ရှုး..အေးဆေးနေပါရစေ
Vol. 16 Ch. 221
“အဘိုးပိုင်..မွေးနေ့ပွဲက နောက်တစ်နာရီလောက်ဆိုစတော့မယ်။ ဘာလို့ ဂန်ပြောင်းလဲခြင်းဆေးကို မသောက်သေးတာလဲ။ ကျွန်တော်တို့ အပြင်ကနေပြီးအဘိုးကိုစောင့်နေမယ်လေ”
ပိုင်ယုဟိုင်က အားနာမိသည်။ဖန့်ကြွယ်ယွီက အလယ်အလတ်အဆင့်သိုင်းပညာရှင်တစ်ဦးကိုတောင် အသာလေးအနိုင်ယူနိုင်သည်ဟု ပိုင်ရွှမ်တစ်ခါပြောဖူးတာကို အမှတ်ရမိသည်။ ဖန့်ကြွယ်ယွီက အပြင်ကနေစောင့်ပေးပါက သူ့အတွက် လုံခြုံလိမ့်မည်။
“ဒါဆို ငါ့ကိုခဏခွင့်ပြုပါဦး။ ခဏနေကျရင် မစ္စတာဖန့်တို့ကို သေချာလေး ဧည့်ခံပါ့မယ်”
ပိုင်ယုဟိုင်က ဆေးနှစ်လုံးကို ယူပြီး အခန်းထဲဝင်သွားသည်။
“ကူးရီ ဒီနေရာကို သေချာစောင့်ကြည့်ထားဦး။ ငါ့အတွက် စိတ်မပူနဲ့။ ငါ့ကို အန္တရာယ်ပေးမဲ့လူ ဒီနေရာမှာမရှိဘူး”
“ဟုတ်ကဲ့ သခင်လေး”
“ဟာ..ကူးရီလိုအနေအထားရဖို့ အတော်လေးကြိုးစားရဦးမှာပဲ”
ဖန့်ကြွယ်ယွီက သိုင်းပါရမီရှင်တစ်ဦးနီးပါး ဖြစ်နေသော်လည်း ကူးရီရှိနေမှုကို အာရုံမခံနိုင်သေးပေ။ သူတို့နှစ်ဦးကြားက ကွာခြားချက်က ကြီးမားနေသည်။
“ပိုင်ယို..ပေါ့ပေါ့ပါးပါးနေလို့ရမဲ့နေရာသွားကြစို့လေ။မင်းအဘိုးအတွက် စိတ်မပူပါနဲ့။ သူ့ကိုစောင့်ကြည့်ဖို့ ငါ လူတစ်ယောက်လွှတ်ထားပါတယ်”
ပိုင်ယိုက ဖန့်ကြွယ်ယွီ၏စကားများကို အကြွင်းမဲ့ယုံကြည်သည်။
“ဒါဆို မစ္စတာဖန့်တို့ကို သိုင်းလောကပြခန်းကို ခေါ်သွားမယ်။ လူတွေကတော့များနေလောက်တယ်”
သိုင်းလောကပြခန်းသည် ပိုင်မိသားစုအတွက် အရေးကြီးသောနေရာတစ်ခုဖြစ်သည်။ထိုနေရာတွင် ပိုင်မိသားစု၏ မျိုးဆက်သစ်များက ပညာဖလှယ်ကြသည်။
ပိုင်ယုဟိုင်၏ မွေးနေ့ကိုတက်လာသော မိသားစုဝင်အသီးသီးက သူတို့၏ မျိုးဆက်သစ်များကို ခေါ်လာကြသည်။
ယနေ့သည် မိသားစုအချင်းချင်း ပညာဖလှယ်ဆွေးနွေးနိုင်သော အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်သည်။ ထို့ကြောင့် သိုင်းလောကပြခန်းတွင် လူအပြည့်ဖြစ်နေသည်။
ပြခန်းမှ အတော်ဝေးဝေးနေရာမှပင် အခန်းတွင်း ဆူညံပွက်လောရိုက်သံများ နှင့် လက်ခုပ်တီးသံများကို အတိုင်းသားကြားနေရသည်။
လူကြီးများက သူတို့၏ ဂုဏ်သိက္ခာကြောင့် ပြိုင်ပွဲမပြိုင်ကြပေ။ လူငယ်များကသာ မိသားစုကိုကိုယ်စားပြုကာ ယှဉ်ပြိုင်ကြသည်။
“စိတ်ဝင်စားစရာပဲ”
ပွဲတက်လာသော မိသားစုများသည် ပိုင်မိသားစုနှင့် အနေအထားချင်းတူသည်။ထို့ကြောင့် လူငယ်များက အင်အားချင်းမျှနေပြီး တိုက်ခိုက်မှုက အဖြေမပေါ်နေပေ။
“ရှင်ရောမပြိုင်ချင်ဘူးလား”ဟု ကောရှင်းယွီကမေးသည်။
“ငါလား”
“ဒီကလူတွေက သာမန်သိုင်းပညာရှင်အဆင့်ထက် နည်းနည်းလေးပဲသာလွန်တာ။ ငါသာ ဝင်ပြိုင်မယ်ဆို သူတို့ကို အနိုင်ကျင့်တာဖြစ်နေမှာပေါ့။ရှင်းယွီကို ပြိုင်ခိုင်းတာမှ တော်ကာကျမယ်”
ရှင်းယွီ၏ လက်ရှိအနေအထားနှင့်ဆို သူတို့ဆယ်ဦးလောက်ကို အသာလေးအနိုင်ရနိုင်သည်။
“ပိုင်ယို..တိုက်ဆိုင်လိုက်တာ မင်းလည်း ဒီမှာရောက်နေတာပဲ”
ဖန့်ကြွယ်ယွီက လှည့်ကြည့်သောအခါ ခုနတုန်းက တွေ့ဖူးခဲ့သော လူဖြစ်နေတာကိုတွေ့ရသည်။
“ဒီလူရောက်လာပြန်ပြီ”
“ချင်းယွင်..ရှင်ဘာလို့ ခန်းမဆောင်ထဲမှာမနေတာလဲ။ ဒီပြိုင်ပွဲတွေကို ရှင်က တစ်ခါမှ လာမကြည့်ဖူးပါဘူး။ ရှင့်အနေအထားနဲ့ဆို ဒီလူတွေက ဘာမှမဟုတ်တာ”
“ထိုင်နေရာတာပျင်းလာလို့ ဟိုဟိုဒီဒီလျှောက်ကြည့်နေတာ”
“ဒါက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖန့်ကြွယ်ယွီ မဟုတ်လား။ ငါက ချင်းမိသားစုကပါ။ ချင်းယွင်လို့ခေါ်ပါတယ်။ အခုလိုတွေ့ရတာဝမ်းသာပါတယ်”
“မစ္စတာချင်းက ငါ့ကိုသိတယ်”
“ဟား ဒါပေါ့ဗျာ..ကမ္ဘာ့အချမ်းသာဆုံးလူကို မသိပဲနေပါ့မလား။ မစ္စတာဖန့် ဒီနှစ်အတွက် ထိန်းသိမ်းစောင့်ရှောက်ခ ပေးပြီးရဲ့လားဆိုတာ သိချင်ပါတယ်။ ငါတို့ ချင်း မိသားစုက သိုင်းလောကအဖွဲ့တွေကို ချုပ်ကိုင်ထားတာမို့ပါ။ အကယ်လို့ မစ္စတာဖန့်က ကြေးကို နည်းနည်းပါးပါးညှိနှိုင်းချင်တယ်ဆို ငါကူညီပေးလို့ရပါတယ်”
“ဒါဆို ဒီကောင်က သူ့မိသားစုအကြောင်း ကြွားလုံးထုတ်ချင်လို့ ဒီလိုလာပြောတာပေါ့” ဖန့်ကြွယ်ယွီက ထိုသို့တွေးမိပြီး ပြုံးမိသည်။
“ကူးချန်ဂိုဏ်းက လူတွေအကြောင်းပြောနေတာလား။အဲ့တာဆိုရင်တော့ ဟုတ်တယ်။ ဟိုးနေ့ကပဲ ငါ့အိမ်ကို လာသွားကြသေးတယ်”
“ဒါဆို မစ္စတာဖန့် ပေးပြီးပြီပေါ့..ဟဲဟဲ..မစ္စတာဖန့်က အမြော်အမြင်ကြီးတာပေါ့”
“မပေးပါဘူး။ မပေးတဲ့အပြင်သူတို့ကို မောင်းထုတ်လိုက်သေးတယ်။ ငါ တစ်နှစ်လုံး ကြိုးစားပမ်းစားရှာရတဲ့ထဲက ၃၀%ကို သူတို့ကို ဘာလို့ပေးရမှာလဲ”
ချင်းယွင်က ဖန့်ကြွယ်ယွီ၏ စကားများကိုကြားပြီး အံ့အားသင့်သွားရသည်။ တကယ်တော့ သူ့ဆီက ထိုအဖြေမျိုးကို ချင်းယွင် မမျှော်လင့်ထားပေ။ သူက ငွေဂုဏ်ကြောင့် မောက်မာနေတာများလား။
ကူးချန်ဂိုဏ်းသည် ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ချင်းမိသားစုထက် အာဏာပိုရှိသည်။ထို့ကြောင့် ဆက်ကြေးသွားကောက်သည့် လူများက နယ်နယ်ရရ မဟုတ်နိုင်ပေ။
မောင်းထုတ်လိုက်တယ်!!
ထိုစကားကို ဘယ်လိုလုပ်ပြီး ယုံနိုင်မည်နည်း။
“မစ္စတာဖန့်က အတော်နောက်သကိုး။ ဒီလိုမျိုး ငါတို့ပဲရှိတဲ့အချိန်မှာ ဒီစကားမျိုးပြောတာ ကိစ္စမရှိပေမဲ့ သိုင်းလောကဂိုဏ်းထဲက လူတွေနဲ့ပြောရင်တော့ ပြသနာအကြီးကြီးတက်သွားလိမ့်မယ်”
“သူတို့ရှိနေလည်း ငါက ဒီအတိုင်းပဲပြောမှာပဲ”
ဖန့်ကြွယ်ယွီက သိုင်းလောကဂိုဏ်းများကို မကြောက်ရွံ့ပေ။ သူတို့နေရာအတိအကျကိုသိပါက သူက သွားပြီးလည်ပတ်ချင်သည်။ဒါ့အပြင် သူ့အိမ်တံခါးကို ချိုးခဲ့သည့်အတွက် လျော်ကြေးတောင်ပြန်ယူရပေဦးမည်။
“ကူးချန်ဂိုဏ်းက လူတွေက ပျော့လိုက်တာ။ ငါကနည်းနည်းပညာပေးပြီး လုံခြုံရေးတွေကို ဆွဲထုတ်ခိုင်းလိုက်တယ်။ သူတို့က ဒီအကြောင်းကိုရှက်လို့ ထုတ်မပြောတာနေမှာ။ ဒါကြောင့်မို့ ခင်ဗျား မသိနေတာ”
“ဟမ် ဟုတ်ပါ့မလား”
“ဘာလို့မဟုတ်ရမှာလဲ။ ရှင်က မစ္စတာဖန့်ရဲ့ အစွမ်းအစကို သိလို့လား” ပိုင်ယိုလည်း ရပ်ကြည့်မနေနိုင်ဘဲ စကားဝိုင်းထဲဝင်ပါလာသည်။
“ရှုး..ပိုင်ယို..မင်းကို ဘာမှာထားလဲ။ အေးဆေးနေပါရစေ”
“ဟားးးး”
ချင်းယွင်က အူလှိုက်သည်းလှိုက်ရယ်မောသည်။ ဖန့်ကြွယ်ယွီက သာမန်လူပဲဆိုတာ သူ့ဦးလေးကပြောခဲ့သည်။
သာမန်လူက ကူးချန်ဂိုဏ်းက သိုင်းသမားတွေကို ရင်ဆိုင်နိုင်သည်ဆိုသော အချက်သည် ဟာသတစ်ခုဖြစ်နေပေသည်။
“ကြည့်ရတာ မစ္စတာဖန့်မှာ အစွမ်းအစတွေရှိတဲ့ပုံပဲ”
ပိုင်ယိုက ဖန့်ကြွယ်ယွီ၏ ဘက်မှာနေပြီး ကာကွယ်ပြောဆိုနေသည်ကို ချင်းယွင်က သဘောမကျပေ။
“ဒါဆို ငါနဲ့ မစ္စတာဖန့် အကွက်နည်းနည်းလောက် ပြိုင်ကြည့်ကြမလား”
“ချင်းယွင်..ရှင်က မစ္စတာဖန့်ရဲ့ပြိုင်ဘက်မဟုတ်ဘူးနော်။ရှင်ပြိုင်ချင်သပဆို ငါနဲ့ပြိုင်”
ပိုင်ယိုက ဘာလို့များ ဖန့်ကြွယ်ယွီကို အလေးပေးနေလဲဆိုတာ ချင်းယွင် မတွေးတတ်တော့ပေ။ သူက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေလို့များလား။ သို့သော် သိုင်းလောကသားများအတွက် ပိုက်ဆံက ဘာမှမဟုတ်ဘူးဆိုတာ ချင်းယွင်သိနေသည်။
“အဲ့လိုလား။ ဒါဆို ဘယ်သူအထိနာမလဲ ကြည့်ကြတာပေါ့”
ပိုင်ယိုက အတွင်းအားများကို အစွမ်းကုန်ထုတ်ပြသောအခါ သူမ၏ အလယ်အလတ်သိုင်းပညာအဆင့်ရောက်လုနီးပါး အနေအထားကိုတွေ့ရသောအခါ ချင်းယွင်က အံ့အားသင့်သွားသည်။
“မင်း”
ချင်းယွင်က မိသားစုအကူအညီဖြင့် အလယ်အလတ်သိုင်းပညာအဆင့်တစ်ဝက်ကို အသက် ၂၅နှစ်ဖြင့် ရောက်ခဲ့သည်။ သို့သော် နောက်ထပ် ငါးနှစ်နေမှသာ အလယ်အလတ်အဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်လိမ့်မည်။
သူနှင့် ယှဉ်ပါက ပိုင်ယို၏ အင်အားကပို၍ အားကောင်းကာ သန့်စင်သည်။
နောက်ဆုံးအကြိမ်တွေ့တုန်းက ပိုင်ယိုသည် အခြေခံသိုင်းပညာအဆင့်-၂မှာရှိနေသေးတာကို သူကောင်းကောင်းမှတ်မိသည်။
ဒီလောက်အချိန်တိုလေးအတွင်းမှာ ဘာတွေဖြစ်ကုန်တာပါလိမ့်။