ဆက်ကြေးဟုတ်လား…အကုန်ရှင်းပစ်
Vol. 16 Ch. 218
ကူးတုံက ဓားကို ဆွဲကိုင်သောအခါ သူ၏ပုံစံက ချက်ချင်းပြောင်းလဲသွားသည်။ သူသည် ဓားသိုင်းကို နှစ်ပေါင်းသုံးဆယ် ကျင့်ခဲ့သူဖြစ်သည်။
“ငါက လူကြီးဖြစ်နေပြီး ကိုယ့်ထက်ငယ်တဲ့သူကို အနိုင်ကျင့်တယ်လို့တော့ မပြောနဲ့။မြေပြင်မှာကျနေတဲ့ ဓားကိုကောက်လိုက်ပါ”
ကူးတုံက ချက်ချင်းမတိုက်ခိုက်သေးပေ။ အကယ်၍ ဖန့်ကြွယ်ယွီက သစ်ကိုင်းခြောက်ဖြင့် သူ့ကို ခုခံပါက အရှုံးအနိုင်မမျှတဘူးဟု ထင်ကြပေမည်။
သိုင်းလောကဂိုဏ်းသားများအတွက် ဂုဏ်သိက္ခာကအရေးကြီးဆုံးဖြစ်တာကို ဝန်ခံရပေမည်။
“မလိုပါဘူး။ ခင်ဗျားကို ဓားပါသည်ဖြစ်စေ မပါဘူးဖြစ်စေ အသာလေးနိုင်တယ်”
ဖန့်ကြွယ်ယွီက ယုံကြည်ချက်ရှိရှိပြောလိုက်သည်။
လွန်ခဲ့သောလများက သူသင်ခဲ့သော ဓားသိုင်း ခုနှစ်ခု ရှစ်ခုသည် သိုင်းပညာအဆင့်အရဆို သတ္တမအဆင့်ထက်မလျော့နေပေ။ သူ၏ မြင့်မားသော နားလည်နိုင်စွမ်းနှင့် ဆရာများ၏ သင်ပြမှုကြောင့် ဓားသိုင်းတစ်ခုချင်းစီက အလွန်ကောင်းမွန်သည်။
“ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးသကိုး”
ကူးတုံ၏ ဓားရှည်က သာမန်ဓားတစ်လက်မဟုတ်ပေ။ သူ၏ ဓားကို ပညာရှင်များက နှစ်ပေါင်းများစွာအချိန်ယူပြီး ဖန်တီးခဲ့သည်။ သူ၏ ဓားသည် သံမဏိကို ရွှံ့သဖွယ် အသာလေး ဖြတ်တောက်နိုင်သည်။
ကူးတုံက ဖြည်းဖြည်းချင်း ဖန့်ကြွယ်ယွီ၏ အနားကိုချဉ်းကပ်သွားသည်။ ကူးချန်ဂိုဏ်း၏ သိုင်းကွက်သည် အလျင်ကြောင့် နာမည်ကြီးသည်။ ဖန့်ကြွယ်ယွီက သိုင်းပညာတော်သည်ဆိုသော်လည်း ယှဉ်ချရသည့် အတွေ့အကြုံသိပ်မရှိပေ။ ထို့ကြောင့် ကူးတုံ၏ သိုင်းကွက်များကြောင့် သူက အနောက်ကို ခြေလှမ်းသုံးလှမ်းစာဆုတ်လိုက်ရသည်။
ကူးတုံ၏ ဓားချက်များက အဓိကနေရာများကိုပစ်မှတ်ထား တိုက်ခိုက်သည်။ဖန့်ကြွယ်ယွီက ထွက်ပြေးတိမ်းရှောင်ရင်း ပင်ပန်းနွမ်းနယ်လာသည်။ တဖြည်းဖြည်းနှင့် သူသည် ဒေါသထွက်လာသည်။
“ခင်ဗျားက ဒီအကွက်ကို ထုတ်သုံးမှတော့ ငါလည်း အဲ့အကွက်အတိုင်းပဲသုံးရတော့မှာပေါ့”
ဖန့်ကြွယ်ယွီက ခုခံသည့်အနေအထားမှ တန်ပြန်တိုက်ခိုက်သည့် အနေအထားကို ပြောင်းလိုက်သည်။
သူ့လက်ထဲတွင်ကိုင်ထားသော သစ်ကိုင်းခြောက်က ဓားအစွမ်းများကို အုံလိုက်ကျင်းလိုက် ပြသနေသယောင် ထင်မိသည်။ကူးတုံက သူ၏ ဓားချက်များအောက်တွင် တဖြည်းဖြည်းပြန်လည်ဆုတ်ခွါလာသည်။
“ဒါက ဘာသိုင်းပါလိမ့်”ကူးတုံက နားမလည်နိုင်အောင် ဖြစ်နေမိသည်။
ခုနလေးတင် ဖန့်ကြွယ်ယွီသည် ကစဉ့်ကလျား ခုခံနေရသည်။ ချက်ချင်းဆိုသလို သူက တခြားလူလို ပြောင်းလဲသွားပြီး ကူးချန်ဂိုဏ်း၏ ဓားသိုင်းများထက်တောင် သူ၏ ဓားသိုင်းများက မြန်ဆန်နေသည်။
ဒါတင်မကသေးဘဲ ဖန့်ကြွယ်ယွီ၏ အတွင်းအားက သူ့ထက်သာလွန်သည်။ထိုအတွင်းအားနှင့်ဆို ရိုးရိုးသစ်ကိုင်းခြောက်တစ်ခုသည် သံမဏိကဲ့သို့ မာကျောပေသည်။
“သန့်စင်ဝိဥာဉ်ဓားသိုင်း””အံ့ဖွယ်ဓားရှစ်ချောင်းသိုင်း”
“ခင်ဗျား ကြားရောကြားဖူးရဲ့လား”
“အံ့ဖွယ်ဓားရှစ်ချောင်းသိုင်းဟုတ်လား”
“ငါတစ်ခါမှ မကြားဖူးဘူး”
“ကဲ မသိဘူးဆိုတော့ သိအောင် လုပ်ပေးရမှာပေါ့”
ချက်ချင်းဆိုသလို သူ၏ တိုက်ကွက်များက ယခင်အကွက်များနှင့် မတူတော့ပေ။
“ဟာကွာ..ငါတို့ဆရာက ဒီကောင်ရဲ့ ဓားသိုင်းကိုမှ မနည်းနိုင်အောင်လုပ်နေရတယ်”
ကူးတုံက ထိုကဲ့သို့ အရေးနိမ့်နေသည့်ပုံစံကို တစ်ခါမှ မမြင်ဖူးပေ။ ဖန့်ကြွယ်ယွီ၏ ဓားချက်က မြန်ဆန်လွန်းသဖြင့် သဲသဲကွဲကွဲ မမြင်ရပေ။
“ဆရာ့ကိုကူကြရအောင်”
သူတို့နှစ်ဦးလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဓားကို ကောက်ကိုင်ကြသည်။
သို့သော် ထိုအချိန်မှာ ခွေးနက်တစ်ကောင်က သူတို့ကို ပိတ်ဆို့လိုက်သည်။
“လမ်းဖယ်စမ်းကွာ”
ရန်ချီက ခွေးကိုကန်ဖို့ ဟန်ပြင်သော်လည်း ခွေးက အသာလေးရှောင်တိမ်းနိုင်သည်။ ခွေးက သူတို့ကိုကြောက်သည့်ပုံ အရိပ်အယောင်တောင်မမြင်ရပေ။
သူတို့ကို ခွေးတစ်ကောင်ကတောင် ပမာမခန့်ပြုလုပ်နေသည်။
သူတို့ကဒေါသတကြီးဖြင့် ဓားကိုဆွဲထုတ်ပြီး ခွေးကို လိုက်ခုတ်သည်။
“ဝု”
ခွေးက သူ၏နောက်ခြေဖြင့် သူတို့ကို ပြန်လည်ခုခံသည်။ ခွေးအမွှေးနှင့် ထိမိသောအခါ သူတို့၏ ဓားများက ကျိုးသွားရသည်။
သူတို့အံ့ဩတကြီးဖြစ်နေစဉ် ခွေးက သူတို့၏ရင်ဝကို ကန်ပစ်သည်။ ခွေး၏ ကန်ချက်က ဝက်ဝံတစ်ကောင်၏ အင်အားဟုတောင် ထင်ရသည်။သူတို့ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး ခုခံနိုင်စွမ်းမရှိတော့ပေ။
သူ့တပည့်နှစ်ဦးက ခွေးကိုတောင် နိုင်အောင်မထိန်းနိုင်ဘူးဆိုတာ ကူးတုံက မယုံနိုင်အောင် ဖြစ်ရသည်။
“ငါ့အိမ်မှာ CCtVတပ်ထားတယ်။ ငါ့ခွေးက သူ့ကိုယ်သူကာကွယ်တာ။ အပြစ်တင်ဖို့ မကြိုးစားကြနဲ့”
ဖန့်ကြွယ်ယွီက အားကောကို ဆုချသည့်အနေဖြင့် အားဖြည့်ဆေးကို တိုက်သည်။
“ဒါက အားဖြည့်ဆေးပါလား”
ကူးတုံက ဗဟုသုတကြွယ်ဝသဖြင့် ထိုဆေးက အားဖြည့်ဆေးဆိုတာတန်းသိသည်။ ထိုဆေးမျိုးကို ခွေးကို တိုက်သည်ဆိုတာ သူ့ဘဝတစ်လျှောက်လုံးတစ်ခါမှ မကြားဖူးပေ။
ထို့ကြောင့် ခွေး၏ အမွှေးအမျှင်များက ဖျက်ဆီးရခက်ပြီး သူ၏ တပည့်နှစ်ဦးကို အသာလေးအနိုင်ရခြင်းဖြစ်သည်။
ကူးချန်ဂိုဏ်းမှာ ဒီဆေးကို လူတိုင်းမသောက်နိုင်ပေ။ ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့သာ တစ်လတွင် အားဖြည့်ဆေး ဝေစု အနည်းငယ်သာရရှိသည်။ မြောက်များစွာသော သိုင်းလောကဂိုဏ်းများတွင် ဆေးဖော်စပ်နိုင်သော သမားတော်ဟူ၍ သုံးဦးသာရှိပေသည်။
“ဒီကောင်လေးရဲ့ နောက်မှာတစ်ယောက်ယောက် ရှိရမယ်”
ဤသူဌေးသားလေးမှာ ထူးခြားဆန်းပြားသော အကြောင်းအရာများနှင့် ပြည့်နှက်နေသလို
ကူးတုံခံစားလိုက်ရသည်။ သူ့ကို သိုင်းပညာဂုရုကြီးက သင်ပေးနေတာများလား။
“ဟေး ခင်ဗျားတို့လျော်ကြေးပေးမှာလား မပေးဘူးလား။ အခုမပေးနိုင်ဘူးဆို နှစ်သစ်ကူးပြီးလျှင် ကူးချန်ဂိုဏ်းကို ရောက်အောင်လာပြီး လျော်ကြေးလာတောင်းမယ်”
ဖန့်ကြွယ်ယွီက ပိုက်ဆံတောင်းနေရသည်ကို စိတ်မရှည်ချင်တော့ပေ။
သူတို့လို ဂိုဏ်းကြီးတစ်ခုက ဒေါ်လာတစ်သန်းကိုတောင် မပေးနိုင်ကြဘူးလား။
“ဟေ့ကောင်လေး..ငါ့မှာ ဘာနည်းလမ်းမှမရှိဘူးလို့ ထင်နေတာလား”
ကူးချန်ဓားသိုင်းသည် ကူးချန်ဂိုဏ်းသားများအားလုံသိကြသော အခြေခံသိုင်းကွက်တစ်ခုဖြစ်သည်။ သို့သော် ကူးချန်ဂိုဏ်းမှာ အဓိကအဖွဲ့ဝင်များသာ သင်ခွင့်ရသော သိုင်းကွက်သုံးခုရှိသည်။
“ဪ ဝှက်ဖဲတွေ ထုတ်သုံးဦးမယ်ပေါ့”
ကူးတုံက ပိုပြီးအဆင်မြင့်သော သိုင်းကွက်များထုတ်သုံးတော့မည်ဆိုတာ ဖန့်ကြွယ်ယွီသိလိုက်ရသဖြင့် အသင့်အနေအထားဖြင့် စောင့်နေသည်။
“ချန်ရဲ့လှိုင်း”
ကူးတုံက သိုင်းကွက်ကိုထုတ်လိုက်သည်။ ထိုသိုင်းကွက်သည် ရန်ချီက တံခါးကိုဖျက်စီးစဉ်က သုံးခဲ့သောအကွက်ထက်ပိုပြီးပြင်းထန်သည်။ ဖန့်ကြွယ်ယွီ၏ မျက်နှာတွင် စပ်ဖျဉ်းဖျဉ်း ခံစားလာရသည်။
“ချန်ရဲ့လှိုင်းဆိုတော့ ငါ့ရဲ့ “ဟန်ရဲ့မိုးတိမ်” လိုပေါ့”
ဖန့်ကြွယ်ယွီက လေထဲတွင် ဝဲပျံနေပြီး သူ၏ဘေးပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ထွန်းလင်းနေသည်။ သူက စကြာဝဠာအရင်းမြစ်စွမ်းအင်ကို သုံးနိုင်သည့် သိုင်းပါရမီရှင် အဆင့်ကိုရောက်ခါနီးဖြစ်သည်။
“သူတော်စင်ဓားသိုင်း- ဓား နှစ်ဆယ့်သုံး”
ရွှေရောင်အလင်းတန်းက ရှေ့ကိုထွက်လာသောအခါ ကူးတုံ၏ဓားချက်သည် စက္ကူကဲ့သို့ ဖြစ်ပြီး သုံးမရတော့ပေ။
ဖန့်ကြွယ်ယွီ၏ အစွမ်းက သိုင်းပါရမီရှင်တစ်ဦးထက် သာလွန်နေတာကို ကူးတုံ သတိထားမိသည်။
ထိုသိုင်းကွက်သည် အဆင့်ကိုးအတားအဆီးကိုတောင် အသာလေးဖျက်စီးနိုင်သည်။
ဖန့်ကြွယ်ယွီ၏ သစ်ကိုင်းခြောက်က သူ၏ လည်ပင်းကို ထောက်ထားသည်။ ကူးတုံ၏ ဓားက တစ်စစီကျိုးပဲ့ကုန်ပြီး သူ့လက်ထဲမှာ ဓား၏လက်ကိုင်သာ ကျန်ခဲ့သည်။
“ငါက နိုင်ငံကြီးသားတစ်ဦးပါ။လူတစ်ယောက်ကို အကြောင်းမဲ့မသတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အကြောကိုပိတ်ထားတာမို့ နောက်သုံးရက်လောက်ထိအတွင်းအားသုံးနိုင်မှာမဟုတ်ဘူး”
ထိုသို့ပြောပြီး သူ့လက်ထဲက သစ်ကိုင်းခြောက်ကို လွှင့်ပစ်လိုက်သည်။
“ပိုင်ရှင် ဒီကောင်တွေ လျော်ကြေးပေးဖို့ ပိုက်ဆံလည်းရှိတဲ့ပုံမပေါ်ဘူး”
“ဘာပြောတယ်”
အစိတ်စိတ်အမွှာမွှာကျိုးပဲ့နေသော တံခါးကိုကြည့်ပြီး သူသည် လုံခြုံရေးကို ဖုန်းဆက်ခေါ်သည်။
“လုံခြုံရေးလား။ ဗီလာ အမှတ်တစ်ပိုင်ရှင်ပါ။ ငါ့အိမ်ထဲကို လူစိမ်းသုံးယောက်က ဓားတွေကိုင်ပြီးဝင်လာတယ်။ ဘယ်လိုလုပ်ပေးမှာလဲ”
တစ်ခဏအကြာမှာ လုံခြုံရေးအဖွဲ့ရောက်လာသည်။ ဓားကိုယ်စီကိုင်ထားသော လူသုံးယောက်ကို တွေ့လိုက်ရသည်။
ဗီလာအမှတ်တစ်ပိုင်ရှင်သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူသာတစ်ခုခုဖြစ်ပါက ဗီလာတစ်ခုလုံးနှင့် လုံခြုံရေးကုမ္ပဏီလည်း ဒုက္ခကြီးစွာရောက်ပေမည်။
“အနူးအညွတ်တောင်းပန်ပါတယ် မစ္စတာဖန့် ကျွန်တော်တို့ ပေါ့ဆမှုကြောင့် ဒီလူတွေ ဒီကိုရောက်လာတာပါ။ ဒါက ကုမ္ပဏီက စီမံခန့်ခွဲတာညံ့ဖျင်းလို့ပါ။ အဆင်ပြေရဲ့လားခင်ဗျာ”
“ရတယ် ငါက ဘာမှ မဖြစ်ဘူး။ သူတို့ကိုသာ ခေါ်ထုတ်သွားစမ်းပါကွာ”
“ဒါနဲ့ စကားမစပ်ပြောရဦးမယ်။ နှစ်သစ်ပြီးရင် မင်းတို့ဆီလာပြီး လျော်ကြေးလာယူမယ်။ ပိုက်ဆံအသင့်ပြင်ထား မဟုတ်ရင် အကုန်သေပြီသာမှတ်”
ဖန့်ကြွယ်ယွီက ထိုသို့ခြိမ်းခြောက်ကာ အိမ်ထဲပြန်ဝင်သွားသည်။
“မင်း…မင်း ဘာလုပ်မလို့လဲ”
သူတို့သုံးဦးလုံး ဒဏ်ရာရကုန်တာမို့ လုံခြုံရေးများကိုတောင် မခုခံနိုင်ပေ။
“သူဌေးက ပြောတယ် မင်းတို့ကို ဆွဲထုတ်သွားတဲ့”
“အွတ်”
“နောက်တစ်ခါ နတ်ဆရာလိုလိုဘာလိုလို ဝတ်ပြီးလာဦးမလား”
“အွတ်”
“ငါလိ ကူးချန်ဂိုဏ်းခေါင်းဆောင်ကို မင်းတို့ကများ”
“အွတ်”
“မင်းက ခေါင်းဆောင်မို့လို့ ထပ်ပြီးထိုးတယ်ကွာ။ နောက်တစ်ခါ ထပ်ပြီး လာရဲလာကြည့်။ မင်းတွေ့မယ်”