ငါ့ကိုပိုက်ဆံပေး
Vol. 16 Ch. 217
“ဟုတ်ကဲ့ပါ ဆရာ”
ရန်ချီလည်း သူ့ဆရာစကားကို တသွေမတိမ်းနားထောင်ပြီး ဓားကို ဆွဲယူလိုက်သည်။ ထိုအချိန်မှာ ဖန့်ကြွယ်ယွီ၏ မျက်ဝန်းထဲမှ အေးတိအေးစက်အရိပ်အယောင်များပေါ်လာသည်
“ဟေ့..ငါတို့က ဥပဒေနဲ့ စောင့်ရှောက်ထားတဲ့လူ့အသိုင်းအဝိုင်းထဲမှာနေနေတာ။ မင်းတို့ရဲ့ဓားတွေကို တားမြစ်ထားတာ မသိကြဘူးလား။ ငါက ရဲကိုလှမ်းတိုင်မယ်ထင်နေလား” ဟု ဖန့်ကြွယ်ယွီက အော်သည်။
“စကားများလိုက်တာ”
ရန်ချီက ရှေ့ကိုတက်လိုက်ပြီး ဓားကို အသားကုန်ရမ်းသည်။ စူးရှသော ဓားချက်က ဖန့်ကြွယ်ယွီ၏ ဘေးမှ ဖြတ်သွားသည်။
အိမ်တံခါးသည် နှစ်ပိုင်းပြတ်ထွက်သွားပြီး မြေပြင်ပေါ်တွင် ထင်ရှားသောအမှတ်အသားတစ်ခုပါ ကျန်ရစ်ခဲ့သည်။
ရန်ချီသည် အလတ်အလတ်အဆင့် သိုင်းသမားဆိုသော်ငြား ထိုအကွက်သည် ကူးချန်ဂိုဏ်း သိုင်းကွက်ဖြစ် သည်။ထိုသိုင်းကွက်သည် သတ္တမအဆင့်ဖြစ်ပြီး သိုင်းလောကဂိုဏ်းများအကြား အဆင့်မြင့်သိုင်းကွက်တစ်ခုအဖြစ် သိကြသည်။
အတွင်းအားကောင်းသော သိုင်းဆရာများက သစ်သားတံခါးမဆိုထားနှင့် သံမဏိတံခါးကိုတောင် ဖွင့်နိုင်သည်။ ထိုအကွက်နှင့်ပင် အားလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည်။ ထိုအကွက်ကို လူကုံထံအသိုင်းအဝိုင်းကို ခြိမ်းခြောက်ရန် အသုံးပြုကြသည်။
“ဒါက သတိလာပေးတာ။နောက်သုံးရက်ကျရင် ငါတို့ပြန်လာမယ်။ ငါတို့ တောင်းတဲ့ပမာဏကို မပြင်ထားရင် အဲ့အချိန်ကျ ဒီဓားဖြတ်မဲ့အရာက တံခါးမဟုတ်တော့ဘူး”
“မင်းတို့ကများ”ဖန့်ကြွယ်ယွီက ဒေါသထွက်သဖြင့် အသားများပင် တဆတ်ဆတ်တုန်နေသည်။ ကူးချန်ဂိုဏ်း၏ လူများကတော့ သူတို့ကိုကြောက်လို့ တုန်ရီနေတာဟု ထင်ကြပေမည်။
“မင်းဘာသာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ငါတို့အတွက်တော့ မင်းက ပိုက်ဆံရမယ့် ငွေတွင်းတစ်တွင်းထက်မပိုဘူး”
အမှန်တော့ တရုတ်ပြည်တွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရှိသည်ဆိုသော သတင်းကိုကြားမိပြီး အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရသည်။များသောအားဖြင့် တရုတ်သူဌေးအတော်များများက နိုင်ငံခြားမှာနေကြသည်။
သူတို့လိုမျိုး သိုင်းလောကဂိုဏ်းတစ်ခုက နိုင်ငံခြားမှာရှိနေလျှင် သူတို့အနေဖြင့် လက်လှမ်းမမီပေ။ ဒီတစ်ခါမှာတော့ သူတို့သည် မာထန်ဆီက ၂၀ဘီလီယံရလိုက်သည်။ သူတို့က ဖန့်ကြွယ်ယွီဆီကလည်း ရနိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
“ဟေ့…မင်းတို့ ငါ့အိမ်တံခါးကိုချိုးလိုက်တယ်။ လျော်ကြေးမပေးဘဲ ဒီကထွက်ဖို့မကြံနဲ့”
မနက်စောစောစီးစီးနိုးလာပြီး သူတို့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ဒါတင်မကသေးဘဲ သူ၏ အိမ်တံခါးကို ဖျက်ဆီးသေးသည်။ သူ၏ အိမ်ကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရနိုင်သော ဇရပ်တစ်ခုဟုများ ထင်နေကြသလား။
“ပြန်လျော်ရမယ်ဟုတ်လား” သူတို့က ရယ်စရာကောင်းသော စကားစုကိုကြားလိုက်ရသလို ခံစားမိသည်။
သူတို့က အမြဲလိုလို ကား သို့ အိမ်စသည့်တန်ဖိုးကြီးပစ္စည်းများကို ဖျက်ဆီးနေကျဖြစ်သည်။
သို့သော် ဘယ်သောအခါမှ လျော်ကြေးဆိုသောစကားကို မကြားဖူးပေ။
“ဟုတ်တယ်။ငါ့အိမ်ရဲ့ တံခါးက ကျွန်းနဲ့ပြုလုပ်ထားတာ။ နာမည်ကြီး လက်မှုပညာရှင်က ဖန်တီးပေးထားတာ။ တံခါးတန်ဖိုးက ဒေါ်လာ ခြောက်သိန်းတန်တယ်ကွ။ မင်းတို့ဒီက မထွက်သွားခင် အရင်လျော်သွား”
“ကဲ ပြီးတော့ ငါ့ကို မနက်စောစောစီးစီး စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တာ။ အဲ့အတွက် ရတဲ့စိတ်ဒဏ်ရာလျော်ကြေးပေးသွား။ ငါ့ကို ဒေါ်လာတစ်သန်းလျော်ကြေးပေး”
“ဘာ။ မင်းကို စိတ်ရှုပ်အောင်လုပ်မိလို့ လျော်ကြေး လေးသိန်းပေးရမယ်ဟုတ်လား။မင်းရူးနေလား”
ကူးချန်ဂိုဏ်းက လူသုံးဦးက ဟက်ဟက်ပက်ပက်ရယ်မောကြသည်။
“ငါပြောတာရယ်စရာပါလား”
ဖန့်ကြွယ်ယွီက သူတို့ကိုမျက်မှောင်ကြုံ့ပြီးကြည့်သည်။
“တစ်ခါတုန်းက ငါ့ကို စိတ်ရှုပ်အောင်လုပ်လို့ ဆိုင်းလုခ်နိုင်ငံက မင်းသားကို လျော်ကြေးအနေနဲ့ ဘီလီယံပေါင်းများစွာတောင်းခဲ့တယ်။သူတို့က ဘာမှစောဒကမတက်နိုင်ဘူး”
“ငါတို့က သွားမယ်ကွာ။ မင်းဘာဖြစ်ချင်လဲ။ မင်း ရဲကို တိုင်ချင်သပဆိုလည်းတိုင်။ သိုင်းလောက အရေးအခင်းတွေကို သူတို့ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
“ငါက မသွားရဘူးဆို မင်းတို့သွားလို့မရစေရဘူး”
ဖန့်ကြွယ်ယွီက အိမ်ဘေးနားက ပန်းခြံထဲသွားပြီး သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူသည်။ တစ်ခဏလေးအတွင်းမှာ ထိုသစ်ကိုင်းခြောက်က အလွန်ထက်သော ဓားတစ်ချောင်းသဖွယ် ဖြစ်သွားသည်
“ဟမ် သူကလည်း သိုင်းတတ်တာပဲလား”
ထိုအတွေးက သူတို့သုံးဦး၏ စိတ်ထဲတွင် တစ်ပြိုင်ထဲဆိုသလို တွေးမိကြသည်။
သူတို့၏ ပြန်ရာလမ်းတွင် ဖန့်ကြွယ်ယွီကရောက်နေသည်။ သူ၏ အလျင်က မြန်ဆန်လွန်းသဖြင့် ဂိုဏ်းခေါင်းဆောင် ကူးတုံတောင်မှ မဖမ်းနိုင်ပေ။
“လုပ်ကြစမ်း”
သူတို့က ဖန့်ကြွယ်ယွီကို ခြိမ်းခြောက်ရန် လာခဲ့သည်။ သို့သော် သူက သာမန်လူမဟုတ်ဘူးဆိုတာ တစ်ခါမှ မတွေးဖူးပေ။ သူတို့နောက်တစ်ကြိမ်ထပ်လာလည်း သူက ဆက်ကြေးကို လွယ်လွယ်နှင့်ပေးမည့်ပုံမပေါ်ပေ။
“ဝှစ် ဝှစ်”
တပည့်နှစ်ဦးက ဓားကိုယ်စီကိုင်လျက် သူ့ထံပြေးဝင်လာသည်။
“ဖြိုခွင်းဓားသိုင်း”
ဖန့်ကြွယ်ယွီက သူတို့နှစ်ဦး၏ ဓားရှည်များကို ပြန်လည်ခုခံသည်။ ဓားသွားများထက်တွင် အတွင်းအားများ လျှံထွက်နေသည်။
ဓားရှည်နှစ်ချောင်းက သူတို့လက်မှ လွတ်ထွက်သွားသည်။ သူတို့၏ လက်ကောက်ဝတ်ကျိုးသံများတောင် ကြားလိုက်ရသည်။
ဖန့်ကြွယ်ယွီကသစ်ကိုင်းခြောက်ဓားဖြင့် ထိုလူနှစ်ဦးကို လွင့်စင်ထွက်သွားစေသည်။
“တော်လှချည်လား”
ကူးတုံတောင်မှ အံ့အားသင့်ရသည်။ ကူးချန်ဂိုဏ်းသည် အားပြင်းပြီး မြန်ဆန်သောဓားချက်ကြောင့် နာမည်ကြီးသည်။ သူ့တပည့်နှစ်ဦးက အရမ်းမတော်သော်လည်း သူတို့က ဒီဓားသိုင်းကို သုံးနေသည်မှာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီဖြစ်သည်။ သူတို့၏ ဓားသိုင်းက လျင်မြန်ပြီး တိကျသည်ဟုဆိုနိုင်သည်။
ဖန့်ကြွယ်ယွီက ဘာလို့ဒီလောက် ယုံကြည်ချက်ရှိနေလဲဆိုသည့် မေးခွန်း၏ အဖြေကို အခုမှပင်နားလည်တော့သည်။သူ့မှာ သူမတူသော အရည်အချင်းများရှိနေသောကြောင့်ဖြစ်သည်။
“မစ္စတာဖန့်က အရမ်းတော်နေလို့ ငါတို့ကူးချန်ဂိုဏ်းကို ပြန်ပြောရဲတာပေါ့”
ကူးတုံက သူ့တပည့်နှစ်ဦးကို လှမ်းကြည့်သည်။
ဖန့်ကြွယ်ယွီက မျက်ခုံးတစ်ဖက်ကိုပင့်ပြရင်း”ငါက မင်းတို့ကိုဘာလို့ ကြောက်နေရမှာလဲ။ တန်လို့လား”
“ဟုတ်ပြီ။ ဒီတစ်ကြိမ်တော့ ငါတို့ရှုံးတာ လက်ခံပါတယ်။”
ဖန့်ကြွယ်ယွီ၏ အစွမ်းကိုမြင်ရသောအခါ သူ့မှာ ဖန့်ကြွယ်ယွီကို နိုင်အောင်တိုက်ခိုက်နိုင်သည့် အစွမ်းရှိပါ့မလားဆိုတာ ကိုယ့်ကိုကိုယ် သံသယဝင်လာမိသည်။
သူ့ကို အနိုင်ရဖို့ သိုင်းကညာဂုရုကြီးများနှင့် သိုင်းပါရမီရှင်များသာ တတ်စွမ်းနိုင်တော့မည်။
“ဟေး..မင်းတို့ ငါပြောတာနားမလည်ဘူးလား။ ငါ့တံခါးကိုဖျက်စီးတာရော ငါ့ကို စိတ်အနှောင့်အယှက်ပေးတာရောအတွက် လျော်ကြေးပေး။ မင်းတို့ ထွက်သွားရင် ဒါ ငါ့ကို မလေးမစားလုပ်တာပဲ”
“အားကော…”
“ဝုတ် ဝုတ် ဝုတ်”
ဖန့်ကြွယ်ယွီခေါ်လိုက်သောအခါ အားကောက သူ့ဘေးနားကိုချက်ချင်းရောက်လာသည်။
လများစွာကြာပြီးနောက် အားကောသည် golden retriever ခွေးကြီးတစ်ကောင်နီးပါး ဖြစ်လာသည်။
“အားကော တံခါးဝမှာစောင့်နေလိုက်။ ဒီလူတွေ လျော်ကြေးမပေးဘဲနဲ့အိမ်က မထွက်စေနဲ့”
“ဝုတ် ဝုတ် ဝုတ်”
“ငါတို့က မင်းကို မယှဉ်နိုင်ဘူးထင်နေလား” စော်ကားပြောဆိုမှုများကို သည်းမခံနိုင်သော ကူးတုံသည် နောက်ဆုံးတွင် ဓားကို ဆွဲပြီးထွက်လာသည်။
သူက ခေါင်းဆောင်ဖြစ်တာမို့ မတိုက်ခိုက်ရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။သို့သော် သူ၏ ဓားသိုင်းများက ယခင်လို ကောင်းမွန်နေဆဲဖြစ်သည်။
“မင်းက ငါ့ကို တွန်းအားပေးနေတာပဲ”