်လူတော့ မဟုတ်ဘူးပဲ”

ကျိုးပင်း၏ အမူအရာပြောင်းလဲလာသည်။ ကျိုးပင်းက ထိုနည်းကိုအသုံးပြုလျှင်တောင် ဖန့်ကြွယ်ယွီလောက် မကျွမ်းကျင်နိုင်ပေ။ဖောဘိစ်အချမ်းသာဆုံးပုဂ္ဂိုလ်သည် တကယ်တော့ ထိပ်သီး သိုင်းသမားတစ်ဦးဖြစ်နေသည်။

သူက ထိုနည်းအတိုင်းပင် ဓားကိုလှမ်းယူသည်။

“အဖော်မဲ့ဓားသိုင်း”

သာမန်မီးဖိုချောင်သုံး ဓားတစ်လက်သည် သူ့လက်ထဲတွင် အစွမ်းထက် မှော်ဝင်လက်နက်တစ်ခုသဖွယ်ပြောင်းလဲသွားသည်။ ငါး၏ အသားကို မထိစေဘဲ ငါးအကြေးခွံများ ကို ဖြည်းဖြည်းချင်း ဖယ်ပစ်သည်။

“ဘုရားရေ။ သူက အဖော်မဲ့ဓားသိုင်းကိုသုံးပြီး ငါးအကြေးခွံခွါနေတာလား”

သာမန်ပုဂ္ဂိုလ်ဖြစ်သော ဝမ်ချုံးတောင်မှ သူ၏ နည်းလမ်းများက ဆန်းကြယ်တာကို သိလာရသည်။

ကျိုးပင်းက အံ့အားအသင့်ဆုံးဖြစ်သည်။ ဖန့်ကြွယ်ယွီ၏ ဓားသိုင်းက တိကျသည်။ သူ၏ အမြင်စူးရှမှုကို သာမန်သိုင်းသမားများတောင်မှ မယှဉ်နိုင်ပေ။

ငါးအကြေးခွံများအားလုံးကုန်စင်သွားသည့်တိုင်အောင် ငါးသည် အသက်ရှင်နေသေးသည်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များသည် ဖန့်ကြွယ်ယွီ၏ ဓားချက်အောက်တွင် ညီတူမျှတူအပိုင်းလေးများ ဖြစ်ကုန်ကြသည်။

ဖန့်ကြွယ်ယွီ၏ ဓားကိုင်သည့်ပုံစံက မြန်ဆန်သော်ငြား သုံးနေကျနည်းလမ်းများကိုသာ

အသုံးပြုနေခြင်းဖြစ်သည်။

နီညိုရောင်ဆော့စ်ကို ပြင်ဆင်သောအခါ မွှေးကြိုင်သောဟင်းရနံ့က မီးဖိုဆောင်တစ်ခွင်ပျံ့နှံ့သွားသည်။

ဖန့်ကြွယ်ယွီက ငါးကို ဟင်းအိုးထဲမထည့်ခင်မှာ ငါးအသားထဲကို အတွင်းအားများစုပြုံထည့်လိုက်သည်။ မာတောင့်နေသော အသားများသည် ပုံစံမပျက်ဘဲ ချက်ချင်းနူးညံ့လာသည်။ ဆော့စ်နှင့်အသားပေါင်းစပ်သောအခါ ဖြစ်လာသောဟင်းပွဲ၏ အရောင်အဆင်းသည် ဝမ်ချုံးကို ဗိုက်ဆာလာစေသည်။

သူတို့နှစ်ဦး၏ စိတ်ဝင်တစားကြည့်ရှုနေမှုအောက်တွင် ဟင်းပွဲက အသင့်ဖြစ်သွားသည်။ ဝမ်ချုံးက တူကို အလျင်အမြန်ယူပြီး ဟင်းပွဲကို မြည်းစမ်းကြည့်သည်။

“ဘာလို့လောနေရတာလဲ..အကိုဝမ်”

ငါးက ပါးစပ်ထဲရောက်သွားသည်နှင့် ဝမ်ချုံး၏ အမူအရာများပြောင်းလဲကုန်သည်။ ဟင်းပွဲမှာ ငါး၏ ညှီနံ့ကိုမရဘဲ လတ်ဆတ်ပြီး အရသာကောင်းမွန်သည်။

“အရသာက ကောင်းလှချည်လားကွ”

ဝမ်ချုံး၏ ပုံစံကိုမြင်ရသောအခါ ကျိုးပင်းလည်း အရသာကို မမြည်းစမ်းဘဲ မနေနိုင်တော့ပြီ။ဟင်းပွဲကို မြည်းကြည့်ပြီးသောအခါ သူ့ပုံစံက ဝမ်ချုံးလိုပဲဖြစ်သည်။ ဟင်းပွဲမှာ သူ၏ အမြင်၊ အထိအတွေ့နှင့် အကြား စသည့် အာရုံခံစားမှုကို သက်ရောက်စေသော မှော်အစွမ်းရှိသည်ဟုပင်ထင်ရသည်။

လူတစ်ဦးတစ်ယောက်၏ အရသာအာရုံခံစားမှုကို အောင်နိုင်ပါက ကျွမ်းကျင်စာဖိုမှူးဖြစ်ပြီး အမြင်နှင့် အခြားအာရုံခံစားမှုများကို ပြောင်းလဲနိုင်ဖို့က စားဖိုမှူးတစ်ဦး၏အိမ်မက်ဖြစ်သည်ဟု သူ့ဆရာမှာခဲ့သည်ကို ကျိုးပင်းအမှတ်ရမိသည်။ အခုတော့ ထိုကဲ့သို့ ပြောင်းလဲနိုင်သည့်လူကို သူတွေ့ဖူးခဲ့ပြီ။

“ဘယ်လိုလဲ ထူးခြားတယ်လို့ထင်လား”

ဖန့်ကြွယ်ယွီက ကျိုးပင်းကိုမေးသည်။ ဟင်းချက်သည့်နေရာမှာ နှလုံးသားဖြင့် ချက်ပြုတ်သည်ဆိုတာက စကားလှအောင်ပြောရခြင်းဖြစ်သည်။ အမှန်တော့ ကိုယ်အသုံးပြုလိုက်သည့် စွမ်းအားက ဟင်းလျာအပေါ် သက်ရောက်သွားခြင်းဖြစ်သည်။

သို့သော် ထိုကဲ့သို့အဆင့်ကို တက်လှမ်းနိုင်ဖို့ သိုင်းပညာအခြေခံနှင့် စိတ်ပါလက်ပါ သင်ယူလိုစိတ်လည်းရှိ ဖို့လိုအပ်ပေသည်။

ကျိုးပင်းက သူ့ကို လေးစားသောအကြည့်ဖြင့်လှမ်းကြည့်နေသည်။

“မင်းသင်ချင်လား”ဟု ဖန့်ကြွယ်ယွီက မေးသည်။

“ဟုတ်ကဲ့ သင်ချင်ပါတယ်” ဟု ကျိုးပင်းက မဆိုင်းမတွပြန်ဖြေသည်။

ဖန့်ကြွယ်ယွီက အသက်ပိုငယ်သော်လည်း ပိုပြီးအရည်အချင်းရှိသူကို လေးလေးစားစားဆက်ဆံကြသည်။

“ဒါဆိုလည်း သင်ပေးရတာပေါ့”

ဖန့်ကြွယ်ယွီက ကျိုးပင်း၏ မျက်ဝန်းထဲက အကြည့်များကို ကောင်းကောင်းနားလည်သည်။

သေချာတာတော့ သူ၏ ကျောင်းအတွက် နောက်ထပ်ကျောင်းသားတစ်ဦးရလာတော့မည်။

All Chapters